မာတိကာသို့ ခုန်သွားရန်

ဉာဏ်သစ် အရေးတော်ပုံ

ဝီကီပီးဒီးယား မှ

ဉာဏ်သစ်အရေးတော်ပုံ ဟူသည်မှာ ၁၃ နှင့် ၁၄ ရာစုနှစ်အတွင်း အီတလီနိုင်ငံတွင် စတင်ထွန်းကား၍၊ ဥရောပနိုင်ငံများသို့ ပျံ့နှံ့သွားသော ရီနေဆွန်းခေတ်၏ အခြင်းအရာဖြစ်သည်။ ခရစ် ၁၈၃ဝ- ၆ဝ ပြည့်နှစ် အတွင်း၌ထင်ရှားသော စာပေပညာရှင် တို့သည် အဆိုပါ အီတလီနိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့သော ခေတ်၏သဘောကို ဆင်ခြင်သုံးသပ်သည့်အခါ ထိုခေတ်၌ လူတို့သည် အီတလီနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှုတို့ကို ပြန်လည်လေ့လာထုတ်ဖေါ်၍၊ အဝိဇ္ဇာတည်းဟူသော အမှောင်ကို ပညာတည်းဟူသော အလင်းရောင်ဖြင့် ဖြိုခွင်းလိုက်သည်ဟု ယူဆကြသည်။ ထိုသည်မှစ၍ ဥရောပတိုက်ရှိ တိုင်းပြည်အသီးသီးတို့သည် အီတလီပြည်၏ နမူနာကိုယူ၍၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ အယူဝါဒစသည်တို့ကို အသစ် တစ်ဖန်ပြန်လည် ထွန်းကားအောင် ဆောင်ရွက်လာကြသည် ဟူ၍လည်း အယူရှိကြသည်။

ထိုကြောင့် ထိုခေတ်ကို 'ရီနေဆွန်း'ဟူ၍ အမည်ပေးသည်။ ရီနေဆွန်ဟူသော ဝေါဟာရသည် ပြင်သစ် စကားဖြစ်သည်။ အသစ်တစ်ဖန်ပြန်၍ ဖြစ်ခြင်းဟု အဓိပ္ပါယ်ရသည်။ အဟောင်း ကို ဖယ်ရှား၍၊ အသစ်ကို တည်ဆောက်ခြင်းဟု ဆိုလိုသည်။ ၁၉ ရာစုနှစ်စာပေပညာရှင်တို့က အထက်ပါအတိုင်း ခေတ်သဘောကိုအကဲဖြတ်ခဲ့ရာ၊ ၂ဝ ရာစုနှစ်စာပေ ပညာရှင် တို့က တစ်ဖန် ထိုအကဲဖြတ်ချက်ကို ပြန်၍ဝေဖန်သုံးသပ်ကြည့်ကြပြန်သည်။ သမိုင်းအလိုအားဖြင့်၊ ၁၃ နှင့် ၁၄ ရာစုနှစ် အကြား၌တည်သောခေတ်ကို အလယ်ခေတ်ဟုခေါ်သည်။ ၁၉ ရာစုနှစ်စာပေပညာရှင်တို့က ထိုခေတ်ကို 'အမှောင်ခေတ်'ဟု ယူဆခဲ့ကြသည်။ ၂ဝ ရာစုနှစ်စာပေပညာရှင်တို့ကမူ ထိုခေတ် သည် အသိ ပညာတိမ်ကောသော အမှောင်ခေတ်ဟု မဆိုသာ၊ အကယ်၍ အမှောင်ခေတ်သက်သက်ဟုဆိုရပါလျှင်၊ အလယ် ခေတ်၌ ယဉ်ကျေးမှုအခြေခံတို့သည် အဘယ်နည်းဖြင့် ထွန်း ကားလာရပါသနည်းဟူ၍ စောဒကတက်လာကြသည်။ ထို့ကြောင့် ရီနေဆွန်ခေတ်သည် အလယ်ခေတ်ယဉ်ကျေးမှု အဆောက်အအုံပေါ်တွင် အခြေပြုကာ၊ နှောင်းခေတ်ယဉ်ကျေး မှုတို့ တစ်ဆင့်ထက်တစ်ဆင့် အသစ်အသစ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သောခေတ် ဖြစ်သည်။ ရီနေဆွန်းဟူသော စကားသည် အသိဉာဏ်ဆိတ်သုန်းသော ခေတ်ကိုလွန်၍၊ ဉာဏ်သစ် ပညာသစ် ထွန်းကားလာသည်ဟူသော အဓိပ္ပါယ်ကို ဆောင်သည်ထက်၊ အသိဉာဏ်ပညာတို့သည် ရှေးဟောင်းယဉ်ကျေးမှု ကိုအခြေပြုကာ၊ အသစ်အသစ်ဖွံ့ဖြိုးတိုးတက်လာသည်ဟူသော အဓိပ္ပါယ်ကိုသာဆောင်အပ်သည်ဟု ယူဆလာ ကြကုန်သည်။

