မဟာဘာရတ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကုရုခေတြစစ်ပွဲ သရုပ်ဖော်ပုံ

ရှေးခေတ် ဂရိစာပေတွင် အစ်လယက်နှင့် အော့ဒီဆီအမည်ရှိ သူရသတ္တိကို ဖော်ပြသော မှတ်တမ်းတင် လင်္ကာရှည်ကြီး နှစ်စောင် ထင်ရှားသကဲ့သို့ ရှေးခေတ် အိန္ဒိယ စာပေတွင်လည်း မဟာဘာရတနှင့် ရာမယဏ မည်သော လင်္ကာရှည်ကြီးနှစ်စောင် ထင်ရှားကျော်ကြားခဲ့သည်။

မဟာဘာရတသည် ဘာရတမင်း၏ အနွယ်များဖြစ်ကြသည့် ပဏ္ဍဝမင်းသားတို့နှင့် ကောရဗျမင်းသားတို့ တဖက်နှင့်တဖက် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြသည့် စစ်ပွဲကြီးအကြောင်းကို သက္ကတဘာသာဖြင့် ပြဆိုရာ လင်္ကာရှည်ကြီးဖြစ်သည်။

သက္ကတစာပေတွင် လင်္ကာရှည်ကြီးများကို ဣတိဟာသ၊ အက္ခာန သို့မဟုတ် ပုရာဏ ဟူသော အမည်တို့ဖြင့် ရှိသည့် လင်္ကာစုများနှင့် ကာဗျဟူသော အမည်ဖြင့်ရှိသည့် လင်္ကာစုများဟူ၍ နှစ်မျိုးနှစ်စား ပိုင်းခြားနိုင်လေရာ မဟာဘာရတသည် ပထမအမျိုးအစားတွင် ပါဝင်သည်။ စင်စစ်သော် မဟာဘာရတသည် ပထမ အမျိုးအစားတွင် ရှေးအကျဆုံးနှင့် အထင်ရှားဆုံးသော လင်္ကာကြီးဖြစ်သည်။

မဟာဘာရတကို မူရင်းစီကုံးဖွဲ့နွဲ့သူမှာ ဗျာသရသေ့ကြီးဟူ၍ ယူဆကြသည်။ သို့သော်လက်ရှိ မဟာဘာရတသည် ထိုရသေ့ကြီးတစ်ဦးတည်း၏ လက်ရာမဟုတ် မဟာဘာရတတွင် နှောင်းစာဆိုတို့၏ လက်ရာများလည်း ပါဝင်ရာ လင်္ကာတစောင်လုံးကို ဘီစီ ၂ ရာစုမှ အေဒီ ၂ ရာစုအတွင်း စီကုံးခဲ့ခြင်း ဖြစ်မည်ဟု ပညာရှင်တချို့က ယူဆကြသည်။ အချို့ကမူ ဘီစီ ၄ ရာစုမှ အေဒီ ၄ ရာစုအတွင်းဟူ၍ ခန့်မှန်းကြသည်။

မဟာဘာရတ ထွန်းကားရာ အရပ်သော်ကား အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ဖြစ်သည်။ မဟာဘာရတတွင် အသုံးပြုသော မတြာမှာ ရှေးဟောင်း သက္ကတလင်္ကာတို့တွင် အသုံးပြုလေ့ရှိသည့် သိလောကမတြာမျိုးပင် ဖြစ်သည်။ သို့သော် ဥပဇာတိနှင့် ဝံသဋ္ဌမတြာမျိုးဖြင့် ရှိသည့် ပေါရာဏပဒများ သာမက ရှေးက စကားပြေဖြင့် ရှိခဲ့သည့် ပုံဝတ္ထုများလည်း ပါဝင်သည်။ အဓိကအားဖြင့် မဟာဘာရတသည် ဇာတ်ကြောင်းနှင့် အဆိုအမိန့်များ တွဲဖက်လျက် ရှိသည်။

ထို့ကြောင့် မဟာဘာရတသည် တသွင်တည်း စီကာစဉ်ကာ ဖော်ပြရာမရောက်ပဲ လင်္ကာပုံဝတ္ထုများကို စုပေါင်းထားသည်သို့ ရှိလေသည်။ ထိုလင်္ကာစု၊ ပုံဝတ္ထုတို့ တခုနှင့်တခု ဆက်စပ်မှု ရှိနေခြင်းကြောင့်သာ မဟာဘာရတသည် လင်္ကာရှည် တစောင်တဖွဲ့အနေဖြင့် စည်းစည်းလုံးလုံး တည်ရှိနေခြင်း ဖြစ်သည်။ ဇာတ်ကြောင်းမှာ လင်္ကာတစောင်လုံး၏ ၅ ပုံ ၁ ပုံခန့် ရှိ၍ ဩဝါဒကထာများနှင့် ရောပြွမ်းကြီးထွားလာခဲ့ခြင်း ဖြစ်သောကြောင့် လက်ရှအသွင်မှာ မဟာဘာရတသည် ဇာတ်ကြောင်းဖော်ပြရာ လင်္ကာရှည်နှင့်မတူ နီတိစွယ်စုံကျမ်းနှင့် ပိုတူနေတော့သည်ဟု ပညာရှင် မက္ကဒေါ်နယ်က ဆိုသည်။

