ပြည်တွင်းစစ်
ပြည်တွင်းစစ် ဆိုသည်မှာ တိုင်းပြည်တစ်ခုအတွင်း အဖွဲ့အစည်းအချင်းချင်း စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြသော စစ်ပွဲကို ခေါ်ဆိုခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် ပြည်ထောင်စုအဖြစ် ယခင်က ပူးပေါင်းတည်ရှိခဲ့သော နိုင်ငံ နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားခြင်းလည်း ဖြစ်နိုင်သည်။ ပြည်တွင်းစစ် ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ တစ်ဖက်ဖက်မှ အခြားတစ်ဖက်မှ ထိန်းချုပ်ထားသော နိုင်ငံ သို့မဟုတ် ဒေသကို ချုပ်ထိန်းလို၍ လည်းကောင်း၊ လွတ်လပ်ရေး ရရန် အတွက် လည်းကောင်း၊ အစိုးရ သို့မဟုတ် နိုင်ငံရေး အခြေအနေကို ပြောင်းလဲရန် အတွက် လည်းကောင်း ဖြစ်နိုင်သည်။
ပြည်တွင်းစစ်သည် အလွန်ပြင်းထန်သော ပဋိပက္ခတစ်မျိုး ဖြစ်ပြီး အမြဲမကြာခဏ ဆိုသလိုပင် ပုံမှန် ဖွဲ့စည်းထားသော စစ်တပ်များ ပါဝင်တတ်ပြီး ကာလရှည်ကြာကာ စနစ်တကျပြင်ဆင်တိုက်ခိုက်လေ့ ရှိသော စစ်ပွဲကြီးများ ဖြစ်တတ်သည်။ ပြည်တွင်းစစ်ကြောင့် လူအများအပြား သေကြေပျက်စီးရလေ့ ရှိပြီး လူသားနှင့် ပစ္စည်းဥစ္စာ အရင်းအမြစ်များစွာ တို့ကို ဆုံးရှုံး ရတတ်သည်။
ဒုတိယကမ္ဘာစစ် ပြီးနောက် ဖြစ်ပွားသော ပြည်တွင်းစစ်များသည် ပျမ်းမျှအားဖြင့် ၄ နှစ်ခန့်မျှ ကြာမြင့်တတ်လေ့ ရှိသည်။ ၁၉၀၀ နှင့် ၁၉၄၄ ကြား ကာလအတွင်းက ပြည်တွင်းစစ်ပွဲများ၏ ပျမ်းမျှ ရှည်ကြာချိန်မှာ ၁ နှစ်ခွဲခန့်မျှ သာ ရှိသဖြင့် သိသိသာသာ ပို၍ ကြာမြင့်လာခြင်းပင် ဖြစ်သည်။ ၁၉ ရာစု အလယ်ပိုင်းမှစ၍ ပြည်တွင်းစစ်ပွဲ အသစ်များ ဖြစ်ပွားလာခြင်းမှာ တသမတ်တည်း တိုးတက်လာခဲ့သည်။ စစ်ပွဲများ အချိန်ကြာမြင့် လာသည်နှင့် အမျှ တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် ဖြစ်ပွားနေသော စစ်ပွဲများ ပို၍ များပြားလာသည်။ ဥပမာအားဖြင့် ပြရမည် ဆိုလျှင် ၂၀ ရာစု၏ ပထမပိုင်းကာလ က ပြည်တွင်းစစ်ပွဲ ၅ ပွဲထက် ပို၍ ဖြစ်ပွားလေ့ မရှိသော်လည်း စစ်အေးတိုက်ပွဲ အပြီးတွင် ပြည်တွင်းစစ်ပွဲ ၂၀ ကျော် တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် ဖြစ်ပွားလျက် ရှိသည်။ ထို့နောက်တွင်မှ အင်အားကြီးနိုင်ငံများနှင့် ဆက်စပ်ပတ်သက်နေသော ပဋိပက္ခများ လျော့ကျသွားပြီး ပြည်တွင်းစစ်ပွဲများ တဖြည်းဖြည်း လျော့နည်းလာသည်။ ၁၉၄၅ ခုနှစ်မှစ၍ ပြည်တွင်းစစ်ပွဲများကြောင့် လူ ၂၅ သန်းကျော် သေဆုံးခဲ့ရပြီး လူသန်းပေါင်းများစွာ အတင်းအကြပ် ပြောင်းရွှေ့နေရာချထားခြင်း ခံခဲ့ရသည်။ ပြည်တွင်းစစ်ကြောင့် စီးပွားရေး ကျဆင်းမှုများကိုလည်း ရင်ဆိုင်ရလေ့ ရှိသည်။ မြန်မာနိုင်ငံ၊ ယူဂန်းဒါးနိုင်ငံ နှင့် အင်ဂိုလာနိုင်ငံတို့သည် ပြည်တွင်းစစ် မဖြစ်ပွားမီ အချိန်က တောက်ပသော အနာဂတ်များ ကိုယ်စီရှိခဲ့ကြသော်လည်း ပြည်တွင်းစစ်ကြောင့် နစ်နာ ဆုံးရှုံးမှု အများအပြား ကြုံတွေ့ခဲ့ရသည်။
အဓိပ္ပာယ် ဖွင့်ဆိုချက်
[ပြင်ဆင်ရန်]စတန်းဖို့ဒ် တက္ကသိုလ်မှ ပြည်တွင်းစစ်ဆိုင်ရာ ပညာရှင် ဂျိမ်းစ် ဖီရာရွန်က ပြည်တွင်းစစ် ဆိုသည်မှာ "နိုင်ငံတစ်နိုင်ငံ အတွင်း စနစ်တကျ ဖွဲ့စည်းထားသော အဖွဲ့အစည်းများမှ ဒေသတစ်ခုအတွင်း အာဏာရယူရန် သို့မဟုတ် အစိုးရ၏ ပေါ်လစီများကို ပြောင်းလဲပစ်နိုင်ရန် အတွက်ဖြစ်ပွားသော ကြမ်းတမ်းသော ပဋိပက္ခ" ဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ အန်း ဟာရာနိုကာက ပြည်တွင်းစစ်တွင် တစ်ဖက်မှ ပါဝင်တိုက်ခိုက်သူသည် နိုင်ငံတော် ကိုယ်တိုင်ဖြစ်သည်ဟု ထပ်မံ အဓိပ္ပာယ် ဖွင့်ဆိုသည်။ ပြည်တွင်းတွင် ဖြစ်ပွားသော ပဋိပက္ခကို ပြည်တွင်းစစ်ဟု အဓိပ္ပာယ် သတ်မှတ်နိုင်ရန် အတွက် ပဋိပက္ခ မည်မျှ ပြင်းထန်ရမည် ဆိုသော အချက်နှင့် ပတ်သက်၍မူ ပညာရှင်များ အငြင်းပွားနေကြဆဲပင် ဖြစ်သည်။ အချို့သော နိုင်ငံရေး သိပ္ပံပညာရှင်များက ပြည်တွင်းစစ်ဆိုသည်မှာ လူ ၁၀၀၀ ထက် ပို၍ သေဆုံးသော စစ်ပွဲဟု အဓိပ္ပာယ် သတ်မှတ်ကြသည်။ အချို့ကမူ တစ်ဖက်လျှင် အနည်းဆုံး လူ ၁၀၀ သေဆုံးသော စစ်ပွဲဟု အဓိပ္ပာယ် ဖွင့်ဆိုကြသည်။ ပဋိပက္ခဆိုင်ရာ ကျွမ်းကျင်သူများ အသုံးပြုလေ့ ရှိသော စစ်ပွဲများ၏ ဆက်စပ်မှု (The Correlates of War) အချက်အလက် စုစည်းမှု ပရော့ဂျက်တွင်မူ တစ်နှစ်တာ ကာလအတွင်း လူ ၁၀၀၀ သေဆုံးသော ပဋိပက္ခကို ပြည်တွင်းစစ်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ ထိုသို့ အဓိပ္ပာယ် ဖွင့်ဆိုထားသောလည်း ဆူဒန် ဒုတိယ ပြည်တွင်းစစ် နှင့် ကမ္ဘောဒီးယား ပြည်တွင်းစစ် တို့တွင်မူ လူဦးရေ သန်းနှင့်ချီ၍ သေဆုံးခဲ့သည် နှင့် ယှဉ်ပါက ထိုပမာဏမှာ မပြောပလောက်ပေ။ သို့သော်လည်း လူအများအပြား သိရှိကြသော မြောက်အိုင်ယာလန် စစ်ပွဲ နှင့် တောင်အာဖရိကနိုင်ငံ အတွင်း အသားအရောင် ခွဲခြားမှု ကာလ အတွင်းက အာဖရိက အမျိုးသား ကွန်ဂရက်၏ လှုပ်ရှားမှုတို့ကိုမူ ထိုအဓိပ္ပာယ် ဖွင့်ဆိုချက်အရ ပြည်တွင်းစစ်ဟု သတ်မှတ်၍ မရနိုင်ပေ။
တစ်နှစ်လျှင် လူ ၁၀၀၀ သေဆုံးသော စစ်ပွဲကိုသာ ပြည်တွင်းစစ်ဟု သတ်မှတ်မည် ဆိုလျှင် ၁၈၁၆ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း ပြည်တွင်းစစ်ပွဲပေါင်း ၂၁၃ ခု ဖြစ်ပွားခဲ့ပြီး ၎င်းတို့အတွင်းမှ ၁၀၄ခုမှာ ၁၉၄၄ နှင့် ၁၉၉၇ ကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တစ်နှစ်လျှင် လူ ၁၀၀၀ သတ်မှတ်ချက်ကို လျှော့ပေါ့ စဉ်းစားမည် ဆိုပါက ၁၉၄၅ နှင့် ၂၀၀၇ အတွင်း ပြည်တွင်းစစ်ပွဲပေါင်း ၉၀ ကျော် ဖြစ်ပွားခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ဆက်လက်ဖြစ်ပွားနေသော စစ်ပွဲပေါင်း ၂၀ ကျော်မျှ ကျန်ရှိနေသေးသည်။
ဂျီနီဗာ ကွန်ဗန်းရှင်း
[ပြင်ဆင်ရန်]ဂျီနီဗာ ကွန်ဗန်းရှင်းမှ ပြည်တွင်းစစ်ဆိုသော စကားလုံးကို အတိအကျ အဓိပ္ပာယ်ဖွင့်ဆို ထားခြင်း မရှိပေ။ သို့သော်လည်း ပြည်တွင်းစစ်ပွဲ အပါအဝင် နိုင်ငံတကာ အဆင့်မဟုတ်သည့် လက်နက်ကိုင် ပဋိပက္ခကိုမူ အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ ထိုသို့ ပဋိပက္ခ အဖြစ် သတ်မှတ်ရန် အတွက် အောက်ပါ အချက် ၄ ချက်နှင့် ကိုက်ညီရမည် ဖြစ်သည်။
- တော်လှန်သူများသည် နိုင်ငံ၏ တစိတ်တဒေသကို ပိုင်ဆိုင်ထားသည့် အနေအထား ဖြစ်ရမည်။
- ပုန်ကန်သူများ အနေနှင့် နိုင်ငံ၏ နယ်နိမိတ် အတွင်း တိကျသော ဒေသ တစ်ခု အပေါ်တွင် ဥပဒေ အရ အပ်နှင်းထားခြင်း မဟုတ်သော်လည်း ဩဇာ အာဏာ သက်ရောက်ရမည်။
- ပုန်ကန်သူများသည် အတိုင်းအတာ တစ်ခု အထိ စစ်မက်လိုလားလူ ဖြစ်ရမည်။
- တရားဝင် အစိုးရမှ နိုင်ငံတော် ၏ စစ်တပ်ကို ပုန်ကန်တိုက်ခိုက်သူများ အတွက် တစိတ်တဒေသ အသုံးပြုနေခြင်း ဖြစ်ရမည်။