မာတိကာသို့ ခုန်သွားရန်

ဂျွန်ကယ်လ်ဗင်

ဝီကီပီးဒီးယား မှ
ဂျွန်ကယ်လ်ဗင် (၁၅၀၉-၁၅၆၄)
Institutio christianae religionis, 1597

ဂျွန်ကယ်လ်ဗင် (အင်္ဂလိပ်: John Calvin) သည် ဥရောပတိုက် သမိုင်းတွင် ထင်ရှားသော ခရစ်ယာန် အယူဝါဒ အရေးတော်ပုံ (Reformation) ခေတ်က ကျော်ကြားသူ ပုဂ္ဂိုလ်ထူး ဖြစ်သည်။ သူ၏ အယူဝါဒ သဘောတရားများသည် နောင်အခါ ပရက်ဇဗီတီးရီးယန်းဂိုဏ်း (Presbyterian) ဟု တွင်သော ခရစ်ယန် ဂိုဏ်းခွဲ၏ အခြေခံ သဘောတရားများ ဖြစ်လာလေသည်။ ဘာသာရေးတွင်သာ မက၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး နှင့် လူမှုရေး စသည့် ကိစ္စရပ်များနှင့် ပတ်သက်လျှင်လည်း အလွန် လူသိများသည်။

အစောပိုင်းဘဝ

[ပြင်ဆင်ရန်]

သူသည် ၁၅ဝ၉ ခု ဇူလိုင်လ ၁ဝ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ ပစ်ကာဒီနယ် (Picardy)၊ နွာယွန် (Noyon) မြို့၌ ဖွားမြင်သည်။ ပထမတွင် သူ၏ ဖခင်က သူ့အား ခရစ်ယာန်ဘုန်းကြီးဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပါရီမြို့တွင် ပညာသင်ကြားပေးခဲ့ပြီးလျှင်၊ ရည်ရွယ်ချက်အတိုင်း ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့ရာ အသက် ၁၂ နှစ် အရွယ် ၁၅၂၁ ခုနှစ်တွင် ကယ်လဗင်သည် နွာယွန်မြို့ ဂိုဏ်းအုပ် ဘုန်းတော်ကြီးထံ၌ သင်းအုပ်အဖြစ် ခန့်ထားခြင်း ခံရ၏။

ထိုနောက် ၂ နှစ်ခန့် ကြာလျှင် ပါရီမြို့သို့ သွားရောက်၍ မတ်ရှ (Collège de la Marche) ကောလိပ်ကျောင်းတွင် ပြင်ပ ကျောင်းသားအဖြစ် တက်ရောက် ပညာသင်ကြားခဲ့လေသည်။ ၁၅၂၇ ခုနှစ်တွင် သူ၏ ဇာတိ ဖြစ်သော နွာယွန်မြို့ရှိ အယူဝါဒ ဆိုင်ရာ အာဏာပိုင်တို့က ခေါ်၍ သင်းထောက်ဆရာအဖြစ် ခန့်အပ်လိုက်လေသည်။

၁၅၂၈ ခုနှစ်တွင် သူ၏ ဖခင်က တိုက်တွန်းသဖြင့် အော်လီယန်း (Orléans) မြို့သို့ သွားရောက်၍ ဥပဒေပညာကို လေ့လာ သင်ကြားခဲ့၏။ နောက်တစ်နှစ်တွင် ဗူးရှံ (Bourges) မြို့သို့ ပြောင်း၍ ပညာသင်ကြားပြန်သည်။

အယူဝါဒ ပြုပြင်ပြောင်းလဲရေးသို့ ကူးပြောင်းခြင်း

[ပြင်ဆင်ရန်]

