ခွေးရူးပြန်ရောဂါ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ခွေးရူးပြန်နေသော ခွေး
ခွေးရူးရောဂါဖြစ်စေသည့် ရပ်ဘဒိုဗီရေးဒေး ဗိုင်းရပ်စ်ပိုးကို မှန်ဘီလူးအောက်တွေ့ရပုံ

ခွေးရူးပြန်ရောဂါသည် ကျည်ဆန်ထိပ်ဖူးပုံရှိသည့် ရပ်ဘဒိုဗီရီဒေး(Rhabdoviridae) ခေါ် ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်ပွားရပြီး ခရစ်တော်မပေါ်မီ ၂၃၀၀ ခုနှစ်ခန့်မှ စတင်၍ ကမ္ဘာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခွေးရူးရောဂါဟုလည်းခေါ်ဆိုကြသည်။ ၎င်းရောဂါသည် ခွေးတွင် မူလဖြစ်ပေါ်၍ ထိုခွေးမှ တစ်ဆင့် အခြားတိရစ္ဆာန်နှင့် လူတို့သို့ ကူးစက်ပြန့်ပွား တတ်သည်။ ခွေးရူးနာစွဲကပ်သော တိရစ္ဆာန် သို့မဟုတ် လူ၏ နဗ်ကြောဆဲများတွင် နက်ဂရီဗောဒီကို အစဉ်တွေ့ရ၏။ နက်ဂရီ ဗောဒီဟု ခေါ်ခြင်းသည် နက်ဂရီအမည်ရှိ သူတစ်ဦးက စတင် တွေ့ရှိသောကြောင့် ထိုပုဂ္ဂိုလ်၏ အမည်ကို အစွဲပြု၍ခေါ်ခြင်း ဖြစ်သည်။ ထိုနက်ဂရီဗောဒီသည် အလွန်သေးငယ်သည့် ဗိုင်းရပ်များဖြစ်၍ အခြားရောဂါမျိုးတွင် မတွေ့ရချေ။ ကမ္ဘာ့ကျန်းမားရေးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ ကမ္ဘာတွင် ခွေးရူးပြန်ရောဂါကြောင့် ၁၅ မိနစ်လျှင် လူတစ်ဦးနှုန်းသေဆုံးလျက်ရှိပြီး တစ်နှစ်လျှင် လူ ၅၅၀၀၀ အသက်ဆုံးရှုံးလျက်ရှိသည်။ ၎င်းအနက် ၃၁၀၀၀ မှာ အာရှဒေသမှဖြစ်ပြီး အာဖရိကမှ လူ ၂၄၀၀၀ ခွေးရူးရောဂါဖြစ်ပွား၍ အသက်ဆုံးရှုံးလျက်ရှိသည်။

ဗိုင်းရပ်စ်ပိုးရှိနေပုံ[ပြင်​ဆင်​ရန်​]

ထို့ကြောင့် ခွေးရူးနာစွဲကပ်သည်ဟု သင်္ကာမကင်းသော လူနာနှင့် တိရစ္ဆာန်များကို စစ်ဆေးသောအခါ ထိုနက်ဂရီဗောဒီ များကို တွေ့ရလျှင် ရောဂါရှင်တွင် ခွေးရူးနာ ဧကန်စွဲကပ်နေပြီ ဟု တိကျစွာ ပြောနိုင်ပေသည်။ လက်တွေ့ စမ်းသပ်သည့် သဘောဖြင့် ခွေးရူးနာ စွဲကပ်သောတိရစ္ဆာန်မှ ရောဂါကို အခြား တိရစ္ဆာန်သို့ ကူးစက်ပြန့်ပွားစေ၍ စစ်ဆေးကြည့်ရှုသောအခါ ဆိုခဲ့ပြီးသည့်အတိုင်း နက်ဂရီဗောဒီကို ထိုတိရစ္ဆာန်၏ နဗ်ကြော ဆဲတွင်သာမက ဦးနှောက်၌ပင် တွေ့ရလေသည်။ ထိုရောဂါသည် ခွေး၌သာဖြစ်သော ရောဂါမဟုတ်။ မြေခွေးဝံပုလွေခွေးအ ၊ ကြောင်၊ လင်းနို့နှင့် တောရိုင်းတိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိပြီး ရောဂါဖြစ်ပွားနေသည့် တိရစ္ဆာန်၏ တံတွေးတွင် ခွေးရူးရောဂါဗိုင်းရပ်စ်ပိုး ပါရှိသည်။ ၎င်းတိရစ္ဆာန်အကိုက်ခံရပါက ၎င်းတိရစ္ဆာန်၏ တံတွေးရည်တွင် ပါရှိသည့် ဗိုင်းရပ်စ်မှ ရောဂါတိုက်ရိုက်ကူးစက်ဖြစ်ပွားခြင်းဖြစ်သည်။

