နာအောက်
ဦးနာအောက် | |
---|---|
ကတိုးကော့နှတ်ရွာရှိ ဦးနာအောက်ရုပ်တု | |
ဇာတိ အမည် | နာဲအံက် |
မွေးဖွား | ခရဲကျေးရွာ၊ ကော့ကွန်းကျေးရွာအုပ်စု၊ဘားအံမြို့နယ်၊ ကရင်ပြည်နယ် | မေ ၁၇၊ ၁၈၃၁
ကွယ်လွန် | ဇွန် ၃၀၊ ၁၉၁၃ ကတိုးကော့နှတ်ရွာ | (အသက် ၈၁)
အထိမ်းအမှတ်များ | ကော့နှတ်စေတီ |
နိုင်ငံလူမျိုး | မွန်လူမျိုး မြန်မာနိင်ငံ |
အလုပ်အကိုင် | လူချမ်းသာ |
ကျော်ကြားမှုအရင်းခံ | မွန်သန်းကြွယ်သူဌေး၊ ဘုရားဒါယကာ |
ဦးနာအောက် (၁၁၉၄-၁၂၇၅) သည် ၁၉ ရာစုတွင် ထင်ရှားခဲ့သော မွန်လူမျိုး ဘုရားဒကာ ဖြစ်သည်။[၁]
ငယ်ဘဝ
[ပြင်ဆင်ရန်]ဦးနာအောက်ကို ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ဖဲကတာကျေးရွာ (ကော့ကွန်းသူကြီး အုပ်စုဝင်၊ ခရဲရွာ) မွန်ကျေးရွာကလေးဖြစ်သော ခရဲကျေးရွာတွင် ကောဇာသက္ကရာဇ် ၁၁၉၄ ခုနှစ် ကဆုန်လဆုတ် ၃ ရက်၊ ခရစ်နှစ် ၁၈၃၂-ခု၊ မေလ (၁၇)ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားခဲ့သည်။ မိဘနှစ်ပါးသည် အလွန်ဆင်းရဲပြီး မွေးချင်း ၅ ယောက်အနက် စတုတ္ထမြောက် သားဖြစ်လေသည်။ ငယ်နာမည် အမည်ရင်းမှာ မောင်အောက် ဖြစ်သည်။[၂] ဦးနာအောက်အား မွန်ဘာသာဖြင့် "အအက်" ဟု ခေါ်တွင်လေသည်။ မွန်ဘာသာ အအက်ဟူသည် မြန်မာဘာသာ အဓိပ္ပာယ်မှာ အရုပ်ဆိုးအကျည်းတန်ဟု ဆို နိုင်သည့်အပြင် သူတစ်ပါးအပေါ် နိုင်ထက်စီးနင်းမလုပ်ခြင်း၊ ဒေါသကို ထိန်းသိမ်း ခြင်းနှင့် နှိမ့်ချ၍နေတတ်ခြင်းဟုလည်း အဓိပ္ပာယ်ဖော်နိုင်သည်။
အရွယ်ရောက်လာသောအခါတွင် မောင်အောက်အား ပညာသင်ကြားရန် ကော့မယ်ခရ ဘုန်းတော်ကြီးထံ၌ မိဘနှစ်ပါးက အပ်နှံလေသည်။ ဘုန်းတော်ကြီးကျောင်းတွင် ပညာကို ကောင်းစွာမသင်ကြားနိုင်ဘဲ ကျောင်းမှထွက် ကာ ကျွဲကျောင်းသား၊ နွားကျောင်းသားဘဝဖြင့် ဆင်းရဲသော မိဘနှစ်ပါးကို ကူညီရသည်။
လူလားမြောက်အရွယ်သို့ ရောက်ရှိလာသောအခါတွင် မိဘနှစ်ပါးလည်း ကွယ် လွန်ပြီး ဖြစ်သောကြောင့် ကတိုး၊ ကော့နှတ်ရွာနှင့် တဆက်တည်းဖြစ်သော သံလွင်မြစ်ပေါ်ရှိ သံဃာပိုင်ရွာရှိ မိမိ၏ အစ်မကြီး ဒေါ်ထောဂေ့ (မိထဝ်ဂွံ) ရှိရာသို့ လာရောက်နေထိုင်ကာ အစ်မ၏ လယ်မြေတွင် လယ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်လေသည်။
အချိန်တန်အရွယ်ရောက်သောအခါ ဖူးစာရှင်ဖြစ်သော မိရွှေမှုန်နှင့် လက်ထပ် ထိမ်းမြှားလေသည်။ မိရွှေမှုန်သည် အိမ်တွင်းမှုအပြင် ကောက်စိုက်ခြင်း၊ ကိုင်း လုပ်ခြင်းတို့၌လည်း ယောက်ျားများနှင့် ရင်ဘောင်တန်းပြီး ပစ္စည်းဥစ္စာရှာဖွေ တတ်သူဖြစ်သော်လည်း များမကြာမီ ဇနီးသည် ကွယ်လွန်ခဲ့သည်။