ဤကဲ့သို့ ကယ်လ်ဗင် ပညာသင်ကြားနေချိန်၌ ဥရောပတိုက် တစ်ခုလုံးတွင် ခရစ်ယန် အယူဝါဒ ပြုပြင်ပြောင်းလဲရေးကို ဆွေးနွေး ဝေဖန်နေကြသည်။ ဂျာမနီနိုင်ငံတွင် မာတင်လူသာသည် ဗရင်ဂျီဂိုဏ်း၏ မသန့်ရှင်း၊ မစင်ကြယ်မှုများကို အတိအလင်း ထုတ်ဖော် ကြေညာ၍၊ ခရစ်ယန် အယူဝါဒ ပြုပြင် ပြောင်းလဲရေးကို လှုံ့ဆော် အားပေးလျက်ရှိ၏။ သူ၏ ဟောပြော ရေးသားချက်များသည် ဂျာမနီနိုင်ငံ အတွင်း၌ သာမက ဥရောပတိုက် တစ်တိုက်လုံးရှိ နိုင်ငံ အနှံ့အပြားသို့ ဂယက်ရိုက် သွားခဲ့သည်။ မာတင်လူသာ၏ အယူအဆများကို ကယ်လဗင်နှင့် အယူဝါဒ ပြုပြင်ပြောင်းလဲရေးသမား လူငယ်များက လက်ခံ ယုံကြည်၍ လေ့လာ လိုက်စားခဲ့ကြသည်။

ကယ်လ်ဗင် အသက် ကိုးနှစ် အရွယ်တွင် ဂျာမနီရှိ မာတင်လူသာက ကန့်ကွက်ချက် ၉၅ ချက်ကို ရေးသား ချိတ်ဆွဲခဲ့ချိန်လည်း ဖြစ်သည်။ (ထိုမှ အစပြုပြီး ပရိုတက်စတင့် တော်လှန်ရေး စတင် ခဲ့ခြင်း ဖြစ်သည်။) သို့ဖြင့် ငယ်ရွယ်စဉ်က ရိုမန်ကတ်သလစ်အဖြစ် နေခဲ့ရာမှ ပရိုတက်စတင့်ဂိုဏ်းဝင် တစ်ဦး ဖြစ်လာခဲ့သည်။

ကယ်လ်ဗင်သည် ခရစ်ယာန် အယူဝါဒ အရေးတော်ပုံကို တရားလမ်း မှန်ကန်သည်ဟု ယုံကြည်သည့် အတိုင်း အယူဝါဒ ပြုပြင် ပြောင်းလဲရေးသမား တို့၏ အယူအဆများကို လက်ခံပြီးလျှင် ဗရင်ဂျီဂိုဏ်းမှ ခွဲထွက်ပြီးနောက်၊ မဆုတ်မနစ်သော လုံ့လနှင့် အယူဝါဒ ပြုပြင် ပြောင်းလဲရေးကို ဆောင်ရွက်ခဲ့ရာ များစွာ ထိရောက် အောင်မြင်ခဲ့သည်။ ထိုနောက် ဖမ်းဆီး နှိပ်ကွပ်သည့် ဘေးမှ လွတ်ရန် ပါရီမှ ပြေးခဲ့ပြီး အတန်ကြာ အောင် ခရီး လှည့်လည် နေခဲ့သည်။ ထိုနောက်ပိုင်း ဆွစ်ဇာလန်နိုင်ငံ၊ ဗရက်ဆဲလ်မြို့ တွင် လျှို့ဝှက် နေထိုင်ပြီး ထာဝရ ဘုရားဝါဒကို အပြင်းအထန် လေ့လာ ဆည်းပူးသည်။

အဓိက ကျမ်းများ

[ပြင်ဆင်ရန်]

၁၅၃၉ ခုနှစ်၊ အသက် ၂၇ နှစ်တွင် အကျော်ကြားဆုံးနှင့် လူသိ အများဆုံး ကျမ်း ဖြစ်သည့် ခရစ်ယာန်ဘာသာ ယုံကြည်မှု လေ့လာပုံ အမျိုးမျိုး ကို ထုတ်ဝေခဲ့သည်။ ထိုကျမ်းတွင် ပရိုတက်စတင့်တို့ အတွက် ကိုးကွယ် ဆည်းကပ်မှု ပုံစံများကို စနစ်တကျ ပုံသွင်း ရေးသား ပြုစုပေးခဲ့သဖြင့် လူသိများ ထင်ရှား လာခဲ့တော့သည်။

သို့သော် ထိုသို့ အယူဝါဒ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ခဲ့သဖြင့် ဗရင်ဂျီ (ကက်သလစ်) ဂိုဏ်းသားများ ကြီးစိုးသည့် ပါရီ မြို့တော်တွင် ကယ်လ်ဗင်သည် ဆက်လက်၍ မနေနိုင်တော့ဘဲ ပါရီ မြို့တော်မှ အန်ဂူလမ်းမြို့ (Angoulême) သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရ၏။ ထိုအတောအတွင်း 'ခရစ်ယာန် အယူဝါဒ၏ ဥပဒေသများ - Institutio Christiane Religionis' ခေါ် စာအုပ်ကို အန်ဂူလမ်းမြို့ရှိ ကသီဒြယ် ဘုရားရှိခိုးကျောင်းမှ ရေးသားခဲ့၏။

