ဘာသာစကား
လူတို့ အချင်းချင်း ပြောဆိုရေးသား ဆက်သွယ်ရာ၌ သုံးသော ဘာသာစကား (အင်္ဂလိပ်: langauge) တခုခု ဆိုသည်မှာ -
- ထိုလူများ ညှိနှိုင်းသတ်မှတ်ထားသော ဝေါဟာရထု (စကားလုံးများ ကိုယ်တိုင်) နှင့်
- ဆိုင်ရာ သဒ္ဒါ (အဆိုပါ စကားလုံးများကို တွဲစပ်နည်းများ)၊
ဤသည်တို့ကို ပေါင်းစည်းခြုံငုံ၍ ညွှန်းဆိုခြင်း ဖြစ်သည်။
သမိုင်းတလျှောက်မှ လူသားတို့က အချက်အလက်များ၊ အခြင်းအရာများ၊ ဖြစ်ကြောင်းဖြစ်စဉ်များကို တစ်ဦးထံမှ တစ်ဦးထံသို့ သိရှိရေး (ဆက်သွယ်ရေး)အတွက်၊ ပတ်ဝန်းကျင်မှ အခြင်းအရာမျိုးမျိုးကို မည်သည့် အသံထွက်ကိုယ်စီဖြင့် ညွှန်းဆိုကြမည်ဟု ညှိုနှိုင်းသတ်မှတ်၍ စကားလုံးများ ဖြစ်လာပြီး၊ ထိုစကားလုံးများကို အဓိပ္ပါယ် အခြေအနေ အမျိုးမျိုးအတွက် စီစဉ်တွဲစပ်နည်း အမျိုးမျိုး (သဒ္ဒါ) ကိုလည်း ဆက်လက်တီထွင်လာကြသဖြင့်၊ ဘာသာစကားများ ဖြစ်လာကြသည်။
အရပ်သုံး ဘာသာစကား (natural language) နှင့် စည်းချပ် ဘာသာစကား (formal language) ဟု ၂မျိုး ခွဲနိုင်ပြီး လူအများကြား နေ့တဓူဝသုံးနှုန်းနေကြသည်မှာ အရပ်သုံး ဘာသာစကားများ ဖြစ်သည်။
ဘာသာစကား နှင့် အသံ
[ပြင်ဆင်ရန်]အစောပိုင်းကာလများက ဘာသာစကားတွင် အသံထွက်ပြောဆိုသောဘာသာစကား နှင့် လက်ဟန်ခြေဟန်ဖြင့် ပြောဆိုသော ဘာသာစကား တို့သည် ဖွဲ့တည်ပုံအရလည်းကောင်း၊ အသုံးချပုံအရလည်းကောင်း လုံးဝကွဲပြားခြားနားသည်ဟုယူဆပြီး သုတေသနလေ့လာမှုများကို သီးခြားစီသတ်မှတ်ခဲ့ကြသည်။ ယခုနောက်ပိုင်းကာလများတွင် လက်ဟန်ခြေဟန်ဖြင့် ပြောဆိုခြင်းဆိုသည့်အတိုင်း ဘာသာစကား တစ်ခုအဖြစ် သတ်မှတ်ကာ အသံထွက်ပြောဆိုသော ဘာသာစကားကဲ့သို့ပင် တည်ဆောက်ပုံ အသွင်သဏ္ဍန်နှင့် သုံးစွဲသည့် ဝေါဟာရတို့ကို ရှင်းလင်းတင်ပြနိုင်သည့် အခြေအနေသို့ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် ယခုခေတ် ဘာသာဗေဒ သုတေသနစာတန်းဖတ်ပွဲများတွင် လက်ဟန်ခြေဟန်ဖြင့်ပြောသော ဘာသာစကားကိုပါ အသံထွက်ဘာသာစကားနှင့်အတူ ကျင်းပသည့် အစီအစဉ်ကို ရေးဆွဲလာကြပြီဖြစ်သည်။ ပိုမိုကျယ်ပြန့်စွာရှင်းလင်းပါက ဘော်ဒီလန်းဂွေ့ချ် [၁] ဟုခေါ်သော ကိုယ်အမူအရာဖြင့်ပြသသော ဘာသာစကားကိုလည်း၊ အချင်းချင်းဆက်သွယ်မှု အတွက် အသုံးပြုနိုင်ပါက ဘာသာစကားအဖြစ် ခေါ်ဆိုနိုင်သည်။ ဥပမာ။ လက်ယပ်ခေါ်ခြင်း။ ခေါင်းခါခြင်း၊ ခါးညွှတ်၍ လူရှေ့ကိုဖြတ်သန်းခြင်း။