ရောဂါလက္ခဏာများ[ပြင်​ဆင်​ရန်​]

ထိုရောဂါ စတင်ဖြစ်ပွားသည်မှစ၍ တစ်ဆင့်ထက်တစ်ဆင့် တွင် ရောဂါပြင်းထန်လာသည်။ သို့ဖြစ်၍ ထိုရောဂါ စွဲကပ်နေ သော တိရစ္ဆာန်သည် ရောဂါ၏အဆင့်တစ်ဆင့်တွင် စိတ်တက်ကြွမှု အနည်းငယ်ရှိခြင်းကြောင့် ရန်မူလိုတတ်သည်။ ခွေး၌ ထိုရောဂါ စွဲကပ်ကြောင်းကို ရ ရက်တစ်ပတ်အတွင်းတွင် သိသာနိုင်၏။ ရောဂါစွဲစ၌ ခွေး၏ရှိရင်းစွဲ အလေ့အထများသည် ပြောင်းလဲလာ၏။ သာဓကပြရသော် မိမိသခင် အိမ်သို့ပြန်လာ သောအခါ သခင်ထံသို့ အပြေးအလွှားသွား၍ ကြိုဆိုခြင်း၊ သခင်ကိုတွေ့သောအခါ အမြီးနန့်ခြင်း စသော အလေ့အကျင့်ကို မပြုတော့ပေ။ ခွေးသည် ထိုင်းမှိုင်းလာတတ်ပြီးလျှင် ခပ်ဝေးဝေး ရှောင်ခွာ၍ သီးသန့်နေတတ်သည်။ ကောက်ရိုးစသော အသုံး မဝင်သည့်အရာများကို စုဆောင်းခြင်း၊ သံနှင့်ကျောက်ခဲ စသည့် အေးသောအရာပစ္စည်းများကို လျက်ခြင်း၊ အခြားတိရစ္ဆာန်များကို လျက်ခြင်း စသည်တို့ကို ပြုလုပ်လို၏။ ထိုရောဂါစွဲသော တိရစ္ဆာန်တိုင်းတွင် ရောဂါစွဲစအချိန်၌ ကာမစိတ် တက်ကြွခြင်း ကို တစ်ခါတစ်ရံ တွေ့ရ၏။ ထိုအချိန်မျိုး၌ ခွေးတွင် ကိုက်လို စိတ် မရှိချေ။ ရောဂါလက္ခဏာများသည် ခွေးရူးနာရင့်လေ ပို၍ ထူးခြားလာလေဖြစ်ပြီးလျှင် တစ်ဆင့်ထက်တစ်ဆင့် ဆိုးရွားလာ တတ်၏။ ထိုအချိန်တွင် ရုတ်တရက်ဟတ်ခြင်း၊ ရိုးရိုးရွရွနှင့် လှုပ်ရှားသွားလာခြင်း စသည်တို့ကို ပြုတတ်သည်။ ထိုအခြေ၌ ခွေးသည် မိမိသခင်၏အသံကို မှတ်မိ သေးသည်။ ထို့နောက် တဖြည်းဖြည်း ရောဂါတိုးလာ၍ တုန်လှုပ်ချောက်ချားခြင်း၊ တည်ငြိမ်မှုမရှိခြင်းတို့ ဖြစ်ပေါ်လာလေသည်။