ဂျီနီဗာမြို့မှ လုပ်ငန်းများ

[ပြင်ဆင်ရန်]

၁၅၃၆ ခု ဇူလိုင်လ အတွင်း၌ ကယ်လ်ဗင်သည် အဖော် ၂ ဦးနှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ အင်း (ခေါ်) ထမင်းဆိုင် တစ်ခုတွင် ဝင်ရောက် တည်းခိုခဲ့၏။ ထိုသူ ၃ ဦးမှာ ပြင်သစ်နိုင်ငံမှ ထွက်ပြေး တိမ်းရှောင် လာကြသူများ ဖြစ်၍ မည်သူနှင့်မျှ တွေ့ဆုံရန် စိတ်မကူးနိုင် ကြပေ။ သို့ရာတွင် ဂျီနီဗာမြို့ရှိ အယူဝါဒ ပြုပြင် ပြောင်းလဲရေးသမား တရားဟော ဆရာ ဂီယုမ်းဖားရဲ သည် ကယ်လဗင်တို့ လူစု ဆိုက်ရောက် လာကြောင်း သိရလျှင် ကယ်လဗင်တို့ဆီသို့ သွားရောက်ကာ ကယ်လဗင်အား ဂျီနီဗာမြို့တွင် အယူဝါဒ ပြုပြင် ပြောင်းလဲရေးများကို ဆောင်ရွက်ရန် တောင်းပန်လေသည်။ ဂျီနီဗာမြို့မှာ အယူဝါဒ အရေးတော်ပုံကို လုံးဝ လက်ခံသော မြို့ ဖြစ်သောကြောင့် ကယ်လ်ဗင်လည်း ဖားရဲ၏ တောင်းပန်ချက်ကို လက်ခံလေသည်။

အမှန်သော်ကား ကယ်လဗင်သည် ဂျီနီဗာမြို့တွင် နေရန် မူလက စိတ်မကူး ခဲ့သော်လည်း သူသည် လပေါင်း အနည်းငယ်က လွဲ၍ ကွယ်လွန်သည် အထိ ထိုမြို့၌ပင် နေထိုင်ခဲ့၏။ မကြာမီ ကယ်လဗင်နှင့် ဖားရဲတို့သည် ဂျီနီးဗားမြို့ အုပ်ချုပ်ရေးကို ကြိုးကိုင်နိုင်ခဲ့သဖြင့် ရဟန်း အုပ်ချုပ်ရေး စနစ်ဖြင့် အုပ်ချုပ်ရန် ကြိုးပမ်းခဲ့ရာ အတော်အတန် အောင်မြင်ခဲ့၏။ ထို အုပ်ချုပ်ရေး စနစ်အရ အယူဝါဒ ဆိုင်ရာ ခေါင်းဆောင်ကြီးများသည် အာဏာပိုင်များ ဖြစ်လာကြ၍၊ ပြည်သူ လူထုအား အယူဝါဒ စည်းမျဉ်းများနှင့် အညီ နေထိုင် ကျင့်ကြံစေရန် အမိန့်များ ထုတ်ဆင့်လေသည်။ ရွှေငွေရတနာ အလှအပ ဝတ်ဆင်မှုများကိုလည်း ပိတ်ပင်သည်။

သူတို့၏ စနစ်နှင့် ဆောင်ရွက်ချက်များမှာ အတော် အတန် အောင်မြင်ခဲ့ သော်လည်း၊ ၁၅၃၇ ခုနှစ်တွင် ရဟန်း အစိုးရကို ပုန်ကန် တော်လှန်မှု ပေါ်ပေါက်ခဲ့ သဖြင့်၊ ကယ်လဗင်နှင့် ဖားရဲတို့လည်း ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။ ဖားရဲမူကား ပြန်မ ပေါ်လာ တော့ချေ။ ကယ်လဗင်မှာ စထရပ်ဇဗူးမြို့ (Strassburg) တွင် ခေတ္တ တိမ်းရှောင်နေယင်း၊ ထိုမြို့သူ တစ်ဦးနှင့် အိမ်ထောင် ပြုပြီးလျှင် သူ၏ ဘာသာရေး အယူအဆများကို ပိုမို တိကျ မှန်ကန်စေရန် လေ့လာ အားထုတ်ခဲ့သည်။