ထိုကြောင့် မျက္မှောက်ခေတ် ပညာရှင်တို့၏ အလိုအားဖြင့် ဉာဏ်သစ်အရေးပုံ၏ သဘောအကျဉ်းချုပ်ကား၊ ရှေးဟောင်း ယဉ်ကျေးမှုတို့ကို စူးစမ်းရှာဖွေလေ့လာပြီးလျှင်၊ ယင်းတို့ကို တစ်ဖန်ပြန်လည် ဆန်းသစ်စေသော သဘောဖြစ်လေသည်။ အလယ်ခေတ်၏ လူမှုရေးရာတို့သည် ကံကျွေးချစနစ်အရ ပေါ်ပေါက်လာသော လူမှုရေးရာတို့ဖြစ်သည်။ ကံကျွေးချစနစ်ခေတ်တွင် တိုင်းကားပြည်ရွာတို့ကို မထူထောင်နိုင်သေးမီ၊ လူတို့သည် မြို့စားရွာစားတို့၏ နယ်ပယ် များတွင် မိမိတို့လူမျိုးစုနှင့် မိမိသီးခြားနေထိုင်လေ့ရှိကြသည်။ ထိုခေတ်လူမှု ဆက်ဆံရေးစနစ်သည် မြို့စားရွာစားတို့နေထိုင်ရာ ဗြဲတိုက်နှင့် သာသနာရေး ဂိုဏ်းချုပ် ဂိုဏ်းအုပ်တို့နေထိုင်ရာ နန်းတော်ပမာတမျှရှိသော ကျောင်းတို့ကို အဓိကပြုရသည်။ ထိုစဉ်က လူမှုရေးသည် ရှုပ်ထွေးမြားမြောင်ခြင်းမရှိ၊ ဘာသာ အယူဝါဒ၏ အဆုံးအမ၌သာလျှင် တည်နေကြလေရာ၊ လူတို့ သည် မိမိတို့ရပ်တည်ရာ လောကအခြင်းအရာကို သတိမူဘဲ၊ ကောင်းကင်ဘုံကိုသာလျှင် ရည်စူးကြကုန်သည်။ ဉာာဏ်သစ် အရေးပုံ ပေါ်ပေါက်လာသောအခါ၌မူကား လူတို့သည် ဘာသာ အယူဝါဒအရေးထက် လောကီအရေးတို့ကို ပိုမို စိတ်ညွတ်လာ ကြသည်။ လောကီ၊ လောကုတ္တရာနှစ်ဖြာရှိသည်တွင်၊ ရှေးက လောကုတ္တရာဖက်သို့ စိတ်ညွတ်ခဲ့ကြသော်လည်း၊ ယခုအခါ လောကီဖက်သို့စိတ်ညွတ်လာကြသည်။ ထိုကြောင့် လောကပတ် ဝန်းကျင်ကို လက်တွေ့ဆင်ခြင် သုံးသပ်လာကြသည်။ မူလက လူသည် ထာဝရဘုရားသခင်ကိုသာ ဆည်းကပ်ခဲ့ရာမှ၊ ယခု အခါ လူလျှင်လူချင်း ပိုမိုချဉ်းကပ်လာပြီးလျှင်၊ လောက၏ တိုးတက်မှုကို ကြံဆောင်လာကြသည်။ ဤ၌ ဥရောပတိုက်သား တို့သည် ခရစ်တော်၏ သာသနာအယူဝါဒကို ပစ်ပယ်သည် ဟုမမှတ်ရာ၊ သာသနာရေးဆိုင်ရာ အယူဝါဒနှင့် အခြား ရှေးရိုး အစဉ်အလာ အယူဝါဒတို့ကို လောက၏ဖြစ်စဉ်နှင့် နှိုင်းကြည့် ခြင်းကို ဆိုလိုပေသည်။ ဤသို့ လောကုတ္တရာအရေးကို လိုက် စားခဲ့ရာမှ၊ လောကီအရေးကို လိုက်စားလာကြသည့်အခြင်းအရာ ကို ဥရောပသမိုင်းအလိုအရ လောကတ္ထစရိယလမ်းစဉ်ဟုခေါ်ဆို ကြသည်။ အလယ်ခေတ်မှ လွန်သည်ရှိသော်၊ မြို့စားရွာစား နယ်ပယ်တို့သည် နိုင်ငံရေးအရ ပူးပေါင်းလာကြပြီးလျှင်၊ တိုင်း ပြည်နိုင်ငံများဖြစ်ပေါ်လာသည်။ ရှေးက မိမိအစုနှင့်မိမိ သီးခြား နေထိုင်ခဲ့သော သူတို့သည် ယခုအခါ ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုးမှုတို့ကြောင့်၊ တစ်ဦးနှင့် တစ်ဦး ကူးလူးဆက်ဆံလာကြ လေရကား၊ အသိဉာဏ်ပညာ ဗဟုသုတတို့သည် ဖွံ့ဖြိုးတိုးတက်လာကြကုန်သည်။ မူလက နိုင်ငံရေးအာဏာသည် သာသနာရေး အဖွဲ့အစည်းတို့၏လက်တွင် အချုပ်အချာအားဖြင့် တည်ရှိခဲ့ရာ၊ ယခုမှာမူ ထိုနိုင်ငံရေးအာဏာသည် ရေမြေစိုးပိုင်သူတို့၏လက် ထဲသို့ သာသနာရေးကိစ္စမှတစ်ပါး အားလုံးလိုလိုပင် ကူးပြောင်း လာခဲ့သည်။ ဤအခြေတွင် လူတို့သည် သာသနာရေးဆိုင်ရာ အယူဝါဒတို့၌ပင်လျှင် စူးစမ်းဆင်ခြင်သောအားဖြင့် စစ်ဆေးသမှုပြုလာကြသည်။ ထိုကြောင့်လည်း ခရစ်ယာန်သာသနာအရေးပုံဟူ၍ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ခေတ်ပြောင်းလာသည်တွင်၊ လူတို့သည် ခေတ်နှင့်လျော်သော လူနေမှုစနစ်တစ်ရပ်ကို ရှေးဟောင်းစံပြစာပေနှင့် အနုပညာယဉ်ကျေးမှုတို့တွင် စူးစမ်းရှာဖွေလာကြသည်။ ဤတွင် ဂရိနှင့်ရောမ ရှေးဟောင်းစံပြစာပေနှင့် အနုပညာယဉ်ကျေးမှုတို့ ၌ မိမိတို့လိုရာကို တွေ့ရှိလာကြသည်။ ထိုကြောင့် ထိုခေတ် တွင် အထက်ကပြဆိုခဲ့သော လောကတ္ထစရိယလမ်းစဉ် ထွန်းကားလာသည့်အပြင်၊ ရှေးဟောင်းစာပေ လေ့လာခြင်းသည်လည်း ခေတ်၏သဘောဖြစ်လာလေသည်။ ရီနေဆွန်းခေတ်မတိုင်းမီက ဥရောပတိုက်ရှိ တိုင်းပြည်တို့ သည် လက်တင်ဘာသာဖြင့်ရေးသားသော စာပေကိုမှ စာပေမြောက်သည်ဟု ယူဆကြသည်။ ထိုကြောင့် စာပေပြုစုရာ၌ တိုင်းရင်းဘာသာဖြင့် မပြုစုဘဲ၊ လက်တင်ဘာသာဖြင့်သာ ပြုစုလေ့ရှိသည်။ ထိုကဲ့သို့သော အခြေတွင် အီတာလျံလူမျိုး ကဗျာ ဆရာကြီး ဒန်တီ (ခရစ် ၁၂၆၅-၁၃၂၁)သည် 'ဒီဗိုင်းကော်မီဒီ' လင်္ကာကို အီတာလျံဘာသာဖြင့် စီကုံးရေးသားလေသည်။ ဤ အတွက်ကြောင့် ဒန်တီကို ဉာဏ်သစ်အရေးပုံ၏ ရှေ့ပြေးပုဂ္ဂိုလ် ဟုခေါ်ဆိုကြသည်။