လက်ရှိအသွင်အားဖြင့် မဟာဘာရတသည် သိလောကပေါင်း တသိန်းကျော်မျှ ပါဝင်လေရာ အစ်လယက်နှင့် အော့ဒီဆီ ဂရိလင်္ကာရှည် နှစ်ရပ်ပေါင်းသည်ထက်ပင် ၈ ဆမျှ ရှည်လျားလေသည်။ ကမ္ဘာ့စာပေ သမိုင်းတွင် ယခုသိရသမျှ အရှည်လျားဆုံးသော ဇာတ်လင်္ကာကြီးပင် ဖြစ်သည်။ ဤဇာတ်လင်္ကာကြီးကို ပဗ္ဗခေါ် အတွဲအားဖြင့် ၁၈ တွဲခွဲထားသည်။ ၁၉ ခုမြောက် အတွဲသော်ကား ဟရိဝံသခေါ် နောက်ဆက်တွဲမျှ ဖြစ်သည်။ တတွဲနှင့်တတွဲလည်း ပမာဏခြင်းမတူ လွန်စွာခြားနားလေသည်။ အရှည်ဆုံးဖြစ်သည့် ဒွါဒသမတွဲတွင် သိလောကပေါင်း ၁၄၀၀၀ ခုပါဝင်၍ အတိုဆုံးဖြစ်သည့် သတ္တမတွဲတွင် သိလောကပေါင်း ၃၁၂ ခု ပါဝင်လေသည်။ ထို ၁၈ တွဲတွင်လည်း အဋ္ဌမတွဲနှင့် နောက်ဆုံး ၃ တွဲမှအပ ကျန်အတွဲအားလုံးကို တတွဲလျှင် အက္ခာနခေါ် အခန်းများ ထပ်မံပိုင်းခြားထားပြန်သည်။

ဇာတ်လမ်းအကျဉ်း[ပြင်​ဆင်​ရန်​]

ကုရုခေတြတိုင်း ဟတ္ထိနာပုရပြည်ဝယ် ဓတရဋ္ဌ မည်သော မင်းသားညီနောင် ၂ ပါးရှိသည်။ နောင်တော်သည် မျက်မမြင်ဘဝ ရောက်သည်ရှိသော် ညီတော်ပဏ္ဍုက ထီးနန်းဆက်ခံကာ တိုင်းပြည်ကို တရားသဖြင့် အုပ်စိုးလေသည်။ ပဏ္ဍုမင်းဝယ် ပဏ္ဍဝခေါ် သားတော် ၅ ပါးထွန်းကားရာ ထင်ရှားသော သားတော် ၃ ပါးကား ယုဓိဋ္ဌိလ၊ ဘီမနှင့် အဇ္ဇုနတို့ ဖြစ်ကြသည်။ နောင်တော်ကြီး ဓတရဋ္ဌတွင်မူ ကောရဗျခေါ် သားတော်တရာ ထွန်းကားရာ အထင်ရှားဆုံးကား ဒုယျောဓန ဖြစ်လေသည်။ ပဏ္ဍုမင်း နတ်ရွာစံသောအခါ ဓတရဋ္ဌက ထီးနန်းကို ပြန်လည်သိမ်းပိုက်၍ တူတော် ပဏ္ဍဝမင်းသား ၅ ပါးကို မိမိ၏ သားတော်များနှင့်အတူ ထား၍ ပြုစုမွေးမြူလေသည်။

