GIS

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

ကမ္ဘာ့မြေမျက်နှာသွင်ပြင် အရပ်ဒေသ နှင့်ဆက်နွယ်၍ ရည်ညွှန်းကိုးကားရမည့် အချက်အလက်များအား ကွန်ပျူတာစနစ်ထဲတွင် စုစည်းထားပြီး လိုအပ်သောအခါ သိချင်ရာကို ပြန်လည်ရှာဖွေ ကြည့်ရှုမည်။ ဒစ်ဂျစ်တယ်အခြေခံမြေပုံ (Digital Base Map) များပေါ်တွင် ခွဲခြမ်းစိတ်ဖြာကြည့်မည်။ သုံးသပ်ဆုံးဖြတ် နိုင်ရန် အစိတ်အပိုင်းအလိုက် ရှာဖွေကြည့်ရှုမည်။ ရှင်းလင်းတင်ပြမည်။ အဆိုပါ လုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်ရန် စနစ်တကျ စီစဉ်ထားရှိသော ကွန်ပျူတာသုံး ပထဝီသတင်း အချက်အလက် စနစ်ကို (GIS - Geographic Information System)ဟု အတိုကောက်ခေါ်ဆိုသည်။

အဖွဲ့အစည်းအများစုသည် မိမိတို့၏လုပ်ငန်းတာဝန်များနှင့် သက်ဆိုင်သော မြေပုံများ ရေးဆွဲအသုံးပြု ကြရသည်။ ဥပမာအားဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက မြို့နယ်အတွင်း လမ်းများပြမြေပုံများ၊ ရေနှင့် မိလလာစနစ်ပြမြေပုံများ၊ လျှပ်စစ်စွမ်းအား ဖြန့်ဖြူးရေး ဌာနကလည်း လျှပ်စစ်မီးတိုင်များ၊ မီးကြိုးများပြမြေပုံများ၊ ဆက်သွယ်ရေး ဌာနကလည်း တယ်လီဖုန်းကြိုးများ သွားရာလမ်းကြောင်းများ၊ မြေအောက်ကြိုးများပြ မြေပုံ၊ မြေယာစီမံခန့်ခွဲမှုဌာနများကလည်း မြို့များ၊ ရွာများအတွင်း မြေကွက်များ၏ အကျယ်အဝန်း တည်နေရာ၊ လမ်းအမည်၊ မြေကွက်အမှတ် စသည်တို့ကို မြေပုံများ ပြုလုပ်ရေးဆွဲ မှတ်တမ်းတင် ထားကြရသည်။

ဒေသတစ်ခုအတွင်း မြို့သစ် ရွာသစ်များ တည်ဆောက်မည်ဆိုလျှင်လည်း အဆိုပါဒေသတဝိုက် မြေအနေအထားပြ ကွန်တိုမြေပုံများ၊ မြေအသုံးချမှု မြေပုံများ၊ မြေအမျိုးအစားပြမြေပုံများကို ကြည့်ရှု၍ သုံးသပ်၊ ဆုံးဖြတ်၊ ရွေးချယ်ကြရသည်။ ရဲများ၊ မီးသတ်ဌာနများ ယာဉ်စည်းကမ်းထိန်းသိမ်းမည့် ဌာနများသည်လည်း မြို့အတွင်း လမ်းများကို တိကျမှန်ကန်စွာ သိရှိနိုင်ရန် လမ်းများပြ မြေပုံများကို ရေးဆွဲအသုံးပြုကြရသည်။ ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်များသည်လည်း မိမိတို့ဖေါက်သည်များ၏ မြို့၊ ရွာ၊ ဆိုင်တည်နေရာ၊ အမှာစာ၊ ရောင်းအား၊ ကုန်ပစ္စည်းပေးပို့မည့်လမ်းကြောင်းအကွာအဝေး စသဖြင့် အချက်အလက်များအား မြေပုံများ ရေးဆွဲအသုံးပြုကြသည်။

လုပ်ငန်း အဖွဲ့အစည်း ဌာနတစ်ခုနှင့်တစ်ခု လုပ်ငန်းသဘာဝမတူညီသလို ကိုင်တွယ် အသုံးပြုသော မြေပုံအမျိုးအစား အချက်အလက်များ တူညီမည်မဟုတ်သဖြင့် GIS စနစ် သုံးစွဲမှုချင်းလည်း မတူညီနိုင်ပါ။ သို့သော် GIS စနစ်ပေါ်မှ ရနိုင်သည့် တူညီသည့် အကျိုး ကျေးဇူးအချို့မှာ -

- ပထဝီအနေအထားနှင့် ပတ်သက်သော အချက်အလက်များ ကောက်ယူ ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်းများ လျင်မြန်တိကျပြီး စနစ်တကျရှိမည်။ မလိုအပ်ဘဲ ထပ်ခါတလဲလဲ လုပ်နေရသော လုပ်ငန်းစဉ်များ ဖယ်ရှားနိုင်မည်။

- မြေပုံအမျိုးအစားများစွာနှင့် အချက်အလက်များအား ထိန်းသိမ်းကိုင်တွယ်မှု လွယ်ကူချောမွေ့သွားပြီး စီမံခန့်ခွဲသူများလိုအပ်သော အချက်အလက်များကို လွယ်ကူ လျင်မြန်စွာ ထုတ်ပေးနိုင်သဖြင့် ဆုံးဖြတ်ချက် ကောင်းများ ရရှိစေမည်။

- မြေပုံများနှင့် အချက်အလက်ဇယားများ၊ ဂရပ်ဖစ်များပါဝင်သော အစီရင်ခံစာများ အလွယ်တကူ ရိုက်ထုတ် နိုင်သည်။

- ပိုမိုကောင်းမွန်လွယ်ကူသော မြေယာအသုံးချမှုစီမံခန့်ခွဲမှု၊ စည်ပင်သာယာရေး စီမံခန့်ခွဲမှု စနစ်သစ် တစ်ခုကို ရရှိနိုင်သည်။

- မြေပုံများနှင့် အချက်အလက်စံနစ်များအတွက် စံ(Standard)များ သတ်မှတ်ရ လွယ်ကူသည်။ - လိုအပ်သည့်မြေပုံများကို လိုအပ်သည့် စကေး အကြီးအသေးအတိုင်း ချံ့၊ ချဲ့ကြည့်ရှု နိုင်သလို (Printer) ဖြင့်လည်း အလွယ်တကူ ထုတ်လုပ်နိုင်မည်။

- လိုအပ်သောဌာနများသို့ မြေပုံများနှင့် အချက်အလက်များ လွယ်ကူစွာ ဖြန့်ဝေပေး နိုင်သလို မသက်ဆိုင်သူများ မရယူရနိုင်ရန်လည စနစ်တကျတားဆီးထားနိုင်သည်။

- မိမိတို့ဒေသအတွင်း လူဦးရေအလိုက်၊ ပထဝီအနေအထားအလိုက်၊ စိုက်ပျိုးရေး၊ စက်မှု၊ စီးပွားရေး၊ ဆက်သွယ်ရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး စီမံခန့်ခွဲမှု များအပေါ် ထပ်မံတိုးချဲ့ တည်ဆောက်ပြုပြင် နိုင်ရေးအတွက် လိုအပ်သော (ဆုံးဖြတ်ချက်အထောက်အကူပြုစနစ်) တစ်ခုရရှိစေမည်။