သို့ရာတွင် စာပေ လောက၌ ဉာဏ်သစ်အရေးပုံကို စတင်ခဲ့သူကား ပီးထရတ် (ခရစ် ၁၃ဝ၄-၇၄)ဖြစ်သည်ဟု စာပေပညာရှင်တို့ကဆိုကြ သည်။ ပီးထရတ်သည် ကွန်စတန်တီနိုပယ်မြို့မှ ပြန့်ပွားလာ သော ဂရိနှင့်ရောမ စံပြစာပေတို့၏ အဖွဲ့အနွဲ့နှင့် အတွေးအခေါ် တို့ကို ကောင်းစွာ လေ့လာခဲ့သူဖြစ်သည့်အလျောက်၊ မိမိကိုယ်တိုင် အီတာလျံဘာသာဖြင့် ကဗျာလင်္ကာတို့ကို စပ်ဆိုသည်တွင်၊ ဂရိနှင့်ရောမစံပြစာပေတို့၏ သဘောတရားသည် အသစ်တစ်ဖန် ပြန်လည် ထွန်းကားလာလေသည်။ ပီးထရတ်နှင့် ပီးထရတ်၏ နမူနာကိုယူသော အဖော်အပေါင်းတို့သည် ပတ်ဝန်းကျင်လူ့ လောက၏အကျိုးကို ဆောင်သောသဘောရှိသည့် စာပေတို့ကို ရေးသားပြုစုကြသဖြင့်၊ နှောင်းလူတို့က ယင်းတို့ကို လောကတ္ထစရိယလမ်းစဉ်ချမှတ်သူများဟူ၍ အသိအမှတ်ပြုကြသည်။ ထို ပုဂ္ဂိုလ်တို့သည် ရှေးဟောင်းစံပြစာပေတို့ကို အခြေပြု၍၊ စာပေသစ်ကို ဖန်တီးကြသည်။ ဤသို့လျှင် အီတလီနိုင်ငံ၌ ရီနေဆွန်း ခေတ်သည် အထွတ်အထိပ်သို့ ရောက်ခဲ့လေသည်။ ခရစ် ၁၄၅၃ ခုနှစ်တွင် ကွန်စတန်တီနိုပယ်မြို့သည် တူရကီလူမျိုးတို့၏ လက်ထဲသို့ကျရောက်လေသည်။ ထိုအခါ များစွာကုန် သော ဂရိပညာရှိတို့သည်အီတလီ နိုင်ငံသို့ ဝင်ရောက်ခိုလှုံကြ ပြီးလျှင်၊ ဂရိဘာသာစာပေတို့ကို သင်ကြားပို့ချကြလေသည်။

