သေမင်းတမန် ရထားလမ်း
၁၉၄၂ ခုနှစ် နိုဝင်ဘာလ မှ စတင်၍ ဂျပန် တပ်မတော် က ဖောက်လုပ်ခဲ့သော ယိုးဒယား − မြန်မာ မီးရထားလမ်း ကြီးသည် လူသားများစွာ အသက် စတေး ခဲ့ရသည့် အတွက် သေမင်းတမန် ရထားလမ်း အဖြစ် ထင်ရှားခဲ့သည်။ မီးရထားလမ်း ဖောက်လုပ်ရာတွင် မြန်မာ တိုင်းရင်းသား ၈၀၀၀၀ ကျော်၊ မဟာမိတ် တပ်သား ၁၀၀၀၀ ကျော် တို့ အသက် ဆုံးရှုံး ခဲ့ကြသည်။ ရထားလမ်း ဖောက်လုပ် ပြီးစီးသည့် အထိမ်းအမှတ်ပွဲကို ၂၅ အောက်တိုဘာ ၁၉၄၃ တွင် ကျင်းပခဲ့သည်။
သံဖြူဇရပ် မှ ဘန်ပေါင်သို့
သေမင်းတမန် ရထားလမ်း သည် မြန်မာပြည် ဘက်ခြမ်း တွင် သံဖြူဇရပ်မြို့ မှ စတင်ခဲ့သည်။ ဘုရားသုံးဆူ တောင်ကြား ကိုဖြတ်လျက် ယိုးဒယားနိုင်ငံ ဘန်ပေါင်(Ban Pong) မြို့သို့ ဖောက်လုပ်ခဲ့သည်။ ဘန်ပေါင် ရှိ ဘန်ကောက် - စင်္ကာပူ မီးရထားလမ်း နှင့် ဆက်သွယ်ရန် ဖြစ်သည်။ မိုင် ၂၅၀ ကျော် ရှည်လျားပြီး လမ်းခုလပ် ကွေးမြစ်ပေါ် ၌ တံတား တစ်စင်း ကိုလည်း တည်ဆောက်ခဲ့သည်။ တံတား ဆောက်လုပ်ရာ တွင် မြန်မာ တိုင်းရင်းသားများ သာမက စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးထားသော မဟာမိတ်တပ်သား အများအပြားလည်း ပါဝင်ခဲ့သည်။
တည်ဆောက်ရေး ပစ္စည်းများ
ဗြိတိသျှ တို့ မြန်မာနိုင်ငံမှ ဆုတ်ခွာသွားသည့် ၁၉၄၀-၄၁ ခုနှစ်တွင် သံလမ်းမိုင် စုစုပေါင်း (၂၈၅၂) မိုင် ရှိသည့် အနက် ဂျပန်တို့က သံလမ်းမိုင် (၃၀၀)ခန့် ကို ဖြုတ်ယူ၍ မြန်မာ-ယိုးဒယား မီးရထားလမ်း ဖောက်လုပ်ရာတွင် အသုံးပြုခဲ့ပါသည်။ သံလမ်း မိုင်(၁၅၀)မိုင်ခန့် ကို ရန်ကုန် နှင့် တောင်ငူ အကြား ဒွေးလမ်း မှ လည်းကောင်း၊ ကျန်သံလမ်း (၁၅၀)မိုင်ခန့်ကို တံတားဦး-မြင်းခြံလမ်းပိုင်းနှင့် အခြားလမ်းပိုင်းများမှ လည်းကောင်း ဖြုတ်ယူ အသုံးပြုခဲ့သည်။
ရည်ရွယ်ချက်များ
ယိုးဒယား မြန်မာ မီးရထားလမ်း ဖောက်လုပ်ရေး အတွက် အဓိက ရည်ရွယ်ချက်(၄)ရပ်ရှိပါသည်။ ယင်းတို့မှာ
- လက်ရှိ တိုက်ခိုက်နေသော မဟာအာရှ စစ်ပွဲကြီး တွင် ဂျပန် တို့ အောင်နိုင်ရေး အတွက် အထူး အရေးကြီးသော လက်နက် ခဲယမ်းမီး ကျောက်များ ကို အမြန်ဆုံး သယ်ယူ ပို့ဆောင်နိုင်ရေး၊