ဇနီးကွယ်လွန်ပြီးနောက် ကော့နှတ်ရွာရှိ သူဌေးကြီးဦးထော်အာထံတွင် အလုပ်ဝင်လုပ်ခဲ့သည်။ ထိုသို့ ဝင်ရောက်အလုပ်လုပ်နေစဉ် မောင်အောက် ၏ ယောက္ခမတို့က ၎င်းတို့၏ သမီးငယ် မိရွှေမှုန်၏ညီမ မိရွှေအုပ်နှင့် ပြန်လည် လက်ဆက်ပေးလေသည်။ မိရွှေအုပ်နှင့် ကြာရှည်ပေါင်းလိုက်ရဘဲ အစ်မမိ ရွှေမှုန် နည်းတူ မိရွှေအုပ်လည်း သေဆုံးသွားလေသည်။ ဒုတိယဇနီးသေဆုံးပြီးနောက် ရှိသမျှပစ္စည်းများကို အစ်မကြီးအားအပ်နှံခဲ့ပြီး သူ ဌေးကြီးဦးထော်အာထံတွင် ခြေစုံပစ်၍ အလုပ်ဝင်လုပ်တော့သည်။
သူဌေးကြီးဦးထော်အာသည် ရိုးသားသော မောင်အောက်အား အလုပ်သမားခေါင်းဆောင်ခန့်ပြီး သစ်တောကြိုးဝိုင်းသို့ မိမိ၏ လူယုံအဖြစ်နှင့် စေလွှတ်၍ သစ်လုပ်ငန်းကို လုပ်ကိုင်စေသည်။ မောင်အောက် သည် သစ်တောကြိုးဝိုင်းတွင် သူဌေးကြီးအလိုကျ သစ္စာရှိရှိဖြင့် လုပ်ကိုင်ဆောင် ရွက်ပေးသဖြင့် အတော်ဆုံးနှင့် သစ္စာအရှိဆုံး အလုပ်သမားခေါင်းဆောင် အဖြစ် အသိအမှတ်ပြုကာ ဆုငွေများချီးမြှင့်ပြီး သူကောင်းပြုလေသည်။ ထိုသို့ အလုပ်ကြိုးစားမှု စည်းကမ်းရှိမှုတို့ကြောင့် ပစ္စည်းဥစ္စာများ စုဆောင်းမိလာကာ တတိယ မြောက်ဇနီးအဖြစ် မိဂျာဥနှင့် လက်ထပ်ထိမ်းမြှားပြန်လေသည်။ မိဂျာဥနှင့် ထိမ်းမြှားပြီးနောက် စုဆောင်းထားသောငွေအပြင် သူဌေးကြီး ဦးထော် အာထံမှ ချေးယူထားသော ငွေအရင်းအနှီးဖြင့် သူဌေးကြီးဦးထော်အာထံမှ အ လုပ်ခွဲထွက်ကာ မိမိကိုယ်ပိုင်သစ်လုပ်ငန်းကို စတင်လုပ်ကိုင်လေတော့သည်။
မောင်အောက်သည် ယုံကြည်မှုအပြည့်အဝဖြင့် သစ်တောသို့ တက်သွားသည်။ ထိုအချိန်၌ တနင်္သာရီတိုင်းသည် အင်္ဂလိပ်တို့ သိမ်းပိုက်ထားပြီး မြန်မာပြည်အ ထက်ပိုင်းမှာ မငြိမ်မသက်ဖြစ်နေသော အချိန်အခါဖြစ်လေသည်။ သက္ကရာဇ် ၁၂၄၇ ခုနှစ်၊ သီပေါမင်းပါတော်မူပြီးနောက် ရှမ်းပြည်နှင့် ကယားပြည်နယ်တွင် အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်ကြသည်။ ထို့ကြောင့် တိုင်းရင်းသားရှမ်းနှင့် ကယား တို့ကို အင်္ဂလိက်တို့က ဆက်လက်နှိမ်နင်းနေရလေသည်။ နောက်ဆုံးတွင် တိုင်း ရင်းသားများတို့သည် အားမတန်၍ မာန်လျှော့ကာ အင်္ဂလိပ်တို့နှင့် စေ့စပ်ပြေငြိမ်း ရလေသည်။ သို့သော် ကယားစော်ဘွားတို့က မိမိတို့ပိုင်သစ်တောများ ဖြစ်ကြ သော လွယ်ကော်၊ မယ်ဖ၊ မယ်ခဲ၊ သဖန်းချောင်းသစ်တောများကို ဈေးပေါပေါဖြင့် တိုင်းရင်းသား ညီအစ်ကိုတော်ဖြစ်သည့် မွန်လူမျိုးဦးနာအောက်အား သစ်ထုတ် ခွင့် ပေးလိုက်လေသည်။ ရှမ်းစော်ဘွားများကလည်း မိမိတို့ပိုင် သစ်တောများမှ နန်းဖဲတောကိုလည်း ဦးနာအောက်အား ဈေးနှုန်းချိုသာစွာဖြင့် လုပ်ကိုင်ခွင့်ပေး လေသည်။
