ကာလီဒါသ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကာလီဒါသ[ပြင်​ဆင်​ရန်​]

ကာလီဒါသသည် လွန်ခဲ့သော နှစ်ပေါင်း၂ဝဝဝ ခန့်က အိန္ဒိယနိုင်ငံ ဥဇ္ဇေနီပြည် ဝိကြမ္မာ ဒိတျမင်းကြီး ၏ ပညာရှိ စာဆိုတော်ကြီးတစ်ဦးဖြစ်သည်။ ကာလီဒါသခေတ် ကို အချို့က ဘီစီ ၁ရာစုနှင့် အေဒီ ၆ ရာစုနှစ်ကာလဟု အသီးသီး မှန်းဆ၍ အချို့ကမူ သူ၏စာ အရေးအသားကို ထောက်ဆကာ အေဒီ ၄ ရာစုနှင့် ကာလဟု မှန်းဆသည်။ သက္ကရာဇ်အတိအကျ ဖေါ်ပြသောကျမ်း မတွေ့ရှိချေ။ မြန်မာ ဘာသာ ကျမ်းများ၌ ကာသိကရာဇ်တိုင်း ဗာရာဏသီပြည် နန္ဒိ ရာဇာမင်းနှင့် ဘာနုမန္တီမိဖုရားလက်ထက်ဟု ဖေါ်ပြသည်။ကာလီဒါသ ထင်ရှားရခြင်းမှာ သူ၏ယခုတိုင် ထင်ရှားသော 'သကုဏ္ဍလ'ဝတ္တုကြောင့် ဖြစ်သည်။ ထိုဝတ္တုကို မူလသက္ကဋ ဘာသာဖြင့် ရေး၍ နောက် ဘင်္ဂလီဘာသာ၊ ဒေဝနာဂရီဘာသာ များသို့ ပြန်ဆိုသည်။ ၁၇၈၉ ခုနှစ်တွင် ဆာဝီလျံ ဂျုန်းက အင်္ဂလိပ်ဘာသာသို့ ပထမဆုံး ပြန်ဆိုသဖြင့် သက္ကဋဘာသာကို အနောက်တိုင်းမှ ပိုမို စိတ်ဝင်စား လာကြသည်။ ထိုနောက် ဂျာမန်ဘာသာ၊ ပြင်သစ်ဘာသာများသို့လည်း ပြန်ဆိုကြသည်။ ရုပ်ရှင်ဇာတ်ကား အဖြစ်လည်း ရိုက်ကူးထားသည်။ကာလီဒါသသည် အခြားပြဇာတ်များကိုလည်း ရေးသား သည်။ ယင်းတို့မှာ 'ဝိကြမောဝါသီ'နှင့် 'မာလာ ဝိကနှင့် အဂ္ဂိမိတြ' ဇာတ်များ ဖြစ်သည်။ သက္ကဋဂန္ထဝင်၌ လွန်စွာ ထင်ရှားသည်။ ထိုဇာတ်များကိုလည်း ဘာသာအသီးသီးသို့ ပြန်ဆိုထားသည်။

ကာလီဒါသသည် သက္ကဋဘာသာဖြင့် ဆန်းကြယ်နက်နဲသော ကဗျာများစွာကိုလည်း ရေးရာ အထင်ရှားဆုံးမှာ တိမ်စေတမာန် ခေါ် 'မေဃတူတ'ကဗျာဖြစ်သည်။ နှစ်၏ရတု ၆ပါး သာယာပုံ သဘာဝကို ဖွဲ့ဆိုသော 'ရိတုသမ္ဘာရ'ကဗျာမှာလည်း ထင်ရှား သည်။ ထိုကဗျာများပြင် ရာမမင်းသား ဇာတ်အိမ်ဖွဲ့သော 'ရာဂု ဝံသနှင့် ကုမာရသမ္ဘဝ'ကဗျာကိုလည်း ရေးသည်။ စိတ်ကူးနက်နဲ ၍ အဖွဲ့အနွဲ့ ယဉ်ကျေးသိမ်မွေ့သည်။

မြန်မာကျမ်းဂန်များတွင် ကာလီဒါသဟူသော ပညာရှိဆရာ ကြီး၏ အကြောင်းကို ဤသို့ဖေါ်ပြလေ့ရှိသည်။ ရှေးအခါ ဗာရာဏသီ ပြည်၌ နန္ဒိရာဇာမင်းနှင့် ဘာနုမန္တီ မိဖုရားကြီး လက်ထက်တွင် ပညာရှိ ကာလီဒါသဆရာ ရှိသည်။ စိတ္တရံသီ ဟူသော ပန်းချီဆရာတစ်ဦးလည်း ရှိသည်။ ကာလီဒါသသည် အသံကြားရုံဖြင့် ရူပါရုံကို ဆုံးဖြတ်နိုင်စွမ်းရှိ၍ မိဖုရားကြီး ပုံတူရေးရန် တာဝန်ကျသော စိတ္တရံသံ ပန်းချီဆရာကို ကူညီ သည်။ ပန်းချီဆရာသည် မိဖုရား၏ပုံ၌ လျှို့ဝှက်သောနေရာတွင် မှဲ့ရှင် ၃ လုံးရှိပုံကိုပါ ရေးဆွဲ၍ ဆက်သရာ ပန်းချီဆရာအား မိဖုရားနှင့် မသင်္ကာသဖြင့် စစ်ဆေးသည်။ ကာလီဒါသပြောပြ ကြောင်းသိသော ကာလီဒါသကို သတ်စေသည်။ ကမ္မသိဒ္ဓိကာ အမတ်က ဝှက်ထား၍ အသက်ချမ်းသာသည်။

တစ်နေ့သော် မင်း၏သားတော် သုဒေဝသည် တောကစား ရာမှအပြန် ဝံသူတော် သင်ကြားလိုက်သော (သ-သေ-မိ-ယ) စကားလေးလုံး ရရှိခဲ့ရာ အဓိပ္ပါယ်ကို မည်သူမျှ မဖေါ်နိုင်လျှင် ကာလီဒါသသည် အမတ် ကြီး၏ သမီးအဟန်ဖြင့် တင်းတိမ် တွင်းမှ ဖြေဆိုသည်။ ဘုရင်က စစ်မေးသော် ကာလီဒါသဖြစ် ကြောင်း သိ၍ ရှေးကအပြစ်ကို လွှတ်ကာ ချီးမြှောက်ပြန်သည်။ တစ်နေ့သော် ကြာဖူးတစ်ခုတွင် ပိတုန်းဝင်သဖြင့် လေမလာ အလိုလိုလှုပ်ရာ ဘုရင်က အကြောင်း ရင်းကို ဖြေဆိုနိုင်က ယောက်ျားဖြစ်လျှင် အမတ်ကြီးအရာ မိန်းမဖြစ်လျှင် မိဖုရား အရာပေးမည်ဟု စည်လည် စေသည်။ ပြည့်တန်ဆာမတစ်ဦးက ကာလီဒါသ ပျော်ပါးခိုက် မေးပြီးသိ၍ ဆရာမပေါ်မည် စိုး သောကြောင့် ကာလီဒါသ အိပ်ပျော်စဉ် သတ်လိုက်သည်။ ပြည့်တန်ဆာမသည် ဘုရင်ထံ အဖြေပေးနိုင်သော်လည်း စစ်မေးရာ အပြစ်ပေါ်၍ ဒဏ်သင့်ရသည်။ ဤသို့အားဖြင့် ကာလီဒါသ ဆရာ အနိစ္စရောက်သည်ဟု အဆိုရှိ လေသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)