ရသ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ပျို့လင်္ကာကဗျာနှင့် ဇာတ်တို့ကို အလင်္ကာနည်းများနှင့် ညီညွတ်အောင် ဖွဲ့နွဲ့ စီကုံးထားလျှင် ထိုပျို့၊ လင်္ကာ၊ ကဗျာနှင့် ဇာတ်တို့၏သဘောအနက်ကို ဆင်ခြင်အောက်မေ့သောအခါတို့၌ နှစ်သက်အပ်သော သဘောမျိုး ဖြစ်ပေါ်လာတတ်လေသည်။ ထိုသဘောမျိုး ဖြစ်ပေါ်လာခြင်းကို ရသ ဟူ၍ ခေါ်သည်။ တစ်နည်း ဆိုလျှင် ပျို့၊ ကဗျာ၊ လင်္ကာနှင့် ဇာတ်တို့ကို အလင်္ကာနည်းများနှင့် ညီညွတ်အောင် ဖွဲ့နွဲ့စီကုံးထားလျှင် ထို ကဗျာလင်္ကာ စသည်တို့ကို ဖတ်ရှုတွေ့မြင်၊ ဆင်ခြင်အောက်မေ့ နားထောင်ကုန်သော သူတို့၏အတွင်း စိတ်ဓာတ်၌ တဖျတ်ဖျတ် ဖြစ်ပေါ်၍လာသော ပြုံးရွှင်ခြင်း၊ ရယ်မောခြင်း၊ ချစ်ကြိုက်ခြင်း၊ သနားကြင်နာခြင်း၊ လွမ်းဆွတ်ခြင်း၊ ကြေကွဲခြင်း၊ အံ့ဩခြင်း စသည့် အကျိုးတရားများကို ရသဟု ခေါ်သည်။ ကဗျာ၊ လင်္ကာ စသည်တို့၏ အရသာဟု ဆိုလိုလေသည်။ ကဗျာ၊ လင်္ကာ၊ သီချင်း စသည်တို့ကို ရေးသားရာ၌

  1. ဘာဝ၊
  2. ဝိဘာဝနှင့်
  3. အနုဘာဝ ဟူသော အချက်ကြီး သုံးချက် ပါရှိအောင် ရေးသားရလေသည်။


  1. ဘာဝ ဆိုသည်မှာ ချစ်ခင်စုံမက်ခြင်း စသည်ဖြင့် သာယာအပ်သော စိတ်မျိုးတို့ကို ဆိုလိုသည်။
  2. ဝိဘာဝဆိုသည်မှာ ဘာဝဖြစ်ခြင်း၌ ထင်ရှားစွာ ဖြစ်ပေါ်လာခြင်းအကြောင်းကို ဆိုလိုသည်။ ထိုဝိဘာဝ၌ အာလမ္ဗဏ-အာရုံပြုရန်အကြောင်းရင်းနှင့် ဥဒ္ဒီပန-အကြောင်းရင်း၏ အခြံအရံဖြစ်သော အကြောင်းများ ဟူ၍ နှစ်မျိုးရှိသည်ကို သတိပြုရပေမည်။
  3. အနုဘာဝဆိုသည်မှာ ဝိဘာဝကို သိစေတတ်သော ဘာဝ၏အကျိုးကို ဆိုလိုသည်။ တစ်ဖန် ဘာဝသည် မောဟဟူသော သတွဂုဏ်၊ ရာဂ ဟူသော ရဇဂုဏ်၊ ဒေါသဟူသော ဘမဂုဏ်တို့ကို အစွဲပြု၍ ဖြစ်သဖြင့် ဘာဝကို မဖျက်ဆီးဘဲ ပကတိသဘောအတိုင်း တည်တတ်သည်ကို ဌာယီဘာဝဟု ခေါ်ပြန်သည်။

