ခင်ခင်လေး၊ (ဒဂုန်)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဒဂုန်ခင်ခင်လေး
ဒဂုန်ခင်ခင်လေး.jpg
{{{သက်တမ်း}}}
မွေးသက္ကရာဇ် ၁၂၆၅ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် (၁၉၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ဝ ရက်)
အမည်ရင်း ခင်လေးလတ်
မိဘအမည် ဦးမောင်မောင်ကျော်၊ ဒေါ်ခင်ခင်လတ်
မွေးဖွားရာဒေသ မန္တလေးမြို့
နိုင်ငံသား {{{နိုင်ငံသား}}}
လူမျိုး {{{လူမျိုး}}}
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ခုနစ်တန်းအောင်
အလုပ်အကိုင် စာရေးဆရာ
ကလောင် အမည်ခွဲများ
ထင်ပေါ်ကျော်ကြားမှု
စာပေအမျိုးအစား
ထင်ရှားသည့်စာ
ရရှိသည့်ဆု
ကြင်ဖော် {{{ကြင်ဖော်}}}
သားသမီး {{{သားသမီး}}}
ကွယ်လွန်ရက် {{{ကွယ်လွန်ရက်}}}
ကွယ်လွန်ရာဒေသ {{{ကွယ်လွန်ရာဒေသ}}}
လက်မှတ်
ကွန်ယက်


ဒဂုန် ခင်ခင်လေး (၁၉၀၄-၁၉၈၁)[ပြင်​ဆင်​ရန်​]

ဒဂုန် ခင်ခင်လေးသည် မန္တလေးမြို့ ဇာတိဖြစ်၍ ၁၂၆၅ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် (၁၉၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ဝ ရက်) စနေနေ့တွင် ဖွားမြင်သူ ဖြစ်သည်။ ဖခင်မှာ ရဲအင်စပိတ်တော် ဦးမောင်မောင်ကျော် ခေါ် ဦးမြတ်ကျော် ဖြစ်၍၊ မိခင်မှာ (ဝက်မစွတ် မြို့စားမင်း၏သမီးလတ်) ဒေါ်ခင်ခင်လတ် ဖြစ်သည်။ အဘိုးဖြစ်သူ ဝက်မစွတ် မြို့စားမင်းက မြေးဖြစ်သူကို ချစ်မြတ်နိုးသည့် အတွက် မိမိ အဘွားဖြစ်သူ၏ အမည်ကို ယူကာ 'ခင်လေးခင်' ဟု အမည် ပေးခဲ့သော်လည်း၊ ဒဂုန် ခင်ခင်လေးက အဘိုး၏ အဘွား အမည်ကို မိမိအမည် အဖြစ် သုံးလျှင် ရိုင်းရာကျသည်ဟု ယူဆကာ 'ခင်ခင်လေး' ဟု အမည် ပြောင်းလဲခဲ့သည်။ နှစ်ပေါင်း ၂ဝ တိုင်တိုင် ကလောင်ကိုင်၍ ဒဂုန်မဂ္ဂဇင်းကြီးနှင့် အဆက်မပြတ် ဆောင်းပါး၊ ဝတ္ထုတိုများရေးသားခဲ့ရာ ဒဂုန်မဂ္ဂဇင်းကြီးမှ ချီးကျူးဂုဏ်ပြုသည့်အနဖြေင့် ခင်ခင်လေး၏ရှေ့တွင် ‘ဒဂုန်’ ဟူ သောဘွဲ့ကို အမြဲထည့်သွင်း ဖော်ပြသည်ကို အကြောင်း ပြုပြီး ယနေ့တိုင်အောင် ‘ဒဂုန်ခင်ခင်လေး’ ဟု ဒဂုန်နှင့်တွဲ၍ ကျော်စောထင်ရှား လူသိများလျက် ရှိနေပေသည်။

ဒဂုန်ခင်ခင်လေး၏ဖခင်ဘက်မှအဘိုးမှာ ရတနာပုံမြိုတည်၊ နန်းတည် ပဌမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးလက်ထက်မှစ၍ သီပေါ မင်းလက်ထက်တိုင် မြို့သူကြီးအဖြစ်လည်းကောင်း၊ ကျောက်ပန်းတောင်းနယ်တစ်ဝိုက် မြို့အုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ သော ကေအက်စ်အမ်ခေါ် ရွှေစလွယ်ရမြို့အုပ်မင်း ဦးဘိုးဆွဖြေစ်သည်။ မြို့အုပ်ကတော်မှာ သီပေါဘုရင်၏ မိဖုရားခေါင်ကြီး စုဖုရားလတ်၏ ရံရွေတော် မမသက်ဆိုသူဖြစ်သည်။ ဦးဘိုးဆွေနှင့် မမသက်တို့တွင် …

  1. ဦးမောင်မောင်ဝင်း
  2. ဦးမောင်မောင်ပု
  3. ဦးမောင်မောင်ကျော် (ဦးမြတ်ကျော်) နှင့်
  4. ဒေါ်ခင်ဆင် ဟူ၍ သားသမီးလေးယောက် ထွန်းကားခဲ့သည်။ ဦးမောင်မောင်ကျော်မှာ မိဘများပေးထားသည့်အမည်ကို မနှစ်သက်သော ကြောင့် ဦးမြတ်ကျော်ဟု တွင်စေပါသည်။

ဒဂုန်ခင်ခင်လေး၏ မိခင်ဘက်မှ ဘေးမှာ ပိဋကတ်တော်သမိုင်းအပါအဝင် ကျမ်း (၃၃) စောင်ပြုစုသွားသည့် မင်းတုန်းမင်း၏ ပိဋကတ်တော်အုပ် အရှင် နန်းမတော်ဝန် မိုင်းခိုင်းစားမင်းကြီး ‘မဟာသီရိဇေယျသူ’ ဘွဲခံ ဦးယမ်ဖြစ်သည်။ ဒဂုန်ခင်ခင်လေး၏ အဘိုးမှာ ကဗျာ၊ လင်္ကာအမျိုးမျိုး၊ မဟာဂီတဝင် သီချင်းကြီးသီချင်း ခန့်များ နှင့် နေ့စဉ်မှတ်တမ်းများအပါအဝင် စာမျိုးစုံ ရေးသား ပြုစုခဲ့သော ဝန်ထောက် ဝက်မစွက်မြို့စားမင်းကြီး ‘မင်းထင်မဟာစည်သူ’ဘွဲ့ခံ ဦးလတ်ဖြစ်သည်။

ဝက်မစွက်မင်းကြီးဦးလတ်နှင့် ဝန်ကတော် မိုင်းခိုင်းမြို့စား ပိဋကတ်တော်အုပ်မင်း ဦးယမ်၏သမီးအလတ် အရှင်နန်းမတော် မိဘုရားခေါင်ကြီး စုဘုရား လတ်၏ မှန်နန်းအပျိုတော်ကြီး သုနိမ္မာတို့ လက်ဆက်၍ –

  1. ဝက်မစွက် ခင်မောင်ကြီး
  2. ဝက်မစွက် ခင်ခင်ကြီး
  3. ဝက်မစွက် ခင်ခင်လတ်
  4. ဝက်မစွက် ခင်ခင်လေး
  5. ဝက်မစွက် ခင်ခင်ထွေး ဟူ၍ သားသမီးငါးယောက် ထွန်းကားခဲ့ရာ ဝက်မစွက်ခင်ခင်လတ်မှာ မြို့အုပ်မင်းဦးဘိုးဆွေနှင့် ဒေါ်မမသက်တို့၏ တတိယ မြောက်သား မြို့အုပ်ကလေး ဦးမြတ်ကျော်နှင့် လက်ထပ်ထိမ်းမြားခဲ့သူဖြစ်ပါသည်။

ဦးမြတ်ကျော်သည် ခင်ခင်လတ်နှင့် လက်ထပ်ပြီး မြို့အုပ်အဖြစ်မှ ရာဇဝတ်ဘက်သို့ပြောင်းကာ အမှုလိုက်အင်စပက်တော် အဖြစ်နှင့် မိတ္ထီလာမြို့တွင် နေထိုင်စဉ်အတွင်း သမီးခင်ခင်လေး (နောင်ဒဂုန်ခင်ခင်လေး) နှင့် သား မောင်မောင်လေး (အေဝမ်း တူရိယာအဖွဲ့တွင် ဆက်ဆိုဖုန်းမှုတ်သူ မာလမောင်မောင်) တို့ကို ဖွားမြင်ခဲ့သည်။

