မာတိကာသို့ ခုန်သွားရန်

ဂျွန်ကယ်လ်ဗင်

ဝီကီပီးဒီးယား မှ
၁၆:၅၈၊ ၂၉ ဩဂုတ် ၂၀၁၉ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း  (-ပြဌာန်း +ပြဋ္ဌာန်း)) တည်းဖြတ်သည့်မူ
ဂျွန်ကယ်လ်ဗင် (၁၅၀၉-၁၅၆၄)
Institutio christianae religionis, 1597

ဥရောပတိုက် သမိုင်းတွင် ထင်ရှားသော ခရစ်ယာန်အယူဝါဒ အရေးတော်ပုံခေတ်က ကျော်ကြားသူ ပုဂ္ဂိုလ်ထူးများတွင် ဂျွန်ကယ်လ်ဗင်လည်း အပါအဝင်ဖြစ်သည်။

ဂျွန်ကယ်လ်ဗင်သည် ၁၅ဝ၉ ခု ဇူလိုင်လ ၁ဝ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ပစ်ကာဒီနယ် နွာယွန်မြို့၌ဖွားမြင်သည်။ ပထမတွင် သူ၏ဖခင်က သူ့အားခရစ်ယာန်ဘုန်းကြီးဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပါရီမြို့ တွင် ပညာသင်ကြားပေးခဲ့ပြီးလျှင်၊ ရည်ရွယ်ချက်အတိုင်း ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့ရာ အသက် ၁၂ နှစ်အရွယ် ၁၅၂၁ ခုနှစ်တွင် ကယ်လဗင်သည် နွာယွန်မြို့ ဂိုဏ်းအုပ်ဘုန်းတော်ကြီးထံ၌ သင်းအုပ်အဖြစ် ခန့်ထားခြင်းခံရ၏။ ထိုနောက် ၂ နှစ်ခန့်ကြာလျှင် ပါရီမြို့သို့ သွားရောက်၍ မတ်ရှကောလိပ်ကျောင်းတွင် ပြင်ပကျောင်းသားအဖြစ် တက်ရောက်ပညာသင်ကြားခဲ့လေသည်။ ၁၅၂၇ ခုနှစ်တွင် သူ၏ ဇာတိဖြစ်သော နွာယွန်မြို့ရှိ အယူဝါဒဆိုင်ရာ အာဏာပိုင်တို့ကခေါ်၍ သင်းထောက်ဆရာအဖြစ် ခန့်အပ်လိုက်လေသည်။

၁၅၂၈ ခုနှစ်တွင် သူ၏ဖခင်ကတိုက်တွန်းသဖြင့် အော်လီယန်းမြို့သို့သွားရောက်၍ ဥပဒေပညာကိုလေ့လာသင်ကြားခဲ့၏။ နောက်တစ်နှစ်တွင် ဗူးရှံမြို့သို့ပြောင်း၍ ပညာသင်ကြားပြန် သည်။ ဤကဲ့သို့ကယ်လ်ဗင် ပညာသင်ကြားနေချိန်၌ ဥရောပတိုက်တစ်ခုလုံးတွင် ခရစ်ယန်အယူဝါဒ ပြုပြင်ပြောင်းလဲရေးကို ဆွေးနွေးဝေဖန်နေကြသည်။ ဂျာမနီနိုင်ငံတွင် မာတင်လူသာ သည် ဗရင်ဂျီဂိုဏ်း၏ မသန့်ရှင်းမစင်ကြယ်မှုများကို အတိအလင်း ထုတ်ဖေါ်ကြေငြာ၍၊ ခရစ်ယန်အယူဝါဒ ပြုပြင် ပြောင်းလဲရေးကို လှုံ့ဆော်အားပေးလျက်ရှိ၏။ သူ၏ဟောပြောရေးသားချက်များသည် ဂျာမနီနိုင်ငံအတွင်း၌ သာမက ဥရောပတိုက်တစ်တိုက်လုံးရှိ နိုင်ငံအနှံ့အပြားသို့ ဂယက်ရိုက်သွားခဲ့သည်။ မာတင်လူသာ၏အယူအဆများကို ကယ်လဗင်နှင့် အယူဝါဒ ပြုပြင်ပြောင်းလဲရေးသမား လူငယ်များက လက်ခံယုံကြည်၍ လေ့လာလိုက်စားခဲ့ကြသည်။

