အဗ္ဘောကာသိကဓုတင်

ဝီကီပီးဒီးယား မှ

အဗ္ဘောကာသိကဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ အဗ္ဘောကာသိကဓုတင် ဆောက်တည်မည့် ပုဂ္ဂိုလ်သည် ဟင်းလင်းပြင် လွင်တီးခေါင်၌သာ နေရ၏။ အမိုးရှိသော အရိပ်အာဝါသ၌ ဖြစ်စေ၊ သစ်ပင်အောက်၌ ဖြစ်စေ မဝင်ရ၊ မနေရ။

သို့သော် ဥပုသ်ပြု၊ တရားနာ၊ စာသင်၊ စာချရန်ဖြစ်စေ၊ ဆရာ ဥပဇ္ဈာယ်တို့၏ ဝတ်ကြီးဝတ်ငယ်ပြုရန်ဖြစ်စေ ဝင်နိုင်၏။ ဓုတင် မပျက်ပေ။ ထိုအကြောင်းများကြောင့် အမိုးရှိရာသို့ ဝင်နေစဉ် မိုးရွာလျှင် မိုးတိတ်သည်အထိ ဆက်လက်နေနိုင်၏။[၁]

ထေရ်ကြီး၏ပရိက္ခရာ တခုခုကို ကိုင်၍သွားစဉ် မိုးရွာခဲ့သော် လမ်းလယ်ရှိ စရပ်တွင်းသို့ဝင်၍ မိုးခိုနိုင်၏။ ထေရ်ကြီး၏ပရိက္ခရာတခုခုကို မကိုင်ရလျှင် အဆောတလျင် သွား၍ စရပ်တွင်း မဝင်ရ။ မှန်မှန် သွား၍ စရပ်တွင်း၌ မိုးခိုနေနိုင်သည်။ ရုက္ခမူလိကဓုတင်ဆောင်ရဟန်းသည်လည်း ဤ နည်းနှင်နှင်ပင် ကျင့်ရသည်။ [၂]

ဆောက်တည်ပုံ[ပြင်ဆင်ရန်]

ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် ဆန္နဉ္စ ရုက္ခမူလဉ္စ ပဋိက္ခိပါမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ အမိုးကိုလည်းကောင်း၊ သစ်ပင်ရင်းကိုလည်းကောင်း ပယ်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊

အဗ္ဘောကာသိကင်္ဂံ သမာဒိယာမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ အမိုးမရှိသော ဟင်းလင်းပြင်၌ နေလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁]

ဓုတင်ဆောင်ရဟန်း ၃-မျိုး[ပြင်ဆင်ရန်]

ဤ၌လည်း

(၁) အမြတ်စား (=ဥက္ကဋ္ဌ) ဓုတင်ဆောင် ရဟန်းသည် သစ်ပင်, တောင်, အိမ် ကျောင်းတို့ကို အမှီပြု၍ နေခွင့်မရှိ။ လွင်ပြင်၌ သင်္ကန်း ကုဋိပြုလုပ်၍ နေရသည်။

(၂) အလတ်စား (= မဇ္ဈိမ) ဓုတင်ဆောင်ရဟန်းသည် သစ်ပင် တောင် အိမ် ကျောင်းတို့ကိုအမှီပြု၍ အတွင်းသို့ မဝင်ပဲ နေနိုင်ခွင့်ရှိ၏။

(၃) အညံ့စား (= မုဒုက) ဓုတင်ဆောင်ရဟန်းသည် မိုးရေ မဝင်အောင် အမိုးအသွင်ဖြင့် ပြုအပ်သော အပိုင်းအခြားမရှိသော တောင်ဝှမ်း, ကျဲကျဲ မိုးအပ်သော သစ်ခက်မဏ္ဍပ်, ခစီရည်တင်ထားသော ပုဆိုး, လယ်ခင်းစောင့်စသည်တို့ စွန့်ပစ်အပ်သော တဲအို၊ ယင်းတို့၌ နေခွင့်ရှိ၏။ [၂]

ဓုတင် ပျက်စီးခြင်း[ပြင်ဆင်ရန်]

အမိုးရှိရာသို့ ဖြစ်စေ၊ သစ်ပင်အောက်သို့ ဖြစ်စေ ဝင်လျှင် အဗ္ဘောကာသိကဓုတင် ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍  ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၁]

အမ္ဘောကာသိက ဓုတင်ဆောင်ရကျိုး[ပြင်ဆင်ရန်]

  • (၁) နေရာကြောင့်ဖြစ်သောကြောင့်ကြမှုမရှိခြင်း၊
  • (၂) ထိနမိဒ္ဓကို ပယ်ဖျောက်နိုင်ခြင်း၊
  • (၃) “ရဟန်းတို့သည် သားသမင်တို့ အလား မငြိမကပ်ပဲ လှည့်လည်သွားနိုင်လာနိုင်ကြ၏၊ အမြဲ နေရာအိမ်မရှိကြ”ဟု ချီးမွမ်းခြင်းအားလျော်ခြင်း၊
  • (၄) အရိပ်အာဝါသ၌ ငြိကပ် တွယ်တာမှုမရှိခြင်း၊
  • (၅) သွားလိုရာ အရပ် ၄-မျက်နှာတို့၌ အပိတ်အပင်မရှိ သွားလာနိုင်ခြင်း၊
  • (၆) အပ္ပိစ္ဆတာ-စသော ဂုဏ်အားလျော်သော အသက်မွေးမှု ရှိခြင်း ဟူသော အကျိုးများကို ရနိုင်သည်[၃][၂]

တိုက်တွန်းချက်[ပြင်ဆင်ရန်]

  • -ရဟန်းတို့အားသင့်လျော်လျောက်ပတ်သော၊
  • -ရရန်လွယ်ကူသော၊
  • -ပတ္တမြားပမာ ကြယ်တာရာတည်းဟူသော ဗိတာန်မျက်နှာကျက်ရှိသော၊
  • -လမင်းတည်းဟူသော ဆီမီးဖြင့် ထွန်းလင်းပေသော လွင်တီးခေါင်၌နေသော ရဟန်းတော်သည်၊
  • နေရာကျောင်း၌ စွဲငြိမှုမရှိသော စိတ်နှလုံးဖြင့် ထိနမိဒ္ဓကို ပယ်လျက် ဘာဝနာ၌အမှီပြုမွေ့လျော်ခြင်းဖြင့် စျာန် မဂ်ဖိုလ်ကို မကြာမီပင် ရရှိနိုင်၏။

ထို့ကြောင့် ပညာဉာဏ် အဆင်အခြင်ရှိသော ယောဂီရဟန်းမြတ်သည် လွင်တီးခေါင် ဟင်းလင်းပြင်၌ နေခြင်းအလေ့ကို မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သင့်လှပေတော့၏။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ချမ်းမြေ့ဆရာတော် (ဧပြီ ၁၉၉၂)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ရန်ကုန်: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။
  2. ၂.၀ ၂.၁ ၂.၂ တိပိဋကအဘိဓာန် အတွဲ-၁၁
  3. (ဝိသုဒ္ဓိ၊၁၊၇၂-၃)
  4. သဗြဟ္မစာရီ-ဓမ္မဝိနယ