ဦးနာအောက်၏ သစ်တံဆိပ်မှာ (၃၃၃) ဖြစ်သည်။ ထိုတံဆိပ်ကို မှတ်ပုံတင်ပြီး မိမိ ပိုင်သစ်တောမှ သစ်များကို ယင်းတံဆိပ်ဖြင့် ခတ်နှိပ်လေသည်။ ထုတ်လုပ်ရန်အလွန်ခက်သော မယ်ဖ၊ မယ်ခဲ၊ သဖန်း ချောင်းသစ်တောများရှိ သစ်များသည် ထိုနှစ်တွင် မိုးသည်းထန် စွာရွာပြီး ရေလျှံ မှုကြောင့် သံလွင်မြစ်အတွင်းသို့ အလွယ်တကူ ရောက်ရှိလာကာ မြစ်တလျှောက် မျောပါလာကြပြီး ကတိုး၊ ကော့နှတ်သစ်ဆိပ်သို့ ကောင်းမွန်စွာ ဆိုက်ရောက်လာ ကြလေသည်။
ထိုအချိန်တွင် သံလွင်မြစ်ကမ်းပေါ်ရှိ သံဃာပိုင်ရွာမှ မော်လမြိုင်သို့ စီးဆင်းသော သံလွင်မြစ်တစ်လျှောက် ငါးမိုင်လောက်အကွာအဝေးအထိ သစ်ဖောင်များဖြင့် ပြည့်နှက်နေတော့၏။ ထိုသစ်အားလုံး၏ တံဆိပ်မှာ (၃၃၃) ဖြစ်လေသည်။ သစ် ထုတ်လုပ်ရေးစခန်းမှ ကော့နှတ်ရွာအရောက် သစ်တစ်လုံးအတွက် ကုန်ကျစ ရိတ်ငွေသည် ငွေဒင်္ဂါး ၂ဝ ဖြစ်သည်။ မော်လမြိုင်တွင် ရောင်းရသော ဈေးနှုန်းမှာ ငွေဒင်္ဂါး ၉၀-၁၀ဝ ထိ ရောင်းရသဖြင့် ထိုနှစ်ဦးမှာပင် ဦးနာအောက်သည် စုစု ပေါင်းအမြတ်ငွေ ၁ဝ သိန်းခန့်ရရှိလေတော့သည်။
ဦးနာအောက် အသက် ၄ဝ ကျော်အရွယ်တွင် ဇနီးသည် ဒေါ်ဂျာဥ ကွယ်လွန်ခဲ့ပြန်သည်။
ထိုအမြတ်ငွေ ဆယ်သိန်းဖြင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းကို တိုးချဲ့လိုက်သည်။
သံလွင်မြစ်အရှေ့ဘက် ယိုးဒယား (ထိုင်း) ပြည်တွင် မယ်ဟောင်ဆွန် သစ်တော ကြိုးဝိုင်းကို အခွန်ဆောင်ပြီး မိမိကိုယ်တိုင်ကြီးကြပ်၍ ဆင်ပေါက်အစီး (၄၀) နှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ရာ အမြတ်အစွန်းများစွာ ရလာပြန်၏။ လုပ်ငန်းကိုတွင်ကျယ်လာအောင် မယ်ဟောင်စွန်သစ်တောကို တူဖြစ်သူ (ဇနီးမိ ဂျာဥ ဘက်မှ) နိုင်ထွန်းရင်နှင့် နိုင်တွတ်တို့အား ဆင်အစီး ၄၆ စီးနှင့် ကြီးကြပ် ခိုင်းစေပြီး မိမိမှာမူ ရှမ်းပြည်ရှိ မောင်းမဲသစ်တောနှင့် ကယားပြည်နယ်ရှိ ဖား စောင်း သစ်တောကို ဆက်လက်လုပ်ကိုင်ပြန်သည်။
ဦးနာအောက်သည် သစ်တောလုပ်ငန်းတွင် များစွာအောင်မြင်မှုရပြီးနောက် ကော့ နှတ်ရွာသို့ပြန်လာသောအခါတွင် ချစ်တီးကုလားနှင့် ဘာဘူကုလားများသည် တိုင်းရင်းသားဖြစ်ကြသော တောင်သူလယ်သမားများအား မတန်မဆသော အ တိုးနှုန်းဖြင့် ငွေချေးပြီး သွေးစုပ်ခြယ်လှယ်နေသည်ကို တွေ့မြင်ရသဖြင့် ထိုချစ် တီးကုလားနှင့် ဘာဘူကုလားများကို တိုက်ရန်အတွက် ငွေတိုးချစားခြင်းနှင့် စပါး ရောင်းဝယ်လုပ်ငန်းကို တိုးချဲ့စမ်းသပ်လုပ်ကိုင်လေတော့သည်။