တူတော်များ အရွယ်ရောက်သော် သားတော်တို့နှင့်မတူ တမူထူးခြားကာ စွမ်းပကားနှင့် ပြည့်စုံသည်ဖြစ်၍ ဓတရဋ္ဌသည် တူတော်အကြီးဆုံးဖြစ်သည့် ယုဓိဋ္ဌလအား အိမ်ရှေ့ဥပရာဇာ ခန့်အပ်လေသည်။ ဤသို့ခန့်အပ်သည်ကို ကောရဗျမင်းသားတို့ မကျေနပ်၍ လျှို့ဝှက်ကြံစည်လေရာ ပဏ္ဍဝမင်းသားတို့သည် ပဉ္စာလတိုင်းသို့ ထွက်ပြေးကြရလေသည်။ ရောက်လျှင် ထိုမင်းသားတို့အနက် လူစွမ်းကောင်း အဇ္ဇုနမင်းသားသည် လေးတင်ပွဲဝယ် အောင်ပန်းဆွတ်လှမ်းကာ ပဉ္စာလမင်း၏ သမီးတော် ဒေါပဒီကို ရရှိလေသည်။ သို့သော် ဒေါပဒီမင်းသမီးသည် ပဏ္ဍဝမင်းသား ၅ ဦးလုံး၏ ကြင်ယာ ဖြစ်ရလေသည်။ ထိုလေးတင်ပွဲတွင် ပဏ္ဍဝမင်းသားတို့နှင့် မိတ်ဆွေရင်းချာဖြစ်လာသူကား ယာဒဝမျိုးမှ လူစွမ်းကောင်းကြီး ကဏှပေတည်း။ တူတော်မင်းသားတို့ ဤသို့ ပဉ္စာလ၊ ယဒဝတို့နှင့် မိတ်ကျွမ်းဝင်၍ အင်အားကောင်းလာသည်ကိုထောက်၍ ဦးရီးတော် ဓတရဋ္ဌသည် တိုင်းပြည်ကို ၂ ပိုင်းခွဲကာ သားတော်များနှင့် တူတော်များအား တပိုင်းစီပေးအပ်ရာ သားတော်တို့က ဟတ္ထိနာပုရမြို့တော်ကိုပါ ရရှိ၍ တူတော်တို့ကမူ မိမိတို့ရရှိသည့် မြို့နယ်အတွင်း ဣန္ဒပတ္တမြို့ကို တည်ထောင်လေသည်။