ဝက်မစွက်ဝန်ထောက်မင်းမှာ စာပေပရိယတ္တိ ဗဟုသုတဟင်းအိုးကြီးသဖွယ် သုတေသီအပေါင်းတို့၏ မှီခိုအားထားရာ ပညာရှင်ကြီးတစ် ဆူဖြစ်၍ ဗဟုသုတအစုံကို ဒေါ်ခင်ခင်လေးသည် အဘိုးကို ဝေယျာဝစ္စပြုစုရင်း ဆည်းပူးမှတ်သားလာခဲ့ရသည်။ ဖခင်နှင့်အတူ မကြာခဏ နယ်လှည့်ထွက်ရာတွင် ယောက်ျားလေးလိုမြင်းစီး၍ တောထွက်လည်ပတ်ခဲ့သော အလေ့အထများလည်း ရရှိခဲ့ သည်။


အဘိုးဝက်မစွက်၏အိမ်တွင် မောင်နှမမိသားစုများ နေထိုင်ကြရသည်။ အဘိုးဝက်မစွက်မြို့စားမင်းကြီးက မြေးဖြစ်သူအား ရတနာသုံးပါးနှင့် စပ်ဆိုင်သော ပရိတ်တရားတော်များ၊ သဂြိုဟ်ကျမ်း၊ သဒ္ဒါကျမ်း၊ နိပါတ်တော်၊ ဇာတ်တော်ဝတ္ဂ္တုများ၊ ဗုဒ္ဓဝင်၊ မဟာဝင်၊ ရာဇဝင်၊ ပျို့လင်္ကာများ သင်ကြားပေးလေသည်။ အင်္ဂလိပ်စာသင်ဆရာကို အိမ်ခေါ်၍ သင်ယူစေခဲ့လေသည်။ တစ်ဖက်ကလည်း အားလပ်ချိန်တွင် ပြင်ပစာ အုပ်စာ ပေများကို ဖတ်ရှုလေ့လာစေခဲ့သည်။ ဒဂုန်ခင်ခင်လေးသည် ၁ဝ နှစ်သမီးအရွယ်၌ ကျောင်းစာအပြင် ၁၉၁၄ ခုထုတ် ပညာအလင်းမဂ္ဂဇင်းများကို ဖတ်ရှုလေ့လာခဲ့သည်။

ပညာရေး[ပြင်​ဆင်​ရန်​]

ဖခင်မှာ အစိုးရအမှုထမ်းဖြစ်သည့်အားလျော်စွာ ကျောက်ပန်းတောင်း၊မကွေး၊ ရွှေဘို၊ မြင်းခြံ၊ မိုးကုတ်မြို့များတွင် ကျောင်းနေခဲ့သည်။ ကျောက်ပန်းတောင်းရှိ မြန်မာစာ ၇ တန်းကျောင်းတွင်နေစဉ် တတိယတန်း၌ စကောလားရှစ်နှင့်အောင်ပြီး လေးတန်းရောက်သော် အင်္ဂလိပ်-မြန်မာကျောင်း တက်ရောက်သင်ကြားရသည်။

ထိုအချိန်တွင် ခင်ခင်လေးမှာ အသက် ၉ နှစ်ရှိပြီဖြစ်၍ မန္တလေးရှိ အဘိုးအဘွားတို့ထံမှ နားထွင်းမင်္ဂလာပြုချိန်တန်ပြီဖြစ်၍ အကြောင်းကြား သောကြောင့် ခွင့်ရက်ရှည်ယူကာ မန္တလေးသို့သွားရသည်။ ထမင်းခွံ့၊ ထမင်းခံများ၊ပုပ္ပါးတော်များနှင့် နားထွင်း မင်္ဂလာကို ခမ်းခမ်းနားနား ကျင်းပခဲ့သည်။ နားထွင်းပေးသူမှာ မင်းတုန်းမင်းတရားကြီး၏ သမီးတော် ချွန်းတောင်မြို့စားထိပ်ခေါင်တင်ဖြစ်ပါသည်။

မန္တလေးသို့ ပြန်ရောက်သောအခါ အင်္ဂလိပ်-မြန်မာ အလယ်တန်းအထိ ပညာသင်ကြားခဲ့သည်။ မိခင်က သမီးမိန်းကလေးသည် အသက် ၁၂ နှစ်အရွယ်တွင် ကျောင်းမနေထိုက်ဟု အယူရှိခဲ့သည်။ သို့ဖြင့် စာရေးစာဖတ်တတ်လျှင် တော်သင့်ပြီဟု မိခင်၏ဆန္ဒအရ ကျောင်း ထွက်လိုက်ရသည်။ ဖခင်၏ အေးမြသည့်အရိပ်အာဝါသကွယ်ပျောက်ခဲ့သော် အဘိုးဝက်မစွက်မင်းကြီး၏ အရိပ်အာဝါသအောက်သို့ ခိုဝင် ခဲ့ရ၏။ အိမ်ဦးနတ်ဖြစ်သည့် ဖခင်၏အာဝါသမှ ကင်းခဲ့ရသည့် မိခင်နှင့်သားသမီးများ၏ စိတ်အားငယ်မှုမှာ လျော့နည်းမသွားခဲ့ပေ။

စာပေလောကသို့[ပြင်​ဆင်​ရန်​]

၁၂ နှစ်သမီးအရွယ်မှာ ဒဂုန်ခင်ခင်လေးသည် စာပေလောကသို့ဝင်ရောက်ခဲ့စဉ်အခါက အမျိုးသမီးများအဖို့ ဝတ္ထု ဆောင်းပါးရေးသားသည်ကိုမဆိုထားဘိ ဝတ္တုဖတ်သည်ကိုပင် ကဲ့ရဲ့တတ်ကြသောအခါ ဖြစ်သည်။ ထိုခေတ်ထိုအခါ၏ အယူအဆနှင့် ဝါဒကို ရဲရင့်စွာရင်ဆိုင်တွန်းလှန်ပြီးလျှင် စာပေလောကသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပေသည်။ ဒဂုန်ခင်ခင်လေးသည် မြန်မာစာပေလောက၌ ပထမဦး ဆုံးသော အမျိုးသမီးကာလပေါ် မြန်မာဝတ္ထုရေးဆရာမဖြစ်သည်။ ၁၉၁၆ ခုနှစ်တွင် 'နွဲ့နွဲ့' ဟူသော ဝတ္ထုတိုကလေးကို စတင် ရေးသား ပေးပို့ရာ သူရိယ မဂ္ဂဇင်း ဝတ္ထုတိုပြိုင်ပွဲတွင် အကောင်းဆုံး ဝတ္ထုအဖြစ် ရွေးချယ်ခံရပြီး၊ ၁၉၁၇ ခုနှစ်ထုတ် သူရိယ မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၆) တွင် ထည့်သွင်း ဖော်ပြခံရသည်။ သူရိယမဂ္ဂဇင်းတိုက်မှ ဆုငွေနှင့် မဂ္ဂဇင်းတစ်စောင်ကို စာတိုက်မှ ဒဂုန်ခင်ခင်လေးထံ ပို့လိုက်သည်။ စာတစ်စောင်လည်း ပူးတွဲ ပါရှိသည်။ ယင်းစာတွင် အမျိုးသမီးစာရေးသူ အဖြစ်ပထမဆုံးမြန်မာကာလပေါ်ဝတ္ထုရေးသူဟု ချီးကျူးဖော်ပြထားပေသည်။ ထိုစဉ် က ဒဂုန်ခင်ခင်လေး၏ ကလောင်အမည်မှာ အင်္ဂလိပ်ဘာသာ အတိုကောက် “K.L.K” ဖြစ်ပြီး အရှည်ကောက်မှာ ‘ခင်လေးကုမ္မာရီ’ ဖြစ်သည်။ နောက်ထပ်ရေးသားသောဝတ္ထုများမှာ‘ရှင်မင်းညို’၊‘ရဲလျှင်မင်းဖြစ်’စသောဝတ္ထုများ ကို ဆက်လက်ရေးသားသည်။