သူဋ္ဌေးကြီးမုဆိုးဖို ဦးနာအောက်သည် လယ်သူမ မမိဗျူအား မိမိ၏ စတုတ္ထမြောက်ဇနီးအဖြစ် လက်ထပ် ထိမ်းမြားလိုက်လေသည်။
မီးသင်္ဘောသူဋ္ဌေး ဖြစ်လာခြင်း
[ပြင်ဆင်ရန်]ဦးနာအောက်သည် အင်္ဂလန်နိုင်ငံ စကော့တလန်ပြည်၊ ဂလာစဂိုမြို့ရှိ မက္ကီအင် ဘက္ကစတာ ကုမ္ပဏီထံမှ သင်္ဘောများနှင့် စက်ပစ္စည်းများကို ဦးရွှေလေးအား စေ လွှတ်၍ မှာကြားဝယ်ယူလေသည်။ သင်္ဘောလွန်းတင်ရန်အတွက် သင်္ဘောကျင်းကို မုတ္တမမြို့၊ ဆီဆုံရပ်၌ တည် ဆောက်လေသည်။ ထိုသင်္ဘောကျင်းသည် သက္ကရာဇ် ၁၂၆၂ ခုနှစ်တွင် တည် ဆောက်ပြီးစီးပြီး ကုန်ကျစရိတ်မှာ တစ်သိန်းကျော်ဖြစ်သည်။
ဦးနာအောက် ပိုင်ဆိုင်သော သင်္ဘောများမှာ (၁) အောင်စင်္ကြာ၊ (၂) အောင်မင်္ဂ လာ၊ (၃) အောင်တပ်၊ (၄) အောင်သိန်း၊ (၅) အောင်ဒီပါ၊ (၆) အောင် သီတာ၊ (၇) အောင်မင်္ဂလာဖြစ်ပြီး နှစ်ထပ်သင်္ဘောများဖြစ်သည်။ တစ်ထပ်သင်္ဘောများ မှာ (၁) အောင်ဇေယျနှင့် (၂) အောင်နိဗ္ဗာန်ဟု ခေါ်သော်လည်း နောင်တွင် အောင်ခေမာနှင့် အောင်ပန်းဟူ၍ အသီးသီးပြောင်းလဲ ခေါ်တွင်စေခဲ့သည်။
ဦးနာအောက်ပိုင် မီးသင်္ဘောတို့သည် ကိုးစီးဖြစ်ကာ နှစ်ထပ်မီးသင်္ဘော၏ ကျ သင့်ငွေသည် တစ်စီးလျှင် ကျပ် ၆၀၀၀ဝ ဖြစ်ပြီး တစ်ထပ်မီးသင်္ဘော၏ ကျသင့် ငွေသည် တစ်စီးလျှင် ကျပ် ၃၅၀၀ဝ ဖြစ်လေသည်။
သင်္ဘောများ၏ ကိုယ်ထည်နှင့် အမိုးများကို ငှက်ပျောညွန့်အရောင် ဆေးခြယ် ထားပြီး သင်္ဘော၏ ပြောင်းတိုင်များကို အညိုရောင် အခံထား၍ အဖြူရောင်ဖြင့် ရစ်ပတ်ထားလေသည်။ သင်္ဘောသားအားလုံးတို့သည် တိုင်းရင်းသားများသာ ဖြစ် လေသည်။ ထိုသင်္ဘောများသည် သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အတ္ထရံမြစ်များ တွင် ပြေးဆွဲ၏။
သင်္ဘောခများကို အင်္ဂလိပ်ပိုင် ဧရာဝတီကုမ္ပဏီက သင်္ဘောခများထက် လျှော့ပေါ့ စေပြီး ဘုန်းတော်ကြီး၊ ရှင်သာမဏေ၊ သီလရှင်၊ လူအိုနှင့် ကလေးငယ်များအား အခမယူပဲ နိဗ္ဗာန်ကူးတို့အဖြစ် သတ်မှတ်၏။ ထို့ပြင် ဦးနာအောက်သည် နှစ်စဉ် နှစ်တိုင်း သီတင်းကျွတ်လဆုတ် (၃) ရက်နေ့မှစ၍ အောင်နိဗ္ဗာန် တစ်ထပ် သင်္ဘောပေါ်တွင် ကုနိသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ တင်ဆောင်ပြီး သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အတ္ထရံမြစ်များတို့၏ ဝဲယာရှိ ကျောင်းများနှင့် ဘီလူးကျွန်းဘက်ရှိ ကျောင်းများတွင် တန်ဆောင်မုန်း လပြည့်နေ့အထိ ကထိန်အလှူများအဖြစ် သွား ရောက် လှူဒါန်းလေ၏။ ယင်းအပြင် နိဗ္ဗာန်ကူးတို့အဖြစ် သတ်မှတ်လှူဒါန်းထား သော အလှူဒါနအတွက်လည်း တစ်ခါနှစ်ခါ ရေစက်ချ အမျှပေးဝေလေ့ရှိသည်။