လူတို့၏ ဘာသာစကား နှင့် တိရစ္ဆာန်တို့၏ဘာသာစကား
[ပြင်ဆင်ရန်]တိရစ္ဆာန်လောကတွင်လည်း အချင်းချင်းပြာဆိုဆက်သွယ်ကြသည့် ဘာသာစကားရှိနေပေသည်။ ဥပမာ၊ ပျားကောင်ကလေးများသည် ပျားရည်ရှိရာအရပ်ကို လှုပ်ရှားမှု တစ်ခုဖြင့် ပျားကောင်ကလေးများအချင်းချင်း အသိပေးလေ့ရှိကြသည်။ စိတ်ဝင်စားစရာကောင်းသည့် အချက်မှာ လူသားတို့၏ ဘာသာစကားနှင့် နှိုင်းယှဉ်ကြည့်ပါက၊ လူသားတို့ကဲ့သို့ ပန်းသီးကို တွေ့ပါက အမြဲတစေ ပန်းသီးဟု သော အသံထွက်ဖြင့် သတ်မှတ်ဖော်ပြနိုင်သော အာရုံဖြင့်ဆင်ခြင်ဆုံးဖြတ်နိုင်ခြင်း[၂] စွမ်းရည် နည်းပါးသော်လည်း ကျင်လည်ကျက်စားရာပတ်ဝန်းကျင်နှင့် အရိုင်းသက်သက် ရှိသောသူတို့၏ ဦးနှောက်တွင် ဖြစ်ပေါ်ထင်ဟပ်သည့် အတန်အသင့် မြင့်မားသောအဆင့်ရှိ သင်ကြားစရာမလိုပဲ တတ်သော ထုတ်ဖော်ပြသတတ်မှု ပညာဖြင့် ဆက်သွယ်မှုပိုများကြခြင်းပင်ဖြစ်သည်။ (သွားဖြီးပြခြင်း၊ အမြှီးနှံ့ခြင်းတို့ဖြင့် ရန်သူမိတ်ဆွေအဖြစ်ခွဲခြားပြသည်)။ ဤအခြင်းအရာသည် စည်းကမ်းသတ်မှတ်ချက် မဟုတ်သော်လည်း ယေဘူယျဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ဆိုသောအချက်က အဓိပါယ်နက်နဲလှသည်။ ကမ္ဘာပေါ်တွင် စကားအဖြစ်ပြောသည့် ဘာသာစကားပေါင်း ၇၀၀၀ ကျော်ရှိသည်ဟု ခန့်မှန်းထားသည်။[၃]
ဘာသာစကား၏ရာဇဝင်
[ပြင်ဆင်ရန်]ဘာသာစကား၏ မူလအစ
[ပြင်ဆင်ရန်]ဘာသာစကား သည် မည်သို့မည်ပုံပေါ်ပေါက်၍ ပေါ်ပေါက်သည့် နေရာသည် ကမ္ဘာ၏နေရာတစ်နေရာမှသော်လည်းကောင်း၊ နေရာများစွာတို့မှလည်းကောင်း စတင်ခဲ့သည်တို့ကို အမျိုးမျိုး ယူဆသတ်မှတ်လျက် ရှိကြသည်။ ၎င်းတို့ထဲမှ ဒိန်းမတ်လူမျိုးဘာသာဗေဒပညာရှင် “အုတ်တို ဂျက်စ်ပါစင်” Jens Otto Harry Jespersen၏တင်ပြချက်ကို အောက်ပါအတိုင်းတွေ့ရှိနိုင်သည်။
- "Pooh-pooh Theory"
အမှတ်မထင် ထွက်လာသော အသံမှ ခံစားချက်ကိုဆက်သွယ်သော စကားလုံးများဖြစ်ပေါ်ခြင်း။ ဥပမာ- ဟား၊ ဟားကမှ ဟီသည် မှ ရီသည် ကဲ့သို့သော စကားလုံးများ။ (Laugh)