သူရိယမဂ္ဂဇင်းနှင့် မြန်မာ့အလင်းမဂ္ဂဇင်း နှစ်စောင်တွင် ‘သစ္စာနှင့် မေတ္တာ’၊‘စိန်နှင့် ဘေး’၊ ‘အချစ်နှင့် အမြစ်’၊ ‘စကားပြေ ဝတ္ထုတိုလေးများ’ ရေးပြီးပို့ခဲ့သည်။ ခင်ခင်လေးဝတ္ထုတိုလေးများမှာ သုံးလတစ်ကြိမ် အလှည့်ကျပါလာခဲ့၏။ ၂ နှစ်အတွင်း သူ့လက်ရာလေးတွေ အဆက်မပြတ် ပါလာပြီး ၁၉၂၁ ခု နှစ်တွင် မန္တလေးမြို့မှနေ၍ ကိုယ်တိုင်အမျိုးသမီးမဂ္ဂဇင်းကို ‘ကြည်တော်ဆက်’ မဂ္ဂဇင်းအမည်ဖြင့် (၁၅) ရက်တစ်ကြိမ် အချိန်မီထွက်နိုင်အောင် ကြိုးပမ်းခဲ့၍ သူကိုယ်တိုင်ထုတ်ဝေခဲ့သည်။

သမီးဖြစ်သူ ဒဂုန်ခင်ခင်လေးက ‘ကြည်တော်ဆက်’ မဂ္ဂဇင်း ထုတ်ဝေရန်ပူဆာ၍ မိခင်ဖြစ်သူသည် ကားတစ်စီးနှင့် စိန်နားကပ်တစ်ရံရောင်းကာ မဂ္ဂဇင်း ထောင်ပေးရသည် ဟူ၏။ ဤမျှအထိ သမီးအလိုကိုလိုက်ခဲ့မှုကြောင့် အများ၏ မေးငေါ့ခြင်းကိုပင် ခံခဲ့ရသည်ဆိုလေသည်။ ဒဂုန်ခင်ခင်လေးသည် မိမိပိုင် ‘ကြည်တော်ဆက်မဂ္ဂဇင်း’ကို မန္တလေးမြို့၊ ဆိုင်းတန်းရပ်၊ ဝဇီရာ မဏ္ဍလပုံနှိပ်တိုက်တွင် ရိုက်နှိပ်သည်။ မြန်မာ အမျိုးသမီး စာရေးဆရာများ ဦးစီး ထုတ်ဝေသော မဂ္ဂဇင်းများတွင် အစောဆုံး ဖြစ်သည်။ ကြည်တော်ဆက်မဂ္ဂဇင်းမှာ သူ့ခေတ်နှင့်သူ တွင်ကျယ်လာခဲ့သည်။ ပုံနှိပ်ခွင့်ကို သွားတောင်းစဉ်ကမူ မျက်နှာဖြူအရေးပိုင်မှာ ငယ်ရွယ်သူ အယ်ဒီတာမလေးကိုကြည့်ပြီး မအံ့သြဘဲ မနေနိုင်ခဲ့။ ခင်ခင်လေး၏သတ္တိကား ဤသို့ဖြစ်ပါသည်။ ကိုယ့်ကိုယ်ကို ကိုယ်အားကိုးသော ဉာဉ်ကား (၁၂) နှစ်သမီးအရွယ်ကစ၍ အမြစ်တွယ်ခဲ့သူဖြစ်ပါသည်။ သူ့ဝတ္ထုများကို ထုတ်ဝေသော ဝဇီရာမဏ္ဍလပုံနှိပ်တိုက်ပိုင်ရှင် ဒေါ်ဒေါ်ရွက်၏ ဟုမ္မရုးသတင်းစာ၌ ဟုမ္မရုးလမ်းညွှန်ခန်းကို ဒဂုန်ခင်ခင်လေးသည် လျှို့ဝှက်နာမည်နှင့် ရေးခဲ့ရာ တိုက်အုပ်လက်ရာဟု ထင်ခဲ့ကြသည်။

ထို့နောက် တိုက်ပိုင်ရှင်နှင့်အတူ နေရှင်နယ်ဂျာနယ်ထွက်ရန် ကြိုးစားခဲ့သည်။ သို့သော် နိုင်ငံရေးရုန်းရင်းဆန်ခတ်ဖြစ်၍ နေရှင် နယ်ဂျာနယ်နှင့် ကြည်တော်ဆက်မဂ္ဂဇင်းပါ ရပ်စဲထားလိုက်ရသည်။ အလုပ်မရှိလျှင်လည်း မနေတတ်သဖြင့် ဝါသနာအရ ဇာထိုး၊ ပန်းထိုး၊ လက်မှုပညာနှင့်ဘဲ အချိန်ကုန်လွန်ခဲ့ရသည်။ စတိုး ဆိုင်ကြီးများတွင် ဒေါ်ခင်ခင်လေး၏လက်ရာဖြစ်သော ရေခဲချည်စောင်၊ တက်တင်းဇာ၊ ပုတီးစေ့လက်ပွေအိတ်၊ ရေးဆေးဆီဆေးခြယ်ထားသည့် ပိုးတွန့်ဖဲလုံချည်များစသဖြင့် ကန်ထရိုက်စနစ်နှင့်သွင်းခဲ့သည်။ အနုပညာရှင်၏ မွမ်းမံမှုဖြစ်သဖြင့် အလွန် လူကြိုက်များခဲ့ပြီး ဝင်ငွေကောင်းခဲ့သည်။ ဇာထိုး၊ ပန်းထိုးရင်း ဝတ္ထုတွေ စဉ်းစားလိုက်၊ ကောက်ရေးလိုက်နှင့် ဒဂုန်မဂ္ဂဇင်း ဝတ္ထုပြိုင်ပွဲသို့ ရွှေဥဒေါင်းညိုဝတ္ထုကို ပို့လိုက်ရာ ပထမဆုရရှိခဲ့သည်။

၁၉၂ဝ ခုနှစ်တွင် ဒဂုန်မဂ္ဂဇင်းတွင် စာပေဝတ္ထုဆောင်းပါး များရေးသားသည်။ ဒဂုန်မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၆) တွင် အလင်းရောင်ဝတ္ထုကို စတင်ရေးပြီး ဝတ္ထုဆောင်းပါး အမြောက်အများကို စဉ်ဆက်မပြတ် ရေးသားခဲ့ သည်။ ဒဂုန်ခင်ခင်လေး အမည်ဖြင့် ခေတ်ပေါ်ရာဇဝင်ဝတ္ထုများ ရေးသည်။ ‘ကိုကိုလေး’ အမည်ဖြင့် မှော်ဆရာမှတ်တမ်းဝတ္ထုများကို ရေးသည်။

ပုဂံခေတ် ဆံထုံး ၅၅ မျိုးကို အဲချင်းရော၊ ပုံများပါ 'ရတနာပုံ ထိပ်တင်လှိုင်'အမည်နှင့် ယုဝတီဝတ္ထုဆောင်းပါးအခန်းအတွက် ဆံထုံးကာ အဲ မောင်းလှံထိုးအမျိုးမျိုး၊ အိမ်တွင်းမှုဇာထိုး၊ ပန်းထိုးအပ်ချုပ် လက်မှုပညာအဖြာဖြာ ဆောင်းပါးများကို ရေးသားခဲ့လေသည်။

၁၉၂၁ ခုနှစ်တွင် မန္တလေးမြို့မှနေ၍ ကိုယ်ပိုင်အမျိုးသမီးမဂ္ဂဇင်းတွင် ပျောက်ဆုံးသော ‘ပတ္တမြားကြီး’၊ ‘မသန်းရီ’၊ ‘မျိုးချစ်လမ်း ညွန်’ နှင့် ‘မာန’ ဝတ္ထုရှည်များ ရေးသားခဲ့သည်။

ရုပ်ရှင်ဇာတ်ညွန်း[ပြင်​ဆင်​ရန်​]