ကယ်လ်ဗင်သည် ခရစ်ယာန်အယူဝါဒအရေးတော်ပုံကို တရားလမ်းမှန်ကန်သည်ဟု ယုံကြည်သည့်အတိုင်း အယူဝါဒ ပြုပြင်ပြောင်းလဲရေးသမားတို့၏ အယူအဆများကို လက်ခံပြီးလျှင် ဗရင်ဂျီဂိုဏ်းမှခွဲထွက်ပြီးနောက်၊ မဆုတ်မနစ်သော လုံ့လနှင့် အယူဝါဒပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ခဲ့ရာ များစွာထိရောက်အောင်မြင်ခဲ့သည်။

သို့သော် ထိုသို့အယူဝါဒပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ခဲ့သဖြင့် ဗရင်ဂျီဂိုဏ်းသားများကြီးစိုးသည့် ပါရီမြို့တော်တွင် ကယ်လ်ဗင်သည် ဆက်လက်၍မနေနိုင်တော့ဘဲ ပါရီမြို့တော်မှ အန်ဂူလမ်းမြို့သို့ထွက်ပြေး တိမ်းရှောင်ခဲ့ရ၏။ ထိုအတောအတွင်း 'ခရစ်ယာန်အယူဝါဒ၏ဥပဒေသများ'ခေါ် စာအုပ်ကို အန်ဂူလမ်းမြို့ရှိ ကသီဒရယ်ဘုရားရှိခိုးကျောင်းမှရေးသားခဲ့၏။ ၁၅၃၆-ခု ဇူလိုင်လအတွင်း၌ ကယ်လ်ဗင်သည် အဖေါ်( ၂)ဦးနှင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ အင်း (ခေါ်) ထမင်းဆိုင်တစ်ခုတွင် ဝင်ရောက်တည်းခိုခဲ့၏။ ထိုသူ ၃ ဦးမှာ ပြင်သစ်နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်၍ မည်သူနှင့်မျှ တွေ့ဆုံရန် စိတ်မကူးနိုင်ကြပေ။ သို့ရာတွင် ဂျီနီဗာမြို့ရှိ အယူဝါဒ ပြုပြင်ပြောင်းလဲရေးသမား တရားဟောဆရာ ဂီယုမ်းဖားရဲ သည် ကယ်လဗင်တို့ လူစုဆိုက်ရောက်လာကြောင်းသိရလျှင် ကယ်လဗင်တို့ဆီသို့ သွားရောက်ကာ ကယ်လဗင်အား ဂျီနီဗာမြို့တွင် အယူဝါဒ ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်ရန်တောင်းပန်လေသည်။ ဂျီနီဗာမြို့မှာ အယူဝါဒ အရေးတော်ပုံကို လုံးဝလက်ခံသောမြို့ဖြစ်သောကြောင့် ကယ်လ်ဗင်လည်း ဖားရဲ၏တောင်းပန်ချက်ကို လက်ခံလေသည်။

အမှန်သော်ကား ကယ်လဗင်သည် ဂျီနီဗာမြို့တွင်နေရန် မူလက စိတ်မကူးခဲ့သော်လည်း သူသည်လပေါင်းအနည်းငယ်က လွဲ၍ ကွယ်လွန်သည်အထိ ထိုမြို့၌ပင် နေထိုင်ခဲ့၏။ မကြာမီ ကယ်လဗင်နှင့်ဖားရဲတို့သည် ဂျီနီးဗားမြို့ အုပ်ချုပ်ရေးကို ကြိုးကိုင်နိုင်ခဲ့သဖြင့် ရဟန်းအုပ်ချုပ်ရေး စနစ်ဖြင့် အုပ်ချုပ်ရန်ကြိုးပမ်းခဲ့ရာ အတော်အတန် အောင်မြင် ခဲ့၏။ ထိုအုပ်ချုပ်ရေးစနစ်အရ အယူဝါဒဆိုင်ရာခေါင်းဆောင် ကြီးများသည် အာဏာပိုင်များဖြစ်လာကြ၍၊ ပြည်သူလူထုအား အယူဝါဒစည်းမျဉ်းများနှင့်အညီ နေထိုင်ကျင့်ကြံစေရန် အမိန့် များ ထုတ်ဆင့်လေသည်။ ရွှေငွေရတနာ အလှအပဝတ်ဆင်မှု များကိုလည်း ပိတ်ပင်သည်။ သူတို့၏စနစ်နှင့် ဆောင်ရွက်ချက် များမှာ အတော်အတန်အောင်မြင်ခဲ့သော်လည်း၊ ၁၅၃၇-ခုနှစ် တွင် ရဟန်းအစိုးရကို ပုန်ကန်တော်လှန်မှုပေါ်ပေါက်ခဲ့သဖြင့်၊ ကယ်လဗင်နှင့် ဖားရဲတို့လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဖားရဲမူကား ပြန်မပေါ်လာတော့ချေ။ ကယ်လဗင်မှာ စထရပ် ဇဗူးမြို့တွင် ခေတ္တတိမ်းရှောင်နေယင်း၊ ထိုမြို့သူတစ်ဦးနှင့် အိမ်ထောင်ပြုပြီးလျှင် သူ၏ဘာသာရေးအယူအဆများကို ပိုမို တိကျမှန်ကန်စေရန် လေ့လာအားထုတ်ခဲ့သည်။ ထိုနောက်များ မကြာမီ ဂျီနီဗာမြို့မှ ကယ်လဗင်ကို ပြန်လည်ပင့်ခေါ်ခဲ့လေ သည်။