- မြန်မာ့ ထွက်ကုန် ဝင်ကုန်များကို အမြန်ဆုံး သယ်ယူ ပို့ဆောင် ရောင်းဝယ်နိုင်ရေး၊
- မြန်မာနိုင်ငံ နှင့် အခြားနိုင်ငံ များ လွယ်ကူစွာ မဟာမိတ် ချစ်ကြည်မှု ပြုလုပ်နိုင်ရေး၊
- စစ်ဒဏ်ကြောင့် မြန်မာလူမျိုးများ ဆင်းရဲ ကျပ်တည်းလျက် ရှိရာ မီးရထားလမ်း ဖောက်လုပ် ပြီးစီးပါက မြန်မာပြည် ချမ်းသာ လာစေရေးတို့ ဖြစ်ကြသည်။
ယင်း ရည်ရွယ်ချက်များ အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ဝန်ကြီးချုပ်၏ အတွင်းဝန် ဦးဘစော ဥက္ကဋ္ဌ အဖြစ် ပါဝင်သော ယိုးဒယား မြန်မာ မီးရထား လမ်း ဖောက်လုပ်ရေး အတွက် အလုပ်သမား စုဆောင်း စောင့်ရှောက်ရေး အဖွဲ့ ကို ဖွဲ့စည်းခဲ့သည်။
အလုပ်သမားစုဆောင်းရေး
ရထားလမ်း ဖောက်လုပ်ရေး အတွက် လိုအပ်သည့် အလုပ်သမားများ ကို ရထားလမ်း ဖောက်လုပ်ရေး အဖွဲ့က တိုက်ရိုက်ခေါ်ယူ ငှါးရမ်းခဲ့၏။ ရှေးဦးစွာ အနီးဝန်းကျင် ဒေသများ ၌ ရှာဖွေ စုဆောင်း ခဲ့သော်လည်း မလုံလောက်သဖြင့် ၁၉၄၂ ခု ဒီဇင်ဘာ လ လယ်ခန့် တွင် ယာယီ မြန်မာ အစိုးရ အုပ်ချုပ်ရေးရုံးသို့ အကူအညီ တောင်းခံရတော့သည်။ သို့ဖြင့် မြန်မာအစိုးရ ပြန်ကြားရေးဝန်ရုံး မှ ၁၈ ဒီဇင်ဘာ ၁၉၄၂ တွင် ယိုးဒယား မြန်မာ မီးရထားလမ်း ဖောက်လုပ်ရန် ချွေးနှင့် ရင်းရသည့် အလုပ်သမား တပ်ကြီး တည်ထောင်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်း ကြေညာချက်တွင် အလုပ်သမား အင်အား ၂၀၀၀၀ ခန့် လိုအပ်မည် ဖြစ်ကြောင်း၊ အလုပ်သမားများ ရရှိမည့် လစာ၊ နေအိမ်၊ ဆေးဝါး စသည့် အခွင့်အရေးများကို ဖော်ပြထားပြီး အလုပ်သမားတပ်သို့ ဝင်ရောက်ကြရန် နှိုးဆော်ထားပါသည်။
အခက်အခဲများ
အလုပ်သမား စုဆောင်းရာ ၌ တောင်ငူ၊ အင်းစိန်၊ ဟင်္သာတ၊ ပုသိမ်၊ ထားဝယ်၊ မြိတ်၊ မော်လမြိုင်၊ သထုံ၊ ပဲခူးနယ်များမှ စုဆောင်းခဲ့ကြရာ ၁၉၄၃ ခု ဖေဖော်ဝါရီလ အထိ ၁၃၉၅၀ ဦး သာ စုဆောင်းနိုင်ခဲ့သည်။ သို့ဖြစ်၍ လျာထားချက်၏ တစ်ဝက်မျှသာ ရရှိခဲ့ပါသည်။ စုဆောင်း ရရှိထားသူများထဲမှ လမ်းခုလပ်တွင် ထွက်ပြေးသွားကြသူများမှာလည်း မနည်းလှပေ။ အလုပ်သမား ရရှိရန် ခက်ခဲသော် လည်း လမ်းဖောက်လုပ်ရေး ကိစ္စမှာ အချိန်မီ ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်နေသည်။ သို့ဖြင့် အမှတ် ၁၅ ဂျပန်တပ်မတော်က နည်းလမ်းရှာ ဖွေရတော့သည်။