၁၉၂၃ ခုနှစ်ခန့်မှစ၍ အေဝမ်း (မြန်မာအဆွေ) ရုပ်ရှင်ဇာတ်ညွန်းများရေးပေးခဲ့သည်။ ပထမဆုံးဇာတ်ညွန်းမှာ စိမ်းရောင်စို ဖြစ်သည်။ မြန်မာ အဆွေ ရုပ်ရှင်ကုမ္ပဏီမှရိုက်ကူးသော ‘တောမြိုင်စွန်းက လွမ်းအောင်ဖန်’ ဇာတ်ကားပြီးသည့်နောက် ကာတွန်း ရွှေရိုး (ဦးဘကလေး) အ တွက် ဇာတ်ညွန်းရေးပေးခဲ့၍ ရွှေဒင်္ဂါးသုံးပြားတံဆိပ်နှင့် ငွေသုံးရာ ဉာဏ်ပူဇော်ခ ချီးမြှင့်ခြင်းခံခဲ့ရသည်။ ဒဂုန်ခင်ခင်လေး၏ ဒဂုန်မဂ္ဂဇင်းပါ ‘တမြေစံ’ဝတ္တုကြီးကို ဒဂုန်မဂ္ဂဇင်းထုတ်ဝေခဲ့၍ မြန်မာအဆွေအေဝမ်းရုပ်ရှင်ကုမ္ပဏီမှ ၁၉၂၇ ခုတွင် ဒါရိုက်တာဦးညီပုက ‘မြအေးယဉ်’ အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့ရာ မောင်မောင်စိုး၊ မမြညွန့်၊ သာချို၊ မသောင်း၊ ဒေါ်ဂျမ်းစိန်တို့ ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။ အဆိုပါ ‘မြအေးယဉ်’ ရုပ်ရှင်ကားကို ၁၉၂၇ ခု၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၊ ပန်းဆိုး တန်း ‘အောင်လံပီယာ’ ဇာတ်၌ ရုံတင်ပြသည်။ ဤသည်မှစ၍ ဒဂုန်ခင်ခင်လေးသည် အမျိုးသမီး ရုပ်ရှင်ဝတ္တုရေးဆရာ ဖြစ်လာသည်။ ထို့နောက် ဒဂုန်ခင်ခင်လေး၏ ဒဂုန်မဂ္ဂဇင်းပါ ညဉ့်ဦးယံ၊ ချစ်စနိုး၊ ခိုင်သစ္စာ၊ နှမလေး၊ မြိုင်ယံဘွားဝတ္တု တို့ကို မြန်မာအဆွေ အေဝမ်းဖလင်ရုပ်ရှင်ကုမ္ပဏီမှ ရုပ်ရှင်ဇာတ်ကားများအဖြစ် ရိုက်ကူးတင်ဆက်ခဲ့ လေသည်။ ‘တမြေစံ’၊ ‘နှမလေး’ ဝတ္ထုကို ရုပ်ရှင်ရိုက်ကူးခဲ့ပါသည်။

‘မြိုင်ယံဘွား’ ဝတ္ထုရေးပြီးသည့်အခါ အဘိုးဖြစ်သူကို ဝေဖန်ပေးပါရန်ပြလိုက်သည်။ ငါ့မြေး အရေးအသားတော်ပါပေသည်ဆိုမှပဲ သူ့မှာဘဝင် ကျခဲ့ရသည်။ ထိုဝတ္တုမှာ နန်းတွင်းယဉ်ကျေးမှုနှင့် တောတွင်းလူရိုင်းတစ်ဦးကို ရောမွှေထားသောဇာတ်လမ်းဖြစ်ရာ အေဝမ်းကရိုက်ကူး၍ ဟိုးလေးတကျော် ဖြစ်ခဲ့ပါသည်။

၁၉၃၅ ခုနှစ်တွင် ‘စာဆိုတော်’ ဝတ္ထုပထမတွဲကို စတင်ရေးသားသည်။ စာဆိုတော်ဝတ္ထုမှာ မြန်မာစာပေသမိုင်းတွင် မြန်မာ့ နန်းတွင်း အဖြစ် အပျက်များကို စေ့စေ့ငုငု သုတေသနပြု၍ ရေးသားထားသော ဂန္တဝင်မြောက်ဝတ္ထုကြီးဖြစ်၏။ တော်လှန်ရေးဝတ္တု ‘ရွှေစွန်ညို’ ကို ရေးသား ခဲ့သည်။ ယင်းဝတ္တုကို ‘ရည်းစားဓားပြ’ အမည်ဖြင့် ရိုက်ကူးခဲ့သည်။

၁၉၃၉ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ဒဂုန်ခင်ခင်လေး စာအုပ်တိုက် ‘တိုင်းပြု ပြည်ပြု’ ပုံနှိပ်တိုက်ကိုတည်ထောင်ပြီး ဝတ္ထုရှည် (၃ဝ) ပုဒ်ခန့် ရေး သားထုတ်ဝေသည်။ ‘စာဆိုတော်’ (ပထမ၊ ဒုတိယ၊ တတိယတွဲ) မှာ သူ၏ထင်ရှားသောရာဇဝင်နောက်ခံ ဝတ္ထုဖြစ်သည်။ ထို့နောက် ‘ကျွန်း ဦးတည့် သန်လျက်ခုံ’ ရာဇဝင်နောက်ခံ ခရီးသွားစာပေကို ရေးသားခဲ့သည်။

စာပုံနှိပ်လုပ်ငန်းကို မြန်မာ နိုင်ငံသို့ ဂျပန်တို့ဝင်ရောက်လာ သည်အထိ လုပ်ကိုင်ခဲ့သည်။ ဂျပန်ခေတ်နှင့် အင်္ဂလိပ်ပြန်ဝင်သည်အထိ ရွှေဂုံ တိုင်လမ်းတွင် ပုံနှိပ်တိုက်နှင့် ဝတ္ထုအုပ်တိုက်ပြန်ဖွင့်သည်။ ပုံနှိပ်လုပ်ငန်း အဝဝ၊ စာပေအမျိုးမျိုး ရိုက်နှိပ်ပေးသည်။ ကိုယ်တိုင်ရေးစာပေ များလည်း ထုတ်ဝေသည်။ ‘သဝဏ်လွှာ’ စသော ဝတ္တုများကိုလည်း ဆက်လက်ရေးသား ထုတ်ဝေသည်။ ဒုတိယကမ္ဘာစစ်ခေတ်အတွင်းတွင် နာဇီဝါဒဆိုးဝါးပုံဝတ္တုဖြစ်သော ‘စစ် ရောင်ခြည်’ နှင့် ‘ကမ္ကာ့ရန်သူ’ ကိုထုတ်ဝေရာ အုပ်ရေ တစ်သိန်းခန့် ရောင်းချခဲ့သည်။ အဆိုပါစာအုပ်များမှာ နာဇီဝါဒ၏ ကြောက်စရာကောင်းလှပုံကို ပေါ်လွင်အောင် သရုပ်ဖော်ပြထား သဖြင့် အစတွင် လူထုငြိုငြင်မှုကိုခံခဲ့ရသည်ဟု ကြားသိရသည်။ ထိုစဉ်က မြန်မာလူထုသည် ဂျာမန်ကို အထင်ကြီးနေချိန် ဖြစ်သည်။ ထို့နောက် မြန်မာပြည်တွင်းသို့ ဂျပန်များဝင်ရောက်ပြီး လူထုသည် ဖက်ဆစ်၏ဒဏ်ကို ခံကြရခါမှ စာအုပ်၏တန်ဖိုးနှင့် စာရေးသူ၏ စေတနာကို သိရှိလာတော့သည်။ သူ့စာပေတိုက်မှ ဦးနုရေးသားသော ‘ရက်စက်ပါပေ့ကွယ်’ ဝတ္တုကိုလည်း ထုတ်ဝေပေးခဲ့သည်။ ဆရာကြီးရွှေဥဒေါင်း၏ ရတနာသိုက်၊ ဆော်လမွန်သိုက်များကိုလည်း ရိုက်နှိပ်ပေး ရ၏။ ဗမာ့လွတ်လပ်ရေးအတွက် ဂျီစီဘီအေ ခေတ်ကပင် နိုင်ငံရေးဆောင်းပါးများရေးပြီး လှုံ့ဆော်ပေးခဲ့သည်။ ထိုခေတ်က ဝတ္ထုတစ်ပုဒ်လျှင် ငွေငါးထောင်ရခြင်းမှာ နည်းနည်း နောနောမဟုတ်။ ထို့နောက် စစ်ဂျာနယ်တွင်လည်း ထုတ်ဝေသူအဖြစ် ကူညီလိုက်ရသေးသည်။ တိုင်းပြုပြည်ပြုပုံနှိပ်တိုက်ကို တည်ထောင်ပြီး ဒဂုန်ခင်ခင်လေးစာအုပ်တိုက်မှ စာအုပ်များ ဆက်တိုက်ထုတ်ဝေခဲ့သည်။ ပထမဆုံးထွက်သော ဝတ္ထုရှည်မှာ ဂုဏ်မြင့်သူ ဖြစ်သည်။ ဓာတ်ပြားသီချင်းပင် ထိုအမည်နှင့် အလွန်ခေတ်စားခဲ့၏။ ထိုဝတ္ထုမှာ သုံးကြိမ်တိုင်တိုင် ပြန်လည်ရိုက် နှိပ်ခဲ့ရသည်။ ဒေါ်ခင်ခင်လေး၏ လုံးချင်းများဖြစ်သော ဆရာမ၊ မြမြဝင်း၊ တစ်သက်လျာ၊ ငယ်ကျွမ်းခင်၊ ရွှေစွန်ညို၊ သားရွှေစွန်ညို၊ မေ့သည်းချာ၊ မိန်းမဘဝ၊ ကျွန်းဘိုညိုနှင့် သဝဏ်လွှာတို့မှာ ဖတ်ချင်စဖွယ် မျက်နှာဖုံးလှလှကလေးများနှင့် ရိုက်နှိပ်ထားသည်။ ဒဂုန် ခင်ခင် လေးသည် အင်္ဂလိပ်ကား၊ ကုလားကားများမှ ဇာတ်လမ်းအချို့ကို မြန်မာလိုဆီလျော်အောင် ရေးရာတွင်ထိုကားများပြနေခိုက် သူ့ဝတ္တုက အချိန်မီပေါ်လာအောင် ရေးနိုင်ခြင်း ပင်ဖြစ်သည်။ ‘ဝါတာလူးတံတား’ ရုံတင်နေချိန်မှာ သူ၏ ဂုဏ်နိမ့်သူ ပေါ်လာ နိုင်ပြီး‘ခါဆန်ချီ’ ပြနေခိုက်တွင် မေ့သည်းချာဝတ္တုပေါ် လာခဲ့သည်။ ပရိသတ်များမှာဇာတ်လမ်းရော ဝတ္တုကိုပါ နှစ်ခြိုက်စွာလက်ခံလာကြသည်ကို တွေ့ရသည်။ ချစ်အဏ္ဏဝါနှင့် သမုဒယလည်း အင်္ဂလိပ်ဝတ္တုကို မှီးထားသည်။ မည်သို့ဖြစ်စေ တစ်မဟုတ်ချင်း ဗမာ့ဟန်နှင့် ရေးနိုင်ပုံကိုကား လူတိုင်း လိုက်တု၍မဖြစ်နိုင်ပါ။ သူ့ပါရမီထူးချွန်ပုံကား အံ့ဖွယ်ကောင်းလှပေသည်။ ဂျပန်ခေတ်တွင် တိုင်းပြုပြည်ပြုပုံနှိပ်တိုက်၌ စစ်ဘက်မှအသုံးချ သော ပိုစတာများ၊ အစိုးရစာတမ်းများကို ရိုက်နှိပ်ပေးခဲ့သည်။