ထိုစဉ်က ဂျီနီဗာမြို့သည် ကယ်လဗင်၏ မြို့တော်ဟု တွင် လျက် အယူဝါဒပြုပြင်ပြောင်းလဲရေး ဌာနချုပ်သဖွယ် ဖြစ်နေ ခဲ့ပေသည်။ သူသည် ဆက်လက်၍ ရဟန်းအုပ်ချုပ်ရေး စနစ် အတိုင်း အုပ်ချုပ်ခဲ့သည်။ ၁၅၅၃ ခုနှစ်တွင် အယူဝါဒလွတ်လပ် မှုကို လိုလားသော ဂျီနီးဗာမြို့သူမြို့သားများသည် ကယ်လဗင် ၏ဝါဒများကို သဘောမကျသော ဆာဗီးတပ်ဆိုသူ တရားဟော ဆရာတစ်ဦးအား မီးရှို့သတ်ဖြတ်ပစ်လိုက်ကြ၏။ ထိုကိစ္စသည် ကယ်လဗင်၏ အုပ်ချုပ်မှုလုပ်ငန်းတွင် အမည်းစက် ထင်စေ ခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ ပေါ့ပေါ့ဆဆ နေထိုင်သွားလိုသူတို့ အဖို့မှာ ကယ်လဗင်၏အုပ်ချုပ်ပုံကို နှစ်သက်နိုင်စရာ မရှိပေ။ တနင်္ဂနွေနေ့များ၌ ဘုရားရှိခိုးကျောင်း မတက်သူများကို ကြီးလေးစွာ အပြစ်ပေးခြင်း၊ လူအများအား ဘာသာရေး အယူအဆတစ်ခုတည်းကိုသာ လိုက်နာစေခြင်း စသည်တို့မှာ တင်းကျပ်လှပေသည်။ ဤသို့ သူ၏စနစ်နှင့် စည်းကမ်း များမှာ အလွန်ပြင်းထန်၍ အာဏာရှင်ဆန်နေသော်လည်း ကယ်လဗင်ကိုယ်တိုင်မှာမူ ညှာတာထောက်ထားတတ်သောစိတ်၊ သနားကြင်နာတတ်သော သဘောထားနှင့် ရန်သူပင်ဖြစ်စေကာ သည်းခံတတ်သော နှလုံးရှိသူဖြစ်၍ သစ္စာမြဲမြံသူလည်း ဖြစ်၏။ အယူဝါဒ လွတ်လပ်မှုအတွက် ရှေ့ဆောင်ရှေ့ရွက်ပြုလုပ်ရာတွင်၊ ကယ်လဗင်သည် အမှန်တရားကိုသာရှာဖွေသူ ဖြစ်သောကြောင့် မည်သည့်အယူအဆမျိုးကိုမဆို သဘောတရားတစ်ခုအဖြစ် လက်ခံစဉ်းစားခဲ့၏။ အယူဝါဒရေးရာတွင်သာ ဤသို့ အမြင် ကျယ် ခဲ့သည်မဟုတ်ဘဲ၊ တိုင်းရေး ပြည်ရေးတွင်လည်း ဆန်းသစ်သောအမြင်များ ရှိခဲ့လေသည်။