ထိုသို့ ရွာစဉ်လျှောက်ပြီး တစ်လပတ်လုံး ကထိန်အလှူကို လှူဒါန်းသည့်အတွက် ထိုဒေသတွင် "ကထိန်လှူဒါန်းခြင်းအစ ဦးနာအောက်က" ဟု ယခုတိုင် ပြောစ မှတ်ပြုကြလေသည်။
ဧရာဝတီ သင်္ဘောကုမ္ပဏီနှင့် တိုက်ပွဲ
[ပြင်ဆင်ရန်]ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ထား သော အင်္ဂလိပ်နယ်ချဲ့အရင်းရှင်ပိုင် ဧရာဝတီ ဖလော်တီလာ ကုမ္ပဏီကြီးသည် သူ၏စီးပွားရေး ကွက်ထဲသို့ ဝင်ရောက်လာသော တိုင်းရင်းသားအရင်းရှင် ဦးနာအောက်ပိုင် သင်္ဘောများကို မလိုလားမနှစ်သက်ချေ။ ထို့ကြောင့် ဦးနာအောက်သင်္ဘောက တစ်ကျပ်နှုန်းယူလျှင် ဧရာဝတီကုမ္ပဏီက တစ်ဝက်လျှော့ကာ ငါးမူး (၅ဝ ပြား)နှုန်း ယူလေ၏။ ဦးနာအောက်က တစ်မတ် (၂၅ ပြား) နှုန်း လျှော့လိုက်၏။ ဧရာဝတီက တစ်မူး (၁ဝ ပြား) ဧရာဝတီက တစ် ပဲ (၅ ပြား) နောက်ဆုံးတွင် အခမဲ့တင်လာသည့်အထိ တိုက်ပွဲဆင် လာကြ၏။
ဦးနာအောက်၏ သင်္ဘောများဆိပ်ကမ်းတွင် မဆိုက်ကပ်နိုင်အောင် သင်္ဘောဆိပ် ကမ်းမှန်သမျှ မိမိတို့သင်္ဘောများသာ ဆိုက်ကပ်ခွင့်ရရန် ဧရာဝတီသင်္ဘော ကုမ္ပ ဏီသည် အခွန်ဆောင်၍ ဝယ်ယူလေသည်။ ဦးနာအောက်၏ သင်္ဘောများ ဆိုက် ကပ်ရန် သင်္ဘောဆိပ်ကမ်းမရှိသဖြင့် အခက်အခဲတွေ့ရလေ၏။ ထိုအခါ ဘုရင်ခံ ၏ အတိုင်ပင်ခံအဖွဲ့ဝင်လည်းဖြစ် ကတိုးရွာရှိ တိုင်တစ်လုံးအိမ်ပိုင်ရှင် လည်းဖြစ် သော ဦးရွှေလေးက ဧရာဝတီကုမ္ပဏီသည် ဆိပ်ကမ်းကို အခွန်ဆောင်၍ ကုမ္ပ ဏီပိုင်ဖြစ်အောင် လုပ်နိုင်သကဲ့သို့ မြစ်ချောင်းအားလုံးကို ဦးနာအောက် ပိုင်ဖြစ် အောင် အကြံပေးသဖြင့် သူ၏အကြံပေးချက်အရ မြစ်ချောင်းအားလုံးကို အခွန် ဆောင်လိုက်သောကြောင့် ဧရာဝတီကုမ္ပဏီမှ သင်္ဘောများသည် မြစ်ချောင်းတို့ တွင် ပြေးဆွဲနိုင်ခြင်းမရှိတော့ချေ။ ဧရာဝတီက ဆိပ်ကမ်းများပိုင်ပြီး ဦးနာအောက် က မြစ်ချောင်းများပိုင် ဖြစ်လေသည်။ ခရီးသည်များသွားလာရေး ခက်ခဲလာတော့ ၏။ တရားရုံးသို့ ရောက်သွားကြ၏။ တရားရုံးမှ ဆုံးဖြတ်လိုက်သည်မှာ ဧရာဝတီ သင်္ဘောသည် ခရီးတစ်ခုခုအတွက် ဆိပ်ကမ်းမှ ဦးနာအောက် သင်္ဘောထက်အ ချိန်စောစွာ ထွက်စေပြီး ဦးနာအောက် သင်္ဘောထက်ဦးစွာ ဆိုက်ရောက်ရမည်ဟု ဆို၏။
ကောင်းမှုကုသိုလ် ပြုခြင်း