ဒေါ်ခင်ခင်လေးသည် ယုဝတီဂျာနယ်ကို ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ တွင် စတင်ထုတ်ဝေခဲ့သည်။ အမျိုးသမီးကလောင်အဖွဲ့ကိုလည်း ၁၉၄၇ ခုနှစ်၌ ဖွဲ့စည်းခဲ့သည်။ ဒဂုန်ခင်ခင်လေး၏ ယုဝတီဂျာနယ်တွင် အမျိုးသမီးလေးများ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုစီရကြသည်။ စာစီ၊ စာခေါက်၊ စာအုပ်ချုပ်လုပ်ငန်းများနှင့် အမျိုးသမီးပန်းချီဆရာကိုပင် အားပေးချီးမြှင့် အသုံးပြုခဲ့သည်။ သင်္ကြန်ရေသဘင်ကိုလည်း ကလောင်ရှင် မဏ္ဍပ်ကြီးမှ မြန်မာ့ဆိုင်းဝိုင်းတူရိယာဖြင့် ကပြဧည့်ခံကာ ရိုးရာဆုများချီးမြင့်ပြီး နေ့စဉ်စတုဒီသာ ကျွေးမွေးလာခဲ့သည်။

တစ်ပြည်လုံးအတွက် စာပပြေိုင်ပွဲ၊ အလှမယ်၊ အားကစားမယ်၊ မယ်ပြိုင်ပွဲ များကိုလည်း အားပေးခဲ့သည်။ စာဆိုတော်နေ့ ကလောင်ရှင်ပြ ဇာတ်များကိုလည်း ဇာတ်ညွန်ရေး ဒါရိုက်တာလုပ်ပေးฑုံမက သူကိုယ်တိုင်လည်း ဝန်ကြီးအဖြစ်ပါဝင်ခဲ့သည်။ အမျိုးသမီးတစ်ရာကျော်နှင့် ‘ပန်သစ္စာ’၊ ‘ရာဇဓာတုကလျာ’၊ ‘မုဒုလက္ခဏာ’၊ ‘ရတနာ့ဂုဏ်ရည်’၊ ‘မြကြေီးမှ ရွှေသီး’ ပြဇာတ်ကြီး များတွင် ကြေးစားအနုပညာသည်များထက် အဆင့်အတန်း မနိမ့်အောင် သရုပ်ဆောင်နိုင်ရန် ကြီးကြပ်ပေးခဲ့သည်။ အဆိုပါပြဇာတ်များသည် ရန်ပုံငွေ အမြောက်အများရရှိခဲ့ရာ အသင်း ပိုင်မြေတစ်ကွက်ကို ဗိုလ်တထောင်ဘုရားလမ်းပေါ်၌ စာပေမိခင်ကြီးကိုယ်တိုင် အုတ်မြစ်ချပေးခဲ့သည်။

အသက်လေးဆယ်ကျော်ခန့်တွင် ခင်ပွန်းသည်နှင့်အတူ မိမိစရိတ်ဖြင့် ၁၉၅၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၅၄ ခုနှစ်တွင်တစ်ကြိမ် ကမ္ဘာသို့ ၂ ကြိမ် လှည့်လည်လေ့လာခဲ့သည်။ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗာလီကျွန်း စသည်တို့ကို တစ်ဦးတည်း သွားရောက်လှည့်လည်ခဲ့ပြီးနောက် မျက်မြင်ကိုယ်တွေ့ ကမ္ဘာလှည့် ဆောင်းပါးပေါင်းချုပ်များကို ရေးသားခဲ့သည်။ ပြည်တွင်း ဆောင်းပါးရှည်၊ အရပ်ရပ်ဆောင်းပါးစု၊ နှစ်ပေါင်း ၆ဝ (အတ္ထုပ္ပတ္တိ)၊ ဝတ္ထုရှည် ၃ဝ ကျော်၊ ဝတ္ထုတို ၅ဝဝ ကျော်နှင့် ရှေးမြန်မာယဉ်ကျေးမှုစာပေဆိုင်ရာ တို့ကိုရေးသားခဲ့သည်။ အသက် ၇ဝ ကျော်တွင် ‘ရတနာပုံနိဒါန်းနှင့် နိဂုံး’ ကို ရေးသားထားခဲ့ပါသည်။

မောင်ဖြစ်သူ မောင်မောင်မှာလည်း အေဝမ်းကုမ္ပဏီ၏ ဓာတ်ပြားသွင်း ခြင်း၊ အေဝမ်းတူရိယာအဖွဲ့တွင် ဆက်ဆိုဖုန်းမှုတ်သူအဖြစ် ဝါသနာ ကြီးစွာဖြင့် ဂီတတွင်ပျော်ရွှင်နေရာမှ မြောင်းမြမြို့တွင် ကွယ်လွန်ခဲ့တော့သည်။

မေတ္တာဘွဲ့၊ ကာလပေါ်ဝတ္ထုတွေရေးခဲ့သော စာရေးဆရာမ ဒဂုန်ခင်ခင်လေးသည် လူငယ်ဘဝ ဟိုက်စကူးကျောင်းသားတစ်ဦးနှင့် မေတ္တာ သက်ဝင် ချစ်ခင်ခဲ့ကြသည်။ နှစ်ဖက်သောလူကြီးမိဘတို့၏ သဘောတူညီချက်အရ ဒဂုန်ခင်ခင်လေးနှင့် ချစ်ဦးသူတို့က ၁၉၂၉ ခုနှစ်တွင် အဘိုး ဝက်မစွက်မြိုစားဟောင်းကြီးကိုယ်တိုင် လက်ထပ်ပေးခဲ့သည်။ ထို့နောက် ဒဂုန်ခင်ခင်လေး တို့ဇနီးမောင်နှံသည် ရန်ကုန်မြို့သို့ ရုံးစာ ရေးအဖြစ် အမှုထမ်း၏။ ဒဂုန်ခင်ခင်လေးက ဝတ္ထုဆောင်းပါးများ၊ ဇာတ်ညွန်းများရေးသားကာ နှစ်ကိုယ်တူချစ်ခရီးလမ်းကို လျှောက်လှမ်းခဲ့ကြ သည်။