- "Bow Bow Theory"
အော်သံမှ တိရစ္ဆာန်တို့၏အမည် ပေါ်ပေါက်လာခြင်း။ ဥပမာ- တစ်တီတူး။ ဝူး--- မှ ဝံပုလွေ။ ( Wolf)
- "Ding-dong Theory"
ပဲ့တင်သံ ရိုက်ခတ်သံတို့မှ စကားလုံးပေါ်ပေါက်လာခြင်း။ ဥပမာ- ဖြူးဖြူး မှ လေတဖြူးဖြူး။ ဂျုံးဂျုံး မှ မိုးထစ်ချုန်း၊ (Thunder)
- "Yo-he-yo Theory"
အချင်းချင်း ငြာသံပေး ခြင်းမှ စကားလုံးပေါ်ပေါက်လာခြင်း။ ဥပမာ- ဟေးလား ဟေးလား မှ လုပ်၊ အလုပ်၊ အလုပ်လုပ်။ (Work) ထိုစကားလုံးနှင့်ပတ်သက်၍ ကမ္ဘာအရပ်ရပ်ရှိ အုပ်စုအဖွဲ့နှင့် လှုပ်ရှားကြရာတွင် ငြာသံပေး သီဆိုသော တေးသီချင်းများ တွင် အဓိပ္ပာယ် အတိအကျမရှိသောစကားလုံးများကို ဆက်လက်သုံးစွဲလျက် ရှိသည်ကိုလည်း နောက်ခံသမိုင်းများအဖြစ် တွေ့ရှိလေ့လာနိုင်သည်။
ဇီဝသိပ္ပံ ပညာရှုထောင့်မှသုံးသပ်ပါကလည်း သုတေသနစမ်းသပ်မှုဖြင့် ဘာသာစကား ၏ ရင်းမြစ်ကို လေ့လာနိုင်သည်။ ယခုခေတ် “မော်လီကျူး ဇီဝပညာ” Molecular biology သုတေသနအရ FOXP2ဟုခေါ်သော မျိုးရိုးဗီဇ ၏အမျိုးအစား ခြားနားမှု နှင့်လိုက်၍ ဘာသာစကား သင်ယူတတ်ကျွမ်းမှု စွမ်းရည် ကွာခြားမှု တို့ ဆက်စပ်မှု ရှိနိုင်သည်ဟုဆိုသည်။ ထိုခြားနားခြင်းသည် ယနေ့မျက်မှောက်လူသားနှင့် ကမ္ဘာဦးလူသား Homo neanderthalensis က လွန်ခဲ့သော နှစ်၃၀၊၄၀လောက်မှစ၍ တိုးတက်ပြောင်းလဲခဲ့ပုံကို သုတေသနပြုခဲ့ကြသည်။ ယခုခေတ်လူသားများအဖြစ်စတင်ချိန်တွင်မူ ဘာသာစကားသည် လူသားတို့တွင် မွေးရာပါအဖြစ်အသုံးပြုလာနိုင်နေသည်ဟု ထင်မြင်ယူဆနိုင်သည်။ သို့သော် FOXP2 သည် ဘာသာစကား သင်ယူတတ်စွမ်းမှု မရှိသည့် တိရစ္ဆာန်များ အများစုတွင် လည်းရှိနေသည့် အတွက်ကြောင့်၊ FOXP2ခြားနားမှု သည် ဘာသာစကား သင်ယူတတ်စွမ်းမှုနိုင်မှု အတွက် မရှိမဖြစ်လိုအပ်သော အခြေအနေဖြစ်သည်ဟု အတိအကျ ပြောဆိုနိုင်ရန်အတွက်မူ ရှင်းလင်းသက်သေပြမှုများ မရှိသေးသဖြင့် ထိုအချက်အတွက် စောင့်ကြည့်ရန်လိုသေးသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကိုယ်အမူအရာဖြင့်ပြသသောဘာသာစကား [၁][လင့်ခ်သေ]
- ↑ အာရုံဖြင့်ဆင်ခြင်ဆုံးဖြတ်နိုင်ခြင်း[၂][လင့်ခ်သေ]
- ↑ www.bbc.co.uk/languages/guide/languages.shtml