[ပြင်ဆင်ရန်]ဦးနာအောက်သည် ၁၂၄ဝ ခုနှစ်တွင် မန္တလေး မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၌ ပရိယတ္တိစာပေများကို လေ့လာသင်ကြား နေကြသော မွန်ဆရာတော် ဦးပညာဓမ္မကို ကော့နှတ်ရွာတွင် ပရိယတ္တိစာသင် တိုက် ဖွင့်လှစ်ရန် မန္တလေးမှ ကော့နှတ်ရွာသို့ ပင့်လာလေသည်။ ဦးပညာ ဓမ္မခေါ် ဦးပဉ္ဇင်းမိုးသည် ပရိယတ္တိစာပေအပြင် ခေတ်ပညာဖြစ်သော အင်္ဂလိပ်-မြန်မာ၊ သက္ကတ စသော စာပေများကိုလည်း တတ်မြောက်သူ ဖြစ်လေသည်။ ဦးပညာ ဓမ္မသည် မန္တလေးမြို့တွင် ၁၂၃၇ ခုနှစ်မှ ၁၂၄ဝ ခုနှစ်အထိ ပရိယတ္တိစာပေများ ကို သင်ကြားခဲ့သည်။
ဦးပညာဓမ္မသည် မင်းတုန်မင်း၏ မိတ်ဆွေ ရွှေတိဂုံရင်ပြင်ပေါ်ရှိ နောင်တော်ကြီး စေတီတော်၏ ထီးတော်ဒါယကာ နေမျိုးရာဇာသင်္ခရာဘွဲ့ခံ ဦးမွန်ထော်၏ ယောက်ဖ (မိန်းမ၏မောင်) တော်သူဖြစ်သည်။ ဦးပညာဓမ္မကို ဦးထောာ်အာ- ဒေါ်ခမနား၊ ဦးထွန်းကျော်- ဒေါ်မိထော်၊ ဦးနာအောက်- ဒေါ်ဗျူ ၊ သူဋ္ဌေးကြီး သုံး ဦးတို့က ပစ္စည်းလေးပါး ဒါယကာခံယူပြီး ကော့နှတ်ရွာသို့ ပင့်ဆောင်လာသည်။ ကော့နှတ်ရွာသို့ ဦးပညာဓမ္မ ရောက်လာသည့် ၁၂၄ဝ ခုနှစ်သည် တနင်္သာရီ တိုင်းနှင့် မွန်ဒေသအားလုံးတွင် မွန်ပရိယတ္တိသာသနာ ဆိတ်သုဉ်းနေသည့် အ ချိန်အခါဖြစ်သည်။
မွန်ပရိယတ္တိသာသနာသည် ကွယ်ပျောက်ဆိတ်သုဉ်းနေရာမှ ပထမဆုံး မွန်ပရိ ယတ္တိသာသနာကို စတင်ထူထောင်သော နေရာဖြစ်သည်။ ဇာသပြင်ရွာတွင် မွန် ပရိယတ္တိသာသနာကို စတင်ပြီးအားထုတ်နေစဉ် ဦးနာအောက်နှင့် ဦးထော်အာ၊ ဦးထွန်းကျော်တို့က မွန်ပရိယတ္တိ သာသနာကို အားပေးလိုသဖြင့် ကော့နှတ်ရွာ တွင် စာသင်တိုက်ကြီး ဖွင့်လိုသောကြောင့် ဇာသပြင်ကျောင်းမှ စာသင်သား အပါး ၆ဝ ကျော်ကို ကော့နှတ်ရွာသို့ပင့်ကာ စာသင်တိုက်ကို စတင်ထူထောင် လေသည်။ စာသင်တိုက် စတင်ဖွင့်လှစ်သောနှစ်မှာ ၁၂၄၆ ခုနှစ် ဖြစ်လေသည်။ ဦးပညာဓမ္မ ဦးစီးအုပ်ချုပ်သော စာသင်တိုက်သို့ မွန်ဒေသအရပ်ရပ်မှ မွန်သံဃာ တော်တို့သည် ဆရာတော် ဦးပညာဓမ္မထံသို့လာရောက် ပညာသင်ကြားကြလေသည်။
ဦးနာအောက်သည် ဆရာတော် ဦးပညာ ဓမ္မ၏ အကြံပေးချက်အရ မန္တလေးနေပြည်တော်ရှိ အရည်အချင်းနှင့် ပြည့်စုံ သောပန်းချီ၊ ပန်းပုစသော ပညာရှင်များကိုခေါ်ကာ နှစ်ကျိပ်ရှစ်ဆူ ဝတ်တန် ဆောင်းကို ဆောက်လုပ်စေသည်။ ထိုဝတ်တန်ဆောင်းကို ဘုံ ၁၂ ဆင့် ပြာသာဒ် အဆောင်ဖြင့် တည်ဆောက်ထားသည်။ ကနုတ်ပန်းနှင့် မှန်စီရွှေချ လက်ရာများ မှာ ပထမတန်းဖြစ်သည်။ အတွင်းပိုင်း နံရံများတွင် ပန်းချီကားများအစား ရုပ်လုပ်၊ ရုပ်ကြွ ပန်းပုရုပ်များဖြင့် ဂေါတမမြတ်စွာဘုရား ပဋိသန္ဓေယူခန်းမှစ၍ ပရိနိဗ္ဗာန် စံတော်မူခန်း ဓာတ်တော်၊ မွေတော်ဝေခန်းတိုင် ဗုဒ္ဓဝင်ဇာတ် လမ်းခင်းထားသည်။ အတွင်းပိုင်းနံရံတွင်လည်း ရုပ်လုံး၊ ရုပ်ကြွ ပန်းပုလက်ရာများဖြင့် မနူဟာမင်း၊ အ နော်ရထာမင်းနှင့် ကျန်စစ်သားမင်းတို့၏ အတ္ထုပ္ပတ္တိများကို ထုလုပ်ထားသည်။ ထို တန်ဆောင်းကို ၁၂၆၄ ခုနှစ်တွင် ရေစက်ချလှူဒါန်းခဲ့သည်။ ယင်းနောက် ဘုံ ၁၂ ဆင့် ဒီပင်္ကရာ ဝတ်တန်ဆောင်းကို တည်ဆောက်လှူဒါန်း ပြန်လေသည်။ ထိုဝတ် တန်ဆောင်းတွင် ပင်စည်တစ်ခုတည်း တစ်သားတည်းမှရသော ကျွန်းသားဖြင့် မြတ်စွာဘုရားရပ်တော်မူ ဆင်းတုနှစ်ဆူ ထုလုပ်ထားသည်။ အမြင့်ပေ ၂၀၊ မြေ စိုက် ၂ဝ ပေ၊ စုစုပေါင်း ပေ ၄ဝ ရှည်သည်။ အတွင်းနံရံများတွင်လည်း ရုပ်လုံး ရုပ်ကြွ ပန်းပုလက်ရာများဖြင့် ဇာတ်နိပါတ်တော်များကို ထုလုပ်ထားသည်။ အပြင် နံရံများတွင် မဟောသဓာဇာတ်တော်ကို ပန်းချီဖြင့် ရေးဆွဲထားသည်။ ဝတ်တန် ဆောင်းတွင် ကျောက်သားဖြင့်ထုလုပ်ထားသော မြတ်စွာဘုရားခြေတော်ရာ ရပ် တော်မူနှစ်ဆူအား ပူဇော်ကန်တော့နေသော သစ်လုံးဖြင့်ထုလုပ်ထားသောရဟန်း တော်ရုပ်နှင့် ရဟန္တာရုပ်များကို တွေ့မြင်နိုင်သည်။ ယင်းဝတ်တန်ဆောင်းကို ၁၂၆၅ ခုနှစ်တွင် ရေစက်ချနိုင်ခဲ့လေသည်။ ထို့နောက် ၁၂၆၇ ခုနှစ်တွင် ရဟန်း သံဃာတော်များ ဥပုသ်စောင့်တည် နိုင်ရန်အတွက် မဟာဝိဇယသိမ်တော်ကြီး ကိုလည်း တည်ဆောက်လှူဒါန်းလေသည်။ သိမ်တော်ကြီး၏ ကြမ်းခင်း၊ နံရံများ၊ မျက်နှာကြက်တံခါးတိုင် စသည်တို့ကို အကောင်းဆုံး ကျွန်းသားများဖြင့် ပြုလုပ်ထားသဖြင့် ယခုတိုင်အောင် သစ်သားများ မှာ ကောင်းမွန်တုန်းပင် ဖြစ်လေသည်။
ဇနီးဒေါ်ဂျာဥနှင့်အတူ ရေစက်ချလှူဒါန်းခဲ့သော စေတီကြီးကိုလည်း အထူး ထပ်မံ တည်ဆောက်လှူဒါန်းပြီး နှစ်စဉ်တန်ခူးလ သင်္ကြန်ရက်များအားတွင် ဇာတ်ပွဲ၊ လှေပွဲ၊ လက်ဝှေ့ပွဲနှင့် ကပွဲမျိုးစုံတို့ဖြင့် (၇) ရက်၊ (၇) ညတိုင်တိုင် ဘုရားပွဲကို ကျင်းပလေသည်။ ဘုရားပွဲကျင်းပသည့်နေ့များတွင် ရပ်ဝေးမှလာသည့် ဧည့်သည်များအား ကျွေးမွေးရန် ကော့နှတ်ရွာရှိ ဆင်းရဲသားအိမ်များတွင် ဆန်နှင့်စား စရာရိက္ခာများကို ထောက်ပံ့ပေးဝေထားပြီး ချက်ကျွေးစေသည်။ ဘုရားပွဲစတုဒိ သာမဏ္ဍာပ်တွင်လည်း ဧည့်သည်များအတွက် မလောက်မင မရှိစေရန် တစ်နေ့ လျှင် ထမင်းအိုးကြီး ၅ဝ ကျော်မျှ ချက်ပြုတ်ကျွေးမွေးစေသည်။ ထိုနောက် ဆုတောင်းပြည့်စေတီအနီးတွင် ဝတ်တန်ဆောင်း တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းပြီး တန်ဆောင်း၏ အမိုးနံရံပေါ်တွင် ဦးနာအောက်၏ကောင်း မှုကုသိုလ်ဖြစ်သော အဆောက်အအုံများ၏ ရုပ်ပုံများကို ပန်းချီရေးဆွဲပြီး မှတ်တမ်းတင်စေခဲ့သည်။ ပရိယတ္တိစာပေများကို လေ့လာသင်ကြားနေကြသော ကော့နှတ်ကျောင်းမှ သံ ဃာတော်များနှင့် ရှင်သာမဏေများအတွက် သင်္ကြန်သုံးရက်တွင် စာပြန်ပွဲကျင်းပစေပြီး ကျမ်းအလိုက် အာဂုံပြန်နိုင်သူ ရဟန်းနှင့် ရှင်သာမဏေများအား ငွေဒင်္ဂါး ဆုများဖြင့် အားပေးထောက်ပံ့ လှူဒါန်းခြင်းပြုလေသည်။