ရသ ဆယ်မျိုး

ထို ဌာယီဘာဝ၌ ၁ဝ မျိုးရှိရာ ယင်းတို့မှာ

  1. ရတိ- မိန်းမ ယောကျာ်းတို့ ချစ်ကြိုက်ခြင်း၊
  2. ဟာသ-ပြုံးရယ်ခြင်း၊
  3. သောက-စိုးရိမ်ကြောင့်ကြသနားကြင်နာခြင်း၊
  4. ကောဓ - အမျက်ဒေါသ ကြမ်းကြုတ်ခြင်း၊
  5. ဥဿဟ--ရဲရင့်ခြင်း ဟူသော လုံ့လဝီရိယ၊
  6. ဘယ-ကြောက်လန့်ခြင်း၊
  7. ဇိဂုစ္ဆာ စက်ဆုပ်ရွံရှာခြင်း၊
  8. ဝိမှယ-အံ့ဩခြင်း၊
  9. သမ- ငြိမ်သက်တည်ကြည်ခြင်းနှင့်
  10. ဝလစ္ဆ-တဏှာရာဂ မဟုတ်သော ချစ်ခြင်းတို့ ဖြစ်သည်။ ထိုဌာယီဘာဝ ဆယ်မျိုးကို ရသ ဆယ်မျိုးဟုလည်း ခေါ်သည်။

ကဗျာ၊ လင်္ကာ၊ သီချင်း စသည်တို့ကို ရေးသားရာ၌ အလင်္ကာနည်းများနှင့် ညီညွတ်လျှင် အချို့ပျောက်ကွယ်ခြင်း၊ အချို့ထင်ရှားပေါ်လာခြင်းတို့ဖြင့် ဆိုခဲ့ပြီးသော ဌာယီဘာဝ ဆယ်မျိုးတို့နှင့် ဆက်ဆံသည့် အခြံအရံ အစိတ်အင်္ဂါမျိုးကို ဗျာသိစာရီဘာဝဟူ၍ ခေါ်သည်။ ထိုဗျာဘိစာရီဘာဝသည် ၃၃ မျိုးရှိရာ ယင်းတို့မှာ...

  1. ငြီးငွေ့ခြင်း - နိဗ္ဗေဒ
  2. ပျာယာခတ်ခြင်း - အာဝေဂ
  3. ညှိုးငယ်ခြင်း - ဒီနတာ
  4. ပင်ပန်းခြင်း - သမ
  5. ယစ်မူးခြင်း - မဒ
  6. မှင်တက်မိခြင်း - ဇဠတာ
  7. ကြမ်းတမ်းခြင်း - ဥဂ္ဂတာ
  8. တွေဝေခြင်း - မောဟ
  9. မျက်စိကျယ်ခြင်း - ဝိဗောဓ
  10. မြင်ယောင်ခြင်း - သုပိန
  11. စိတ်ဖောက်ပြန်ခြင်း - အပမာရ
  12. မာန်တက်ခြင်း - ဂဗ္ဗ
  13. အသက်စွန်ခြင်း - မရဏ
  14. လေးလံခြင်း - အာလသျ
  15. စိတ်မထိန်းနိုင်ခြင်း - အမရိသ
  16. ငိုက်မြည်းခြင်း - နိဒ္ဒါ
  17. ချုပ်တည်းခြင်း - အဝဟိတ္တာ
  18. ကြောင့်ကြခြင်း - ဥဿုက္က
  19. ရူးသွပ်ခြင်း - ဥမ္မာဒ
  20. မလုံမလဲဖြစ်ခြင်း - သင်္ကာ
  21. အောက်မေ့ခြင်း - သတိ
  22. ဆုံးဖြတ်ခြင်း - မတိ
  23. ဖျားနာခြင်း - ဗျာဓိ
  24. ကြောက်လန့်ခြင်း - တာသ
  25. ရှက်ခြင်း - လဇ္ဇာ
  26. ပျော်ရွှင်ခြင်း - ဟဿ
  27. ငြူစူခြင်း - အသူယာ
  28. အားကိုးရာမဲ့ခြင်း - ဝိသာဒ
  29. ကျေနပ်ခြင်း - ဓိတိ
  30. မနာလိုခြင်း - စပလတာ
  31. ညှိုးချုံးခြင်း - ဂိလာနိ
  32. ပူပန်ခြင်း - စိန္တာ
  33. တွေးတောခြင်း - ဝိတက္က တို့ဖြစ်သည်။