ဤအချက်ကြောင့် ရှေးဟောင်းစံပြစာပေကို လေ့လာသောဓလေ့ သည် ပိုမိုပြန့်ပွားလာပြန်သည်။ ခရစ် ၁၄၅ဝ ပြည့်နှစ်တွင် စာပုံနှိပ်စက်ပေါ်လာသည်။ ထိုနှစ်၌ပင်လျှင် အီရက်ဇမပ်အမည် ရှိ ပညာရှင်တစ်ဦးထွန်းကားသည်။ ထိုပညာရှင်သည် ပြင်သစ်၊ အင်္ဂလန်၊ ဆွစ်ဇာလန်၊ ဂျာမနီစသော တိုင်းပြည်တို့တွင် ဂရိနှင့် လက်တင်စာပေပြန့်ပွားအောင် သင်ကြားပို့ချပေးခဲ့သည်။ ၁၅၁၆ ခုနှစ်တွင် အီရက်ဇမပ်သည် ဂရိဘာသာဖြင့် ဓမ္မသစ်ကျမ်းစာကို တည်းဖြတ် သုတ်သင်သည်။ စာပုံနှိပ်စက်၏ ကျေးဇူးကြောင့်၊ ထိုဓမ္မသစ်ကျမ်းစာသည် လူအများထံသို့ ပျံ့နှံ့ခဲ့လေသည်။ ဤ အချက်သည် သမ္မာကျမ်းစာကို လူအများစနစ်တကျသိရှိ တတ် ကျွမ်းအောင် ဖန်တီးပေးသောအချက် ဖြစ်လေသည်။ အထက်ပါ အကြောင်းတို့ကြောင့်၊ ဉာဏ်သစ်အရေးပုံသည် အီတလီနိုင်ငံမှ ဥရောပရှိ အရပ်ရပ်တို့သို့ ပျံနှံ့သွားလေသည်။