ခွေးရူးသည် ရေကိုမြင်လျှင် မကြောက်ရွံ့တတ်ချေ။ ရောဂါ စွဲစအချိန်တွင် ရေကို အလွန်ငတ်တတ်သည်။ အကယ်၍ ထိုခွေးအား ရေတိုက်လျှင် ရေကို လောဘကြီးစွာ သောက် တတ်၏။ ရောဂါစွဲကပ်ပြီးနောက်တွင် ခွေး၌ လည်ချောင်း ကျုံ့လာ၍ စားသောက်ရာတွင် အကျပ်အတည်းတွေ့လာ၏။ ထိုအခြေ၌ ရေကိုတိုက်လျှင် သောက်နိုင်ရန် ကြိုးစားအားထုတ် ပေသေးသည်။ လည်ချောင်းကျုံ့လာခြင်းသည် ခွေးရူးရောဂါ၏ လက္ခဏာတစ်ရပ်ဖြစ်၏။ ရောဂါစွဲအချိန်၌ ခွေးသည် အများ အားဖြင့် အစာကို ကောင်းစွာစားနိုင်သေး၏။ ထို့နောက် တဖြည်းဖြည်းတွင် အစာကို စားနေကျအတိုင်း မစားနိုင်တော့ ပေ။ ကောက်ရိုး၊ မြက်စသော ခွေးအိပ်ရန် ခင်းထားသည့် ပစ္စည်းများကိုပါ ကိုက်တတ်သည်။

ခွေးရူးနာစွဲကပ်လျှင် အသံသည် ပင်ကိုယ်အသံမျိုး မဟုတ် တော့ချေ။ လည်မျိုတွင် တစ်မျိုးတစ်ဖုံ ပြောင်းလဲမှုကြောင့် အသံသည် သူငယ်နာချောင်းနက် စွဲကပ်သော ကလေး၏ အသံကဲ့သို့ ဖြစ်လာ၏။ အက်ကွဲခြောက်ကပ်သောအသံဖြင့် ဟောင်တတ်၏။ ၆ ကြိမ် သို့မဟုတ် ၈ ကြိမ် ဖြည်းညှင်းစွာ ဟောင်ပြီးနောက် ပါးစပ်ကို ဖွင့်၍ ကျယ်လောင်စွာ အူတတ် ၏။ ဤသို့ အသံပြောင်းလာခြင်းသည် ဤရောဂါ၏ အစ လက္ခဏာဖြစ်ကြောင်း တစ်ခါတစ်ရံ တွေ့ရပေသည်။ခွေးရူးနာ စွဲကပ်ခိုက်တွင် အရေပြားနှင့် ခံစားရသော အာရုံများသည် နည်းပါးသွားသော်လည်း စိတ်အာရုံတက်ကြွမှုများသည် တိုးလာ၏။ ခွေးရူးနာစွဲသော တိရစ္ဆာန်အားလုံးသည် ခွေးကိုမြင်လျှင် အမျက်ဒေါသ ပြင်းစွာထွက် လာ၍ ရန်မူလို၏။ ခွေးရူးနာစွဲကပ်သော သိုးပင်လျှင် ထိုကဲ့သို့ သောအမူအရာကို ပြတတ်သည်။