သို့သော် ဒဂုန်ခင်ခင်လေးတို့၏ အိမ်ထောင်သက်တစ်နှစ်ကျော်ကြာလာသည့်အခါ သဘောထားချင်းမတိုက်ဆိုင်တော့သဖြင့် နှစ်ဦးသဘော တူ ကွာရှင်းလိုက်ကြသည်။ ထို့နောက် ဒဂုန်ခင်ခင်လေးသည် တစ်ဦးတည်းနေထိုင်ကာ ဒဂုန်မဂ္ဂဇင်းအတွက် ဝတ္ထုဆောင်းပါးများ၊ မြန်မာ အဆွေ အေဝမ်းရုပ်ရှင် ကုမ္ပဏီအတွက် ရုပ်ရှင်ဇာတ်ညွန်းများရေးသားကာ အေးချမ်းစွာနေထိုင်ခဲ့သည်။

၁၉၃၈ ခုနှစ်တွင် ဒဂုန်ခင်ခင်လေးသည် နဂါးနီစာအုပ်အသင်းသို့ အသင်းဝင်အဖြစ်ဝင်ရောက်သည်။ ယင်းစာအုပ်တိုက်မှ စာအုပ်များကို ထုတ်ဝေခဲ့သည်။ နဂါးနီးစာအုပ်အသင်းဝင် ဒဂုန်ခင်ခင်လေးနှင့် နဂါးနီစာအုပ်အသင်းမန်နေဂျာဖြစ်သော ဦးအုန်းခင်တို့သည် တစ်ဦး နှင့်တစ်ဦး ခင်မင်ရင်းနှီးရာမှ အကြောင်းဆက်ပေါင်းဖက်ကြရန် ဖန်လာခဲ့ကြသည်။ သို့ဖြင့် တစ်ဦးနှင့်တစ်ဦး သံယောဇဉ်ငြိကာ ၁၉၄ဝ ပြည့် နှစ်တွင် နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြသည်။

ဒဂုန်ခင်ခင်လေးတို့ဇနီးမောင်နှံသည် ဂျပန်ခေတ်တွင် ပုံနှိပ်တိုက်ကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်း၊ အမှတ် ၂၂၁ တွင် ဖွင့်လှစ် သည်။ စာအုပ်များလည်း ဆက်လက်ထုတ်ဝေသည်။ ဒေါက်တာဘမော် အစိုးရလက်ထက် ပြန်ကြားရေး ဌာနမှ ၁၉၄၂ ခု၊ အောက် တိုဘာလ ၁ ရက်နေ့မှ စတင်ထုတ်ဝေသော ‘ဗမာ့ခေတ်’ သတင်းစာကို အငှါးရိုက်စနစ်ဖြင့် ပုံနှိပ်ပေးသည်။ ဖက်ဆစ်တော်လှန် ရေးပြီးစီး၍ အဆိုပါ သတင်းစာကို ဆိုင်ရာမှ ဆက်လက်မထုတ်ဝေသောအခါ ၁၉၄၅ ခု၊ မေလ ၁ဝ ရက်နေ့မှစတင်ကာ ဗမာ့ ခေတ်သတင်းစာကို ဒဂုန်ခင်ခင် လေးတို့မောင်နှံက ဆက်လက်ထုတ်ဝေခဲ့သည်။ ထိုအချိန်မှစ၍ ဒဂုန်ခင်ခင် လေး၏ခင်ပွန်း ဦးအုန်းခင်သည်လည်း ဗမာ့ခေတ်ဦးအုန်းခင်ဖြစ် လာကာ မိုးကြိုးအမည်ဖြင့် ဗမာ့ခေတ်သတင်းစာတွင် ပင်တိုင်ဆောင်းပါးများ ရေးသားခဲ့သည်။

ဒဂုန်ခင်ခင်လေး၏ ၁၉၄၆ ခု၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ တစ်လလေးကြိမ်ထုတ် အမျိုးသမီးများအတွက်‘ယုဝတီဂျာနယ်’ကို ထုတ်ဝေခဲ့သည်။ အမျိုးသမီး အတိုင်ပင်ခံအယ်ဒီတာများ၊ ဘာသာရပ်ဆိုင်ရာ အယ်ဒီတာများ ထားရှိသည်။ ဒဂုန်ခင်ခင်လေးသည် ယုဝတီ ဂျာနယ်တွင် ‘ယုဝတီ လေနီ’ ကလောင်အမည်ဖြင့် ဟိုအရေး ဒီအရေး ဆောင်းပါးများ ရေးသားခဲ့သည်။ ပြည်တွင်းခရီးသွားဆောင်းပါးများကိုလည်း ရေးသားသည်။ ဒဂုန်ခင်ခင်လေးသည် အမျိုးသမီးကလောင်သစ်များကို စင်တင်ပေး၍ ယုဝတီဂျာနယ်တွင် ဝတ္ထုတို (၁ဝ) ပုဒ်ရေးသားဖော်ပြခြင်းခံရလျှင် ယုဝတီ ကလောင်ရှင်ဘွဲ့၊ ဝတ္ထုတို (၂၅) ပုဒ် ရေးသားဖော်ပြခြင်းခံရလျှင် ယုဝတီဘွဲ့များကိုချီးမြှင့်ခဲ့သည်။ ဒဂုန် ခင်ခင်လေး၏ ယုဝတီဂျာနယ်မှာ ၁၉၄၆ ခုမှ ၁၉၈၁ ခုနှစ်အထိ ယုဝတီနှင့် ယုဝတီ ကလောင်ရှင်ဘွဲ့ရ စာရေးဆရာမ (၅ဝ) ကျော်ကို မွေးထုတ်နိုင်ခဲ့သည်။

ဒဂုန်ခင်ခင်လေးသည် ၁၉၄၇ ခု၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မြန်မာပြည်အမျိုးသမီးကလောင်အဖွဲ့ကို ဖွဲ့စည်းတည်ထောင်၍ အဖွဲ့ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည်။ အဖွဲ့ရန်ပုံငွေအတွက် ပန်းသစ္စာ၊ ဓာတုကလျာ၊ မုဒုလက္ခဏာ၊ ရတနာ့ဂုဏ်ရည်၊ မြကြေီးမှရွှေသီး၊ ရတနာမြေမှ ပညာအမွပြေဇာတ်တို့ကို တင်ဆက်ခဲ့သည်။ ပန်သစ္စာ နှင့်ဓာတုကလျာပြဇာတ်များကို ဒဂုန်ခင်ခင်လေးကိုယ်တိုင်ဒါရိုက်တာလုပ်ခဲ့သည်။ အဖွဲ့ရန်ပုံငွေအတွက်တင်ဆက်ခဲ့သည့်ပြဇာတ် များအားလုံးအတွက်အဖွဲ့၏ နာယကဒဂုန်ခင်ခင်လေးမှာ ဇာတ်တိုက်သည်မှအစ ကာဌေးရုံ တွင် စင်တင်ကပြသည်အထိ နေ့စဉ်အကျွေးအမွေး၊ အကြိုအပို့၊ ထီးမူနန်းရာအသုံးအနှုန်း၊ ညွန်ကြားပြသမှုများပါမကျန် နှစ်စဉ်တာဝန် ယူခဲ့သည်။ ပြဇာတ်များက ရရှိသောဝင်ငွဖြေင့် ဗိုလ်တထောင်ဘုရားလမ်းတွင် အသင်းအတွက် တိုက်မြေနေရာ ဝယ်ယူ ခဲ့သည်။ မြန်မာပြည် အမျိုးသမီး ကလောင်အဖွဲ့ (၁၉၄၇ – ၆၂) မှ ကလောင်ရှင်ဂျာနယ်ထုတ်ဝခြေင်း၊ ဝတ္ထုတိုဆောင်းပါး၊ ကဗျာပြိုင်ပွဲကျင်းပခြင်း၊ ဒေသန္တရ လေ့ လာရေးခရီးထွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

