ဩဝါဒထူးပျို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဩဝါဒထူးပျို့ကို စိန္တကျော်သူဦးဩ ရေးသားခဲ့သည်။ ၁၁၂၂ ခုနှစ်တွင် ရေးသားခဲ့သည်။

ဩဝါဒထူးပျို့[ပြင်ဆင်ရန်]

ပထမပိုင်း[ပြင်ဆင်ရန်]

၁။ မင်္ဂလာညွန့်သွယ်၊ အံ့မြီးဘွယ်တိ၊ အန္တရယ်ပျောက်ကင်း၊ ကျမ်းပြီးခြင်းကို၊ လက်င်းမကြာ၊ ဖြည့်နိုင်စွာသား၊ ရတနာသုံး၊ မုတ္တာကုံးကို၊ ရွဲလုံးဝေဆာ၊ ဆင်ပြီးစွာမှ၊ မင်္ဂလာပွဲ၊ ရွှေနန်းထဲဝယ်၊ မြဲစွဲခစား၊ မှူးသားမတ်မြေး၊ မင်းသွေးစိုးရည်၊ ဆောက်တည်ပိုင်နင်း၊ မင်း, မိဖုရား၊ ဝန်းလျားခြွေရံ၊ မိဿံမောင်းမ၊ ပျိုတော်စသား၊ နန်းမဘယ်ညာ၊ အိမ်တော်မှာလည်း၊ မြို့ရွာပိုင်စား၊ သခင်များ၏၊ ထံပါးနေ့ည၊ မြဲစွဲရသည်၊ မိန်းမ, ယောက်ျား၊ မင်းခစားတို့၊ ဖတ်ကြားနာခံ၊ သင်အံလေ့လာ၊ မှတ်သားရတည့်၊ ဩဝါဒထူး၊ စာယဉ်ကျူးကို၊ ပျံ့ပျူးသာရွှင်၊ ဖွဲ့စီရင်ပိမ့်။ ။ အောင်မြင်လွယ်မှု ပြီးလွယ်ဆု


၂။ မှာနားစိမ့်လော့၊ မအိပ်ရာချေ၊ မနေရာအပ်၊ မရပ်ရာငြား၊ မသွားရာမှတ်၊ မဝတ်ရာကျင်၊ မဆင်ရာများ၊ မစားရာမြောက်၊ မသောက်ရာမှု၊ အစုစုကို၊ ယခုရှေ့ဖျား၊ ပြန်လျှောက်ကြားပိမ့်၊ သုံးပါးရတနာ၊ ဆရာသမား၊ ဘိုးဘွားမိဘ၊ စိုးရသခင်၊ ဂုဏ်အင်ကြီးထူ၊ ကိုယ်တူရင်းရှည့်၊ ဖြစ်သည့်သူအား၊ ခြေရင်းထား၍၊ ပေါ့စားလွယ်ကာ၊ မအိပ်ပါနှင့်၊ ဆည်းဆာနေဝင်၊ ဆဲဆဲတွင်၌၊ အိပ်ချင်သော်လည်း၊ စိတ်ကိုတည်း၍၊ နည်းစေအိပ်မှောင်၊ နေထွက်အောင်လျှင်၊ ရှောင်လေလျဉ့်လျဉ့်၊ တညဉ့်သုံးခါ၊ နိုးကြားရာ၏၊ လက်ရာလက်ဝဲ၊ အိပ်နေမြဲလော့၊ ကွဲလွဲငုံ့တုံ့၊ မှောက်ခုံပက်လက်၊ မအိပ်စက်နှင့်၊ ကိုယ့်ထက်မူယူ၊ မြတ်သည့်သူကို၊ အတူနွှဲယှက်၊ အိပ်ဖက်မပေါင်း၊ တောင်စောင်းအနောက်၊ မြောက်သို့တူရူ၊ ခေါင်းမမူရာ၊ ရှေ့မျက်နှာနှင့်၊ တောင်ညာစင်းစင်း၊ ခြေရင်းမပြု၊ ခုလုထစ်ခွင့်၊ နိမ့်မြင့်စောင်းထောင်၊ မာခေါင်ကျောလွန်း၊ ကြမ်းစွန်းဖျားနား၊ မိုးတားရံကာ၊ လွတ်ရာမှာလည်း။ ။ ရှောင်ပါအိပ်ခင်း လွတ်ရှင်းရှင်း


၃။ အသက်အရွယ်၊ အနွယ်အမျိုး၊ အရိုးအရာ၊ ကိုယ်ထက်သာသား၊ ဂုဏ်ဝါစံမြောက်၊ သူတို့မှောက်ဝယ်၊ ရှေ့နောက်စူးစူး၊ မြင့်ဖြူးလေညာ၊ နီးစွာဝေးလွန်း၊ မစွန်းခြောက်ပြစ်၊ ချပုဆစ်နှင့်၊ ကျစ်လစ်လှစေ၊ တင်ပျဉ်ခွေ၍၊ လက်ခြေကားယား၊ နံပါးရှည်နွှဲ၊ စောင်းလွှဲနောက်ဖီ၊ အုံးမှီလက်ထောက်၊ မတ်စောက်ဆောင့်ကြောင့်၊ ဒူထောင်လက်ဖွဲ့၊ မထီမဲ့လျှင်၊ မနွဲ့မကိုင်း၊ ခိုင်းတိုင်းကျားတား၊ မပြားမဝပ်၊ မနေအပ်ရှင့်၊ မရပ်သင့်ရာ၊ ရှောင်ခွင့်မှာမူ၊ လောကဓိပ္ပ၊ ပြည်မသခင်၊ ရှင်မိဖုရား၊ သားတော်, သမီး၊ ဝန်ကြီး, ဝန်ငယ်၊ မင်းနွယ်စိုးဆွေ၊ ယှဉ်နေနီးစပ်၊ ဆက်ကပ်ပွဲလမ်း၊ မင်းခမ်းဆောင်ရွက်၊ စားခွက်စားယောက်၊ အပါးရောက်က၊ မလျောက်မပတ်၊ မတ်လတ်ရိုင်းစိုင်း၊ မကိုင်းမပျပ်၊ မတွားဝပ်ပဲ၊ မရပ်သင့်ချေ၊ ရပ်မိလေက၊ မင်းဒဏ်ကျ၏၊ မိဘဆရာ၊ ပညာဂုဏ်ဖြီး၊ သက်ကြီးရွယ်လွန်၊ ကျင့်မှန်မဖေါက်၊ ရဟန်းမှောက်ဝယ်၊ ချစ်ကြောက်ကြည်ညို၊ အရိုအသေ၊ အချေအငံ၊ ညွတ်ကျိုးနွံမှ၊ အာသံမှတ်ကြိုး၊ ဆုပြည့်ဖြိုးအံ့၊ မိုးတိုးမားတား၊ မပြားမဝပ်၊ မဝပ်မကိုင်း၊ ခိုင်းတိုင်းကြမ်းတန်း၊ အမှန်းမသိ၊ ဒိဋ္ဌိမူကျင့်၊ မရပ်သင့်သည်။ ။ ပြစ်လွင့်လွတ်ကင်း ကြဉ်ရှောင်ကွင်း


၄။ စိုးမင်းသခင်၊ အရှင်မိဘ၊ ရှေ့သို့ကျသော်၊ ကုန်းကွတုပ်ပျပ်၊ နှိပ်ဝပ်ညွတ်ထိုင်၊ နောင်ယိုင်ရှောင်ရှား၊ သွားမှုလာမှု၊ ယဉ်နုလှစေ၊ အခြေကြမ်းတန်း၊ ရှေ့မသန်းနှင့်၊ စိုးနန်းမင်းအိမ်၊ ဆိပ်ငြိမ်စက်တော်၊ ခေါ်သည့်အခိုက်၊ တိုက်ရိုက်သူ့နား၊ မကြားစေလို၊ ထိမ်ဝှက်သို၍၊ ပြောဆိုသည့်ခိုက်၊ ထိုက်လိုက်ခြီးမြှောက်၊ စားသောက်ဘွယ်ရေး၊ တည်ကျွေးသည့်ခိုက်၊ မှားမိုက်ကျေးကျွန်၊ အပြစ်ဝန်နှင့်၊ ဒဏ်ရှိသူအား၊ ထားသည်ရပ်မြေ၊ ဖုတ်တစ္ဆေနှင့်၊ ကင်းမြွေထူထဲ၊ ကျားရဲသစ်ရူး၊ ဘီးလူးရှိရပ်၊ ပေါ်လျှပ်ကောက်ကျစ်၊ မူညစ်သွမ်းဆိုး၊ သူခိုးဖမ်းရာ၊ ကန္တာရတော၊ မြစ်ကြောနက်ကျယ်၊ ပင်လယ်သမုဒ်၊ သတ်ပုတ်တွန်းလှန့်၊ ခိုက်ရန်တွေ့ပွဲ၊ ငြင်းခုံဆဲနှင့်၊ သောင်းသဲစည်ပင်၊ ပွဲသဘင်သို့၊ သွားချင်မူသာ၊ မသွားရတည့်၊ ကြမ်းမှခြေနင်း၊ မပြင်းညံ့သက်၊ လွန်ဖြည်းညက်စေ၊ ညဉ့်နက်မှောင်မည်း၊ တယောက်ထည်းလည်း၊ တင့်ရည်းပေါ့သွပ်၊ မသွားအပ်သည်။ ။ ကြပ်ကြပ်ဝမ်းသွင်း မှတ်သွတ်သွင်း


၅။ ရှောင်ပါစေချင်၊ အဝတ်တွင်လည်း၊ မစင်မကြယ်၊ ရွံဘွယ်စက်ဆုပ်၊ မည်းပုပ်မွဲပြာ၊ စာမချေသေး၊ ဖွတ်ဆေးမလျှော်၊ ညှီစော်မြှေးသန်း၊ ဟောင်းနွမ်းစုတ်ပြတ်၊ ညှိုး, ညစ်ပတ်က၊ မဝတ်လေရာ၊ ဥစ္စာရွှေငွေ၊ ဆန်ရေစပါး၊ ကျွဲနွားယာလယ်၊ လိုမယ်တမ၊ စိတ်တိုင်းကျလျက်၊ ကြွယ်ဝပြည့်စုံ၊ ကုံလင့်ကစား၊ စိုးမင်းလားသို့၊ သောကားသမှု၊ ဝတ်တုမမူ၊ ရှေ့ရှူနောက်ချင့်၊ ကိုယ်နှင့်အင်တန်၊ သင့်အောင်ဖန်၍၊ ခန့်ရန်တော်ရာ၊ ကောင်းမြတ်ပါလည်း၊ စိတ်မှာချင်ချင်၊ မရှိလျှင်မူ၊ မဆင်ဝတ်သင့်၊ ဖိုးမြင့်ကဲကျူး၊ ဝတ်ထူးစားဆန်း၊ ပွင့်လန်းရောင်ဝါ၊ ယဉ်ကျေးစွာကို၊ ချိန်ခါမဲ့ဘဲ၊ မဝတ်လဲနှင့်၊ တွဲလွဲများလျား၊ ဖါယားမြေထိ၊ ရှေ့ငြိနောက်ကျ၊ ခြေချဖဝါး၊ နင်းသွားမသာ၊ ဝါဝါကားကား၊ ကြွားကြွားဝင့်ဝင့်၊ ဝတ်သဖြင့်လည်း၊ မတင့်တယ်ရာ၊ ဓမ္မတာလျှင်၊ လမ်းသာကြွလွယ်၊ ညာဘယ်နောက်ရှေ့၊ ညီစေ့လျင်လျင်၊ မယဉ်မတောင်း၊ ဆင်ဝတ်ကောင်းသည်။ ။ ကျိုးကြောင်းပြစ်ကင်း မြှော်ရှုတင်း


၆။ တန်ဆာပလာ၊ ဆင်ဘွယ်မှာလည်း၊ ရတာရွှေငွေ၊ လွတ်မြတ်စေလော့၊ အနေဆုတ်ယုတ်၊ ခါမဟုတ်က၊ ဖေါ်ထုတ်ပြုပြင်၊ မဆင်ယင်နှင့်၊ ဆံကျင်ဆံထိုး၊ ခါးကြိုးဦးဆောက်၊ လက်ကောက်လက်ကြပ်၊ လက်စွပ်နားပန်း၊ ပန်းမာလ်ခြေကျင်း၊ ရှောင်ကွင်းလည်မှာ၊ ဆင်တန်ဆာလည်း၊ ကာလဒေသ၊ နေ့ညမှတ်ကြိုး၊ အမျိုးအနွယ်၊ အရွက်အသက်၊ ချင့်တွက်ယုတ်မြတ်၊ ဆင်ယင်တတ်မှ၊ ဆင်ဝက်သ၍၊ သူ့စိတ်တွေ၏၊ ညဉ့်နေ့မခြား၊ စားခင်းမှာတုံ၊ ရာသာထွေပြား၊ မြိန်မြတ်ငြားလည်း၊ စားမကြူးရာ၊ ပူဆာစပ်ငန်၊ ချဉ်ဖန်ချိုခါး၊ ထွေထွေစားလည်း၊ သုံးပါးဥတု၊ မြှော်ရမ်းရှုလော့၊ မှီခုတစောင်း၊ အိပ်လျောင်းဝပ်စင်း၊ ခြေဆင်းပေါင်ထောင်၊ ဆောင့်ကြောင့်မတ်စောက်၊ တောင်မြောက်ကြည့်ကွက်၊ ရပ်လျက်သွားလျက်၊ နှစ်ဖက်ပါးနား၊ အံစောင်ဝါး၍၊ မစားလေသင့်၊ ကော်လွှင့်ဝှေ့လှန်၊ ကျောက်ကန်ပုတ်ခတ်၊ ကိုက်ခဲတတ်သည်၊ သတ္တဝါသား၊ မထွားမဆူ၊ သိုးအူပုပ်လောင်၊ ညှီဟောင်သမျှ၊ မစားရသည်။ ။ နေ့ညမကင်း ကြဉ်ရှောင်မင်း