လုပ်အားပေးအဖွဲ့ ဖွဲ့စည်းရေး
ဂျပန် တပ်မတော်သည် ယခင် အလုပ်သမား စုဆောင်းရေး နည်းလမ်းကို ဖျက်သိမ်းကာ ယိုးဒယား မြန်မာ မီးရထားလမ်း ဖောက်လုပ်ရေး တပ်ဖွဲ့ဝင်များ၊ စစ်အုပ်ချုပ်ရေး ဦးစီးဌာန နှင့် အုပ်ချုပ်ရေးရုံးတို့မှ သက်ဆိုင်ရာ အရာရှိများကို ဖိတ်ခေါ်ကာ ၁ မတ် ၁၉၄၃ တွင် လုပ်အားပေး အဖွဲ့ ဖွဲ့စည်းရေးကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မတ်လ(၂)ရက်နေ့ တွင် ဂျပန် အမှတ် ၁၅ တပ်မတော် ၏တစ်ချက်လွှတ် အမိန့်ဖြင့် ယိုးဒယား မြန်မာ ဆက်သွယ်ရေး မီးရထားလမ်း ဖောက်လုပ်ရေးအတွက် လုပ်အားပေးအဖွဲ့များ ဖွဲ့စည်းရေးနှင့် ပို့ဆောင်ရေး အစီအစဉ်ကို ချမှတ်လိုက်ပါသည်။
ချွေးတပ်
၉ မတ် ၁၉၄၃ တွင် ဂျပန် စစ်အုပ်ချုပ်ရေး ဌာန၏ သဘောတူညီချက် ဖြင့် ယိုးဒယား မြန်မာ မီးရထားလမ်း ဖောက်လုပ်ရေးအတွက် လိုအပ်မည့် မြန်မာ အလုပ်သမား ၃၀၀၀၀ကျော် ကို စတင် စုဆောင်းပါသည်။ ဗမာ့ကာကွယ်ရေး တပ်မတော်သည် သွေးတပ်(Blood Army) ဖြစ်သဖြင့် မီးရထားလမ်း အလုပ်သမား တပ်ကြီးကို ချွေးတပ်(Sweat Army) ဟု ခေါ်ဆို ကြသည်။ နောက်ပိုင်း တွင် ဗမာ့ လက်ရုံး တပ်မတော် ဟု ပြောင်းလဲ ခေါ်ဆိုခဲ့၏။
နယ်မြေအလိုက်
ချွေးတပ် အလုပ်သမားများ စုဆောင်းရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သော လမ်းပန်းဆက်သွယ်ရေး နှင့် ဆည်မြောင်းဌာန ဝန်ကြီး က ခရိုင် အသီးသီး မှ အရေးပိုင် (ခရိုင်ဝန်) များကို စုဆောင်းရေး အရာရှိ အဖြစ် ခန့်အပ်ပြီး နယ်ပိုင်၊ မြို့ပိုင်၊ သူကြီး တို့မှ တစ်ဆင့် စုဆောင်းခဲ့သည်။ တို့ဗမာ ဆင်းရဲသား အစည်းအရုံး ကိုလည်း ပူးပေါင်း ဆောင်ရွက် စေခဲ့သည်။လုပ်အားပေး အလုပ်သမား တစ်ဦးလျှင် ရှာဖွေ စုဆောင်းစရိတ် ၁၇ ကျပ်နှုန်းဖြင့် စရိတ် ကျပ် နှစ်သိန်း တစ်သောင်းကို စစ်အုပ်ချုပ်ရေး ဦးစီးဌာနက ခရိုင်များ သို့ ပေးခဲ့သည်။ ချွေးတပ် အလုပ်သမား တို့၏လစာငွေ ကိုမူ တစ်လ ၃၀ ကျပ် သတ်မှတ် ပါသည်။ သို့သော် လေကြောင်းဗုံး ဒဏ်ကြား မှ စုဆောင်းရသဖြင့် ထင်သလောက် ခရီးမရောက်ခဲ့ပေ။
