အဗ္ဘောကာသိကဓုတင်
အဗ္ဘောကာသိကဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ အဗ္ဘောကာသိကဓုတင် ဆောက်တည်မည့် ပုဂ္ဂိုလ်သည် ဟင်းလင်းပြင် လွင်တီးခေါင်၌သာ နေရ၏။ အမိုးရှိသော အရိပ်အာဝါသ၌ ဖြစ်စေ၊ သစ်ပင်အောက်၌ ဖြစ်စေ မဝင်ရ၊ မနေရ။
သို့သော် ဥပုသ်ပြု၊ တရားနာ၊ စာသင်၊ စာချရန်ဖြစ်စေ၊ ဆရာ ဥပဇ္ဈာယ်တို့၏ ဝတ်ကြီးဝတ်ငယ်ပြုရန်ဖြစ်စေ ဝင်နိုင်၏။ ဓုတင် မပျက်ပေ။ ထိုအကြောင်းများကြောင့် အမိုးရှိရာသို့ ဝင်နေစဉ် မိုးရွာလျှင် မိုးတိတ်သည်အထိ ဆက်လက်နေနိုင်၏။[၁]
ဆောက်တည်ပုံ
ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် “ဆန္နဉ္စ ရုက္ခမူလဉ္စ ပဋိက္ခိပါမိ” ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ “အမိုးကိုလည်းကောင်း၊ သစ်ပင်ရင်းကိုလည်းကောင်း ပယ်ပါ၏” ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊ “အဗ္ဘောကာသိကင်္ဂံ သမာဒိယာမိ” ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ “အမိုးမရှိသော ဟင်းလင်းပြင်၌ နေလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏” ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁]
ဓုတင် ပျက်စီးခြင်း
အမိုးရှိရာသို့ ဖြစ်စေ၊ သစ်ပင်အောက်သို့ ဖြစ်စေ ဝင်လျှင် အဗ္ဘောကာသိကဓုတင် ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍ ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၁]