ထိုနောက် များမကြာမီ ဂျီနီဗာမြို့မှ ကယ်လဗင်ကို ပြန်လည် ပင့်ခေါ်ခဲ့လေသည်။ (ထိုအချိန်တွင် ပရိုတက်စတင့်တို့မှာ အလျင်အမြန် အားကောင်းလာပြီ ဖြစ်သဖြင့် ဂျွန်ကယ်လ်ဗင်လည်း ဂျီနီဗာမြို့သို့ ပြောင်းရွေ့ လာပြီး အများ၏ ယုံကြည်မှု ခေါင်းဆောင် ဖြစ်လာ တော့သည်။ သို့သော် ၁၅၄၁ တွင် ပြန်လည် တောင်းပန် ပင့်ဖိတ်ပြန် သဖြင့် ဂျီနီဗာသို့ ပြန်လာပြီး ကွယ်လွန်ချိန် ၁၅၆၄ အထိ ခေါင်းဆောင် အဖြစ် နေထိုင် သွားခဲ့သည်။)

မူဝါဒများနှင့် အုပ်ချုပ်ရေး

[ပြင်ဆင်ရန်]

ထိုစဉ်က ဂျီနီဗာမြို့သည် ကယ်လဗင်၏ မြို့တော်ဟု တွင်လျက် အယူဝါဒ ပြုပြင် ပြောင်းလဲရေး ဌာနချုပ် သဖွယ် ဖြစ်နေ ခဲ့ပေသည်။ သူသည် ဆက်လက်၍ ရဟန်း အုပ်ချုပ်ရေး စနစ် အတိုင်း အုပ်ချုပ်ခဲ့သည်။ အချိန် တိုအတွင်း အယူပြင်းထန်သူ ဂျွန်ကယ်လ်ဗင် နှင့် ဂျီနီဗာသားတို့မှာ မသင့်မတင့် ဖြစ်လာကာ သူ့အား နှင်ထုတ် လိုက်ကြသည်။

ဖွဲ့စည်းပုံ သဘောတရားအရ ဂျွန်ကယ်လ်ဗင်မှာ ဂျီနီဗာ၏ အာဏာပိုင် မဟုတ်ပေ။ အာဏာကို အုပ်ချုပ်ရေး ကောင်စီမှ ကောင်စီဝင် ၂၅ ဦးက ချုပ်ကိုင် ထားခြင်း ဖြစ်ပြီး မြို့တော်သားများက ကိစ္စ အဝဝတွင် လွတ်လပ်စွာ မဲပေး ခွင့် ရှိကြသည်။ နှင်ထုတ်ခံခဲ့ရစဉ်က ကောင်စီဝင်များနှင့် မပြေလည် သော ကြောင့်လည်း ဖြစ်သည်။ သို့သော် ၁၅၅၅ နောက်ပိုင်းမှ စတင်ကာ ဂျီနီဗာ၏ အာဏာရှင် သဖွယ် နေထိုင် အုပ်ချုပ် သွားခဲ့သည်။

ကယ်လ်ဗင် ဦးဆောင်သည့် ဂျီနီဗာသည် အချိန် တိုအတွင်း ပရိုတက်စတင့် တို့၏ ဦးဆောင် အရပ် ဖြစ်လာပြီး အချိန် အတန်ကြာ ပရိုတက်စတင့် တို့၏ ရောမ ဟုပင် တင်စား ခေါ်ဝေါ် ခဲ့ကြသည်။ အခြား အရပ်တို့တွင် ပရိုတက်စတင့် ပြန့်ပွား ထွန်းကားရေးကို ကူညီသည်။ ပြန်လည် ခေါ်ယူခြင်း ခံရပြီးနောက် ကျောင်းတော် ဆိုင်ရာ ပြုပြင်ရေး များကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်သည်။ အခြား တိုင်းပြည်များ တွင်ပါ ဆောင်ရွက်ရန် အားပေး တိုက်တွန်း ကူညီသည်။ ဘာသာရေး ဆိုင်ရာ ပြုပြင်ရေး ကျမ်းများကို ရေးသား ဟောပြော ပို့ချသည်။