ခွေးရူးနာ စွဲစတွင် ခွေးရူးသည် ရင်းနှီးခင်မင်သူတို့အား အများအားဖြင့် ရန်မမူတတ်ချေ။ သို့သော် အချုပ်အနှောင်မှ လွတ်မြောက်သောအခါ ဦးတည့်ရာသို့ ပြေးတတ်၏။ လမ်းခရီး တွင် တွေ့သမျှ သက်ရှိသတ္တဝါများကို ရန်မူတတ်သည်။ ရန်မူ၍ ကိုက်ဖြတ်လိုလျှင် ခွေးရူးသည် အသံမပြုချေ။ တိတ်ဆိတ်စွာ သာ ကိုက်တတ်လေသည်။ အကယ်၍ ခွေးရူးသည် ထိခိုက်မိ၍ ဒဏ်ရာအနာတရဖြစ်လျှင် သို့မဟုတ် အခြားသက်ရှိသတ္တဝါ၏ အကိုက်ခံရလျှင်လည်း နာပင်နာကျင်စေကာမူ မအော်ချေ။ ခွေးရူး၏ ကြမ်းကြုတ်ခြင်း အရှိန်သည် ခွေး၏စိတ်တွင် တည်၏။ လိမ်မာသောခွေးတစ်ကောင်ရူးလျှင် ခက်ထန်ကြမ်းကြုတ်ခြင်း နည်းပါး၏။ အချို့ခွေးများသည် ဦးတည့်ရာသို့ ပြေးခိုက် တွေ့သမျှကို ကိုက်ရုံသာကိုက်ကြ၏။ အချို့ခွေးများ ကမူကား တွေ့သမျှကို သွားများကျိုးသည်အထိ ပြင်းထန်စွာ ကိုက်တတ်သည်။ မောဟိုက်နွမ်းနယ်နေခိုက်တွင် ခွေးရူး၌ သွက်ချာပါဒမိသော လက္ခဏာများ ပေါ်လာတတ်၏။ ခြေလက်တို့သည်လည်း အားနည်းလာပြီးလျှင် လမ်းပင် ကောင်းစွာမလျှောက်နိုင်တော့ချေ။ နောက်ခြေများကို တရွတ် တိုက်ဆွဲရသည့် အခြေသို့ပင် ရောက်လာ၏။ အမြီးကို ထောင်၍မထားနိုင်သဖြင့် အောက်သို့ကျနေ၏။ ဦးခေါင်းသည် လည်း ရှေ့သို့ငိုက်လျက် ရှိ၏။ ပါးစပ်ပွင့်လျက် လျှာသည် လည်း ပါးစပ်အပြင်သို့ ထွက်လာ၏။

ကူးစက်ခံရခြင်း[ပြင်​ဆင်​ရန်​]

ခွေးရူးနာ စွဲကပ်သောတိရစ္ဆာန်၏ သွားရည်သည် အကိုက်ခံရသူ၏အနာ သို့မဟုတ် အရေပြားတွင် ပွန်းပဲ့ သောနေရာမှ ကိုယ်တွင်းသို့ဝင်သွားလျှင် ခွေးရူးရောဂါသည် ထိုသူကို ကူးစက်ပြန့်ပွားနိုင်၏။ ခွေးရူးနာ စွဲကပ်သော လူနာများကို စစ်ဆေးသောအခါ ရာခိုင်နှုန်း ၉ဝ သည် ခွေးရူးကိုက်ခံရသောကြောင့်သာ ဖြစ်ပေါ် နိုင်သည်မဟုတ် ခွေးရူးနာစွဲကပ်နေသော ကြောင်၊ ဝံပုလွေ၊ မြေခွေး၊ ခွေးအ စသော အခြားတိရစ္ဆာန်များကြောင့်လည်း လူသို့ ကူးစက် နိုင်၏။

လူတွင်ဖြစ်ပေါ်သော လက္ခဏာ[ပြင်​ဆင်​ရန်​]