ထိုဗျာဘိစာရီဘာဝ ၃၃ မျိုးတို့သည် အထက်တွင် ဖော်ပြပြီးဖြစ်သည့် ဌာယီဘာဝဆယ်မျိုးတို့နှင့် ဆက်ဆံကြသည့်အခါတွင် အချို့သည် ပျောက်ကွယ်သွားပြီးလျှင်၊ အချို့သည် ထင်ပေါ်လာလေသည်။ သာဓကအဖြစ် ဖော်ပြရလျှင် စုံနံ့သာ မြိုင် ရှာပုံကြီးတွင်-

'တောသုံးတောင်၊ ဘုန်းမောင်ကြောင့် လျှောက်ခဲ့ရ၊ မြညှောက်ကယ်ဒါရူ၊ တွေ့ယင်ဖြင့် ပန်းပါဘု၊ ပင်နန်းသူ'ဟု

စပ်ရာတွင် မင်းသမီးသည် မင်းသားအား ချစ်ကြိုက် စွဲလမ်းခြင်းတည်းဟူသော ရတိမည်သော ဌာယီဘာစ၌ မပင်ပန်းနိုင်ဘူးဟူသော ရတိမည်သော ဌာယီဘာဝ၌ မပင် ပန်းနိုင်ပါဘူးဟူသော သမမည်သော ဗျာဘိစာရီ ဘာဝသည် ပျောက်ကွယ်သွားလေသည်။ အချို့ ထင်ပေါ်လာပုံ သာဓကမှာ 'တွေ့နိုင်ဘဲဟာမို့၊ လဲလုပြီ'ဆိုသည့်ဝါကျ၌ မင်းသမီးသည် မင်းသားကို ရှာရာ၌ စိုးရိမ်ကြောင့်ကြ သနားကြင်နာခြင်းတည်း ဟူသော သောကဌာယီဘာဝ၌ ပင်ပန်းခြင်း သမဗျာဘိစာရီ ဘာဝသည် ထင်ပေါ်လာပြန်လေသည်။ ထို့ပြင် ဌာယီဘာဝ၏ အကျိုးဖြစ်သော သာတွိကာဘာဝဆိုသည်မှာ ဘာဝ၏ အကျိုးဖြစ်သော အနုဘာဝသဘော၏ အခြေခံကိုပင် ဆိုလိုလေသည်။ သာတွိကာဘာဝ ရှစ်မျိုးရှိရာ-

  1. ထမ္ဘ-မိမိ၏ အစွမ်းဖြင့် ကိုယ်စိတ်ခိုင်ခံ့ခြင်း၊
  2. ပလယ-ထွက်သက်မျှကြွင်းအောင် မိန်းမောခြင်း၊
  3. ရောမဉ္စ-ကြက်သီးမွေးညှင်းထခြင်း၊
  4. သေဒ-ချွေးထုတ်ခြင်း၊
  5. အဿု-မျက်ရည်ကျခြင်း၊
  6. ဝေပထု-ကိုယ်စိတ်တုန်လှုပ်ခြင်း၊
  7. ဝေဝဏ္ဏ-အဆင်းဖောက်ပြန်ခြင်းနှင့်
  8. ဝိသရတာ-အသံပျက်ခြင်းတို့ ဖြစ်သည်။

အဆိုပါ ရှစ်မျိုးတို့ ဖြစ်ကြောင်း ဝိဘာဝနှင့် တွေ့၍ ဖြစ်ခြင်းဘာဝဖြစ်ပြီးလျှင် ကိုယ်အင်္ဂါအပြင်သို့ ယိုစီးထွက်ကျခြင်းသည် အနုဘာဝမည်၏။ ထိုအနုဘာဝ၏ သဘာဝ ယုတ္တိတို့မှာ မိန်းမနှင့် ယောကျာ်း နှစ်ဦးတို့ ရွှင်လန်းကြည်လင်စွာ ကြိတ်ကြည့် ကြည့်ခြင်း၊ မျက်စပစ်ခြင်း၊ မျက်စောင်းထေ့ခြင်း မနေနိုင်မထိုင်နိုင် အမူအရာကို ပြင်ဆင်ခြင်း၊ မေတ္တာစကားပေးခြင်း၊ အောင်သွယ်ထား၍ စကားကမ်းလှမ်းခြင်း စသည်တို့ဖြင့် စိတ်ရောကိုယ်ပါ ချစ်ရခြင်းအကြောင်း၏ အကျိုးသည် အနုဘာဝ ဖြစ်သည်။

