ခွေးအ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ခွေးအ
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Animalia
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Mammalia]]
မျိုးစဉ် [[Carnivora]]
မျိုးရင်း [[Canidae]]
မျိုးစု [[Canis]]
ကမ္ဘာပေါ်ရှိ ခွေးအများ ကျက်စားရာ နေရာပြမြေပုံ

[ပြင်​ဆင်​ရန်​] ခွေးအ

အိမ်ခွေးများသည် ခွေးအ တို့မှ ဆင်းသက်ပေါက်ဖွားလာကြ သည်ဟု သုတေသီများက ယုံကြည်ကြလေသည်။ ခွေးအ သည် အိမ်ခွေးနှင့် ဆင်ဆင်တူသော်လည်း ကိုယ်လုံးသေး၍ နှုတ်သီး ချွန်သည့်အတွက် မြေခွေးနှင့် သာ၍တူသည်။ အရောင်မှာ အဝါ ညစ်ဖြစ်၍ ကျောဘက်တွင် အရောင်ပိုမွဲလာပြီးလျှင် ရင်ဘက် တွင် ဖျော့သွားသည်။ နှုတ်သီးဖျားမှ အမြီးဖျားအထိ နှစ်ပေခွဲ ကျော်ကျော် ရှည်၏။ အမြီးမှာ ရှစ်လက်မခန့် ရှည်၍ အမွေး ဖွားသည်။

ခွေးအ သည် လောဘကြီးသည်။ ကောက်ကျစ်စဉ်းလဲသည်။ ခိုးကြောင်ခိုးဝှက် ပြုကျင့်တတ်သည်။ ရွယ်တူ တိရစ္ဆာန်များကို မည်သည့်အခါမျှ မတိုက်ခိုက်ချေ။ မြို့ရွာများနှင့် မနီးမဝေးဖြစ် သော ဂူများ မြေတွင်း များတွင် နေလေ့ရှိသည်။ ခွေးအ အမ များသည် တစ်ကြိမ်လျှင် သား ၃ ကောင်မှ ၅ ကောင်အထိ မွေးလေ့ရှိသည်။ နေ့အခါ ခွေးအ တို့သည် တွင်းအောင်းနေကြ၍ ညအခါမှ တစ်ကောင်ချင်းဖြစ်စေ၊ အုပ်ဖွဲ့၍ဖြစ်စေ အစာရှာ ထွက်လေ့ရှိကြသည်။ ထိုသို့ အစာရှာထွက်စဉ် မသာယာသော အသံဖြင့် အူတတ်ကြ၏။ လူတို့ စိုက်ပျိုးထားသော သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် လူတို့မွေးမြူထားသော ကြက်၊ ဘဲ၊ သိုး၊ ဆိတ် စသည် တို့ကို ခိုးဝှက်စားသောက်တတ်ကြသဖြင့် ခွေးအ များကို လူတို့ အလွန်မုန်းတီးကြသည်။ သို့သော် လူနေ ရပ်ကွက်တို့၌ တွေ့ရတတ်သော အပုပ်အစပ်နှင့် အသေကောင် များကို စားသောက်ရှင်းလင်းသွားတတ်သည့်အတွက် လူတို့အား တစ်နည်းတစ်ဖုံ ကျေးဇူးပြုသည်ဟုလည်း ဆိုနိုင်ပေသည်။

တောထဲ၌ ကျား၊ ခြင်္သေ့ စသော သားရဲတိရစ္ဆာန်များ နောက်မှ နောက်ယောင်ခံလိုက်ကာ ယင်းတို့၏ စားကြွင်းစားကျန်များ ကိုလည်း လိုက်လံ စားသောက်တတ်သည်။ ကျင်လည်စွာ ပြေးလွှားတတ်ခြင်း၊ သဲသဲမဲမဲ ပြန်လည်ခုခံတတ်ခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံတွင် ခွေးအ များကို အမဲလိုက်ခွေးများဖြင့် အပျော် တမ်း အမဲလိုက်လေ့ ရှိကြသည်။

ခွေးအသည် အိမ်၌မွေးမြူလျှင် ယဉ်ပါးလွယ်သော်လည်း မင်္ဂလာမဲ့သောအသံနှင့် ညှီစို့စို့ကိုယ်အနံ့တို့ကြောင့် ယင်းတို့အား လူတို့မွေးမြူခြင်းမပြုကြချေ။

ခွေးအ ကို ဥရောပတိုက်အရှေ့တောင်ပိုင်း၊ အာရှတိုက် တောင်ပိုင်းနှင့် အာဖရိကတိုက်မြောက်ပိုင်းတွင် များစွာ တွေ့ရ တတ်သည်။ အာဖရိကတိုက်တွင်မူ ခွေးအ များကို အလျဉ်းမတွေ့ ရချေ။ မြန်မာနိုင်ငံတွင် ခွေးအ ကို ရခိုင်ရိုးမ အရှေ့ဘက်ရော အနောက်ဘက်ပါ တောစပ်ဒေသတွင် များစွာတွေ့နိုင်သည်။ ရခိုင်တိုင်းတွင် ခွေးအ ကို ခဲဝါဟု ခေါ်ဝေါ်လေ့ရှိသည်။ [၁]

[ပြင်​ဆင်​ရန်​] ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်