၁၉၅ဝ ပြည့်နှစ်တွင် ဒဂုန်ခင်ခင်လေးတို့မောင်နှံသည် ဗဟန်းမြို့နယ် ဘောင်ဒရီလမ်း (ဓမ္မစေတီလမ်း)၊ အမှတ် ၂၅၃ ရှိ သုံးဧကကျယ်ဝန်းသော မြေကွက်ပေါ်ရှိ နှစ်ထပ်တိုက်အိမ်ကြီးကိုဝယ်ယူ၍ ‘ဗမာ့ခေတ်’ ဗိမာန်သစ်ကြီးတို့ကို ထူထောင်ခဲ့လေသည်။

ထို့နောက် ဒဂုန်ခင်ခင်လေးနှင့် မိုးကြိုးဦးအုန်းခင်တို့သည် အကြောင်းအမျိုးမျိုးတို့ကြောင့် စိတ်သဘောထားခြင်း မတိုက်ဆိုင်ကြတော့သဖြင့် ၁၉၆ဝ ပြည့်နှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြသည်။ ဒဂုန်ခင်ခင်လေးသည် ဗမာ့ခေတ်သတင်းစာကို ၁၉၆၁ ခု၊ မတ်လ ၃၁ ရက်နေ့အထိ ထုတ်ဝေခဲ့သည်။

ဗမာ့ခေတ်သတင်းစာတိုက်ကို ၁၉၆၁ ခု၊ ဧပြီလ ၁ ရက်နေ့တွင် အကြောင်းအမျိုးမျိုးကြောင့် ပိတ်လိုက်ရသောအခါ အမှတ် ၃၊ ကိုယ့်မင်း ကိုယ်ချင်းလမ်း၊ ဗဟန်းမြို့နယ်တွင် ၁၉၆၁ ခု၊ မေလ (၁) ရက်နေ့၌ ယုဝတီသတင်းစာကို ဦးစီး ထုတ်ဝေခဲ့ပြန်သည်။ ယုဝတီသတင်းစာတွင် ဒဂုန်ခင်ခင်လေးသည် ပင်တိုင်ဆောင်းပါးများရေးသည်။ ယင်းသတင်းစာ၌ပင် ‘နှစ်ပေါင်း ၆ဝ’ ကိုယ်ရေး အတ္တုပ္ပတ္တိကို အခန်းဆက်ရေး၍ ‘အာကောင်နီ’ ကလောင်အမည်ဖြင့် ရုပ်ရှင်ဝေဖန်ရေးဆောင်းပါးများကို ပင်တိုင်ရေးသား ခဲ့သည်။

ယုဝတီသတင်းစာသည် ကုန်ကျစရိတ်စက များပြားလွန်းလှသောကြောင့် ယုဝတီသတင်းစာကို ၁၉၆၄ ခု၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပိတ် လိုက်ရလေသည်။

ထို့နောက် ၁၉၆၉ ခု၊ ဧပြီလ ၁ ရက်နေ့တွင် တစ်လ (၂) ကြိမ်ထုတ် (Bi-Weekly) ‘ယုဝတီဂျာနယ်’ ကို ဆက်လက်ထုတ်ဝေခဲ့သည်။ (ယုဝတီဂျာနယ်ကို ဒဂုန်ခင်ခင်လေး ကွယ်လွန်သွားပြီးနောက် တူမဖြစ်သူ ဒေါ်တင်တင်မက ၁၉၈၈ ခုနှစ်အထိ ဆက်လက်ထုတ်ဝေသည်။)

ဒဂုန်ခင်ခင်လေးသည် မြန်မာစာအဖွဲ့တွင်လည်း တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် အမှုထမ်းရွက်ခဲ့သည်။

ပြည်ပသာမက ပြည်တွင်း၊ နယ်ခြားဒေသမကျန် ကလောင်ရှင်အများနှင့် ဒေသန္တရဗဟုသုတအတွက် လှည့်လည်ပြီး ဆောင်းပါးအစောင်စောင် ရေးသား ခဲ့သည်။ ရောက်ရာအရပ်၌ ဘုရား၊ ပုထိုး၊ ကျောင်းဇရပ်၊ ဓာတ်မီး၊ အင်ဂျင် ရေစုပ်စက များလှူခြင်း၊ ရှင်အပါးတစ်ရာပြုခြင်း စသောကုသိုလ်ဒါနများ ပြုခဲ့ပေသည်။ ဒဂုန်ခင်ခင်လေးသည် သူ၏လက်ဝတ်ရတနာများကို ရွှေတိဂုံစေတီတော် ငှက်မြတ်နားပေါ်တွင် ရတနာပန်းခိုင်အဖြစ် လှူဒါန်းခဲ့သည်။ အမရပူရ ပုထိုးတော်ကြီး၊ မန္တလေး ကျောက်တော်ကြီးနှင့် ပေါင်းတည် ရွှေကျောင်းဆောင်စေတီ၊ ပြည်ဆုတောင်းပြည့်ဘုရား၏ ထီးတော်များလည်း တင်လှူခဲ့ပြီးဖြစ်သည်။ လိပ်ကျွန်းနှင့် ငပလီ၌လည်း စေတီတည်ခဲ့ပြီး မုံရွာ၊ ပြည်၊ ပျဉ်း မနား၊ ပုပ္ပါး၊ ဇင်းကျိုက်၊ သထုံ၌ ဓာတ်မီးစက်များလည်း လှူဒါန်းခဲ့သည်။ ရွှေတိဂုံရှိ မဟာဗောဓိတန်ဆောင်းနှင့် ဓာတ်လှေကားကိုလည်း ရက်ရက်ရောရောလှူခဲ့သည်။ ငပလီ ခရုမျိုးစုံကို ပုလဲရည်သုတ်၍ ကြည်ညိုဖွယ်ရာ ဘုရားကျောင်းဆောင်အဖြစ် ပထမဦးဆုံး ခြယ်လှယ်တီ ထွင်လှူဒါန်းခဲ့သည်။


====[ပြင်​ဆင်​ရန်​]

ဒဂုန် ခင်ခင်လေး စာအုပ်တိုက်ကို တည်ထောင်၍ စာအုပ်များ ထုတ်ဝေသည်။ ပထမ အိမ်ထောင်နှင့် စိတ်သဘောချင်း မတိုက်ဆိုင်၍ ကွာရှင်းခဲ့သည်။ ထို့နောက် နဂါးနီ စာအုပ်တိုက် မန်နေဂျာ ဦးအုန်းခင်နှင့် လက်ထပ်သည်။

၁၉၃၉ ခုနှစ်တွင် တိုင်းပြုပြည်ပြု ပုံနှိပ်တိုက် တည်ထောင်ပြီး၊ ဝတ္ထုများ အဆက်မပြတ် ရေးသား ထုတ်ဝေခဲ့သည်။ ဒဂုန် ခင်ခင်လေးသည် စစ်ကာလ အတွင်းတွင် 'စစ်ရောင်ခြည်' ဝတ္ထုနှင့် 'ကမ္ဘာ့ရန်သူ' ဝတ္ထုတို့ကို ရေးသား ထုတ်ဝေခဲ့သည်။ ဂျပန်ခေတ်တွင် အစိုးရက ထုတ်ဝေသော ဗမာ့ခေတ် သတင်းစာကို လက်ခံ ပုံနှိပ်ပေးရာမှ၊ စစ်ပြီးသော အခါ ဗမာ့ခေတ် သတင်းစာကို မိမိ၏ တိုင်းပြုပြည်ပြု ပုံနှိပ်တိုက်က ပခုံးပြောင်းယူပြီး ကိုယ်ပိုင် သတင်းစာ အဖြစ် ဆက်လက် ထုတ်ဝေသည်။


၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် 'ယုဝတီဂျာနယ်' ကို ဦးစီး ထုတ်ဝေခဲ့သည်။ ဗမာ့ခေတ် သတင်းစာတွင်လည်း ယုဝတီဂျာနယ် ကဏ္ဍ ဖွင့်လှစ်ကာ အမျိုးသမီး ကလောင်ရှင်များကို 'ယုဝတီ ကလောင်ရှင်' ဘွဲ့၊ 'ယုဝတီ' ဘွဲ့များ ပေးအပ် ချီးမြှင့် မြေတောင် မြှောက်ပေးခဲ့သည်။ အမျိုးသမီး ကလောင်ရှင် အဖွဲ့ကို တည်ထောင်၍ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည့် အပြင် စာရေးဆရာ အသင်း၏ အမှုဆောင် အဖြစ်လည်း အကြိမ်ကြိမ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ယုဝတီ သတင်းစာကို ဦးစီး ထုတ်ဝေခဲ့သည်။ ကမ္ဘာလှည့် ခရီးကိုလည်း သွားရောက်ခဲ့သည်။