ဂျီနီဗာမြို့တော်၏အုပ်ချုပ်ရေးကို သူ၏လက်သို့ ဝကွက်၍ အပ်နှင်းကြသောအခါ၊ မြို့တွင်းရှိအညစ်အကြေးများကို သန့်ရှင်း စေခြင်း၊ လူအများကိုစုခေါ်စည်းဝေး၍ ဥပဒေစည်းမျဉ်းများကို ပြုပြင်ပေးခြင်း စသည်တို့ကိုဆောင်ရွက်၏။ အထည်အလိပ်များ ရောင်းဝယ်ခြင်းဖြင့် ဂျီနီဗာမြို့ကြီး၏ စီးပွားရေးကို ဖွံ့ဖြိုးစေ ခဲ့သည်။ သူ့အဖို့မှာမူကား သူ့တစ်အိမ်ထောင်စား လောက်ရုံ မျှသော လစာကိုသာယူ၍ စာအုပ်များကို စီရင်ရေးသားနေခဲ့ ပေသည်။

ကယ်လဗင်၏အယူဝါဒဆိုင်ရာ သဘောတရားများသည် နောင်အခါ ပရက်ဇဗီတီးရီးယန်းဂိုဏ်းဟု တွင်သောခရစ်ယန် ဂိုဏ်းခွဲ၏ အခြေခံသဘောတရားများ ဖြစ်လာလေသည်။ ထိုပြင် ယင်းအယူဝါဒသဘောတရားများသည် ဆွစ်ဇာလန်နိုင်ငံတွင် စတင်အမြစ်တွယ်ခဲ့ပြီးနောက်၊ ပြင်သစ်နိုင်ငံသို့ ၎င်း၊ ဟော်လန်၊ စကော့တလန်နှင့် အင်္ဂလန်တိုင်းပြည်များသို့ ၎င်း၊ တဖြည်းဖြည်း ပျံ့နှံ့သွားလေသည်။

ကယ်လဗင်သည် စင်စစ်ခက်ထန်သောစိတ်ဓာတ်ရှိသူ တစ်ယောက်ဖြစ်သော်လည်း၊ ဖြောင့်မတ်၍သတ္တိရှိ၏။ မိတ်ဆွေ သင်္ဂဟများအပေါ် မြဲမြံစွာခင်မင်တတ်၍၊ သူမှန်သည်ထင်လျှင် ထင်သည့်အတိုင်း ကြောက်ရွံ့ခြင်းကင်းမဲ့စွာ ထုတ်ဖော် ပြောဆို တတ်၏။ အလုပ်ကိုလည်း စိတ်ရောကိုယ်ပါ မနားမနေ လုပ်ကိုင်တတ်သဖြင့် ကျန်းမာရေး ချွတ်ယွင်းခဲ့ရာမှ၊ ၁၅၆၄ ခုနှစ် အသက် ၅၅ နှစ်အရွယ်တွင် ကွယ်လွန်လေသည်။ သူ၏ရုပ်အလောင်းကို ရိုးရိုးပင်မြှုပ်နှံလိုက်သောကြောင့် ယခုအခါ သင်္ချိုင်းရာကိုပင် မတွေ့နိုင်တော့ပေ။ [] ပရိုတက်စတင့်၏ ဒဿနရှေ့ဆောင် ဂျွန်ကယ်လ်ဗင်ကို ဘာသာရေးတွင်သာမက ၊အုပ်ချုပ်ရေး ၊နိုင်ငံရေး နှင့် လူမှုရေးစသည့် ကိစ္စရပ်များနှင့် ပတ်သက်လျှင်လည်း အလွန် လူသိများသည်။သူ၏ ဒဿနများမှာ နှစ်ပေါင်း၄၀၀ နီးပါးမျှ ဥရောပတိုက်ရှိ လူသန်းပေါင်းများစွာ အပေါ်တွင် လွှမ်းမိုးနိုင်ခဲ့သည်။