အထက်တွင် ဖော်ပြခဲ့သော ဌာယီဘာဝ ဆယ်မျိုးတွင် ချစ်ကြိုက်ခြင်းဟူသော ရတိသည် လောကီသားတို့ ဓမ္မတာအတိုင်း တိုးဝှေ့တတ်သော ဦးချိုနှင့်တူသော ဓမ္မတာအတိုင်း တိုးဝှေ့တတ်သော ဦးချိုနှင့်တူသော ကိလေသာရှိသောကြောင့် ထိုရတိဆိုသော ဌာယီဘာဝကို 'သိင်္ဂါရရသ'ဟုလည်း ခေါ်သည်။

ထိုရတိမည်သော သိင်္ဂါရရသ၏ သဘာဝနှင့် ဖြစ်ကြောင်း ဝိဘာဝတို့မှာ မွေ့လျော်ဖွယ်ရှိသော ဥယျာဉ် စသော အရပ်၊ လူလစ်ရာ၊ ဆိတ်ငြိမ်ရာအရပ် ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်း၊ တပေါင်း၊ တန်ခူး စသော ဥတုနှင့် ညဉ့်အခါ ဖီးလိမ်းဝတ်ဆင်သော ပုံပန်းဟန်ပန် စသည်တို့ကို မှီဝဲခြင်းကြောင့် လူပျို အပျိုတို့ ချစ်ကြိုက်မှုမျိုးသည် သိင်္ဂါရ ရသမည်၏။ ထိုသိင်္ဂါရ ရသမျိုးသည်-

  1. အယောဂ-ယောကျာ်းနှင့် မိန်းမ နှစ်ဦးအချင်းချင်း မြင်ရရုံ၊ စကားကြောင်းလမ်းရုံ၊ သတင်းကြားရုံ၊ အသံကို ကြားရုံသာ ကြားရခြင်း၊
  2. သမ္ဘောဂ-လူချင်းတွေ့၍ လက်ဆွဲခြင်း၊ ဘက်ယမ်း နမ်းရှုပ်ခြင်း စသည်ဖြင့် ကိုယ်လက်နှီးနှောရခြင်းနှင့်
  3. ဝိပ္ပယောဂ-ပေါင်းသင်းရပြီးမှ ဖြစ်စေ၊ မပေါင်းသင်းရသေးမီ ချစ်ကြိုက်စက ဖြစ်စေ သေကွဲရှင်ကွဲ နှစ်မျိုးတွင် တစ်မျိုးမျိုးနှင့် ကွဲလွဲရခြင်းဟူ၍ သုံးမျိုးရှိသည်။

ထိုသုံးမျိုးရှိသော်လည်း အချို့ကျမ်းများတွင် အယောဂကို သမ္ဘောဂတွင် သွင်း၍ ထိုသမ္ဘောဂနှင့် ဝိပ္ပယောဂ နှစ်မျိုးကိုသာ ပြထားလေသည်။

ထိုရသ နှစ်မျိုးတို့တွင်-

  1. သမ္ဘောဂ၏ ဝိဘာဝမှာ-ရေတွင်း ရေကန်၊ မွေ့လျော်ဖွယ်ကောင်းသော တိုက်အိမ်၊ တောဥယာဉ်၊ ပန်းမာလ်နံ့သာ၊ ချစ်မှုကြိုက်မှု ဖြစ်သော ကဗျာလင်္ကာ၊ သီချင်းစာ၊ မှာတမ်း၊ မေတ္တာစာ၊ လူပျိုစကား၊ အပျိုစကား၊ ဇာတ်ရုပ်သေး၊ အနုဆေး စသည်တို့ ဖြစ်သည်။
  2. ဝိပ္ပယောဂ၏ ဝိဘာဝမှာ-ချစ်သောသူကို မမြင်ရခြင်း၊ မတွေ့ရခြင်း ဖြစ်သည်။