စုဆောင်းရရှိသူများ
အလုပ်သမား နည်းပါးမှုကြား မှ ကာလတို အတွင်း အလုပ်သမား ၃၂၂၀၄ ဦး စုဆောင်း ရရှိခဲ့ရာ ပထမသုတ် အဖြစ် စတင် ပို့လိုက်သည်။ သို့သော် ထွက်ပြေးသူများကြောင့် တစ်စတစ်စ လျော့ပါးလာခဲ့ရာ မေလ ၆ ရက်နေ့တွင် မြန်မာ အစိုးရ ဝန်ကြီးချုပ်က အမှတ် ၁၅ ဂျပန် တပ်မတော် စစ်အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ညှိနှိုင်းကာ အလုပ်သမား ၂၁၀၀၀ ကျော် ထပ်မံခေါ်ယူရန် ပြင်ဆင်ရပြန်ပါသည်။ ပထမအကြိမ် စုဆောင်းစဉ်က ခရိုင်ကိုးခု သတ်မှတ် ရှာဖွေ စုဆောင်းခဲ့ရာ ဒုတိယအကြိမ် အတွက် ကျောက်ဆည်၊ မအူပင်၊ မင်းဘူး၊ ပခုက္ကူ၊ သရက် ငါးခရိုင် ကို ထပ်မံတိုးချဲ့ ရှာဖွေ စုဆောင်းခဲ့သည်။ စုဆောင်းရေး အရာရှိ ဦးရေကိုလည်း ယခင်က အလုပ်သမား တစ်ထောင်အတွက် တစ်ဦးကျထားရှိရာမှ ဒုတိယအကြိမ် စုဆောင်းစဉ် တစ်ရာလျှင် တစ်ဦးနှုန်း ပြောင်းလဲထားရှိခဲ့သည်။ သို့ဖြင့် ၁၇၆၁၅ ဦး ထပ်မံ စုဆောင်းနိုင်ခဲ့လေသည်။
တတိယ အကြိမ်
မိုးတွင်းကာလ မီးရထားလမ်း ဖောက်လုပ်ရာတွင် ငှက်ဖျားရောဂါ၊ ဝမ်းရောဂါ ဖြစ်ပွားမှုများကြောင့် တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ ထွက်ပြေးမှုများ ရှိနေရာ အမှတ် ၁၅ ဂျပန် တပ်မတော်မှ တောင်းဆို ၍ ၁၉၄၃ ခု ဇူလိုင်လ တွင် အလုပ်သမား ၂၀၀၀၀ ထပ်မံ စုဆောင်း ပေးရပြန်ပါသည်။ ဤ တစ်ကြိမ်တွင် ရွှေဘို၊ ကသာ နှင့် မုံရွာ ခရိုင်များ ကို ဦးတည် စုဆောင်း၏။ တတိယအကြိမ် စုဆောင်းရာတွင် အလုပ်သမား အင်အား ၂၁၀၆၉ ဦး ထပ်မံ စုဆောင်းရရှိခဲ့သည်။
ဟေးဟိုးတပ်
ဟေးဟိုးတပ် (Heiho) ခေါ် မျိုးချစ် တက်လူငယ်များ အဖွဲ့ ကို မြန်မာနိုင်ငံ ဂျပန် တပ်မတော် ဌာနချုပ် ၌ ဖွဲ့စည်းထားရှိပါသည်။ ၂၀ ဧပြီ ၁၉၄၃ တွင် ဟေးဟိုးတပ်သို့ မျိုးချစ်လူငယ်များ ဝင်ရောက်ကြရန် မြန်မာ့အလင်း သတင်းစာမှ ဖော်ပြခဲ့သည်။ ယင်းတပ်မှာ အရံတပ်ဖွဲ့တစ်ခု ဖြစ်ပြီး ချွေးတပ်သား အလုပ်သမားများ စုဆောင်းရာ၌ အဓိက နေရာမှ ပါဝင်ခဲ့သည်။
စစ်သင်္ချိုင်း နှင့် ပြတိုက်