ခွေးရူးပြန်ရောဂါခံစားနေရသည့် လူနာတစ်ဦး၊ ၁၉၅၉ခုနှစ်

ရောဂါစွဲကပ်သည့်အချိန်မှ ရောဂါသိသာ ဖြစ်ပေါ်လာသည့်အချိန်အထိကို ပိုးမျိုးပိုးရက်ဟု ခေါ်၏။ ပိုးမျိုး ပိုးရက်သည် လူနာတစ်ဦးနှင့်တစ်ဦး မတူချေ။ အချို့လူနာတွင် အနည်းဆုံး ၂ သီတင်းကြာ၍ အချို့တွင် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာပင်လျှင် ကြာတတ်၏။ သို့သော် ပျမ်းမျှခြင်းအားဖြင့် ထိုရောဂါပိုးပျိုးချိန်မှာ သီတင်းပတ် ၆ ပတ်မှ ၃ လအထိ ကြာတတ်၏။ ခွေးရူးကိုက်ခံရသော ကိုယ်အင်္ဂါအစိတ်အပိုင်းကိုလိုက်၍ ပိုးမျိုးပျိုးချိန်သည် ရက်တိုသည်လည်း ရှိ၏။ ရက်ရှည်သည်လည်း ရှိ၏။ ပိုးမျိုးပျိုးရက်သည် ကလေးများတွင် ပို၍ တိုတောင်း၏။ခွေးရူးကိုက်ခံရသော အနာသည် လျင်မြန်စွာ ကျက် သွားပြီးနောက် ခွေးရူးရောဂါ ထလာလျှင် အနာနေရာတွင် ရောင်ရမ်းယားယံ နာကျင်လာတတ်သည်။ အနာတစ်ဝိုက်၌ လည်း ထုန်လာတတ်၏။ ခွေးရူး ကိုက်ခံရ၍ ရောဂါဖြစ်စ လူနာတွင် စိတ်ညိုးငယ်ခြင်း၊ တည်ငြိမ်မှုမရှိခြင်း၊ အလွန်ကြောက်ရွံ့ခြင်း စသော လက္ခဏာများကို တွေ့ရပေမည်။ လူနာစကားပြောပုံလည်း တစ်မျိုးပြောင်းလဲလာ၏။ စကားကို တိုတောင်းစွာနှင့် လျင်မြန်စွာပြောတတ်၏။ အဖျားဝင်ခြင်း၊ စားသောက်ချင်စိတ် မရှိခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက် ခြင်း၊ စိတ်မတည်ငြိမ်ခြင်း၊ သက်ပြင်းချ၍ အသက်ရှူခြင်း စသော လက္ခဏာများကိုလည်း တွေ့ရ၏။ လူနာသည် အရည် ကို တစ်ခါတစ်ရံ စက်ဆုပ်တတ်၏။ ထိုလက္ခဏာများကို ၁ ရက် ၂ ရက်အတွင်း တွေ့ရတတ်သည်။

ထို့နောက် လူနာသည် စိတ်ဓာတ်ပိုမို ပြင်းထန်စွာ တုန် လှုပ် ချောက်ချားလာ၏။ အသက်ရှူကျပ်လာ၏။ ဤအဆင့်တွင် လူနာသည် အရည်ကို မျိုချနိုင်ရန် ကြိုးစားအားထုတ်ရ၏။ ရေအလွန်ငတ်၏။ အသက်ရှူ ကျပ်၍ မွန်းသွားတတ်၏။ ဤသို့ မွန်းရခြင်းမှာ အစာမျိုချရာ၌ အရဂဖြစ်သော ကြွက်သားနှင့် အသက်ရှူရာ၌ အခရာဖြစ်သော ကြွက်သားတို့ အလိုအလျောက် လှုပ်ရှားနေသောကြောင့် ဖြစ်၏။ မွန်းရာမှ သတိရလာသော် လူနာသည် ထိတ်လန့်၏။ ခန္ဓာကိုယ် နွမ်းနယ်၏။ လူနာသည် တောက်ပြောင်သောအလင်း၊ ကျယ်လောင်သောအသံ၊ တိုက်ခပ် သော လေအေး စသည်တို့ကို သိလွယ်၏။ ရောဂါတိုးလာ သည်နှင့်အမျှ ရောဂါလက္ခဏာများသည် ပြင်းထန်၍ ထပ်ကာ ထပ်ကာ ပေါ်လာတတ်၏။ သို့သော် ရောဂါအတက်အကျကား ရှိသေးသည်။ ရောဂါကျချိန်တွင် လူနာသည် ငြိမ်၍နေတတ်၏။ ထိုအချိန်တွင် လူနာသည် စိုးရိမ်ကြောင့်ကြသော လက္ခဏာ ရှိ၍ အသက်ရှူရာတွင် အသံမြည်လာ၏။ ထိုအသက်ရှူသံမျိုး ပေါ်လာသည်ကို ခွေးကဲ့သို့ အူသည်ဟု ဆိုကြသည်။ လူနာ သည် စိတ်နောက်ချည် တစ်လှည့် ကောင်းချည်တစ်ခါ ဖြစ် တတ်၏။ ထိုအခြေတွင် လူနာသည် မိမိ၏ပါးစပ်မှ ထွက် လာသည့် တံထွေးစေးတို့ကို မျိုချခြင်းငှာ မစွမ်းနိုင်သဖြင့် အစဉ်တံထွေးကို ထွေးလျက် ရှိ၏။ လူနာသည် ပစ္စည်း တစ်ခုခုကို ဟပ်သကဲ့သို့ ပါးသွယ်ရိုးကို လှုပ်ပေးတတ်၏။ အဖျားကျသွားသော်လည်း ဝမ်းချုပ်ခြင်း၊ ဆီးနည်းခြင်း ဖြစ်တတ်၏။ ကာမစိတ်တက်ကြွမှု တစ်ရံတစ်ခါရှိတတ်၏။ ဖော်ပြသည့်အတိုင်း လူနာသည် ၂ ရက် သို့မဟုတ် ၃ ရက်မျှ ဝေဒနာကို ခံစားပြီးနောက် သေဆုံးသွားတတ်၏။ သေဆုံး ရခြင်းသည် မွန်း၍သော်၄င်း၊ အားကုန်၍သော်၄င်း ဖြစ်၏။ ခွေးရူးနာကို သမားရိုးကျကုနည်းမှာ အနာကို လှီးဖြတ် ထုတ်ပယ်ခြင်းနှင့် အနာရောဂါကို သံပူမီးပူထိုးခြင်း ဖြစ်သည်။ သို့သော် ယခုအခါ ပါးစတားကုထုံးနှင့် ကုသသည့်တိုင်အောင် လှီးဖြတ်၍၄င်း၊ သံပူကပ်၍၄င်း ကုသသောနည်းကို လိုက်နာ သင့်သည်ဟု အဆိုရှိသည်။ [၁]