စာပေဖွံ့ဖြိုးတိုးတက်သည့်နည်းတူ ပန်းချီ၊ ရုပ်ထု၊ ပိသု ကာစသော အနုပညာတို့သည်လည်း ဖွံ့ဖြိုးတိုးတက်လာလေ သည်။ ၁၅ ရာစုနှစ်နှင့် ၁၆ ရာစုနှစ်အကြားတွင် ရက်ဖီအယ်လီယိုနာဒို ဒါဗင်းချိမိုက်ကယ်အန် ဂျလိုတစ်ရှန်တို့၏ ပန်းချီလက်ရာတို့သည် ဉာဏ်သစ်အရေးပုံ ထိပ်ဆုံးသို့ ရောက်ခဲ့သည်ကိုပြလေသည်။ ဖလန်းဒါး၊ ဟော်လန်၊ ဂျာမနီနိုင်ငံတို့တွင် ဗန်အိုက်၊ ဒူရာဟောလဗိုင်းစသော ပန်းချီ ပညာရှင်တို့သည် သူတို့နှင့်ဆိုင်ရာ တိုင်းပြည်တွင် ဉာဏ်သစ် အရေးပုံကို တည်ထောင်ခဲ့ကြသည်။

အသစ်တည်ထောင်သော သဘောတို့ကိုပြရလျှင်၊ ပြင်သစ်နိုင်ငံတွင် ရက်ဗီလေး အက်(ဖ)၊ ( ရက်ဗီလေး အက်(ဖ)။) စပိန်နိုင်ငံတွင် သာဗင်တေး၊ အင်္ဂလန်ပြည် တွင် ရှိတ်စပီးယားဟူသော ပုဂ္ဂိုလ်တို့၏ အရေးအသားကို ပြရမည် ဖြစ်၏။ သိပ္ပံပညာရပ်တို့၌ အသိဉာဏ်ဆန်းသစ်ထွန်းကားလာပုံကို မူကား ကော့ပါးနီကပ်ဗိဆေးလိယပ်ဂယ်လီလေအိုဟူသော ပညာရှင်တို့၏ ရှာဖွေစမ်းသပ်ချက်တို့၌ တွေ့မြင်နိုင်သည်။ ဒီးအတ်၊ ဗတ်ရှကူးသဂါမ၊ ကိုလံဗပ်၊ မဂျဲလန်စသော ခရီးသည် တို့၏ စူးစမ်းရှာဖွေမှုတို့သည်လည်း ဉာဏ်သစ်အရေးပုံတည် ဆောက်ရာ၌ အကျုံးဝင်လေသည်။ ဥရောပသမိုင်း အလိုအားဖြင့်၊ ထိုဉာဏ်သစ်အရေးပုံသည် အင်္ဂလန်ပြည် အယ်လစ်ဇဗက်ဘုရင်မကွယ်လွန်သော ခရစ် ၁၆ဝ၃ ခုနှစ်မှ လွန်လေသော် ခေတ်ကုန်ခြင်းသို့ရောက်သည်ဟု ဆိုသည်။ စင်စစ်၊ ဉာဏ်သစ်အရေးပုံသည် အသိဉာဏ် ထွန်းကားသော ခေတ်သို့ ရောက်ပြီးလျှင်၊ ပြင်သစ်တော်လှန်ရေးခေတ်သို့ ရှေးရှုလေသည်။[]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)