  1. သမ္ဘောဂ၏ အနုဘာဝမှာ-မျက်စိ၏ ရွှင်လန်းကြည်လင်ခြင်း၊ မျက်စပစ်ခြင်း၊ ပြုံးရယ်ခြင်း၊ စွဲမက်စရာ မူရာလုပ်ခြင်း၊ စိတ်ကို ကြည်လင်စေတတ်ခြင်း၊ ကိုယ်ကို အမွှမ်းတင်ခြင်း၊ ချစ်ကြောင်း ကြိုက်ကြောင်း စကားပြောခြင်းတို့ ဖြစ်သည်။
  2. ဝိပ္ပယောဂ၏ အနုဘာဝမှာ-ကောင်းရာ ကောင်းကြောင်း ဆုတောင်းခြင်း၊ ကွဲရသောသူ၌သာ အာရုံပြုမိခြင်း၊ ကွဲရသောသူ၏ဂုဏ်ကို ပြောခြင်း၊ နောင်တရခြင်း၊ယောင်ယောင်ယမ်းယမ်းနှင့် မြည်တမ်းမိခြင်း၊ ရူးသွပ်ရခြင်း၊ အနာရောဂါရခြင်း၊ မှိန်းမှိုင် တွေဝေရခြင်းနှင့် သေရခြင်းတို့ ဖြစ်သည်။