ကမ္ဘာ့နိုင်ငံများနှင့် ခွေးရူးပြန်ရောဂါ[ပြင်​ဆင်​ရန်​]

ကမ္ဘာတွင် ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှအပ အမေရိကန်နိုင်ငံအပါအဝင် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်ပင် ခွေးရူးရောဂါဖြစ်ပွားလျက်ရှိသည်။ အမေရိကန်နိုင်ငံ၌ပင် တစ်နှစ်လျှင် လူ ၄၀၀၀၀ခန့် ခွေးရူးရောဂါဖြစ်ပွားမှုကြောင့် ဆေးကုသမှု ခံယူလျက်ရှိသည်။ အာရှတွင်လည်း ဂျပန်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့တွင် နှစ်စဉ်ကာကွယ်ဆေးထိုးခြင်းဖြင့် တိရစ္ဆာန်နှင့် လူများတွင် ဖြစ်ပွားစေသော ခွေးရူးရောဂါကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ အရှေ့တောင်အာရှတွင် ခွေးရူးရောဂါထိန်းချုပ်ရေးနှင့် ပက်သက်၍ အမျိုးသားအဆင့် ခွေးရူးရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စီမံကိန်းများကို မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အမျိုးသားအဆင့် စီမံကိန်းကို ဗီယက်နမ်နိုင်ငံတွင် ၁၉၉၆ ခုနှစ်မှစ၍လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၀၆ ခုနှစ်တွင် လည်းကောင်း ရေးဆွဲခဲ့ကြောင်းသိရှိရသည်။ မြန်မာနိုင်ငံတွင် ခွေးရူးရောဂါကို ၁၉၁၅ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများအရ သိရှိခဲ့ရသည်။ ကျန်းမာရေးဦးစီးဌာန အမျိုးသားဓာတ်ခွဲခန်းမှ ခွေးရူးရောဂါစူးစမ်းရှာဖွေမှု၊ အတည်ပြုမှု ဆောင်ရွက်ပေးလျက်ရှိသည်။

ကာကွယ်ခြင်း[ပြင်​ဆင်​ရန်​]

