မာတိကာသို့ ခုန်သွားရန်

မှားဘို့မရှိ

ဝီကီပီးဒီးယား မှ

မှားဘို့မရှိ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

မှားဘို့မရှိ[ပြင်ဆင်ရန်]

ကျမ်းဂန်စုံ၊ ဂန္တန္တရနှင့်၊ ရဟန်းများအခေါင်၊ ဓဇအရောင်လင်းဝေသည့်၊ တောင်တွင်းလာ၊ မဟာသီလဝင်က၊ ပါရမီတွင်၊ ကြမ္မာအစီအစဉ်ထည့်ခဲ့များပေသည့် အချက်တွေ။

သတ္တဝါမျိုးစုံ၊ ကိုးဘုံနဝသို့၊ ပစ်ချသည့်ကြမ္မာနှင့်၊ စေတနာ နေရာအမြစ်တဲ့၊ ကြမ္မာသစ်တင်၊ ရှစ်ခွင်ငရဲသို့၊ ပစ်ဝဲရေလှေလိုမြုပ်သတဲ့၊ လေသုတ်ကာအရောင်ညီးလို့၊ လောင်မီးဝါ တောက်လှာဆဲတွင်မှ၊ ဖောက်လဲကာကြမ္မာတိုတတ်သတဲ့၊ အကုသိုလ်ကံသံသရာက၊ ကံကြမ္မာဖန်လာဆောင်တော့၊ ခံစရာနောင်၊ မှန်စွာတရားတဲ့၊ ရှေးဆရာတွေ ဘေးကြမ္မာလို့ထားခဲ့၊ အများပညာရှိတို့၊ ကြားသိပါစေ။

ယွင်းကြမ္မာကံယိုတဲ့၊ ယင်းအကုသိုလ် ထိုဇာတိကြောင့်၊ ဣတ္ထိယာလိင်ဖောက်ပြားတဲ့၊ ယောက်ျားတရံ၊ မဆံအပ်ပြီဘု၊ မီယပ်နေသန္ဓေခလို့၊ ဆယ်လကြာဖွားလာမြဲတဲ့၊ ကြမ္မာမွဲမှုန်၊ ကံသုန်ဖျင်းတော့၊ ဖားဆင်းငယ် ဖားခုံ လမ်းကဲ့သို့၊ ဆုတောင်းခန်းတွင်၊ ပညာညွှန်ခဲ့၊ လောင်းသုဝဏ် သစ္စာခန်းတွင်မှ၊ ညစ်ညမ်းစွာ၊ ကြမ္မာဟောင်းငယ်က၊ တရှောင်းငင်ငင်ဟု၊ ၎င်းတွင်အကြောင်းတင်လို့ပြတဲ့၊ အပေါင်းသင်္ဂဟများမိတ်ဆွေ၊ နားစိတ်မဝေကြနှင့်ဆင်ခြင်ဘိ။

စုံစမ်းသည်အဖြာဖြာနှင့်၊ ဘုံခန်းမှာ လှမ်းကာကြည့်လိုက်တော့၊ မွမ်းကြမ္မာထည့်ပုံ ပွေ့လို့ ရှက်ကရော့၊ ရေပွက်မှာ၊ ဇနက္ကာမျောတော့၊ နတ်စောမယ် မေခလာငဲ့ကို၊ မောရာတွင်၊ ပြောကာမဟနိုင်ဘု၊ ငါ့ကြမ္မာငါ့အလျောက်နှင့် မရောက်လျှင် နေစေဘိတော့၊ ရေဖိရန်ခြစ်သည့်ရီးနှင့်၊ ကစ္စည်းကျော်နတ်အထူးတို့၊ ခပ်ဖူးဆာဒသာငင်၍၊ ကြမ္မာပင်၊ ဇာတာခွင်လဂ်ကယ်တို့၊ အစဉ်အဆက်မှီ နဿယောနှင့်၊ သီပေါစံလောကဓံ မကင်းသူမို့၊ ကံယွင်းယိုကြမ္မာခေလို့၊ သတ္တဝါတွေ ပွက်ပွကလောကြ၊ မဂ်သောတာဖိုလ်ကိုဝင်မယ့်၊ အသဝေါစင် ပုဂ္ဂိုလ်တို့ကိုမှ၊ ဆိုဘို့ရာ၊ ကြမ္မာနှင့်အပ်သည်ဟု၊ ဘယ်ကဗျာ ဘယ်ဟာမှ မစပ်ပါဘု၊ ဆရာမြတ်တွေ၊ သူတို့မမှားရင်ဖြင့်၊ မဟုတ်ပါကလားရယ်လို့ ၊မှားဘို့မရှိ။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ဂန္တန္တရ = အထွေထွေသော စာပေကျမ်းဂန်။

၂။ ဓဇ = တံခွန်။

၃။ မဟာသီလဝင် = ရှင်မဟာသီလဝံသ။

၄။ ကြမ္မာ = ကံကြမ္မာတရား။

၅။ လိင် = ဣတ္ထိလိင်၊ ပုလ္လိင်၊ ကျားမကွဲပြားခြင်း။

၆။ လောင်းသုဝဏ် = အလောင်းတော် သုဝဏ္ဏသာမ။

၇။ သင်္ဂဟ = အဆွေခင်ပွန်း။

၈။ အာသဝေါ = အာသဝေါတရားလေးပါး။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။