၇။ မသောက်အပ်ထွေ၊ ရှောင်ပါလေလော့၊ မေရယငါး၊ သူရာငါးနှင့်၊ ပိုးမွှားလောက်ကျိ၊ မြူတိနောက်ထင်၊ သန့်စင်မကြည်၊ ရေကိုသည်လည်း၊ ချုပ်ဆည်အာသာ၊ မသောက်ရာတည့်၊ ဘယ်ညာလွှဲလက်၊ ရေခွက်ဖလား၊ လက်ဝါးပြောင်းပြန်၊ ကိုင်ဟန်လှန်မှောက်၊ မသောက်ပြန်ရာ၊ ဟင်းမှာရေထုတ်၊ ဟင်းရှုတ်ရေကို၊ မမျိုလေထိုက်၊ မကျိုက်လေအပ်၊ သတိကြပ်လော့၊ ရှစ်ရပ်ဖျော်ရည်၊ ဆီကြည်ထောပတ်၊ မြိန်မွတ်မြတ်လည်း၊ ကြိုက်တတ်သောအား၊ လျှာကိုတား၍၊ မများစေရ၊ သင့်ရုံမျှသာ၊ သောက်လေရာ၏၊ စာနာခန့်ချို၊ မျက်စိအကျင့်၊ ဝမ်းအချင့်ဟု၊ ယခင့်ဝေါဟာ၊ ထင်ရှားစွာနှင့်၊ သူရာသောက်ဝယ်၊ ပြစ်ခြောက်သွယ်ကား၊ လိုမယ်မရ၊ ရှိမျှဥစ္စာ၊ ပျောက်တတ်စွာ၏၊ နှုတ်သာလက်လွန်၊ ရန်လည်းခိုက်ထိ၊ ပွားတတ်ဘိ၏၊ မျက်စိသီဝေ၊ လက်ခြေတုန်ယင်၊ မဝင်ဝမ်းတွင်း၊ ထမင်းမစား၊ ရောဂါများ၏၊ ပြစ်သားစင်စင်၊ လူရှင်ကဲ့ရဲ့၊ သတင်းမဲ့၏၊ ရှက်ဖွဲ့အရာ၊ ကြောက်ခင်းမှာလည်း၊ အင်္ဂါကိုယ်လုံး၊ မဖုံးလွှမ်းနိုင်၊ စွဲကိုင်ကျိုးပြစ်၊ စိစစ်မမြင်၊ ဆင်ခြင်မရှိ၊ သတိပညာ၊ လျော့ညံ့ရာသည်။ ။ မကြာလက်ငင်း မျက်မှောက်တွင်း


၈။ စေ့ရေစေ့ရေ၊ ဖြစ်ဘူးထွေကို၊ သက်သေတံဆိပ်၊ ပုံခတ်နှိပ်အံ့၊ မအိပ်သီးစောက်၊ တောဆင်ပေါက်နှင့်၊ မိုးသောက်ကြယ်တင်၊ နေဝင်ကောက်လှန်၊ ဥဒါန်းဖြစ်လေ၊ ဆရာစေသား၊ ထင်းခွေတပည့်၊ အိပ်ကြူးသည့်ကြောင့်၊ မပြည့်လိုအင်၊ မျက်စိပင်တည့်၊ မမြင်မွဲတေ၊ ဆုံးဘူးချေ၏၊ တထွေစံတည်၊ လှည်းကုန်သည်ဝယ်၊ ရှေးတည်သမား၊ အအိပ်မှား၍၊ လှည်းသားအားလုံး၊ ရေငတ်ထုံးလည်း၊ ယူကျုံးဘွယ်သာ၊ အနေမှာကား၊ ရတနာစီခတ်၊ နေရာထက်ဝယ်၊ တက်သက်နေမိ၊ ပညာရှိလျက်၊ သတိယွင်းလပ်၊ မင်းဒဏ်ကြပ်၏၊ မရပ်ရာဘိ၊ ရပ်မှားမိသည်၊ ဘူရိဒတ်ဝယ်၊ အလမ္ပာယ်သည်။ ဆိပ်စွယ်ထိလွှမ်း၊ လူရည်နွမ်း၏၊ ထုတ်သမ်းခရီး၊ မသွားဆီး၍၊ ပျက်စီးတိမ်မြုပ်၊ ခန္ဓာချုပ်သည်၊ တရုပ်ပြေးမင်း၊ တိမ်နင်းပျံသန်း၊ ရှင်ကန်းမလင်၊ ပုံပြင်ထူရှည့်၊ ပြည့်တန်ဆာထံ၊ ဆွမ်းရပ်ခံသည်၊ ရှင်ပျံတို့မှ၊ ဈာန်လျောကျ၏၊ စံပအဝတ်၊ ယွင်းမှားချွတ်သည်၊ ဒွတ္တပေါင်မင်း၊ ဆင်ခြင်းမရာ၊ နန္တာသရိယ၊ ပျောက်ပဆုံးပါး၊ စားစရာမှာ၊ မနူဟာနှင့်၊ ဇူဇကာပုဏ္ဏား၊ ဆင်သားစားခွေး၊ သောက်မှားရေးမူ၊ သူဌေးကြီးသား၊ သားစားပြည့်ရှင်၊ တပင်ရွှေထီး၊ ထုံးစံမှီး၍၊ ပျက်စီးသသည့်ဘေး၊ ဝေးကမြှော်မြင်၊ ရှောင်စေချင်သည်။ ။ ဆံမြှင်မြူညှင်း မလစ်ဟင်း

ဒုတိယပိုင်း[ပြင်ဆင်ရန်]

၉။ ပြည်ကြီးအရှင်၊ ထွဋ်သခင်ကား၊ လွင်တွင်ခေါင်ထိ၊ သမုတိဟု၊ မည်ရှိနတ်စစ်၊ မြတ်ဆုံးဖြစ်ရှင့်၊ ကြောက်ချစ်မပြု၊ မင်းကိုတု၍၊ အရှုအလှည့်၊ အကြည့်အကြံ၊ အသံအသက်၊ အလက်အခြေ၊ အနေအသွား၊ အစားအဝတ်၊ အမှတ်အဆင်၊ အရွှင်အရယ်၊ အခြယ်အဆင်၊ အသွင်အမာန်၊ အဖန်အလိမ်း၊ ရာခပ်သိမ်းကို၊ ကြောက်ကြိမ်းရန်သွယ်၊ စိုးမင်းနှယ်လျှင်၊ ရည်ရွယ်ဖက်ထွေ၊ မပြုပေနှင့်၊ တွေဝေမိုက်မှား၊ နာဖျားညှဉ်းဆဲ၊ ဆင်းရဲပူပင်၊ ကျွေးတင်မြီများ၊ မင်းခစားဟု၊ သည်ငါးယောက်လျှင်၊ မသေခင်က၊ အပင်မတည်၊ သူသေမည်ဟု၊ စဉ်ရှည်ရှေးက၊ ဗျာသပုဂ္ဂိုလ်၊ ဟောခဲ့ဆိုရှင့်၊ မင်းလိုလိုက်ညွတ်၊ ခစားတတ်မှ၊ မှူးမတ်ဖြစ်ရာ၊ သည်ကိုစာ၍၊ မျက်နှာမူနည်၊ ရိပ်ခြည်ခွင့်လမ်း၊ မင်းရိပ်ဖမ်းလျက်၊ အကြမ်းသည်မူ၊ အနုသည်မှာ၊ အသာသည်တွင်၊ အတင်သည်ကို၊ သည့်နှယ်လိုဟု၊ စွဲဆိုသတ္တိ၊ မှတ်သိကျွမ်းကျင်၊ ပြုစီရင်မှ၊ ကုံတွင်သိပ္ပ၊ အရာကျသည်။ ။ မင်းခစားရေး မျက်ချစ်ဆေး


၁၀။ မတူမတန်၊ ဂုဏ်ဉာဏ်ကိုယ်နှုတ်၊ ကိုယ်အောက်ယုတ်နှင့်၊ ပြေးဆုတ်နောက်လံ၊ ကြောက်ရွံတတ်လှ၊ အနည်းမျှကို၊ ကိုယ်ကအများ၊ အောင်ပါငြားလည်း၊ ယောက်ျားဇာနည်၊ ဘယ်မှာမည်ချိမ့်၊ အရည်သာငြား၊ အများကိုပင်၊ အောင်ပါချင်လည်း၊ အရှင်ကျေးဇူး၊ ပျောက်ထိမ်မြူးက၊ ညစ်ညူးမည်ပင်၊ ဘယ်ဂုဏ်ထင်အံ့၊ အောင်မြင်ပြီးလျက်၊ မစုံမက်ပဲ၊ နှိပ်စက်တောက်ဆတ်၊ ညှဉ်းပန်းတတ်က၊ သူမြတ်မမည်၊ သို့ဖြစ်သည်ကြောင့်၊ မည်ရည်နေရာ၊ ကိုယ်ထက်သာနှင့်၊ ဗိုလ်ပါစစ်သည်၊ ရှေ့တည်နောက်သွား၊ ကိုယ်ထက်များကို၊ ထိပါးပူးဆိုင်၊ သူကပြိုင်လည်း၊ အောင်နိုင်တတ်ပေ၊ ပလေလက်ခြား၊ အရှင်အားလည်း၊ ဝံ့စားမရှိ၊ ကျေးဇူးသိလျက်၊ သတ္တခိုင်ဖြီး၊ အောင်နိုင်ပြီးလည်း၊ နှိပ်စီးညှဉ်းဆဲ၊ မောင်းမဲမဆို၊ ချစ်ကြည်ညိုအောင်၊ သင်္ဂြိုဟ်လေးသွယ်၊ ထောက်ပံ့ဘွယ်သည်။ ။ မှတ်ရွယ်နောင်ရေး ပိုက်သိမ်းမွေး


၁၁။ ကိုယ်ကျိုးမြှော်ပါ၊ လူလိမ်မာတို့၊ ပညာလိုလျှင်း၊ မဆန်ငြင်းနှင့်၊ အငြင်းကြီးလစ်၊ ခိုက်ရန်ဖြစ်၏၊ အနှစ်ဘဏ္ဍာ၊ ဥစ္စာလိုလျှင်း၊ မရိပျင်းနှင့်၊ အပျင်းကြီးလစ်၊ သူ့ကျွန်ဖြစ်၏၊ ရှေးပြစ်နောက်ထား၊ စကားဆိုလျှင်၊ မမာတင်းနှင့်၊ အတင်းကြီးလစ်၊ ပြတ်သည်ဖြစ်၏၊ စိစစ်ဆင်ခြင်၊ အသွားတွင်လည်း၊ နှေးလျှင်နောက်ကျ၊ မြန်ကရှေ့ရောက်၊ ကြံတိုင်းမြောက်၏၊ စားသောက်ဘွယ်တွင်၊ နှေးလျှင်နောက်ကျန်၊ မြန်လျှင်လမ်းထောက်၊ ခရီးရောက်၏၊ ဘေးပျောက်ရန်ထိမ်၊ ယာယီအိမ်ကို၊ ချမ်းငြိမ်းမြဲသေ၊ မခိုင်စေနှင့်၊ သက်ဝေကြည်ညို၊ မယားကိုလည်း၊ မရိုမသေ၊ မနိုင်စေနှင့်၊ ဖျော်ဖြေစိတ်ငြိမ်း၊ အသိမ်းကိုလည်း၊ ရုံးစည်းအုပ်ထွေ၊ မပိုင်စေနှင့်၊ အိမ်နေမယ်ညို၊ မယားကိုလည်း၊ မြဲသိုမှတ်တုံ၊ မယုံသင့်ဘူး၊ ထွေထူးမြန်းပုံ၊ သူ့ကိုတုံလည်း၊ မဆုံသင့်ဘူး၊ စိတ်ဆူးပုံရွာ၊ ဥစ္စာလိုက၊ မင်းမိန်းမတို့၊ ညွတ်ခဦးတင်၊ မိမိလင်ကို။ ။ ချစ်ခင်မြတ်လေး သိမ်းလုပ်ကျွေး


၁၂။ ရတနာသုံးပါး၊ ဘိုးဘွားမိဘ၊ ဆရာစသား၊ လောကအမှတ်၊ ကိုးရာနတ်ကို၊ မမြတ်လေးထွေ၊ မဖြစ်လေနှင့်၊ ရပ်နေဝေးနီး၊ ခရီးသွားရာ၊ ဥစ္စာရှာလည်း၊ သစ္စာလွဲချော်၊ သူမတော်ကို၊ မခေါ်လေနှင့်၊ ရေမြေစိုးခြင်း၊ မင်းတို့ရှေ့မှာ၊ တတ်ပညာကို၊ အခါမဲ့ထွေ၊ မဖေါ်လေနှင့်၊ ရေမြေစိုးခြင်း၊ မင်းတို့ရှေ့မှာ၊ တတ်ပညာကို၊ အခါမဲ့ထွေ၊ မဖေါ်လေနှင့်၊ သားရေညစ်ငြမ်း၊ ပွဲလမ်းသဘင်၊ ကြည့်ရှုရွှင်၍၊ စိတ်လွင်ပျံ့ဝေ၊ မပျော်လေနှင့်၊ နှုတ်ခြေကြော့ကြမ်း၊ လူယုတ်သွမ်းကို၊ ကြင်ကျွမ်းမိတ်ဆွေ၊ မတော်လေနှင့်၊ ပြစ်မှားကြူးထွေ၊ မကျော်လေနှင့်၊ ပုံသေမှတ်ဘွယ်၊ အကျဉ်းသွယ်သည်။ ။ အကျယ်စိစ္စေး သိမည်ရေး