ခွေးရူးရောဂါသည် ခွေး၊ ကြောင်၊ လင်းနို့နှင့် တောရိုင်းတိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိပြီး ရောဂါဖြစ်ပွားနေသည့် တိရစ္ဆာန်၏ တံတွေးတွင် ခွေးရူးရောဂါဗိုင်းရပ်စ်ပိုး ပါရှိသည်။ ၎င်းတိရစ္ဆာန်အကိုက်ခံရပါက ၎င်းတိရစ္ဆာန်၏ တံတွေးရည်တွင် ပါရှိသည့် ဗိုင်းရပ်စ်မှ ရောဂါတိုက်ရိုက်ကူးစက်ဖြစ်ပွားခြင်းဖြစ်သည်။ အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ခွေးနှင့် ကြောင်များအား ကြိုတင်ကာကွယ်ဆေးထိုးထားခြင်းသည်သာလျှင် ရောဂါမဖြစ်ပွားအောင် ကာကွယ်သည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ရောဂါလက္ခဏာပြမှ သိရှိပြီး ကုသသော်လည်း ၉၉ ရာခိုင်နှုန်း အသက်ဆုံးရှုံးစေနိုင်သည်။ သို့ဖြစ်၍ အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်များ၊ ခွေးလေခွေးလွင့်များ အကိုက်ခံရပါက ခွေးရူး၊ မရူးစောင့်ကြည်နေသည်ထက် ကာကွယ်ဆေးကို လက်ဦးမှု ရအောင် ထိုးသင့်သည်။

ခွေးရူးရောဂါကာကွယ်ရေးတွင် ပြည်သူလူထုအသိပညာပေးခြင်း၊ အိမ်မွေးခွေး၊ ကြောင်များအား ကာကွယ်ဆေးထိုးခြင်း၊ ခွေးလေခွေးလွင့်ပေါက်ပွားမှု ထိန်းချုပ်ခြင်းနှင့် ပိုင်ရှင်မဲ့ခွေးလေခွေးလွင့်များအား သုတ်သင်ရှင်းလင်းမှုသည် အထူးအရေးပါသည်။ ကျွန်ုပ်တို့ လူမျိုးသည် ပေးကမ်းစွန်ကြဲမှုမှု အလွန် များလေ့ရှိသည်။ အိမ်မှ စားကြွင်းစားကျန်များအား လမ်းပေါ်တွင် လေလွင့်ခွေးများအား ကျွေးမွေးခြင်းဖြင့် မိမိ၏ ဒါနပါရမီကို ဖြည့်ဆည်းချင်ကြသည်။ မိမိကျွေးမွေးထား၍ ပေါက်ပွားလာသည့် ခွေးများ လမ်းသွားလမ်းလာကို အနှောင့်အယှက်ပေးက ကိုယ်နှင့် မဆိုင်သလို နေတတ်ကြသည်။ ၎င်းခွေးများရောဂါတစ်ခုခုဖြစ်ခဲ့လျှင် အချို့သော စေတနာရှင်များမှလွဲ၍ မည်သူမျှ လှည့်မကြည့်ချင်တော့။ အထူးသဖြင့် ဂရင်ဂျီနာအပါအဝင် ခွေးရူးရောဂါဖြစ်လာခဲ့လျှင် ကိုယ်ကျွေးမွေးခဲ့သည့်ခွေးဟု လုံးဝအသိအမှတ်မပြုတော့ချေ။ ဖြစ်သင့်သည်မှာ ခွေးမွေးလိုလျှင် မိမိခွေးကို မိမိအိမ်အတွင်း၊ ခြံဝင်းအတွင်း လည်ပတ်ဖြင့် မွေးသင့်သည်။ မှတ်ပုံတင်ထားသင့်သည်။ ကာကွယ်ဆေးပုံမှန်ထိုးသင့်သည်။ မည်သည့်ရောဂါဖြစ်ပွားလျှင်မဆို ဆေးဝါးကုသပေးသင့်သည်။ ခွေးသည် သစ္စာရှိပြီး သခင်ကို သံယောဇဉ်ရှိသည့် သတ္တဝါဖြစ်သဖြင့် မွေးလိုက စနစ်တကျ မွေးသင့်သည်။ ခွေး​လေခွေးလွင့်မွေးမြူခြင်းမျိုး မဖြစ်သင့်ပါ။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  2. http://myanmar.com/newspaper/kyaymon/Sep26.pdf