မိန်းမတို့၏မာယာမျိုးဖြင့် လင်အနီးမှာ ရှိလျက်နှင့် မိမိကြိုက်သည့် အခြားယောကျာ်းကို အရိပ်နိမိတ် သိအောင်ပြုလုပ်မှုမျိုးဟူသော အနုဘာဝ ၄ဝ လည်း ရှိသေးသည်။ ယင်းတို့မှာ-
(၁) ကွန်မြူးစံပယ် တင့်တယ်သော အမူအရာကို ပြခြင်း၊
(၂) ကိုယ်လက်ကျောပြင်ကို မြင်စေခြင်းငှာ ညွှတ်၍ ကောက် ခြင်း၊
(၃) သွားခြင်း စသော ဣရိယာပုတ်တို့ဖြင့်၎င်း၊ ဖီးလိမ်း ပြုပြင် တန်ဆာဆင်ခြင်းဖြင့်၎င်း တင့်တယ်အောင် ပြုခြင်း၊
(၄) ရှက်ချင်ယောင် ဆောင်ခြင်း၊
(၅) ခြေသည်း၊ လက်သည်းတစ်ခုခုဖြင့် ခြေသည်းလက်သည်း တစ်ခုခုကို ပွတ်ခြင်း၊ တိုက်ခြင်း၊
(၆) ခြေတစ်ဖက်ဖြင့် ခြေတစ်ဖက်ကိုနင်းခြင်း၊
(၇) ထင်းစ၊ တုတ်စဖြင့် မြေကြီးကို ရေးခြစ်ခြင်း၊
(၈) မိမိကလေး ကို ဖြစ်စေ၊ သူတစ်ပါးကလေးကိုဖြစ်စေ ချီခြင်း၊ မြေ|ာက်ခြင်း၊
(၉) သူတစ်ပါးကို ချီစေ၊ မြေ|ာက်စေခြင်း၊
(၁ဝ) သူငယ်ကို နမ်းခြင်း၊
(၁၁) သူငယ်ကို နမ်းစေခြင်း၊
(၁၂) ကလေးကိုကစားခြင်း၊ ကလိခြင်း၊
(၁၃) ကလေးကို ကစားစေခြင်း၊ ကလိစေခြင်း၊
(၁၄) ကလေး၏ပါးနား စသည်ကို ပါးစပ်ဖြင့် စုပ်ခြင်း၊ ဖက်ယမ်းခြင်း၊
(၁၅) ကလေးကို အစုပ်ခိုင်းခြင်း၊အဖက်ခိုင်းခြင်း၊
(၁၆)နိုင်နိုင် စသည်ဖြင့် မိမိက စား၍ပြခြင်း၊
(၁၇) ကလေးကို စားစေခြင်း၊
(၁၈) တစ်ခုခုကို ကလေးအား ပေးခြင်း၊
(၁၉) ကလေး၏လက်မှ တစ်ခုခုကို တောင်းခြင်း၊
(၂ဝ) ကလေး၏ ပြုမူပုံကို အတုလိုက်၍ ပြုခြင်း၊
(၂၁) မြေ|ာက်ပင့်၍ ပြောခြင်း၊ ကျယ်ကျယ်ပြောခြင်း၊
(၂၂) နှိပ်ချ၍ ပြောခြင်း၊ တိုးတိုးသက်သာပြောခြင်း၊
(၂၃) ကခြင်းဖြင့်၊ သီဆိုခြင်းဖြင့်၊ တီးမှုတ်ခြင်းဖြင့်၊ ငိုခြင်းဖြင့်၊ တင့်တယ်စံပယ် ခြင်းဖြင့်၊ တန်ဆာဆင်ယင်ခြင်းဖြင့်၊ မဖုံးမကွယ် တိုက်ရိုက် ပြောခြင်း၊ ရစ်သီသမို့ မခို့တရို့ပြောခြင်း၊
(၂၄) အသံကျယ် ကျယ် ပြင်းစွာရယ်ခြင်း၊
(၂၅) စေ့စေ့စပ်စပ်၊ တပ်တပ်မက်မက် တစိန်းစိန်း စိုက်၍ကြည့်ခြင်း၊
(၂၆) ခါးကို လှုပ်စေခြင်း၊
(၂၇) လျှို့ဝှက်အပ်ငြား အတွင်းသားကို ထက်ဝန်းကျင် လှုပ်စေခြင်း၊
(၂၈) ပေါင်ကိုဖွင့်၍ ပြခြင်း၊
(၂၉) ပေါင်ကိုဖုံးခြင်း၊ ပိတ်ခြင်း၊
(၃ဝ) သားမြတ်၊ သို့မဟုတ် ရင်ဦးတန်ဆာ ပန်းနှစ်မြွာကို ပြခြင်း၊
(၃၁) လက်ကတီးကို ပြခြင်း၊
(၃၂) ချက်ကိုပြခြင်း၊
(၃၃) မျက်စိကို မှိတ်၍ပြခြင်း၊
(၃၄) မျက်စပစ်ခြင်း၊
(၃၅) နှုတ်ခမ်းကို သွားဖြင့်ကိုက်ခြင်း၊
(၃၆) လျှာကို ထုတ်ပြခြင်း၊
(၃၇) ထဘီကို ကျွတ်ဟန်ပြခြင်း၊
(၃၈) ထဘီကို တစ်ဖန် ပြန်၍ ဝတ်ခြင်း၊
(၃၉) ဆံထုံးကို ဖြေခြင်းနှင့်
(၄ဝ) ဆံထုံးကို ပြင်၍ ထုံးခြင်းတို့ ဖြစ်သည်။
အထက်တွင် ဖော်ပြထားသော သိစေလိုသည့် ဟိတ်၊ နိမိတ် လက္ခဏာ ၄ဝ တို့ကို လောကစိန္တာ အလင်္ကာဆရာကြီး တို့ အလိုအားဖြင့် အနုဘာဝ ၄ဝ ဟူ၍ ခေါ်ကြလေသည်။ သို့သော် ပိဋကတ်တော် အလိုအားဖြင့်မူ ယင်းတို့ကို မာယာ ၄ဝ ဟူ၍ ခေါ်လေသည်။ [၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊အတွဲ(၁၁) ဦးရွှေအောင် (မဟာဝိဇ္ဇာ - သက္ကဋ) ဝဋံသကာ နှင့် သိရောမဏိ