၁၃။ ထမင်းစိမ့်ဆပ်၊ မနပ်သောခါ၊ အစာမကြေ၊ ရေမအောင်ချိုး၊ ထောင်ပျိုးမပေါက်၊ ရှေ့နောက်မမြင်၊ ဉာဏ်အင်နည်းပါး၊ စကားမတတ်၊ မျိုးဇာတ်နွယ်မြစ်၊ မစစ်သည့်သား၊ ကျင့်သောကား၏၊ ထောင်ထားမှီတင်၊ ငြမ်းကောက်လျှင်လည်း၊ ဝါးပင်ဖြောင့်ခဲ၊ ကောက်လေမြဲတည့်၊ တွင်းထဲရေထွက်၊ ငန်ပေါ့ပျက်က၊ ခပ်ခွက်ရေညို၊ မချိုသောက်တုတ်၊ ငန်မြဲဟုတ်၏၊ ချက်ပြုတ်ဩဇာ၊ အိုးရသာနှင့်၊ ခွက်မှာခူးထား၊ မထူးခြားတည့်၊ သင်ကြားကျန၊ နည်းပြဆရာ၊ ပညာမငံ၊ မကုံထံက၊ နည်းခံတပည့်၊ ပေါ့သွား၏ရှင့်၊ မတည့်မတ်စောက်၊ ရှေ့နွားကောက်က၊ နွားနောက်ပါကျန်၊ လမ်းမမှန်တည့်၊ မှုဝန်စိုးပိုင်၊ ချုပ်ကိုင်ကြီးမား၊ မတည့်ငြားက၊ ခေါင်းသွားမြီးပါ၊ ပဲ့ခွါဦးမျော၊ ငှက်ပျောပင်စိုက်၊ နောက်လိုက်ငယ်သား၊ ချွတ်ယွင်းပါးသည်။ ။ တရားကျင့်ရေး မယဉ်ကျေး


၁၄။ မတင့်တယ်ရာ၊ လူတို့ရွာတွင်၊ လဝါမဲ့ညဉ့်၊ လျဉ့်လျဉ့်ရှက်ဖြာ၊ ရွှေကြာမဲ့ရေ၊ ဝဲဝေလှိုက်ထိုး၊ တံပိုးမဲ့မြစ်၊ လည်ရစ်နွှဲကာ၊ ဟင်းသာမဲ့ကန်၊ တံခွန်မဲ့ငြား၊ စက်ရထားနှင့်၊ ခိုးပွါးမဲ့မီး၊ ဖျက်ဆီးဖြတ်ပယ်၊ အစွယ်မဲ့ဆင်၊ လင်မဲ့မယား၊ တရားမရ၊ လုံ့လမဲ့လူ၊ အယူစောင်းရွဲ့၊ ကျင့်မဲ့ရဟန်း၊ ထီးနန်းကျိုးပဲ့၊ မင်းမဲ့ပြည်ရွာ၊ ကွန်ခြာရှုပ်ဖွဲ့၊ ထိန်းမဲ့ချည်ခင်၊ အရှင်မဲ့ကျွန်၊ ဖျားစွန်နုံနဲ့၊ ကွပ်မဲ့ဝါးကြမ်း၊ ပရမ်းပတာ၊ မဘွယ်ရာသို့၊ ရှေ့လာနောက်တိုး၊ အကျိုးအကြောင်း၊ ဆိုးကောင်းမြတ်ယုတ်၊ ဟုတ်မဟုတ်ကို၊ ရွေးနုတ်တိုင်းတာ၊ စိတ်ဖြာခွဲခြမ်း၊ စုံစမ်းရှုငဲ့၊ ဆင်ခြင်မဲ့က၊ ပြည်ထဲ့သနင်း၊ ထိုသည်မင်းလည်း၊ ပေါ့ဖျင်းယုတ်မာ၊ မကောင်းစွာရှင့်၊ ပညာရှိများ၊ မင်းခစားတို့၊ ဆန်းပြားလိမ္မာ၊ အရာရာကို။ ။ ရှေ့ပါနောက်တွေး ကြံဆွေးနွေး


၁၅။ သုံးပါးတသီး၊ ရယ်ခြင်းကြီးကား၊ ဇနီးအိမ်ရှင်၊ မိမိလင်လည်း၊ ချစ်ခင်သောအား၊ သ္မီးသားကို၊ ပိုက်ဖြားအားရမ်း၊ ချီရှုတ်နမ်းသော်၊ မယ်ဝမ်းကမွေး၊ သူများသွေးကို၊ အလေးတမြတ်၊ သင့်သားမှတ်၍၊ လှည့်ပတ်ဖက်ချီ၊ နမ်းလေပြီဟု၊ မထီမလေး၊ အသွမ်းသွေး၍၊ အဝေးမျက်ကွယ်၊ မယားရယ်၏၊ ငါ့လယ်ငါ့ယာ၊ ငါ့မြေတာဟု၊ ဥစ္စာခင်မင်၊ ဆိုပြန်လျှင်လည်း၊ အရှင်မဲပါ၊ ငါတို့မှာကား၊ ကမ္ဘာမကြေ၊ မချင်းနေ၏၊ အောက်သွေယွင်းယို၊ သင်တို့ကိုမှ၊ လိုမပိုင်ပဲ၊ ဖွယ်သရဲဟု၊ ကျိန်ဆဲသော့နှယ်၊ မြေကရယ်၏၊ ငါ့ဝယ် ငါ့ရွှေ၊ ငါ့ကြေးငွေဟု၊ စိတ်စေကြည်သာ၊ ဆိုပြန်ပါလည်း၊ ကြမ္မာဆော်တိုက်၊ ကောင်းတော်ခိုက်ကို၊ ဧည့်ဆိုက်မျှသာ၊ တဲခိုပါရှင့်၊ ငါးဖြာရန်သူ၊ ယူလှည့်တို့ပါ၊ သေမင်းခွါလည်း၊ သင့်ရာအလျောက်၊ တို့ရောက်သည်ပင်၊ တို့အရှင်လျှင်၊ ဖြစ်ချင်လွန်းလှ၊ လွန်မင်းစွဟု၊ ဒေါသချီချယ်၊ ရွှေ, ငွေ, ရယ်သည်။ ။ သုံးသွယ်ရယ်ဆေး ပျက်သွမ်းသွေး


၁၆။ ဆယ်ပါးရယ်ဘွယ်၊ မှတ်ကြောင်းသွယ်ပိမ့်၊ ဉာဏ်ကျယ်ပါလျက်၊ ပွဲလယ်ချက်ဝယ်၊ နုတ်ထွက်ယွင်းပါး၊ ဆိုဖွင့်မှားအံ့၊ ခစားသူ့မှာ၊ သူ့လိုရာသို့၊ လိုက်နာရလျက်၊ မာနတက်အံ့၊ လက္ခဏာမဲ့၊ ချို့တဲ့ဥစ္စာ၊ ဆင်းရဲစွာလျက်၊ ကာမဂုဏ်မှု၊ လုံ့လပြုအံ့၊ ဖြီးထုထပ်ပွား၊ ဥစ္စာများလျက်၊ မိုက်အားဖုံးလွှမ်း၊ မပေးကမ်းအံ့၊ ငြိမ်းချမ်းသာယာ၊ နေရပါလျက်၊ မိုက်အားဖုံးလွှမ်း၊ မပေးကမ်းအံ့၊ ငြိမ်းချမ်းသာယာ၊ နေရပါလျက်၊ သူ့မှာမှီနေ၊ ခစားလေအံ့၊ သားရေလျော့ပါး၊ အိုလှည့်ငြားလျက်။ မြစ်နားကမ်းလျှို၊ မှီနေခိုအံ့၊ ရန်ဖြိုပယ်လစ်၊ ပြည့်ရှင်ဖြစ်လျက်၊ မူညစ်ဆိုးနွမ်း၊ မှူးမတ်သွမ်းနှင့်၊ ချစ်ကျွမ်းဝင်ဝင်၊ ရေးတိုင်ပင်အံ့၊ သန့်စင်နွယ်ဇာတ်၊ မျိုးရိုးမြတ်လျက်၊ အတတ်မသင်၊ နားဝင်မကျွမ်း၊ လော်လီသွမ်းအံ့၊ မနွမ်းဂုဏ်အင်၊ ယောက်ျားစင်လျက်၊ ချစ်ခင်စိုးပိုင်၊ မယားနိုင်အံ့၊ သုံးဆိုင်ဗေဒင်၊ ကုန်စင်မြောက်များ၊ ထုံးနှယ်ထွားသည်၊ ပုဏ္ဏားဖြစ်လျက်။ အကျင့်ပျက်အံ့၊ ကန့်ကွက်ခြားနား၊ ဤဆယ်ပါးကို၊ အမှားလူတွင်၊ ရယ်ဘွယ်ထင်သည်။ ။ သည့်ပြင်ရယ်ဆေး ရမည်ဝေး

တတိယပိုင်း[ပြင်ဆင်ရန်]

၁၇။ မကြီးရာသည်၊ ဆယ်ပါးမည်ကား၊ ချုပ်ဆည်မဲ့သီး၊ မာန်စောင်ကြီးက၊ ဝေးနီးလူသူ၊ မကြည်ဖြူ၍၊ တူ−မပေါင်းဖေါ်၊ အိုအောင်သော်လည်း၊ ညှိုးလျော်ညစ်ပတ်၊ ဆင်းရဲတတ်၏၊ ငတ်မွတ်စသီး၊ အစားကြီးက၊ ဝမ်းနှီးလေဓာတ်၊ ပျက်စီးတတ်၏၊ ကတ်သတ်ခဲခက်၊ ရမ္မက်ပိတ်ဆီး၊ အလိုကကြီးက၊ ကိုယ်ထီးသာတည်း၊ အရနည်း၍၊ လက်ချည်းဆတ်ဆတ်၊ ဖြစ်တို့တတ်၏၊ ဝန်းပတ်ရံဆီး၊ အဆောင်ကြီးက၊ ချည်းနှီးဥစ္စာ၊ ရှင်းကွာပြတ်သတ်၊ နည်းပါးတတ်၏၊ ရေရွတ်တိုးတီး၊ နှုတ်ခွန်းကြီးက၊ အနီးအဝေး၊ လူဗိုလ်လှေးတို့၊ မလေးမမြတ်၊ မုန်းထားတတ်၏၊ မညွတ်မစင်း၊ မာပြင်းခိုင်ဖြီး၊ နှလုံးကြီးက၊ ဝမ်းမီးလောင်ဆာ၊ အနာဥပဒ်၊ ဘေးတွေ့တတ်၏၊ တောက်ဆတ်စိတ်စက်၊ စဉ်းမျှထွက်လည်း၊ ရင်လက်ခတ်တီး၊ စဉ်းလဲကြီးက၊ ဖိစီးနာကျင်၊ ကိုင်ငင်ရိုက်ပုတ်၊ သားစုတ်ရေပြတ်၊ ရန်တွေ့တတ်၏၊ ယုတ်မြတ်မဆို၊ ကိုယ်ကိုမြှောက်ချီး၊ လက်ခြေကြီးက၊ ဖမ်းဆီးခြည်နှောင်၊ ခြံလှောင်ထိတ်ခတ်၊ ခံရတတ်၏၊ လှည့်ပတ်ဝိုက်ဆီး၊ စကားကြီးက၊ ရင်းနှီးပစ္စည်း၊ လျှော့နည်းကုန်ပြတ်၊ ရွေ့ပါးတတ်၏၊ စိတ်လွတ်လျော့မေ့၊ ညဉ့်နေ့မသီး၊ အအိပ်ကြီးက၊ ခရီးမတ်လတ်၊ ရန်တွေ့တတ်သည်။ ။ မချွတ်မှန့်လှ ဧကန္တ


၁၈။ မငယ်ရာသည်၊ ဆယ်ပါးမည်ကား၊ ရုပ်ရည်နွမ်းနယ်၊ မျက်နှာငယ်သော်၊ ပွဲလယ်မဆံ့၊ မနှံ့ညာဘယ်၊ အကြံငယ်သော်၊ ရေးကျယ်မဆံ့၊ များနှံ့ပေါယယ်၊ အရေးငယ်သော်၊ ကြံကျယ်မဆံ့၊ လောက်ငံ့မကြွယ်၊ ပညာငယ်သော်၊ နည်းကျယ်မဆံ့၊ မဖွံ့မကြွယ်၊ အမျိုးငယ်သော်၊ဆွေနွယ်ရုံးပေါင်း၊ သူကောင်းမဆံ့၊ ခုတ်အံ့ရွယ်ရွယ်၊ ဓားသွားငယ်သော်၊ တော်လယ်မဆံ့၊ ကူးအံ့သွယ်လှယ်၊ လှေတက်ငယ်သော်၊ မြစ်ကျယ်မဆံ့၊ မပျံ့ပျူးဘွယ်၊ မြစ်ဝှမ်းငယ်သော်၊ လှေကျယ်မဆံ့၊ လောက်ငံ့မကြွယ်၊ ပညာငယ်သော်၊ ပွဲကျယ်မဆံ့၊ တည်အံ့မှတ်ရွယ်၊ မြို့ပြငယ်သော်၊ လေးသွယ်အင်္ဂါ၊ ဗိုလ်ပါမဆံ့၊ အလွှံ့များကြွယ်၊ ဗိုလ်ပါငယ်သော်၊ မြို့ကျယ်မဆံ့၊ ဖြစ်လေအံ့သည်။ ။ စေ့နှံ့စိတ်က ကြံဆုံးဆ