သူ့ လက်ထက်တွင် ဂျီနီဗာသည် ဘာသာရေး ဆိုင်ရာနှင့် အကျင့် စာရိတ္တပိုင်း တို့တွင် သန့်ရှင်း ရမည်ဟု အကြီးအကျယ် အော်မြည် ရာ အရပ် လည်း ဖြစ်လာသည်။ သို့ဖြင့် တင်းကျပ် လွန်းသည့် ဥပဒေ များကို ပြဋ္ဌာန်း ကျင့်သုံး စေသည်။ အိမ်ထောင်ရေး ဖောက်ပြန်ခြင်း နှင့် မျိုးဆက်ပွားရန် အတွက် မဟုတ်ပဲ လိင်မှု ကိစ္စ ပြုခြင်း တို့ကို တားမြစ် သည် သာမက လောင်းကစား ခြင်း၊ အရက်သေစာ သုံးဆောင် ခြင်း၊ ကပွဲခုန်ပွဲ ကျင်းပ ခြင်း၊ ဂီတ တီးမှုတ် ခြင်း တို့ကိုလည်း ပိတ်ပင်သည်။ အထက်ပါ အမှု တို့ကို ကျူးလွန် ပါက ပြစ်ဒဏ်ကြီးကြီး ပေးလေ့ ရှိသည်။ ကျောင်းတော်က ပြဋ္ဌာန်း ထားသည့် အချိန် တိုင်း ပုံမှန် လာရောက် ဝတ်ပြု ရပြီး တရား ရှည်လျားစွာ ဟောကြား သည်မှာလည်း အကြောင်း တစ်ရပ် ဖြစ်လာသည်။ တနင်္ဂနွေနေ့များ၌ ဘုရားရှိခိုးကျောင်း မတက်သူများကို ကြီးလေးစွာ အပြစ်ပေးခြင်း၊ လူအများအား ဘာသာရေး အယူအဆ တစ်ခုတည်းကိုသာ လိုက်နာစေခြင်း စသည်တို့မှာ တင်းကျပ် လှပေသည်။

၁၅၅၃ ခုနှစ်တွင် အယူဝါဒ လွတ်လပ်မှုကို လိုလားသော ဂျီနီးဗား မြို့သူမြို့သားများသည် ကယ်လဗင်၏ ဝါဒများကို သဘောမကျသော ဆာဗီးတပ် ဆိုသူ တရားဟော ဆရာ တစ်ဦးအား မီးရှို့ သတ်ဖြတ် ပစ်လိုက် ကြ၏။ ထိုကိစ္စသည် ကယ်လဗင်၏ အုပ်ချုပ်မှု လုပ်ငန်းတွင် အမည်းစက် ထင်စေ ခဲ့သည်။ မည်သို့ပင် ဖြစ်စေ၊ ပေါ့ပေါ့ဆဆ နေထိုင် သွားလိုသူ တို့ အဖို့မှာ ကယ်လဗင်၏ အုပ်ချုပ်ပုံကို နှစ်သက်နိုင်စရာ မရှိပေ။

ထူးခြားမှု တစ်ရပ် အနေဖြင့် အလုပ် ကြိုးစားခြင်းကို နှစ်ခြိုက် အားပေးပြီး သူ့ လက်ထက်တွင် ဂျီနီဗာ တက္ကသိုလ် ကို တည်ထောင်သည်။ သို့သော် ဘာသာရေး နှင့် ပတ်သက်လျှင် အယူသီးပြီး သီးခံတတ်သူ မဟုတ်ပေ။ မိစ္ဆာဒိဋ္ဌိ၊ စုန်းတတ်သူဟု စွပ်စွဲကာ ကားစင်တင် မီးရှို့ သတ်ဖြတ် ခဲ့သူ မနည်း ခဲ့ပေ။ ထို အထဲတွင် သုံးပါး တစ်ဆူ ဝါဒကို သံသယ ရှိသည်ဟု ပြောမိ ခဲ့သည့် နာမည်ကျော် စပိန် သမားတော် မိုက်ကယ်လ် ဆာဗေးတစ် တစ်ဦးလည်း အပါအဝင် ဖြစ်သည်။

ဒဿနနှင့် လွှမ်းမိုးမှု

[ပြင်ဆင်ရန်]