သံဖြူဇရပ်မြို့ အနီးတွင် သေမင်းတမန် မီးရထားလမ်း ဖောက်လုပ်ခဲ့ခြင်း အထိမ်းအမှတ် အဖြစ် ပြတိုက် နှင့် မဟာမိတ် စစ်သင်္ချိုင်း တို့ တည်ရှိပါသည်။ စစ်သင်္ချိုင်း မှာ ဒုတိယ ကမ္ဘာစစ် အတွင်းက ကျဆုံးခဲ့သည့် အင်္ဂလိပ်၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ မြန်မာ၊ မလေးရှား၊ နယ်သာလန် စသည့် နိုင်ငံများ မှ စစ်သည် ၃၆၁၇ ဦးအတွက် အရိုးပြာများ ကို မြှုပ်နှံထားခြင်းဖြစ်သည်။ ယင်း စစ်သင်္ချိုင်း ကို ၁၈ ဒီဇင်ဘာ ၁၉၄၆ က ဗိုလ်ချုပ် အောင်ဆန်း နှင့် ဘုရင်ခံ ဆာ ဟူး ဘတ်ရန့် တို့ လာရောက် ဖွင့်လှစ် ပေးခဲ့သည်။
ဝတ္ထု၊ ရုပ်ရှင်
စာရေးဆရာကြီး မောင်ထင် ၏ ငဘဝတ္ထု သည် ယိုးဒယား မြန်မာ မီးရထားလမ်း ဖောက်လုပ်ရေးအတွက် ချွေးတပ်နှင့် အတူပါသွားသူ တောင်သူလယ်သမား တစ်ဦး၏ ဘဝကို သရုပ်ဖော်ထားသော ဝတ္ထုဇာတ်လမ်း ဖြစ်ပါသည်။ ဤဇာတ်လမ်းကိုပင် တစ်ခေတ်တစ်ခါက ပြည်သူ့အသဲစွဲ မင်းသားရွှေဘက ငဘအဖြစ် သရုပ်ဆောင် ရိုက်ကူးခဲ့သည်။ နာမည်ကျော် A Bridge on the River Kwei ရုပ်ရှင်ဇာတ်ကားမှာ ဒုတိယ ကမ္ဘာစစ်အတွင်း သေမင်းတမန် မီးရထားလမ်းရှိ ကွေးမြစ် တံတားပေါ်မှ ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်သည်။
ချွေးတပ်အဆွဲခံရကာ ကိုယ်တိုင်လိုက်ပါသွားရသည့် ဆရာ လင်းယုန်သစ်လွင်က "ယိုးဒယား-မြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း" အမည်ဖြင့် စာအုပ်ထုတ်ဝေဖူးသည်။ [၁]
ကိုးကား
- ↑ လင်းယုန်သစ်လွင် (၁၉၆၈) "ယိုးဒယား-မြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း"။ အမျိုးသားစာပေ တိုးတက်ရေးတိုက်
- ဂျပန်စစ် အုပ်ချုပ်ရေးခေတ် မြန်မာနိုင်ငံ (မစ္စတာအိုးနိုတိုးရု)
- ဂျပန်ခေတ်ရက်စွဲသမိုင်း (လက်နှိပ်စက်မူ)
- ငွေသောင်ယံစက်စဲ၊ ကျိုက္ခမီ ရေလယ်ဘုရား၊ သေမင်းတမန်လမ်းမကြီးနှင့် သံဖြူဇရပ်(မောင်မိုးစည်)၊ ရနံ့သစ်မဂ္ဂဇင်း၊ အမှတ်(၇၈)
- Weekly Eleven ပါ တင်နိုင်တိုး ၏ မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက် ဂျပန်ခေတ် ယိုးဒယား မြန်မာ ဆက်သွယ်ရေးလမ်းကြောင်း (သို့မဟုတ်) သေမင်းတမန် မီးရထားလမ်း