၁၉။ မယုံရာသည် ၊ ဆယ်ပါးမည်ကား၊ မြိုင်စည်ရဂုံ၊ တောကိုယုံသော်၊ ဘေးကြုံသော့အား၊ ထိပါးရှ, န၊ သေတတ်လှ၏၊ ငါပမှတ်တုံ၊ ကိုယ်ကိုယုံသော်၊ မစုံမစေ့၊ အကြံမေ့၏၊ ပျော်မွေ့ရောင်းရင်း၊ ကစားချင်းကို။ စင်းစင်းမှတ်တည်၊ မြဲယုံကြည်သော်၊ ကြိုးချည်ထိတ်ခတ်၊ ခံရတတ်၏၊ လှည့်ပတ်လာတုံ၊ ကုန်းကိုယုံသော်၊ ငြင်းခုံခိုက်စစ်၊ တရားဖြစ်၏၊ အချစ်အခင်၊ ယုံချေလျှင်လည်း၊ လောင်လင်မျက်ငွေ့၊ ခိုက်ရန်တွေ့၏၊ ဓလေ့မပြတ်၊ ကိုယ်အတတ်ကို၊ ယုံမှတ်လျှင်လည်း၊ ပူပင်လှိုက်ဝေ့၊ ချမ်းသာရွေ့၏၊ ရေမြေ့သနင်း၊ မင်းကိုယုံသော်၊ ပည်းပုံဖြီးလွေ့၊ မင်းမျက်တွေ့၏၊ ညဉ့်နေ့မြှော်ရမ်း၊ သူပေးကမ်းကို၊ အငမ်းချချ၊ ယုံလွန်းကလည်း၊ ဒုက္ခလွေ့လွေ့၊ ဆင်းရဲတွေ့၏၊ ညဉ့်နေ့လှည့်လည်၊ ခိုးစားသည်ကို၊ ယုံကြည်လျှင်လည်း၊ ကံနည်းသက်စေ့၊ ဓားလှံတွေ့၏၊ ဆိုလေ့တည်ကြား၊ သူ့စကားကို၊ ပြတ်သားမုချ၊ ယုံလွန်းကလည်း၊ တရာ့းသခင်၊ ပြစ်တင်မောင်းမဲ၊ ဆိုဆဲရေရွတ်၊ ခံရတတ်သည်။ ။ ပြတ်ပြတ်မုချ မယုံရ


၂၀။ ချစ်ကြင်ရာသည်၊ ဆယ်ပါးမည်ကား၊ သွေးရည်ရင်နှစ်၊ သားကိုချစ်က၊ ကျိုးပြစ်ပြသ၊ ဆုံးမနိုင်စေ၊ အိမ်နေမယား၊ ခင်ပွန်းအားကို၊ ရှုစားကြင်ကျွမ်း၊ ချစ်ရည်လွှမ်းက၊ စုံစမ်းမြှော်တင်း၊ စိုင်းပြင်းနိုင်စေ၊ ရိုသေအပ်လှ၊ မိနှင့်ဘကို၊ ဒေါသပြစ်ဝေး၊ ချစ်မြတ်လေးက၊ လုပ်ကျွေးတမူ၊ မွေးမြူကြည့်ရှု၊ ပြုစုနိုင်စေ၊ ရှင်ဧကရာဇ်၊ မင်းကိုချစ်က၊ ပုဆစ်တုပ်ပျပ်၊ မြဲကြပ်ထံပါး၊ ခစားနိုင်စေ၊ ကျွန်ခြွေရွေကို၊ အသေအချာ၊ ချစ်ကြင်နာက၊ ဥစ္စာပေးကမ်း၊ ဖုံးလွှမ်းနိုင်စေ၊ ဖော်ရွေသင်းပင်း၊ အိမ်နီးချင်းကို၊ ရောင်းရင်းဆံလှံ၊ မေတ္တာကျံက၊ သည်းခံနိုင်စေ၊ ဆွေခင်ပွန်းကို၊ ချစ်ကြည်ညိုမူ၊ ယွင်းယိုမရှိ၊ သတိမြဲစေ၊ မျိုးဆွေတို့အား၊ ချစ်ကြည်ငြားက၊ သွားလာတက်သက်၊ ပေါင်းဖက် နိုင်စေ၊ ရေမြေကွဲပြား၊ ရပ်ဝေးသားကို၊ ဆွေဝါးအရှည့်၊ ချစ်အားပြည့်က၊ ကြည့်ရှုမြှော်ငန်း၊ ဆက်နှုတ်ခွန်းနှင့်၊ မေးမြန်းနိုင်စေ၊ ခွဲဝေမှာထား၊ သည်ဆယ်ပါးသည်။ ။ ချစ်အားရှိက မြဲလုံ့လ


၂၁။ မရိုမသေ၊ မထေလေးစား၊ စော်ကားသမှု၊ မပြုရာသည်၊ ဆယ်ပါးမည်ကား၊ လေးခြည်ဝါမြူး၊ မြင်းမိုရ်ဦးသို့၊ ကျေးဇူးဆဆ၊ ကြီးမြတ်လှသား၊ မိဘဘိုးဘွား၊ သက်ကြီးအားလျှင်၊ ပြစ်မှားကျူးထွေ၊ မရိုသေက၊ သရေမတက်၊ ဂုဏ်ရည်ပျက်၏၊ ငေါငက်မချို၊ အဆိုအမြည်၊ နှုတ်ခြည်ဆိုးယုတ်၊ ကြမ်းကြုတ်သော့ထွေ၊ မရိုသေက၊ ဗိုလ်ခြေဝန်းလျား၊ သူတပါးသို့၊ စိတ်ပြားခွဲခြမ်း၊ နှလုံးဝမ်း၌၊ ညှိုးနွမ်းသဖြင့်၊ ပျက်လေနှင့်၏၊ နိမ့်မြင့်စီလျဉ်၊ မြစ်ရေယဉ်ကို၊ ဖဲကြဉ်မသွေ၊ မရိုသေက၊ လှေလည်းပျက်စီး၊ လေလည်းဆီး၍၊ ကမ်းကြီးမှလွတ်၊ ဆုံးရှုံးတတ်၏၊ အထွတ်သနင်း၊ ရှင်စိုးမင်းကို၊ ကြပ်တင်းစိတ်နေ၊ မရိုသေက၊ ပျက်ကြေခန္ဓာ၊ ဆုံးတတ်စွာ၏၊ အလာအသွား၊ ကြိမ်များခေါက်ရေ၊ မရိုသေက၊ တစ္ဆေ ဘီလူး၊ ကျားရူးသစ်မျိုး၊ သူခိုးဥပဒ်၊ တွေ့ကြုံတတ်၏၊ အဝတ်အစား၊ ပလွှားထိုင်နေ၊ မရိုသေသော်၊ အခြေလေးချောင်း၊ ညောင်စောင်းအင်းပျဉ်၊ သလွန်ယဉ်တို့၊ အစဉ်ကင်းပြတ်၊ ဆိတ်ညံတတ်၏၊ လှည့်ပတ်မြိုင်ခွင်၊ သစ်ပင်သစ်ခက်၊ ခုန်တက်ကျူးထွေ၊ မရိုသေက၊ လက်ခြေလျော့လွတ်၊ ကျနတတ်၏၊ ပြင်းခတ်ဝှန်လှိုင်း၊ လေမုန်တိုင်းကို၊ ရပ်ဆိုင်းတင်းနေ၊ မရိုသေက၊ အိမ်ခြေယိုရွတ်၊ ပြိုပျက်တတ်၏၊ အမှတ်တင်တင်၊ မီးကိုမြင်လည်း၊ လှုံချင်သော့ထွေ၊ မရိုသေက၊ ဖြည်းလေလှုပ်ခတ်၊ လောင်တောက်တတ်၏၊ အားစွတ်စိုက်စို၊ ဆင်မုန်ယိုကို၊ မရိုမသေ၊ ကျင့်မိချေက၊ စိတ်နေကျွတ်ဆတ်၊ ဝှေ့နင်းတတ်သည်။ ။ ဥပဒ်တွေ့က မရဏ


၂၂။ မလွှားရာသည်၊ ဆယ်ပါးမည်ကား၊ လျားရှည်မြင့်ခြင်း၊ သွားလျင်ပြင်းသား၊ မြင်းကိုအားကိုး၊ လွှားသော်ကျိုး၏၊ ချစ်ကြိုးရှည်လျား၊ ကိုယ့်မယားကို၊ လွှားသော်မတိုး၊ ဥစ္စာညှိုး၏၊ အကျိုးမများ၊ ကျွန်ကိုလွှားသော်၊ မြောက်မြားမာန်တိုး၊ အပြစ်ပျိုး၏၊ ဝပ်လျှိုးထံပါး၊ တပည့်သားကို၊ လွှားသော်ရှေးရိုး၊ စားဦးခိုး၏၊ လေမိုးဆီးတား၊ အိမ်ကိုလွှားသော်၊ မုန်းထားမျက်ကိုး၊ အိမ်နတ်ငြိုး၏၊ ကျင့်ဆိုးရမ်းကား၊ ဥစ္စာလွှားသော်၊ ရင်းပွားထမ်းပိုး၊ ကြွေးမြီတိုး၏၊ အန်ထိုးအန်ပစ်၊ ကျားတံကျစ်နှင့်၊ ကြွေပစ်ကြက်ဆ၊ သေသဝိဇ္ဇာ၊ သုံးစားရာချွတ်၊ ကျောက်မတ်တိမ်မြုပ်၊ ပဲဆုပ်ဆီစား၊ အလောင်းလွှားသော်၊ ရှုံးများဖန်ဖန်၊ အားအန်ဆတိုး၊ နိုင်အားကြိုး၏၊ သွမ်းဆိုးညစ်ကျူ၊ မကောင်းမှုကို၊ မပြုသင့်ငြား၊ ပြီးမြင့်လွှားသော်၊ လေးပါးပါယ်ကို၊ မျက်စောင်းထိုး၏၊ မျိုးရိုးဂုဏ်အား၊ ကိုယ်ကိုလွှားသော်၊ သူများချစ်ဖွဲ့၊ ကဲ့ရဲ့မျက်ငြိုး၊ ဒေါသဖြိုးသည်။ ။ ကောင်းကျိုးမရ ဖျင်းပြောပ


၂၃။ ရန်မပြုရာ၊ ဆယ်ပါးမှာကား၊ အာဏာထန်ပြင်း၊ စိုးမင်းတို့အား၊ ရန်ပြုမှားသော်၊ နှောင်ထားပုတ်ခတ်၊ ဘေးတွေ့တတ်၏၊ မှူးမတ်စစ်ကဲ၊ သူရဲဗိုလ်မှူး၊ တပ်မှူးစစ်ကွပ်၊ စစ်ကြပ်မှုထမ်း၊ ရာထမ်းတို့အား၊ ရန်ပြုမှားသော်၊ ကြွေထွားရိပွပ်၊ ကွပ်ညှပ်ပြင်း၍၊ ခြည်နှောင်တွေ့၏၊ နောက်ရှေ့မြင်သီး၊ သူကြီးကြေးကိုင်၊ မြေတိုင်စချီ၊ အစီအရင်၊ ရွာရှင်တို့အား၊ ရန်ပြုမှားသော်၊ ထိပါးမျက်ငွေ့၊ ဆဲရေးတွေ့၏၊ သိမ်မွေ့အာစာ၊ ခေမာရည်မှန်း၊ ရဟန်းတို့အား၊ ရန်ပြုမှားသော်၊ လေးပါးပယ်ငွေ့၊ ဆင်းရဲတွေ့၏၊ အလေ့ဘာသာ၊ ယုတ်မာကျင့်ရိုး၊ ကျွန်ဆိုးတို့အား၊ ရန်ပြုမှားသော်၊ လေးစားမထေ၊ မရိုသေလျှင်၊ ပြုလေတုံ၍၊ ကြံစည်မေ့၏၊ ရေမြေ့တံခွန်၊ မင်းကျွန်တို့အား၊ ရန်ပြုမှားသော်၊ လှည့်ဖြားပတ်ကွေ့၊ ကုန်းတိုက်တွေ့၏၊ ကုန်းတိုက်တွေ့၏၊ ကြီးလွေ့ဂုဏ၊ မိဘတို့အား၊ ရန်ပြုမှားသော်၊ စကားလောင်ဝေ့၊ မှုရာတွေ့၏၊ ရွှေငွေ့အတိ၊ နက်ကိုဖြင့်ဧ၊ သူဌေးတို့အား၊ ရန်ပြုမှားသော်၊ တရားပြု၍၊ အလျော်တွေ့၏၊ ကောင်းလေ့မဟုတ်၊ သူယုတ်တို့အား၊ ရန်ပြုမှားသော်၊ စကားစမည်၊ အရှည်အတို၊ မရိုမသေ၊ အထွေထွေလျှင်၊ မလေလွှင့်၍၊ ကဲ့ရဲ့တွေ့၏၊ ချမ်းမြေ့ယှဉ်မှီး၊ အိမ်နီးချင်းအား၊ ရန်ပြုမှားသော်၊ ရွာသားရွာသဓ၊ ဦးမည်းဖြူတို့၊ ငြူစူစောင်းမဲ၊ ငြီးငွေ့မြဲသည်။ ။ ဆိုဆဲခံရ မှန်မုချ