ဂျွန်ကယ်လ်ဗင်ကို ပြင်သစ်နိုင်ငံ နိုယွန်းမြို့တွင် ၁၅၀၉က ဖွားမြင်သည်။ ငယ်စဉ်ကတည်းက ကောင်းစွာပညာသင်ကြားရပြီး ပါရီရှိ မွန်တေဂူကောလိပ်နှင့် ဩလင်းတက္ကသိုလ် တို့တွင် ဥပဒေပညာကို ဆည်းပူးလေ့လာခဲ့သည်။ ထိုနောက် ဘောဂတ်တွင် ဥပဒေပညာကို ဆက်လက် သင်ယူပြန်သည်။

ကယ်လ်ဗင် အသက်ကိုးနှစ်အရွယ်တွင် ဂျာမနီရှိ မာတင်လူသာက ကန့်ကွက်ချက် ၉၅ချက်ကို ရေးသားချိတ်ဆွဲခဲ့ချိန်လည်း ဖြစ်သည်။(ထိုမှ အစပြုပြီး ပရီုတက်စတင့် တော်လှန်ရေးစတင်ခဲ့ခြင်းဖြစ်သည်။)သို့ဖြင့် ငယ်ရွယ်စဉ်က ရိုမန်ကတ်သလစ်အဖြစ်နေခဲ့ရာမှ ပရိုတက်စတင့်ဂိုဏ်းဝင် တစ်ဦးဖြစ်လာခဲ့သည်။ ထိုနောက် ဖမ်းဆီးနှိပ်ကွပ်သည့် ဘေးမှလွတ်ရန် ပါရီမှပြေးခဲ့ပြီး အတန်ကြာအောင် ခရီးလှည့်လည်နေခဲ့သည်။ ထိုနောက်ပိုင်း ဆွစ်ဇာလန်နိုင်ငံ ၊ ဗရက်ဆဲလ်မြို့ တွင်လျှို့ဝှက်နေထိုင်ပြီး ထာ၀ရဘုရားဝါဒကို အပြင်းအထန်လေ့လာဆည်းပူးသည်။၁၅၃၉ ခုနှစ်၊ အသက် ၂ရနှစ်တွင် အကျော်ကြားဆုံးနှင့် လူသိအများဆုံး ကျမ်းဖြစ်သည့် ခရစ်ယာန်ဘာသာ ယုံကြည်မှု လေ့လာပုံအမျိုးမျိုး ကိုထုတ်ဝေခဲ့သည်။ ထိုကျမ်းတွင် ပရိုတက်စတင့် တို့အတွက် ကိုးကွယ်ဆည်းကပ်မှု ပုံစံများကို စနစ်တကျပုံသွင်း ရေးသားပြုစုပေးခဲ့သဖြင့် လူသိများထင်ရှားလာခဲ့တော့သည်။

ထိုအချိန်တွင် ပရိုတက်စတင့်တို့မှာ အလျင်အမြန်အားကောင်းလာပြီဖြစ်သဖြင့် ဂျွန်ကယ်လ်ဗင်လည်း ဂျီနီဗာမြို့သို့ ပြောင်းရွေ့လာပြီး အများ၏ ယုံကြည်မှုခေါင်းဆောင်ဖြစ်လာတော့သည်။ အချိန်တိုအတွင်း အယူပြင်းထန်သူ ဂွျန်ကယ်လ်ဗင် နှင့် ဂျီနီဗာသားတို့မှာ မသင့်မတင့်ဖြစ်လာကာ သူ့အားနှင်ထုတ်လိုက်ကြသည်။ သို့သော် ၁၅၄၁ တွင်ပြန်လည် တောင်းပန်ပင့်ဖိတ်ပြန်သဖြင့် ဂျီနီဗာသို့ပြန်လာပြီး ကွယ်လွန်ချိန် ၁၅၆၄အထိ ခေါင်းဆောင်အဖြစ်နေထိုင်သွားခဲ့သည်။

ဖွဲ့စည်းပုံ သဘောတရားအရ ဂွျန်ကယ်လ်ဗင်မှာ ဂျီနီဗာ၏ အာဏာပိုင်မဟုတ်ပေ။ အာဏာကို အုပ်ချုပ်ရေးကောင်စီမှ ကောင်စီဝင် ၂၅ဦးကချုပ်ကိုင်ထားခြင်းဖြစ်ပြီး မြို့တော်သားများက ကိစ္စအဝဝတွင် လွတ်လပ်စွာ မဲပေးခွင့်ရှိကြသည်။ နှင်ထုတ်ခံခဲ့ရစဉ်က ကောင်စီဝင်များနှင့် မပြေလည်သောကြောင့်လည်းဖြစ်သည်။ သို့သော် ၁၅၅၅ နောက်ပိုင်းမှစတင်ကာ ဂျီနီဗာ၏ အာဏာရှင်သဖွယ် နေထိုင်အုပ်ချုပ်သွားခဲ့သည်။