ပဏ္ဍဝမင်းသားတို့သည် မိမိတို့၏ တိုင်းပြည်ကို ကောင်းစွာအုပ်ချုပ်လေရာ တိုင်းပြည်မှာ စည်ပင်ဝပြောလေသည်။ ဤသို့ စည်ပင်ဝပြောသည်ကို ကောရဗျမင်းသားတို့၏ နောင်တော်ကြီး ဒုယျောဓနသည် မရှုစိမ့်နိုင်ရကား သကုနိမည်သော ကစားသမားကျော်တဦး၏ အကူအညီဖြင့် ပဏ္ဍဝမင်းတို့၏ ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်လေသည်။ ဒုယျောဓနမင်းသားသည် ပဏ္ဍဝမင်းသားတို့အား ဟတ္ထိနာပုရမြို့တော်သို့ ဥပါယ်တမျဉ်ဖြင့် ဖိတ်ကြားကာ ကြွေအံကစားပွဲ ကျင်းပလေသည်။ ထိုကစားပွဲတွင် ယုဓိဋ္ဌိလသည် ဒုယျောဓနနှင့် ကစားလေသော် တစတစရှုံး၍ မိမိ၏ တိုင်းပြည်ဗိုလ်ပါစစ်တပ် ညီတော်များနှင့်တကွ ဒေါပဒီကိုပါ ဆုံးတော့သည်။ နောက်ဆုံးတွင် ဒေါပဒီနှင့်အတူ ညီနောင် ၅ ပါးသည် သရသွတီမြစ်ကမ်းပါးရှိ ကမ္မကတောသို့ ထွက်ခွာ၍ ၁၂ နှစ်ပတ်လုံး တောတွင်း၍ နေထိုင်ကြသည်။ ထိုနောက် တနှစ်တာမျှ မထင်မရှား နေထိုင်ပြီးသောအခါ တိုင်းပြည်ပြန်ပေးမည်ဟု ဒုယျောဓနက ကတိပြုလေသည်။ ၁၃ နှစ်မြောက်သောအခါ ပဏ္ဍဝမင်းသားတို့သည် ကမ္မကတောမှ ထွက်ခွာခဲ့ကြပြီးနောက် မစ္ဆပြည့်ရှင် ဝိရာဋမင်းထံ မထင်မရှား ခစားကြလေသည်။ ထိုအချိန်တွင် ကောရဗျမင်းတို့သည် အခြားဘုရင်တပါးနှင့် မဟာမိတ်ဖွဲ့ကာ မစ္ဆတိုင်းကို ဝင်ရောက် တိုက်ခိုက်လေသာ် ပဏ္ဍဝမင်းသားတို့သည် ရန်သူတို့အား ခုခံတွန်းလှန်ပြီးနောက် ဝိရာဋမင်းအား ကယ်ဆယ်လိုက်လေသည်။ ထိုနောက် မိမိတို့၏ ဇာတိမှန်ကို ဖော်ထုတ်ကာ ဝိရာဋမင်းနှင့် မဟာမိတ်ဖွဲ့လေသည်။ ကောရဗျမင်းသားတို့ထံမှလည်း မိမိတို့၏ တိုင်းပြည်ကို ပြန်လည်တောင်းဆိုရာ အကြောင်းမပြန်သဖြင့် စစ်တိုက်ရန် ပြင်ဆင်လေတော့သည်။ မကြာမီပင် ဝမ်းကွဲညီနောက်များ အချင်းချင်း ကုရုခေတြမြေပြင်ဝယ် စစ်ပွဲကြီး ဆင်ယင်ကြလေသည်။ အချို့မင်းတို့က ကောရဗျမင်းသားတို့ဖက်မှ ဝင်ရောက်ကူညီ၍ အချို့ကမူ ပဏ္ဍဝမင်းသားတို့ဖက်မှ ကူညီကြလေသည်။ ပဏ္ဍဝတို့ဖက်မှ ကူညီကြသူတို့အနက် အထင်ရှားဆုံးမှာ ကဏှပင်ဖြစ်သည်။ မိမိတို့၏ ညီနောင်တဝမ်းကွဲတို့အား မငဲ့မကွက် ရက်စက်စွာ သတ်ဖြတ်တိုက်ခိုက်ရန် ကဏှက အားပေးလှုံ့ဆော်ချက်မှာ ဘဂဝါဂီတာဟူသော အမည်ဖြင့် ဤအခန်းဝယ် သီးသန့်ပါရှိသည်။ စစ်ပွဲကြီးကား ၁၈ ရက်တိုင်ကြာမြင့်၍ အပြီးသတ်ဝယ် ကောရဗျမင်းသားတို့ ပျက်စီးဆုံးရှုံးကြလေသည်။ ထိုတွင် ဘုရင်အိုကြီးဖြစ်သူ ဦးရီးတော် ဓတရဋ္ဌသည် တူတော်တို့နှင့် စေ့စပ်ကာ ဟတ္ထနာပုရပြည့်ရှင်အဖြစ် ယုဓိဋ္ဌိလအား တင်မြှောက်လေသည်။ ဓတရဋ္ဌလည်း ဟတ္ထိနာပုရမြို့တော်တွင်ပင် ၁၅ နှစ်တာမျှ နေထိုင်ပြီးနောက် မိဖုရားနှင့်အတူ တောထွက်လျှင် တောမီးလောင်၍ အနိစ္စရောက်လေသည်။ ယာဒဝမျိုးတို့လည်း အချင်းချင်း ပဋိပက္ခဖြစ်၍ တမျိုးလုံး ပျက်စီးပြီးနောက် ကဏှလည်း ဝမ်းနည်းပက်က်ဖြင့် တောသို့သွားလျှင် မုဆိုးတယောက်၏ မျှားချက်ဖြင့် အသက်ပျောက်ရလေသည်။ ပဏ္ဍဝမင်းသားများ ကိုယ်တိုင်မှာလည်း ဘဝကို ငြီးငွေ့ကာ အဇ္ဇုနမင်းသား၏ မြေးတော် ပရိက္ခိတအား တိုင်းပြည်ကို အပ်နှံ၍ မေရုတောင်သို့ ဦးတည်ကြွလှမ်းစဉ်ပင် မိမိတို့၏ ကြင်ယာတော်နှင့်အတူ နတ်ရွာစံကြသည်။

ဤတွင် မဟာဘာရတ ဇာတ်လမ်း ပြီးဆုံးလေသည်။ နောက်ဆက်တွဲ ဟရိဝံသမှာမူ ကဏှအကြောင်း သက်သက်ကိုသာ ပြဆိုလေသည်။

မဟာဘာရတသည် ဇာတ်လမ်းအနေဖြင့် တရံရောအခါက အိန္ဒိယနိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်မှန်အချို့ကို အရင်းခံပြု၍ ဖွဲ့ဆိုထားသော လင်္ကာဖြစ်သည်ဟု ယူဆရသည်။ သို့သော် ဝတ္ထုများကို စုပေါင်းထားရာ လင်္ကာမည်ကာမျှကား မဟုတ် အိန္ဒိယနိုင်ငံ၏ ရှေးဟောင်းအယူဝါဒ အတွေးအခေါ်များအပြင် ပထဝီဝင်နှင့် သမိုင်းကြောင်းဆိုင်ရာ အရေးပါသော အချက်အလက်များကိုပါ သိုမှီးထားရာ ရတနာသိုက်သဖွယ် ဖြစ်လေသည်။ ရှေးပဝေဏသီက အိန္ဒိယနိုင်ငံတွင် နေထိုင်ခဲ့ကြသူတို့၏ နိုင်ငံရေး သဘောတရားများနှင့် လူနေမှုစနစ်များကို မဟာဘာရတတွင် တွေ့မြင်နိုင်လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ ၈ အပိုင်း ခ