၂၄။ အမျက်ကြီးရာ၊ ဆယ့်လေးဖြာကား၊ ချမ်းသာရိပ်ငြိမ်၊ နန်းစည်းစိမ်နှင့်၊ ရန်ကိုနှိမ်ပါး၊ မိုဃ်းကြိုးသွားကြောင့်၊ သိကြားအမျက်၊ ဟူးဟူးထွက်၏၊ အောက်ထက်ဆန်စုန်၊ တောင်သံ ဟုန်ကြောင့်၊ ဂဠုန်အမျက်၊ ဟူးဟူးထွက်၏၊ စက်ယန္တရား၊ ခိုးလျှံများကြောင့်၊ နဂါးအမျက်၊ ဟူးဟူးထွက်၏၊ ရန်ဘက်ဖျော်ဝှေ့၊ ဟောက်တတ်လေ့ကြောင့်၊ ခြင်္သေ့အမျက်၊ ဟူးဟူးထွက်၏၊ လက်နက်ဆင်မြင်း၊ ဗိုလ်သင်းပင်းကြောင့်၊ မင်းတိုအမျက်၊ ဟူးဟူးထွက်၏၊ မောင်းလက်ခတ်တီး၊ အားအန်ကြီး၍၊ ထီးကပဏား၊ ဆင်းရဲသားတို့၊ မာန်အားအမျက်၊ ဟူးဟူးထွက်၏၊ မခက်ခဲထွန်၊ အမှုပွန်၍၊ ကျေးကျွန်အမျက်၊ ဟူးဟူးထွက်၏၊ ဉာဏ်စက်နှံ့ဝန်း၊ ကျမ်းဂန်ပွန်း၍၊ ရဟန်းအမျက်၊ ဟူးဟူးထွက်၏၊ ရမ္မက်ကြီးမား၊ လောဘအားကြောင့်၊ မင်းသားအမျက်၊ ဟူးဟူးထွက်၏၊ မစက်ဒေါသ၊ ဆင်းရူပကြောင့်၊ မိန်းမအမျက်၊ ဟူးဟူးထွက်၏၊ ဘုန်းလက်ရုံးအား၊ ကောင်းမြတ်များ၍၊ ယောက်ျားအမျက်၊ ဟူးဟူးထွက်၏၊ လိုက်ဘက်ဆေးဝါး၊ မန္တရားကြောင့်၊ သမားအမျက်၊ ဟူးဟူးထွက်၏၊ လေ့ကျက်နှံ့ပြား၊ ဗေဒင်အားကြောင့်၊ ပုဏ္ဏားအမျက်၊ ဟူးဟူးထွက်၏၊ စဉ်ဆက်မှတ်သား၊ ဆဲ့လေးပါးသည်။ ။ တရားမရ မျက်ဒေါသ

စတုတ္ထပိုင်း[ပြင်ဆင်ရန်]

၂၅။ လုံ့လပြု၍၊ ညဉ့်နှင့်နေ့လျှင်၊ မမေ့လျော့ရာ၊ ဆယ်ပါးမှာကား၊ ဒေဝါမိုဃ်းလ၊ မကျမီခင်၊ ပုံယင်များစွာ၊ လူ့ဘာသာဖြင့်၊ အိမ်ရတဲအုံ၊ အလုံးစုံကို၊ လုံခြုံသေချာ၊ ပြုလုပ်ရာ၏၊ ပြည်ရွာနဂိုရ်၊ မပြိုမကွဲ၊ ကရဲကသီး၊ မဖြစ်မီက၊ ပည်းသီများစွာ၊ လှူဒါန်းရာ၏၊ စိတ်ဖြာခန့်တွက်၊ အချက်ချက်လျှင်၊ သူ့လက်ခြေဆီ၊ မဝင်မီက၊ ရှုအီရွှင်ဖြိုး၊ အမှုမျိုးကို၊ အားကြိုးပြင်းစွာ၊ ဆောင်ရွက်ရာ၏၊ မိုဃ်းခါနှင်နှင်၊ မတိုင်ခင်က၊ လုပ်ခွင်ယာလယ်၊ ဟောင်းထက်ကျယ်အောင်၊ ချုံနွယ်ဖြတ်ကာ၊ တီထွင်ရာ၏၊ အူချာသည်းကြား၊ မိမိသားနှင့်၊ ထိမ်းမြားအိမ်ကျ၊ နှင်းလိုကမူ၊ ချွေးမပီပီ၊ မဖြစ်မီက၊ ချစ်ညီပြဲ့ပြဲ့၊ မိတ်ဆွေဖွဲ့၍၊ ရှုငဲ့စာနာ၊ စုံစမ်းရာ၏၊ ဩဇာကြိုင်သင်း၊ ထမင်းဟင်းတို့၊ ပွဲချင်းပြင်ဆင်၊ မစားခင်လည်း၊ အလျင်ရှေးခါ၊ ရေသောက်ရာ၏၊ ပြစ်ဆာစွန်းငြိ၊ စိုးတစိမျှ၊ မရှိခင်ကြား၊ သမီးသားကို၊ ထိမ်းမြားမင်္ဂလာ၊ ပြုအပ်ရာ၏၊ အခါရာသီ၊ မကျူးမီးက၊ ကြွေးမြီသူ့ငှါ၊ ပေးဆပ်ရာ၏၊ ရုပ်ဝါရှုအီ၊ မကြီးမီက၊ ဘယ်ဆီမချွတ်၊ ကျွင်းမလွတ်အောင်၊ အတတ်ပညာ၊ သင်အပ်ရာ၏၊ အုံးဖျာခေါင်းချ ဆံစလက်တင်၊ မအိပ်ခင်က၊ သုံးအင်ရတနာ၊ ကိုးကွယ်ရာ၏၊ များစွာလော်လဲ၊ ကိုးကွယ်ပဲလျှင်၊ ပျင်းစွဲပျင်းမူ၊ အိပ်သသူအား၊ လူမရိုညွတ်၊ နတ်မနှစ်သက်၊ ပြာပုံထက်ဝယ်။ ။ သုမက္ခတ်နှင့် တူပုံချင့်


၂၆။ မပြုအပ်ရာ၊ ဆယ်ပါးမှာကား၊ အင်္ဂါယွင်းချွတ်၊ ကျွဲချိုပြတ်ကို၊ ရိုက်ခတ်နှင်ကာ၊ မထွန်ရာတည့်၊ မမာအရင်း၊ စပါးဖျင်းကို၊ တောင်းတင်းခြင်ကာ၊ မရောင်းရာတည့်၊ ဥစ္စာကြွယ်လို၊ ငွေကြမ်းကိုလည်း၊ လူဗိုလ်တကာ၊ မသုံးရာတည့်၊ တန်ဆာလက်နက်၊ အသက်ရှိသူ၊ သားဆူဟင်းလျာ၊ ဆိပ် သူရာဟဒ၊ မိစ္ဆာမှောက်မှား၊ ကုန်ငါးပါးကို၊ စီးပွားလိုရာ၊ မသွယ်ရာတည့်၊ ဘယ်ညာယိမ်းယို၊ မြင်းကြမ်းကိုလည်း၊ စိတ်လိုလိုက်ကာ၊ မစီးရာတည့်၊ မုန်အာစီးယို၊ ဆင်ကြမ်းကိုလည်း၊ အလိုလိုက်နာ၊ မချစ်ရာတည့်၊ ခြောက်ဖြာပြစ်ရှား၊ ပတ္တမြားကို၊ စွန့်ထားမြေမှာ၊ မပစ်ရာတည့်၊ ယစ်စွာလွန်ကျူး၊ သေသောက်ကြူးကို၊ ယှဉ်ပူးမိတ်တူ၊ ချစ်သောသူဟု၊ စွဲယူစိတ်မှာ၊ မယုံရာတည့်၊ မဟာဒုက္ခ၊ ဆင်းရဲးလှလည်း၊ ဒေါသမာန်ပြင်း၊ ကြီးသည့်မင်းဝယ်၊ မှီတင်းခိုကာ၊ မခ ရာတည့်၊ မာယာလှည့်ပတ်၊ ချောပစ်တတ်သား၊ သူမြတ်မဟုတ်၊ သူယုတ်အားလည်း၊ မှတ်သားစိတ်မှာ၊ မပေါင်းရာသည်။ ။ ရှောင်ခွါသဖြင့် ဝေးအောင်လွင့်


၂၇။ အချင်းသိရာ၊ ဆယ်ပါးမှာကား၊ နေဇာသွတ်သွင်း၊ ခရုသင်းတို့၊ အချင်းမှာမူ၊ လက်ျာရစ်မှ၊ သိသာရ၏၊ တောက်ပလျှံဝင်း၊ ရွှေအချင်းကား၊ ကျောက်ခင်းစံတင်၊ သွေးရတွင်မှ၊ သိသာရ၏၊ အဿဇာနည်၊ တိမ်ခြည်ပျံနင်း၊ မြင်းအချင်းကား၊ ပြေးချင်းတွင်မှ၊ သိသာရ၏၊ သီလသန့်ရှင်း၊ သူကောင်းချင်းကား၊ ရပ်တင်းထိုင်နေ၊ ဆိုခြေမိန့်မြွက်၊ ငြိမ်သက်ဖြောင့်ဝမ်း၊ အကမ်းအပေး၊ အရေးတွင်မှ၊ သိသာရ၏၊ မိန်းမမူနည်၊ အချင်းသည်ကား၊ တည်ကြည်သိပ်သည်း၊ စောင်းစည့်မွေ့သိမ်၊ ငြိမ်ဆိမ်ဆေးလေး၊ အရေးတွင်မှ၊ သိသာရ၏၊ ဥသဘနွား၊ အချင်းအားမူ၊ အသွားမပျက်၊ ခြေလေးဘက်ကို၊ ပြက်ပြက်မြင်မှ၊ သိသာရ၏၊ ကြီးလှအားအန်၊ ဆဒ္ဒန်မြတ်မင်း၊ ဆင်အချင်းကား၊ ဦးကင်းတင့်တယ်၊ အမြီးဝယ်နှင့်၊ အစွယ်မြင်မှ၊ သိသာရ၏၊ ဆုံးဆကျယ်မြင်၊ ပညာရှင်တို့၊ မှတ်ထင်ဘွယ်ရာ၊ အချင်းမှာကား၊ လင်္ကာရတု၊ ဝတ္ထုပုံပြင်၊ ရာဇဝင်နှင့်၊ ဗေဒင်အပြော၊ အဟောတွင်မှ၊ သိသာရ၏၊ သီလဖြောင့်စင်း၊ ရဟန်းချင်းကား၊ စောင့်ခြင်းဓူတင်၊ သိမ်မွေ့အင်ကို၊ မြင်သောခါမှ၊ သိသာရ၏၊ ဓမ္မကထိက်၊ ရဲစိတ်တည်မော၊ တရားဟောတို့၊ သဘောသကန်၊ အချင်းမှန်ကား၊ ကျမ်းဂန်ဖွေရှာ၊ ရုံးဖွဲ့ရာတွင်၊ စာနာလျှင်းမှ၊ သိသာရသည်။ ။ မြှော်ဆထောက်ချင့် အင်နိမ့်မြင့်


၂၈။ သိအောင်ပြုရာ၊ ဆယ်ပါးမှာကား၊ ရာဇာမင်းတွင်၊ ခစားချင်မူ၊ ပြည်ရှင်ရန်နင်း၊ ထိုသည်မင်း၏၊ အချင်းအရာ၊ ပညာလက်ရုံး၊ နှလုံးစိတ်ဝမ်း၊ အကြမ်းအနု၊ ပြုစုပေးကမ်း၊ သဘေတမ်းကို၊ ခွဲခြမ်းရုံးစု၊ သိအောင်ပြုလော့၊ ပြည်သူ့သင်းကျစ်၊ ဧကရာဇ်လည်း၊ ကျွန်သစ်ကျွန်ဟောင်း၊ ကျွန်ကောင်း ကျွန်ယုတ်၊ ကျွတ်ဟုတ် ကျွန်ဟတ်၊ ဗိုလ်မှူးမတ်တို့၊ ဆုံးဖြတ်စီမံ၊ တိုက်လံလုပ်ရည်၊ ကြံစည်ကိုလည်း၊ ထိုထိုသမှု၊ သိအောင်ပြုလော့၊ လူသူ့ဘာဝ၊ ပြုလိုကလည်း၊ မိန်းမမှုနည်၊ အရည်အရုပ်၊ အလုပ်အဆောင်၊ အိမ်ထောင်သိမ်းဆည်း၊ စောင့်စည်းကိုယ်နှုတ်၊ မြတ်ယုတ်ကြမ်းနု၊ သိအောင်ပြုလော့၊ လုပ်မှုဆောင်တာ၊ ပြုရာကာလ၊ ဒေသကိုလည်း၊ ခွဲဖြိုပုံစု၊ သိအောင်ပြုလော့၊ ရောင်းမှုဝယ်မှု၊ ပြုစုအရပ်၊ ဖြစ်အပ်အခါ၊ ဖြစ်ရာအကြောင်း၊ ရှေးနှောင်းအောက်ထက်၊ တက်သက်ချိန်ဆုန်း၊ ဈေးနှုန်းကိုလည်း၊ မယိုမယွင်း၊ မဟင်းစေမှု၊ သိအောင်ပြုလော့၊ မိတ်တုမိတ်စစ်၊ ဖြစ်မဖြစ်လည်း၊ ဟောင်းသစ်ထဲပြင်၊ ဆိုးကောင်းထင်အောင်၊ ဆင်ခြင်သမှု၊ သိအောင်ပြုလော့၊ မျှော်ရှုထောက်ထား၊ ခရီးသွားလည်း၊ အပါးအနီး၊ အကြီးအငယ်၊ အလွယ်အခဲ၊ အကွဲအစု၊ သိအောင်ပြုလော့၊ စားမှုဝတ်ရာ၊ ကိုယ့်အိမ်မှာလည်း၊ အခွါအလှဲ၊ အထဲအပ၊ အစအဆုံး၊ အသုံးအစွဲ၊ အခွဲအဝေ၊ အနေအထား၊ အများအနည်း၊ အစည်းအထုပ်၊ အလုပ်အဆောင်၊ အိမ်ထောင်အိမ်မှု၊ သိအောင်ပြုလော့၊ ရာဟုအင်္ဂါ၊ ရှိန့်ဝါပူပြင်း၊ တနင်္ဂနွေ၊ ဂြိုဟ်သက်မှာလည်း၊ ပညာဆေးကု၊ သိအောင်ပြုလော့၊ တခုကိုမျှ၊ နေ့နှင့်ညသည်။ ။ လုံ့လပြုခွင့် မမေ့သင့်