ဒဂုန် ခင်ခင်လေးသည် ဝတ္ထုရှည် သုံးဆယ်ကျော်၊ ဝတ္ထုတို ငါးဆယ်ကျော်၊ ပြည်တွင်း ပြည်ပ ခရီးသွား ဆောင်းပါးများနှင့် အထွေထွေ ဆောင်းပါး အမြောက်အမြား ရေးခဲ့သည်။ ရွှေစွန်ညို၊ သား ရွှေစွန်ညို၊ စာဆိုတော်၊ တသက်လျာ၊ ဂုဏ်မြင့်သူ၊ ဂုဏ်နိမ့်သူ၊ မြိုင်ယံဘွား၊ ကျွန်းညိုညို၊ စစ်ရောင်ခြည်၊ ကမ္ဘာ့ရန်သူ စသည့် ဝတ္ထုများ ထင်ရှားသည်။ အထူးသဖြင့် နယ်ချဲ့ ဆန့်ကျင်ရေး ဝတ္ထုတပုဒ် ဖြစ်သော ရွှေစွန်ညို ဝတ္ထု (၁၉၃၃)နှင့် သီပေါမင်း လက်ထက် နန်းတွင်းသရုပ်ကို နောက်ခံပြု ရေးဖွဲ့သော စာဆိုတော် ဝတ္ထု (၁၉၅၁) တို့ ထင်ရှားသည်။ ရွှေစွန်ညိုကို မူလက ရွှေစွန်ညို၊ သားရွှေစွန်ညိုဟု နှစ်တွဲခွဲ၍ ထုတ်ခဲ့ပြီး၊ မူလက ရွှေစွန်ညို ဇာတ်လမ်းကို ရည်းစားဓားပြ (ရီးစားဓမြ) ဟူသော အမည်ဖြင့် ရုပ်ရှင် ရိုက်ကူးခဲ့သည်။ ပထမအကြိမ် ရိုက်ကူးစဉ်က သီပေါမင်း ပါတော်မူခန်း ထည့်သွင်း ရိုက်ကူးသည်ကို ဗြိတိသျှ အစိုးရက ခွင့်မပြုခဲ့ဟု သိရသည်။ ထိုဇာတ်ကားကို စစ်ပြီးခေတ်တွင် ဒုတိယအကြိမ် ရိုက်ကူး ပြသခဲ့သည်။ ရွှေစွန်ညိုနှင့် သားရွှေစွန်ညိုကို ရည်းစားဓားပြ (ရီးစားဓမြ) အမည်ဖြင့်ပင် စာအုပ် ထုတ်ဝေခဲ့သေးသည်။ စာဆိုတော် ဝတ္ထုမှာမူ မူလက ဒဂုန်မဂ္ဂဇင်းတွင် ဝတ္ထုတိုများ သဖွယ် အခန်းဆက် ရေးခဲ့ပြီး အဆုံးမသတ်ခဲ့သည်ကို အဆုံးသတ်၍ သုံးတွဲခွဲ ထုတ်ဝေသော ဝတ္ထုရှည်ကြီး ဖြစ်သည်။ ဒဂုန် ခင်ခင်လေး၏ ဝတ္ထုအများမှာ မှီငြမ်းပြု ဝတ္ထုများ ဖြစ်သည်။ ပါးလ်ဘတ် (Pearl S.Buck) ၏ Good Earth ဝတ္ထုကိုလည်း 'မြေပဒေသာ' အမည်ဖြင့် မြန်မာဘာသာ ပြန်ခဲ့သည်။


'နှစ်ပေါင်းခြောက်ဆယ်' ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိနှင့် 'ကမ္ဘာ့လှည့် ဆောင်းပါးပေါင်းချုပ်'၊ 'ကျွန်းဦးတည့်သံလျက်ခုံ' ဟူသော ခရီးသွား ဆောင်းပါး စာအုပ်များ၊ ဝတ္ထုတို ညွန့်ပေါင်း စာအုပ်များလည်း ထုတ်ဝေခဲ့သည်။

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

ဒဂုန်ခင်ခင်လေးသည် အမှတ် ၁၁၉၊ သိမ်ဖြူလမ်းတွင် မြေးများနှင့်အတူ နေထိုင်ရင်း ၁၉၈၁ ခုနှစ်၊ ဇွန်လ ၂၃ ရက် အင်္ဂါနေ့ ညနေ ၆း ၃ဝ နာရီတွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည်။ [၁] စာပေမိခင်ကြီး ဒဂုန်ခင်ခင်လေးသည် ဝတ္တုရှည် ၃ဝ ကျော်၊ ဝတ္တုတို ၇ဝဝ ကျော်၊ ဆောင်းပါးပေါင်း ၁ဝဝဝ ကျော်၊ ရုပ်ရှင်ဇာတ်ညွန်း ၁ဝ ပုဒ် ရေးသားခဲ့ပေသည်။

ထင်ရှားသော စာအုပ်အချို့[ပြင်​ဆင်​ရန်​]

  1. စာဆိုတော် ဝတ္ထုကြီး(၃)တွဲ (၁၉၅၂)
  2. ရွှေစွန်ညို
  3. သားရွှေစွန်ညို
  4. နှစ်ပေါင်းခြောက်ဆယ်(ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ)
  5. ကမ္ဘာလှည့်ဆောင်းပါးပေါင်းချုပ်
  6. ကျွန်းဦးတည့် သန်လျက်ခုံ( ခရီးသွားဆောင်းပါးများ)(၁၉၇၂)၊ (၁၉၇၇)-ခုနှစ်။
  7. မြေပဒေသာ (ဘာသာပြန်)
  8. မြိုင်ယံဘွား
  9. ဂုဏ်မြင့်သူ
  10. ဂုဏ်နိမ့်သူ
  11. ကျွန်းညိုညို
  12. စစ်ရောင်ခြည်
  13. ကမ္ဘာ့ရန်သူ
  14. ဝတ္ထုတိုညွန့်ပေါင်းများ
  15. မှော်ဆရာမှတ်တမ်းများ၊ ဝတ္ထု (၁၅) အုပ်၊( ကိုကိုလေး-အမည်ဖြင့်)
  16. ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး(၁၉၇၉)
  17. မြဝတီစာစုနှင့် သီချင်းစု (၁၉၇၅)၊
  18. ဝက်မစွက်မြို့စားမင်းကြီး၏ အတ္ထုပ္ပတ္တိနှင့် စာပေများ (၁၉၇၅)၊
  19. နှစ်ပေါင်း ၆ဝ အတ္ထုပ္ပတ္တိ (၁၉၆၁)၊
  20. ပြည်တွင်းဆောင်းပါးပေါင်းချုပ် (၄) တွဲ (၁၉၅၅)
  21. ကမ္ဘာလှည့်ဆောင်းပါးပေါင်းချုပ် (၄) တွဲ (၁၉၅၄)၊
  22. အမျိုးသမီး အနုပညာရှင်များ (၁၉၄၈)၊

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂၀၀၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ'
  1. ဒဂုန်ခင်ခင်လေး၊ နှစ်ပေါင်း ၆ဝ (၁၉၆၁)။
  2. မင်းယုဝေ၊ “ဒဂုန်ခင်ခင်လေးနှင့်စာဆိုတော်”၊ စပယ်ဖြူမဂ္ဂဇင်း၊ ၁၉၈၅ ခု၊ ဇန်နဝါရီလ။
  3. ကျော်သန်းမြင့် (ဗန်းမော်)၊ “သမိုင်းဖြစ်စဉ်ထဲက ဒဂုန်ခင်ခင်လေး”၊ရနံ့သစ်မဂ္ဂဇင်း၊ ၂ဝဝ၂ ခု၊ ဖေဖော်ဝါရီလ။
  4. စောမုံညင်း၊ “ကလောင်မိခင်ကြီး၏ နောက်ဆုံးခရီး”၊ ငွေတာရီ မဂ္ဂဇင်း(၁၉၈၁ ခု၊ အောက်တိုဘာလ) စာ ၆၁ – ၆၄။