မူဝါဒနှင့် စွမ်းဆောင်ချက်များ

ကယ်လ်ဗင် ဦးဆောင်သည့် ဂျီနီဗာသည် အချိန်တိုအတွင်း ပရိုတက်စတင့်တို့၏ ဦးဆောင်အရပ်ဖြစ်လာပြီး အချိန်အတန်ကြာ ပရိုတက်စတင့်တို့၏ ရောမဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။ အခြားအရပ်တို့တွင် ပရိုတက်စတင့် ပြန့်ပွားထွန်းကားရေးကို ကူညီသည်။ ပြန်လည်ခေါ်ယူခြင်းခံရပြီးနောက် ကျောင်းတေဨ်ဆိုင်ရာ ပြုပြင်ရေးများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သည်။ အခြားတိုင်းပြည်များတွင်ပါဆောင်ရွက်ရန် အားပေးတိုက်တွန်းကူညီသည်။ ဘာသာရေးဆိုင်ရာပြုပြင်ရေး ကျမ်းများကို ရေးသားဟောပြောပို့ချသည်။

သူ့လက်ထက်တွင် ဂျီနီဗာသည် ဘာသာရေးဆိုင်ရာနှင့် အကျင့်စာရိတ္တပိုင်းတို့တွင် သန့်ရှင်းရမည်ဟု အကြီးအကျယ် အော်မြည်ရာ အရပ်လည်းဖြစ်လာသည်။ သို့ဖြင့် တင်းကျပ်လွန်းသည့် ဥပဒေများကို ပြဋ္ဌာန်းကျင့်သုံးစေသည်။ အိမ်ထောင်ရေးဖောက်ပြန်ခြင်း နှင့် မျိုးဆက်ပွားရန်အတွက်မဟုတ်ပဲ လိင်မှုကိစ္စပြုခြင်းတို့ကို တားမြစ်သည်သာမက လောင်းကစားခြင်း၊ အရက်သေစာ သုံးဆောင်ခြင်း၊ ကပွဲခုန်ပွဲကျင်းပခြင်း ၊ ဂီတတီးမှုတ်ခြင်းတို့ကိုလည်း ပိတ်ပင်သည်။ အထက်ပါအမှုတို့ကို ကျူးလွန်ပါက ပြစ်ဒဏ်ကြီးကြီးပေးလေ့ရှိသည်။ ကျောင်းတော်က ပြဋ္ဌာန်းထားသည့် အချိန်တိုင်း ပုံမှန်လာရောက် ဝတ်ပြုရပြီး တရားရှည်လျားစွာဟောကြားသည်မှာလည်း အကြောင်းတစ်ရပ်ဖြစ်လာသည်။

ထူးခြားမှု တစ်ရပ်အနေဖြင့် အလုပ်ကြိုးစားခြင်းကို နှစ်ခြိုက်အားပေးပြီး သူ့လက်ထက်တွင် ဂျီနီဗာတက္ကသိုလ် ကို တည်ထောင်သည်။ သို့သော် ဘာသာရေး နှင့် ပတ်သက်လျှင် အယူသီးပြီး သီးခံတတ်သူမဟုတ်ပေ။ မိစ္ဆာဒိဋ္ဌိ၊ စုန်းတတ်သူ ဟု စွပ်စွဲကာ ကားစင်တင်မီးရှို့သတ်ဖြတ်ခဲ့သူ မနည်းခဲ့ပေ။ ထိုအထဲတွင် သုံးပါးတစ်ဆူဝါဒကို သံသယရှိသည်ဟု ပြောမိခဲ့သည့် နာမည်ကျော် စပိန်သမားတော် မိုက်ကယ်လ်ဆာဗေးတစ် တစ်ဦးလည်း အပါအဝင်ဖြစ်သည်။ (၁၅၅၃)


ရည်ညွှန်းကိုးကား

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)၊ အပိုင်း(ခ)