၂၉။ တဆဲ့လေးဖြာ၊ ဆင်တန်ဆာကား၊ ရာဇာဘုန်းရှိ၊ ပြည်လုံးမိကို၊ နိတိကျမ်းလျှင်၊ တန်ဆာဆင်၏၊ ဂုဏ်အင်အထူး၊ ကျေးဇူးရှိသူ၊ ထိုထိုလူကို၊ မပြုဒေါသ၊ မာန်မထပဲ၊ နှိမ့်ချခြင်းလျှင်၊ တန်ဆာဆင်၏၊ ရုပ်သွင်ပျိုထွား၊ မိန်းမအားမူ၊ တည်ကြားစောင့်ရှောက်၊ ယွင်းမဖောက်ပဲ၊ ရှက်ကြောက်ခြင်းလျှင်၊ တန်ဆာဆင်၏၊ လင်နှင့်မယား၊ သူတို့အားမူ၊ မုန်းထားမလို၊ ချစ်ကြည်ညို၍၊ လူဗိုလ်တကာ၊ ရိုသေရာသည်၊ သစ္စာခိုင်ကြည်၊ တည်တည်ခြင်းလျှင်၊ တန်ဆာဆင်၏၊ ဝန်းကျင်သာကျယ်၊ အိမ်မှာဝယ်ကား၊ သူငယ်သာလျှင်၊ တန်ဆာဆင်၏၊ ကျယ်မြင်နှံ့သိ၊ ပညာရှိမူ၊ ကဝိပျူငှါ၊ ဆန်းဂါထာနှင့်၊ ကဗျာသံချို၊ ဖွဲ့ဆိုခြင်းလျှင်၊ တန်ဆာဆင်၏၊ နှုတ်မင်္ဂလာ၊ စကားမှာကား၊ အသာအချို၊ သူနာလိုအောင်၊ မိန့်ဆိုခြင်းလျှင်၊ တန်ဆာဆင်၏၊ သန့်စင်ကြည်ဖြူ၊ ကိုယ်ကိုမူလည်း၊ ဆံဖြူချမ်းမျှ၊ ဒေါသမသင့်၊ အကျင့်သီတင်း၊ ကောင်းခြင်းသည်လျှင်၊ တန်ဆာဆင်၏၊ ပျော်ရွှင်စလို၊ နှလုံးကိုမူ၊ ကုသိုလ်ကောင်းမှု၊ မကောင်းမှုဟု၊ နှစ်စုရောရာ၊ အာသာစုံမက်၊ နှစ်သက်မူးမော်၊ မွေ့လျော်ခြင်းလျှင်၊ တန်ဆာဆင်၏၊ ဂုဏ်အင်မချို့၊ ရဟန်းတို့မူ၊ နောင်ဘို့ရည်ရွယ်၊ သည်းညည်းခံချုပ်၊ ကြည်ဘွယ်လုပ်သား၊ သာရုပွလျှင်၊ တန်ဆာဆင်၏၊ အားအင်းတက်ပြန်၊ စွမ်းသန်သသူ၊ ထိုထိုလူကို၊ မယူရန်တုံ့၊ မလှုံ့ရန်ကြွင်း၊ သည်းခံခြင်းနှင့်၊ မပျင်းကြိုးကုတ်၊ အားစုတ်စုတ်တည့်၊ ထုတ်ပံ့ခြင်းလျှင်၊ တန်ဆာဆင်၏၊ လူတွင်အိမ်ရာ၊ တောင်သူမှာကား၊ ဥစ္စာရွှေငွေ၊ ဆန်ရေစပါး၊ ကျွဲနွား ကျွန်ကျေး၊ သားမြေးကျွန်ယုံ၊ ပြည့်စုံခြင်းလျှင်၊ တန်ဆာဆင်၏၊ ကျယ်မြင်ပညာ၊ သူကောင်းမှာကား၊ ပါရွာကြောက်ရှက်၊ ရမ္မက်ဆွံ့ရှား၊ စကားမယွင်း၊ မှန်ခြင်းသည်လျှင်၊ တန်ဆာဆင်သည်။ ။ လူတွင်နိမ့်မြင့် သို့မှတင့်


၃၀။ ပျက်စီးလေရာ၊ ဆယ့်သုံးဖြာကား၊ ဥစ္စာလက်ထုတ်၊ ပေးကမ်းယုတ်က၊ လဆုတ်နောက်သိမ်၊ လေတိုက်တိမ်သို့၊ စည်းစိမ်ခြွေရံ၊ ကင်းဝေးလံ၍၊ ကျော်သံမတက်၊ သတင်းပျက်၏၊ အမျက်ဒေါသ၊ ကြီးလွန်းကမူ၊ သိပ္ပထဲနက်၊ ကျေးဇူးပျက်၏၊ ကျိတ်ခက်စဉ်းလဲ၊ ပျားစွဲလျှာနှုတ်၊ ဆိပ်သုတ်နှလုံး၊ ပေါ်ဖုံးလေးမြား၊ ငါးမျှားဝမ်းထဲ၊ ကောက်ကျစ်စွဲက၊ ဖေါက်လဲယွင်းကွက်၊ စကားပျက်၏၊ ရမ္မက်ဆွံ့နည်း၊ ဝန်တိုသည်း၍၊ ချုပ်တည်းသည်းညံ၊ မခံနိုင်လျှင်း၊ ငတ်မွတ်ခြင်းကား၊ သီတင်းတည်ခက်၊ တရားပျက်၏၊ ဆိတ်ကြက်မကျန်၊ ကြွေအန်မကြွင်း၊ လောင်းတမ်းခြင်းကား၊ ရှိရင်းထဲနက်၊ ဥစ္စာပျက်၏၊ ဆုတ်တက်ခါရံ၊ လောကဓံကို၊ မခံနိုင်လျှင်း၊ ပျက်စီစခြင်းကား၊ ခပင်းများစွာ၊ လူတကာတို့၊ စိတ်မှာနှောက်ရှက်၊ ရိုသေပျက်၏၊ ခဲခက်စွာဘိ၊ ဘေးရန်ရှိမူ၊ ဓိတိယွင်းကွက်၊ ဘာဝနာနှင့်၊ မေတ္တာမဆင့်၊ မေ့သဖြင့်လျှင်၊ တဖျင့်တပါး၊ တရားလွဲလက်၊ ရဟန်းပျက်၏၊ ပြက်ပြက်ထင်စွာ၊ လူတကာကို၊ ပြစ်ရှာယုတ်ပတ်၊ ချောပစ်တတ်က၊ သန့်မြတ်ပါလျက်၊ အမျိုးပျက်၏၊ သူ့ထက်မြတ်ကို၊ ငါ၏ကိုယ်ဟု၊ မောက်မိုမြင့်မား၊ မာန်စောင်လွှားက၊ သူ့အားနှိမ်နင်း၊ ဆုံးမခြင်းလျှင်၊ မယွင်းမကွက်၊ ရှင်းရှင်းပျက်၏၊ မှားယွက်သဖြင့်၊ မကောင်းကျင့်မူ၊ မြတ်မြင့်ပါလျက်၊ ကိုယ်ရည်ပျက်၏၊ ဉာဏ်စက်လျှံညိ၊ ပညာရှိဟု၊ မိမိကိုယ်ကို၊ မြင်းမိုရ်မာန၊ ယုံလွန်းကလည်း၊ မုချဆက်ဆက်၊ ပညာပျက်၏၊ ရောက်ရက်ငပ်ငါး၊ တောမျောက်လားသို့၊ မသွားသင့်လေ၊ မနေသင့်မှု၊ မပြုသင့်ပဲ၊ ကျင့်ရည်လွဲက၊ ဂုဏ်ခဲလေးနက်၊ ပုဏ္ဏားပျက်သည်။ ။ ဟုတ်မက်လေသင့် ဆီမီးပွင့်


၃၁။ မကောင်းရောက်ရာ၊ ဆဲ့သုံးဖြာကား၊ ငါသာငါ့ပြင်၊ ငါမမြင်ဟု၊ ဘုရင်တဆူ၊ မြင့်လိုမူကား၊ ထိုသူသူ့အောက်၊ နိမ့်ခြင်းရောက်၏၊ ဝမ်းမြောက်ဝမ်းသာ၊ သူ့ဥစ္စာကို၊ လိုရာကိုင်ယူ၊ တောင်းတက်မူကား၊ ဗိုင်းဦလဲပေါက်၊ ပေါ့ခြင်းရောက်၏၊ မွှေနှောက်လှုပ်ခတ်၊ တောင်းစားတတ်မူ၊ မဋိဃာတ်လွန်မင်း၊ ချုပ်ချယ်ခြင်းသို့၊ လက်ငင်းရောက်၏၊ ကဲမောကလွန်ထူး၊ ကာမကြူး၍၊ ဉာဏ်ဦးမနှိမ်၊ တင်းမတိမ်မူ၊ စည်းစိမ်ပျက်ခြင်း၊ စွပ်စွဲခြင်းနှင့်၊ ရှက်ခြင်းရောက်၏၊ ယွင်းဖေါက်မိစ္ဆာ၊ ဥစ္စာလိုလွန်း၊ ခင်ပွန်းဖြတ်ဖျက်၊ ရမ္မက်ပြင်းဝှန်၊ ခက်ထန်ကြမ်းကြုတ်၊ စိတ်ယုတ်ဖျင်းသောင်း၊ မဖြောင့်စောင်းက၊ မကောင်းသတင်း၊ ကျော်စောခြင်းသို့၊ လက်ငင်းရောက်၏၊ ထိတ်ကြောက်သဖြင့်၊ မရဲရင့်မူ၊ ပျောက်လွင့်ကြေညက်၊ ရန်သူလက်သို့၊ ဆက်ဆက်ရောက်၏၊ သူ့မှောက်နေလို၊ သူ့ကိုပြစ်မှား၊ သူ့အားပြစ်ရှာ၊ သူ့မှာငြူစူ၊ မျက်လိုမူကား၊ နှုတ်ပူလက်ကြမ်း၊ ညှဉ်းပန်းပြင်းထန်၊ ခိုက်ရန်ဖြစ်ကြ၊ လျောကျယိုယွင်း၊ ပျက်စီးခြင်းသို့၊ လက်ငင်းရောက်၏၊ ရှက်ကြောက်မရှု၊ မကောင်းမှုကို၊ ပြုသသူမှာ၊ လူတကာတို့၊ မနှစ်လို့၍၊ ပြစ်ဖို့ထပ်လှောက်၊ ဆင်းရဲရောက်၏၊ ရှေ့နောက်ထောက်တွက်၊ နှောင့်ရှက်ပူပန်၊ စိုးရိမ်လွန်မူ၊ မမှန်ချွတ်ယွင်း၊ ယုံမှားခြင်းသို့၊ လက်ငင်းရောက်၏၊ တောင်မှောက်မြောက်လှန်၊ မမှန်စကား၊ မတရားသီး၊ အမျက်ကြီးမူ၊ ပျက်စီးရောက်၏၊ မှားကောက်တိမ်းစောင်း၊ ကျင့်မကောင်းမူ၊ ယှဉ်ပေါင်းကြိုက်ချစ်၊ သူ့အပြစ်ဝယ်၊ စစ်စစ်ထွင်းထွင်း၊ မွေ့လျော်ခြင်းသို့၊ လက်ငင်းရောက်၏၊ မှားရှောက်မူးမော်၊ ကျင့်မတော်မူ၊ အုပ်အော်များစွာ၊ လူတကာတို့၊ မေတ္တာကင်းပျောက်၊ မုန်းခြင်းရောက်၏၊ တောင်မြောက်လည်လား၊ သားငါးလိုက်ဖမ်း၊ လောင်းတမ်းကြွေအန်၊ ဖန်တလဲလဲ၊ ပျက်စီးမြဲသည်။ ။ မလွဲအသင့် မှန်အချင့်