ဤသို့ သူ၏ စနစ်နှင့် စည်းကမ်း များမှာ အလွန် ပြင်းထန်၍ အာဏာရှင် ဆန်နေ သော်လည်း ကယ်လဗင် ကိုယ်တိုင် မှာမူ ညှာတာ ထောက်ထား တတ်သော စိတ်၊ သနား ကြင်နာ တတ်သော သဘောထားနှင့် ရန်သူပင် ဖြစ်စေကာ သည်းခံ တတ်သော နှလုံး ရှိသူ ဖြစ်၍ သစ္စာ မြဲမြံသူလည်း ဖြစ်၏။ ဖြောင့်မတ်၍ သတ္တိရှိ၏။ မိတ်ဆွေ သင်္ဂဟများ အပေါ် မြဲမြံစွာ ခင်မင် တတ်၍၊ သူ မှန်သည် ထင်လျှင် ထင်သည့် အတိုင်း ကြောက်ရွံ့ခြင်း ကင်းမဲ့စွာ ထုတ်ဖော် ပြောဆို တတ်၏။

အယူဝါဒ လွတ်လပ်မှု အတွက် ရှေ့ဆောင် ရှေ့ရွက် ပြုလုပ် ရာတွင်၊ ကယ်လဗင်သည် အမှန် တရားကိုသာ ရှာဖွေသူ ဖြစ်သောကြောင့် မည်သည့် အယူအဆ မျိုးကို မဆို သဘော တရား တစ်ခု အဖြစ် လက်ခံ စဉ်းစား ခဲ့၏။ အယူဝါဒ ရေးရာတွင်သာ ဤသို့ အမြင် ကျယ် ခဲ့သည် မဟုတ်ဘဲ၊ တိုင်းရေး ပြည်ရေး တွင်လည်း ဆန်းသစ်သော အမြင်များ ရှိခဲ့လေသည်။

ဂျီနီဗာ မြို့တော် ၏ အုပ်ချုပ်ရေး ကို သူ၏ လက်သို့ ဝကွက်၍ အပ်နှင်း ကြသော အခါ၊ မြို့တွင်းရှိ အညစ်အကြေး များကို သန့်ရှင်း စေခြင်း၊ လူအများ ကို စုခေါ် စည်းဝေး၍ ဥပဒေ စည်းမျဉ်း များကို ပြုပြင် ပေးခြင်း စသည် တို့ကို ဆောင်ရွက် ၏။ အထည်အလိပ် များ ရောင်းဝယ်ခြင်း ဖြင့် ဂျီနီဗာ မြို့ကြီး ၏ စီးပွားရေး ကို ဖွံ့ဖြိုး စေ ခဲ့သည်။ သူ့ အဖို့ မှာမူကား သူ့ တစ်အိမ်ထောင် စား လောက် ရုံမျှ သော လစာ ကိုသာ ယူ၍ စာအုပ် များကို စီရင် ရေးသား နေခဲ့ ပေသည်။

သူ၏ ဒဿန များမှာ နှစ်ပေါင်း ၄၀၀ နီးပါးမျှ ဥရောပတိုက် ရှိ လူသန်း ပေါင်း များစွာ အပေါ် တွင် လွှမ်းမိုး နိုင်ခဲ့သည်။ ယင်း အယူဝါဒ သဘောတရား များသည် ဆွစ်ဇာလန်နိုင်ငံတွင် စတင် အမြစ်တွယ် ခဲ့ပြီးနောက်၊ ပြင်သစ်နိုင်ငံ သို့၎င်း၊ ဟော်လန်၊ စကော့တလန်နှင့် အင်္ဂလန် တိုင်းပြည်များ သို့၎င်း၊ တဖြည်းဖြည်း ပျံ့နှံ့ သွားလေသည်။

ကွယ်လွန်ခြင်း

[ပြင်ဆင်ရန်]

အလုပ်ကိုလည်း စိတ်ရော ကိုယ်ပါ မနားမနေ လုပ်ကိုင် တတ် သဖြင့် ကျန်းမာရေး ချွတ်ယွင်း ခဲ့ ရာမှ၊ ၁၅၆၄ ခုနှစ် အသက် ၅၅ နှစ် အရွယ် တွင် ကွယ်လွန် လေသည်။ သူ၏ ရုပ်အလောင်း ကို ရိုးရိုးပင် မြှုပ်နှံ လိုက် သော ကြောင့် ယခု အခါ သင်္ချိုင်း ရာ ကိုပင် မတွေ့ နိုင်တော့ ပေ။(၁၅၅၃)



ရည်ညွှန်းကိုးကား

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]