ထိုသို့ကောင်းမှုပြုစဉ် ဇနီးဒေါ်ဗျုတစ်ယောက်သည် ကွယ်လွန်ခဲ့လေသည်။ ဒေါ်ဗျုသေဆုံးပြီးနောက် ပဉ္စမမြောက်ဇနီးဖြစ်သူ ဒေါ်ငြိမ်းမေနှင့် ဆက်လက်ပြန်လေသည်။
ဆောက်လုပ်လှူဒါန်းခဲ့သော အဆောက်အအုံများ
[ပြင်ဆင်ရန်]- မွေးရပ်ကော့မယ်ခရရွာတွင် ကျောင်း၊ သိမ်နှင့် ဇရပ်များ။
- ခရုံရွာတွင် ကျောင်းတစ်ကျောင်း။
- မော်လမြိုင်တောင်ဝိုင်းရပ်တွင် " ပန်းဥယျာဉ်ကျောင်း" သိမ်ကျောင်း ကြီး။
- ကော့နှတ်ရွာစာသင်တိုက်၊ ဆွမ်းစားဆောင်နှင့် ဘုရားတန်ဆောင်း။
- အတုမရှိကျောင်း၊ ရက်ကန်းစင်ကျောင်း (ယခုပျက်စီး) ။
- နှစ်ကျိပ်ရှစ်ဆူဝတ်တန်ဆောင်း။
- ဒီပင်္ကရာဝတ်တန်ဆောင်း။
- မဟာဝိဇယသိမ်တော်ကြီး။
- ဆုတောင်းပြည့်ဝတ်တန်ဆောင်း။
- မဟာစေတီကြီးနှင့် ဆုတောင်းပြည့်စေတီ။
ဦးနာအောက်ပိုင်ဆိုင်သော မီးသင်္ဘောများ
[ပြင်ဆင်ရန်]- အောင်ခေမာ (အောင်ဇေယျ)
- အောင်ပန်း (အောင်နိဗ္ဗာန်)
- အောင်သိန်း
- အောင်တပ်
- အောင်စင်္ကြာ
- အောင်မာလာ
- အောင်ဒီပါ
- အောင်သီတာ
- အောင်မင်္ဂလာ
ဘဝနိဂုံး
[ပြင်ဆင်ရန်]ဘုရားဒါယကာကြီး ဦးနာ အောက်သည် သက္ကရာဇ် ၁၂၇၅ ခုနှစ်၊ နယုန်လဆုတ် (၁၂) ရက်၊ မွန်းလွဲ (၁၂) နာရီ (၃၅) မိနစ်အချိန်၊ အသက် ၈၁ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့လေသည်။ ဦးနာအောက် ၏ အလောင်းကို (၇) ရက်၊ (၇) ညထားကာ နေ့စဉ် လှူဒါန်းကျွေးမွေးပြီး (၇) ရက်ပြည့်သည့်နေ့တွင် သင်္ဂြိုဟ်လိုက်သည်။ နောင်လာနောက်သားများ လေ့လာ မှတ်သားနိုင်အောင် ဦးနာအောက်၏ ရုပ်ပုံကို ခရစ်သက္ကရာဇ် ၁၉၂၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် ထုလုပ်ပြီးစီးခဲ့သည်။ ထုလုပ်ခမှာ ကျပ် ၅၀၀ဝ ဖြစ်လေသည်။ ယင်းကျောက်ရုပ်တုအောက်တွင် မွန်ဘာသာ၊ မြန်မာဘာသာ နှစ် ဘာသာဖြင့် "ကော့နှတ်ရွာနေ ကောင်းမှုပုညရှင်ကြီးဖြစ်သော သစ်ကုန်သည်၊ ဆန်စက်ပိုင်ရှင်၊ မြန်မာပြည် မီးသင်္ဘောသူဋ္ဌေးကြီး၊ ဘုရားဒယကာကြီး ဦးနာ အောက်သည် သက္ကရာဇ် ၁၁၉၄ ခု ၊ ကဆုန်လဆုတ် ၃ ရက်၊ ကြာသပတေး နေ့တွင် မွေးဖွားပြီး သက္ကရာဇ် ၁၂၇၅ ခုနှစ် နယုန်လဆုတ် ၁၂ ရက်နေ့၊ ၁၂ နာရီ၊ ၃၅ မိနစ်အချိန်တွင် ကွယ်လွန်လေသည်" ဟု ကမ္ပည်းထိုးထားပေသည်။