၃၂။ ဘာသာစရိုက်၊ ကိုယ့်စိတ်ကြိုက်သို့၊ လိုလိုက်စေရာ၊ ဆဲ့သုံးဖြာကား၊ မေတ္တာနှံ့မွှန်း၊ ဆွေခင်ပွန်းကို၊ ဖြောင့်တန်းတည့်မတ်၊ နှလုံးမြတ်က၊ ဆွတ်လွတ်ကြင်နာ၊ ကိုယ့်လိုပါ၏၊ မေတ္တာပျက်ပြယ်၊ ရန်သူဝယ်ကား၊ ဥပါယ်တံမျဉ်၊ သင့်ရာယှဉ်က၊ စိတ်ယဉ်သာသာ၊ ကိုယ့်လိုပါ၏၊ ဥစ္စာပြီးထူ၊ လိုသသူကို၊ ကြည်ဖြူမြတ်လေး၊ ဝေငှပေးက၊ မနှေးလွယ်ကာ၊ ကိုယ့်လိုပါ၏၊ အာဏာပြင်းပြ၊ ပိုင်စိုးရမူ၊ ကိစ္စဥဿုံ၊ မှုကုန်စင်အောင်၊ စေ့စုံကျယ်နှံ့၊ လုပ်ဆောင်ဝံ့က၊ နူးညံ့ချိုသာ၊ ကိုယ့်လိုပါ၏၊ မြတ်စွာပုဏ္ဏား၊ ရဟန်းအားမူ၊ ပြစ်မှားမရှိ၊ ဖြန့်ချိမေတ္တာ၊ ကိုယ့်လိုပါ၏၊ ဆရာကိုကား၊ ရှိငါးပါးဖြင့်၊ ကြိမ်များဖန်လဲ၊ ရိုညွတ်မြဲက၊ ပယ်လွဲမခွါ၊ ကိုယ့်လိုပါ၏၊ မေတ္တာရွှန်းစို၊ မယားကိုမူ၊ စိတ်လိုအသင့်၊ ချစ်ပန်းပွင့်က၊ နွှဲဖင့်မကြာ၊ ကိုယ့်လိုပါ၏၊ မိစ္ဆာလွှမ်းထား၊ သူမို်က်အားမူ၊ စကားသာကြည်၊ အလည်အဝိုက်၊ အလိုလိုက်က၊ စိတ်ကြိုက်ရာရာ၊ ကိုယ့်လိုပါ၏၊ ပညာရှိငြား၊ သူတို့အားမူ၊ ခစားမြတ်လေး၊ ပညာပေးက၊ အရေးလျင်စွာ၊ ကိုယ့်လိုပါ၏၊ ရသာလိုမူ၊ စားကြူးသူကို၊ ယူ၍ကျွေးမွေး၊ စားဘွယ်ပေးကာ၊ မနှေးလွယ်စွာ၊ ကိုယ့်လိုပါ၏၊ ဝါစာဖရုသ်၊ ကြမ်းကြုတ်ခက်ထန်၊ မျက်မာန်ဖြီးထူ၊ ကြီးသသူကို၊ ငြူစူမဆို၊ အလိုလိုက်မှု၊ ချီးမွမ်းပြုက၊ ရုံးစုညီညာ၊ ကိုယ့်လိုပါ၏၊ ဆွေညာမျိုးပြား၊ သူတို့အားမူ၊ စီးပွားဝေငှ၊ နှုတ်လက်မ၍၊ လုံ့လကြီးထု၊ ကျေးဇူးပြုက၊ လှုလှုမကြာ၊ ကိုယ့်လိုပါ၏၊ လေးဖြာမျိုးပြား၊ သူတို့အားမူ၊ ကြိုးစားနေ့ရေ၊ မေတ္တာဝေက၊ အုတ်ထွေပုံရာ၊ ကိုယ့်လိုပါသည်။ ။ မှာစဤနှင့် မှန်အောင်ကျင့်

ပဉ္စမပိုင်း[ပြင်ဆင်ရန်]

၃၃။ တဆဲ့နှစ်ဖြာ၊ အားမည်ရာကား၊ ကြမ္မာနည်းရှား၊ မိမ္မအားမူ၊ ပျိုထွားရွယ်ဆင်း၊ လှပခြင်းတည့်၊ မပျင်းကြိုးပမ်း၊ တောင်းရမ်းသသူ၊ လူတို့အားမူ၊ ကြိမ်းများခေါက်ပြန်၊ ဘန်ဘန်တက်ဆင်း၊ သွားလာခြင်းတည့်၊ ရန်နင်းထွတ်ဖျား၊ မင်းတို့အားမူ၊ ပွါးများဝှန်ဖြိုး၊ တန်ခိုးလွန်မင်း၊ ကြီးမြတ်ခြင်းတည့်၊ မယွင်းမမှား၊ သူတော်အားမူ၊ စကားဖြောင့်စင်း၊ တော်မှန်ခြင်းတည့်၊ အရင်းမပါ၊ ဥစ္စာနည်းရှား၊ သူတို့အားမူ၊ ပျား ခြ တံစက်၊ နှိုင်းဘက်ပုံခြင်း၊ ဆည်းပူးခြင်းတည့်၊သီတင်းမဲ့ငြား၊ သူယုတ်အားမူ၊ စကားစမည်၊ အရှည်အတို၊ အဆိုအပြော၊ ရက်ရောကြပ်တင်း၊ ကြီးမားခြင်းတည့်၊ သီတင်းဖြူထွား၊ သူကောင်းအားမူ၊ စကားစောင့်ရပ်၊ တည်းကြပ်ဣန္ဒြေ၊ ပြစ်ပြေသန့်ရှင်း၊ ယဉ်ကျေးခြင်းတည့်၊ ထံရင်းမြဲကြပ်၊ ဆည်းကပ်သသူ၊ လူတို့အားမူ၊ စိတ်ပြားလိမ္မာ၊ ပညာအတတ်၊ ယုတ်မြတ်ချင်းနင်း၊ သင်ကြားခြင်းတည့်၊ လေးကွင်းနွယ်ပြား၊ အမျိုးသားတို့။ အန်အနားတမူ၊ စင်ဖြူသန့်ရှင်း၊ မျိုးမြတ်ခြင်းတည့်၊ ဝပ်စင်းကော်ရော်၊ ပူဇော်ထိုက်သူ၊ လူတို့အားမူ၊ ဘက်ရှားလွတ်ကင်း၊ ဂုဏ်များခြင်းတည့်၊ မယွင်းမကွက်၊ သံမှိုနှက်သို့၊ ငြိမ်သက်သသူ၊ လူတို့အားမူ၊ မြောက်မြားပုံရာ၊ ပညာအရင်း၊ ခိုင်ဖြီးခြင်းတည့်၊ သန့်ရှင်းနွယ်ဇာတ်၊ မျိုးမြတ်သသူ၊ လူတို့အားမူ၊ စကားနာသာ၊ ဝါစာပီယ၊ မြွက်ဟဖြည်းညှင်း၊ ပြောဆိုခြင်းသည်။ ။ အရင်းကြီးမား လူတို့အား


၃၄။ ကဲ့ရဲ့ဘွယ်ရာ၊ ဆဲ့တဖြာကား၊ ပညာအလွန်၊ သီလဝန်ဟု၊ တံခွန်တဆူ၊ စိုက်သသူလျက်၊ အယူမကျ၊ မတည်ပပဲ၊ ထကြွလောက်လက်၊ မငြိမ်သက်အံ့၊ သန့်သက်ဖြူစင်၊ သီလရှင်လျက်၊ ကိုယ်တွင်ကျိုးလို၊ သူများကိုမူ၊ ဝန်တိုစိတ်လက်၊ စီးပွားဖျက်အံ့၊ ချစ်ဘက်မြဲနှောင်၊ အိမ်ရာထောင်သား၊ လူ့ဘောင်တဇာစ်၊ အကြီးဖြစ်လျက်၊ နှုတ်လစ်ကြိမ်းပ၊ မာန်ပပနှင့်၊ ဒေါသအမျက်၊ မာန်စောင်တက်အံ့၊ ဉာဏ်စက်ရဟတ်၊ ကျမ်းဂန်တတ်လျက်၊ မမတ်လွဲလက်၊ တရားပျက်အံ့၊ ပင်ထွက်မျိုးနွယ်၊ သန့်စင်ကြယ်လျက်၊ ရွံ့ဘွယ်အကြွင်း၊ သူ့ထမင်းနှင့်၊ သူ့ဟင်းစားစက်၊ ကြိုက်စုံမက်အံ့၊ လူထက်ရာဇာ၊ မင်းဖြစ်ပါလျက်၊ ဗိုလ်ပါသင်းပင်း၊ ဆင်မြင်းလက်နက်၊ မရှိပျက်အံ့၊ အောက်ထက်ပိုင်သီး၊ မင်းဖြစ်ပြီးလျက်၊ မှုကြီးထမ်းနိုင်၊ ဆင်ခိုင်မြင်းမာ၊ စစ်တန်ဆာကို၊ စိတ်မှာလွှဲယက်၊ မနှစ်သက်အံ့၊ လက်နက်မဲ့ပဲ၊ လူမိုက်မဲသည်၊ ဆင်းရဲဝတီ၊ အိုမင်းပြီလျက်၊ ကုမ္မာရီအောက်၊ ကညာပေါက်နှင့်၊ မှားရှောက်လွှဲလျက်၊ အိမ်ထောင်ဘက်အံ့၊ အောက်ထက်ပေါယယ်၊ ဥစ္စာကြွယ်လျက်၊ ငြိတွယ်ရမ္မက်၊ မလှူရက်အံ့၊ ကနက်ဖြန့်ဆင်၊ မင်းထုံစင်လျက်၊ ပယ်သင်ဆိပ်ခွါ၊ မြွေပမာလျှင်၊ ဘုန်းအာဏာစက်၊ မထက်မျက်အံ့၊ ပြက်ပြက်ပြယ်ပြယ်၊ ကဲ့ရဲ့ဘွယ်သည်။ ။ လူဝယ်ထင်ရှား ဆဲ့တပါး


၃၅။ မညီမညွတ်၊ ကရွတ်ကရော်၊ ထော်လော်စောင်းထောင်၊ ချောက်မြောင်ကျဉ်းကျပ်၊ ထူထပ်တွင်းကျင်း၊ ဆည်ကန်သင်းနှင့်၊ နိမ့်နင်းဖီလာ၊ ခဲစွာကတ်သတ်၊ ကမ်းပြတ်မြင့်မား၊ ချောင်းမြစ်နားဝယ်၊ သွားလာသသူ၊ တောင်းဝှေးကူလျက်။ ရှေးရှူစူးစမ်း၊ ဖြေးဖြေးလှမ်းမှ၊ ဘေးကျမ်းလွတ်မြောက်၊ လိုရာရောက်၏၊ ကဘောက်ကဘက်၊ ရုတ်တရက်ကြီး၊ ခုံမီးခုံမင်၊ သွားချေလျှင်လည်း၊ နာကျင်ပြင်းပြ၊ ချောက်တွင်းကျ၍၊ ထိရှစုတ်ပြတ်၊ သေတို့တတ်၏၊ လတ်ဆတ်ခန္ဓာ၊ မသေပါလည်း၊ ဝေဒနာလွန်မင်း၊ ချို့ယွင်းအင်္ဂါ၊ ဥစ္စာပျောက်ပျက်၊ အရှက်လည်းကျ၊ ကဲ့ရဲ့ရသို့၊ လုံ့လကြီးမား၊ မင်းခစားလည်း၊ မင်းနားနီးကပ်၊ မင်းနှင့်စပ်က၊ မလျှပ်မပေါ်၊ မလော်မလည်၊ တည်ကြည်မြဲသိပ်၊ မလည်းလိပ်တည့်၊ မင်းရိပ်မင်းခြည်၊ ဖွေနည်စေ့ငု၊ သတိပြု၍၊ ကြည့်ရှုစုံစမ်း၊ ဆင်နိုင်စွမ်းမှ၊ ခွင့်လမ်းလှလှ၊ အရာကျအံ့၊ ပေါ့ဆစိတ်ချွတ်၊ သတိလွတ်၍၊ အန်ခတ်ကြက်တိုက်၊ သောက်ကျိုက်သေစာ၊ ဥစ္စာပျောက်ပျက်၊ ရမ္မက်ထူထပ်၊ ကာမတပ်လျက်၊ ပေါ့လျှပ်ပေါ်လည်၊ မတည်ကြည်က၊ မစည်တီးပြုန်း၊ မင်းဘုန်းခံစား၊ ရမည်ထားဘိ၊ ရှုံးပါးလေမြဲ၊ မချွတ်လွဲသည်။ ။ မင်းပွဲဝင်ငြား အမှားမှား


၃၆။ ပီတိနှစ်လို့၊ တပ်ပျို့ဘွယ်ပုံ၊ ခြောက်အာရုံနှင့်၊ ကြုံသော်လည်းကောင်း၊ များထောင်းသွယ်သွယ်၊ ကြောက်ဘွယ်လန့်စု၊ ခြောက်စုအာရုံ၊ ကြုံသော်လည်းကောင်း၊ ခြောင်းခြောင်းအမျက်၊ ထွက်ဘွယ်အကြောင်း၊ ပူပျောင်းညှိုးလိမ်၊ စိုးရိမ်ဘွယ်တိ၊ ရှိသော်လည်းကောင်း၊ ဆိုးကောင်းလွန်ကြူး၊ မတွေ့ဘူးလား၊ မိန်းမူးပြောင်းခွေ့၊ ဆင်းရဲငွေ့ကို၊ တွေ့သော်လည်းကောင်း၊ မရတောင်းသား၊ ဆင့်လောင်းလာဘ၊ စည်းစိမ်မကို၊ ရသော်လည်းကောင်း၊ မင်းအပေါင်းတို့၊ အဟောင်းအသစ်၊ အပြစ်အကျိုး၊ အတိုးအယုတ်၊ အဆုတ်အတက်၊ အချက်ချက်ကို၊ ဆဝက်မရှိ၊ ချိန်ဖြင့်ညှိသို့၊ သတိယှဉ်ယှဉ်၊ သမ္ပဇဉ်နှင့်၊ ဖြေဖျဉ်သိမ်းရုပ်၊ ဉာဏ်လက်ဆုပ်၍၊ တည်းချုပ်နိုင်မှ၊ လိုရာကျအံ့၊ သုခဒုက္ခံ၊ လောကဓံကို၊ မလွန်နိုင်ဘိ၊ ဉာဏ်မရှိနှင့်၊ သတိသမ္ပဇည်း၊ မချုပ်တည်းက၊ နှိပ်လည်းချရှုတ်၊ စည်းစိမ်ယုတ်သည်။ ။ နောက်ဆုတ်ရွေ့ရှား လနှယ်သွား


၃၇။ နှစ်သက်ဘွယ်ပင်၊ အာရုံမြင်က၊ မဆင်ခြင်စောက်၊ ကျွန်ငါးယောက်တို့၊ မှားရှောက်သော့အား၊ သက်ဆုံးပါးလည်း၊ မင်းသားဘုန်းခိုင်၊ ဆင်ခြင်နိုင်၍၊ မဆိုင်ရာဝယ်၊ ပြည်ကြီးလယ်ထက်၊ စမ္ပာယ်မြှောက်ခြီး၊ ထွတ်ဝင်တီး၍၊ ရွှေထီးရတနာ၊ ဆောင်းဘူးပါ၏၊ ပြည်ဗာရာဝယ်၊ သူဌေးကြွယ်နှင့်၊ ကုံကယ်မြောက်မြား၊ သူကြွယ်သားတို့၊ သိကြားစံသီး၊ နတ်သ္မီးနှင့်၊ ပင်ကြီးသပြေ၊ သီးမှည့်ကြွေကို၊ ရှာဖွေလော်လမ်း၊ မစုံစမ်းပဲ၊ တောင်းရမ်းသောအား၊ အမှားမှားလျှင်၊ ရှုံးပါးခန္ဓာ၊ သေဘူးရှာ၏၊ ဥမ္မာဒန္တီ၊ ဆင်းသိင်္ဂီကို၊ ရှေ့ဆီတည့်တွင်၊ ရုတ်ချည်းမြင်က၊ ဗေဒင်တတ်ခြင်း၊ အခေါင်ချင်းလျက်၊ ထမင်းခွန့်စာား၊ မတည်ကြား၍၊ လှေကားထက်က၊ ကိုင်၍ချသည်၊ မင်းမျာ့းဆရာ၊ ရှက်ဘူးရှာ၏၊ တခါထိုမင်း၊ မြင်လက်ငင်းဝယ်၊ မှားယွင်းစွန်းငြိ၊ ရူး၍ရှိလည်း၊ သတိနောက်အုပ်၊ စိတ်ကိုချုပ်၍၊ တုန်လှုပ်ခဲ့လျှင်း၊ စီရင်ခြင်းဖြင့်၊ ပွင့်လင်းပြည်ရွာ၊ ရှေးထက်သာ၏၊ သူဇာမယွင်း၊ လှမျာ့းမင်းဟု၊ အဆင်းနှင့်သာ၊ သက်မွေးရှာလည်း၊ ဆရာဂုတ္တိလ၊ စောင်းချသံက၊ ဒွါရမှတ်မြောက်၊ လေသာပေါက်က၊ ဖွင့်ဖေါက်ပြေးဆင်း၊ မြေမနင်းခင်၊ ပြတ်ကင်းခန္ဓာ၊ ကိုယ်ကကွာ၏၊ ကျမ်းလာလားလား၊ သည်ထုံးများကို၊ မှတ်သားချင့်တွက်၊ ဉာဏ်ရေးချက်င၊ နှစ်သက်ဘွယ်မျှ၊ အာရုံပြလည်း၊ မရသာချေ၊ ကျိုးနေမဲ့ဘိ၊ သူသိပြစ်တင်၊ ပယ်ခွင်လာရေး၊ ရန်နှင့်ဘေးကို၊ ဆွေးနွေးတိုင်းထွာ၊ မြဲမကွာလျှင်။ ။ ပညာစက်သွား ရှေ့ကထား


၃၈။ ကြောက်လန့်ဘွယ်လျှင်၊ အာရုံမြင်က၊ သက်ခင်လှိုက်ပု၊ ကြောက်တတ်သူကား၊ စွယ်ဖြူပြူးပြူး၊ မာန်ဟူးဟူးနှင့်၊ ဘီးလူးဥပါ၊ ပြိတ္တာတစ္ဆေ၊ ကင်းမြွေနွားကျွဲ၊ သားရဲမြင်းဆင်၊ သမင်တိုးအောင်၊ မိကျောင်းခွေးရူး၊ ပြင်းဟူးမာန်ဟုန်၊ ဂဠုန်နဂါး၊ သစ်ကျားခြင်္သေ့၊ တွေ့သော်လည်းကောင်း၊ စိတ်တချောင်းကို၊ ထိန်းကျောင်းချုပ်ကိုင်၊ မအုပ်နိုင်၍၊ ယိမ်းယိုင်ပျက်စီး၊ ကြောက်အားကြီး၏၊ ခရီးရှည်လျား၊ စစ်မြေသွားလည်း၊ လှံဓားဖွေးဖွေး၊ အသွေးချင်းချင်း၊ မြင်လတ်လျှင်းက၊ မတင်းရပ်နိုင်၊ နေထိုင်ပြေားင်းခွေ့၊ ကြောက်တုံဆွေ့၏၊ မင်းရှေ့စိုးမှောက်၊ ပွဲလမ်းရောက်လည်း၊ အလျှောက်မလဲ၊ မရဲမရောင်၊ ရီးယောင်ဝိုးဝါး၊ ရယ်ဘွယ်များ၏၊ ယောက်ျားပီလှ၊ ဝိဓူရကို၊ ပုဏ္ဏကဘီလူး၊ မာန်ရှူးရှူးဖြင့်၊ လေရူးခတ်နှိပ်၊ တောင်ထိပ်တင်ထား၊ လန့်ကြားဟစ်နှင်၊ ကျားသွင်ကိုင်ဆုပ်၊ ဆင်ရုပ်ဝှေ့နှင်း၊ မြွေပင်းရစ်ပတ်၊ ကမ်းပြတ်တောင်မှ၊ လေးကြိမ်ချလည်း၊ ရဲလှစွာဘိ၊ တုမရှိသား၊ သတိတရား၊ တည်တံ့စား၍၊ သူအားချမ်းသာ၊ ကိုယ်တော်မှာလည်း၊ လိုရာပြီးအောင်၊ ကျိုးကြီးဆောင်သည်။ ။ မြန်ဘောင်ထင်ရှား တံခွန်လွှား


၃၉။ စိုးရိမ်ပူပြင်း၊ ငိုကြွေးခြင်းကား၊ ကိုယ်ဆင်းရဲကာ၊ ကျိုးမလာခဲ့၊ မျက်နှာညစ်ပုပ်၊ ကြောက်လန့်ရုပ်ကို၊ ညှိုးချုပ်မရွှင်၊ ရန်သူမြင်လည်း၊ အားအင်ကဲဆင့်၊ ဝမ်းမြောက်နှင့်၏၊ လျော်ခွင့်သေပျောက်၊ ဘေးဒဏ်ရောက်လည်း၊ မကြောက်လန့်ရာ၊ မျက်နှာသဏ္ဌာန်၊ လပြည့်ဟန်သို့၊ ဖေါက်ပြန်မရွေ့၊ ကြပတေ့ကို၊ နောက်ရှေ့တင်တင်၊ ရန်သူမြင်က၊ ဆင်ခြင်ထောက်ချင့်၊ ကြောက်ကြိမ်နှင့်၏၊ အခွင့်မြှော်ကြည့်၊ သို့ဖြစ်သည့်ကြောင့်၊ တည့်တည့်ဘေးရန်၊ ရောက်မည်မှန်မူ၊ မန္တန်ဆေးဝါး၊ မန္တရားဖြင့်၊ သမားရုံးစု၊ နှုတ်ပိတ်ပြု၍၊ လွတ်မူထင်လျှင်၊ လွတ်ကြောင်းရင်လော့၊ လွတ်ဆင်မရှိ၊ ခက်ပြန်ဘိမူ၊ ကဝိဇာနည်၊ ပညာသည်နှင့်၊ ကြံစည်မြှော်ရှု၊ တိုင်ပင်ပြု၍၊ လွတ်မှုထင်လျှင်၊ လွတ်ကြောင်းရင်လော့၊ လွတ်ဆင်မရှိ၊ ခက်ပြန်ဘိမူ၊ ဖြန့်ချိငွေကြေး၊ တန်ဆိုးပေး၍၊ လွတ်ရေးတင်လျှင်၊ လွတ်ကြောင်းရင်လော့၊ လွတ်ဆင်မရှိ၊ ခက်ပြန်ဘိမူ၊ အမိအဘ၊ ဘိုးဘွားကသည်၊ မျိုးစဆွေလျဉ်၊ အစဉ်မပျက်၊ စပ်ယှက်သဖြင့်၊ သို့မှသင့်ဟု၊ လွတ်ခွင့်ထင်လျှင်၊ လွတ်ကြောင်းရင်လော့။ ။ သည်တွင်ပိုင်းခြား ဥပါယ်ငါး


၄၀။ ယင်းသို့ငါးသွယ်၊ ကြံဥပါယ်ဖြင့်၊ နှီးနွှယ်ကြိုးစား၊ မတတ်အားမူ၊ တရားသံဝေ၊ ကံသာပေဟု၊ ဖျော်ဖြေငြိမ်ဆိမ်၊ စိတ်ကိုနှိမ်၍၊ စိုးရိမ်မဲ့ရာ၊ ရှေးသောခါက၊ ပစ္ဆာမဲ့ပဲ၊ မင်းဒဏ်စွဲလည်း၊ ဝံ့ရဲတံ့စား၊ ခိုင်တည်ကြား၍၊ ပျိုထွားရွယ်နု၊ သူငယ်မျှလျက်၊ ဘေးမှလွတ်ပြီး၊ တောင်ထိပ်မီးသို့၊ ဝန်ကြီးအရာ၊ မြှောက်ဘူးပါ၏၊ မာန်ပါဆူးရား၊ ဒေါသအားလည်း၊ ဆီးတားဖျော်ဖြေ၊ ချုပ်နိင်စေလော့၊ ရွှေရင်သည်းပွတ်၊ သားကိုသတ်လည်း၊ ပဋိဃာတ်ဆီးတား၊ နိုင်သောအားဖြင့်၊ ဘုရားရှင်မှ၊ ချီးမွမ်းရလျက်၊ ပေးချနေရာ၊ နတ်တကာလည်း၊ မေတ္တာပို့ဝေ၊ ညွတ်ရိုသေ၏၊ ကိလေသာဝယ်၊ မြစ်နှစ်သွယ်လည်း၊ အလွယ်မကြာ၊ ပယ်ဖြတ်ခွါ၏၊၊ နရာလူ့ဖျား၊ မင်းတို့အားမူ၊ ဖီတားမဖျဉ်၊ ပစ္စေကာအား၊ လေးထိမှား၍၊ ထောက်ထားဆင်ခြင်၊ ပညာအင်နှင့်၊ သုမင်္ဂလ၊ ဒေသခွါပြောင်း၊ သုံးနှစ်အောင်းလျက်၊ စောလောင်းနတ်ဆွေ၊ မျက်ရှိန်ပြေက၊ စက်ခြေရင်းမှာ၊ ဝင်ဘူးလှ၏၊ ပညာနေလ၊ မဟော်မှလည်း၊ ဒေသရိပ်ငြိမ်၊ အိုးထိန်းအိမ်ဝယ်၊ စိုးရိမ်ဖြေဖြေ၊ မင်းမျက်ပြေအောင်၊ နေရဘူးကြောင်း၊ ရှေးထုံးဟောင်းကို၊ ဆင့်လောင်းယခု၊ အမှီပြု၍၊ ပြည်သူ့တမွတ်၊ လောကနတ်နှင့်၊ အထွတ်ညာတင်၊ ရှင်မိဖုရား၊ သီးခြားရံအုပ်၊ ကိုယ်လုပ်မောင်းမ၊ မည်ရထင်ပေါ်၊ မျိုးတော်ပည်းသီ၊ မင်းညီမင်းသား၊ ထူးခြားရာသီး၊ မှူးကြီးမတ်ရာ၊ သေနာပတိ၊ အကျိအခဲ၊ အတွင်းမြဲနှင့်၊ သီးကွဲတထူး၊ ဗိုလ်မှူးစစ်ကွပ်၊ စစ်ကြပ်စစ်ကဲ၊ ရွေးရဲမကျန်၊ ကောင်ဟန်အာဏာ၊ မြို့ရွာသူကြီး၊ ဦးစီးချုပ်ကိုင်၊ မြေတိုင်ဝယ်သား၊ ယောက်ျားမိန်းမ၊ ရှိသမျှတို့၊ ချက်ကျသေချာ၊ မှတ်သားရာသည်။ ။ ချမ်းသာစီးပွား ကြီးမြောက်မြား

နိဂုံး[ပြင်ဆင်ရန်]

၄၀။ ကြားပိမ့်မင်္ဂလာ၊ နိဂုံးမှာပိမ့်၊ ရတနာပု၊ အဝပြည်ကြီး၊ ဟံသာမီးကြောင့်၊ ပျက်စီးသည့်နောင်၊ ထွန်းတန်ဆောင်သို့၊ ကုန်းဘောင်သမိုက်၊ ထီးနန်းစိုက်က၊ အတိုက်တိုက်သား၊ သတင်းနားမျှ၊ မကြားဝံ့ကြ၊ ဦးညွတ်ခသည်၊ သိင်္ဃရတနာ၊ အာဒိသမိုက်၊ ဗျာဒိတ်သိုက်ဝင်၊ ဆင်ဖြူရှင်၏၊ ရွှေရင်တော်ပေါက်၊ သားခြောက်ယောက်တွင်၊ ထက်အောက်လွှမ်းမိုး၊ ဗဒုံစိုးသား၊ သတိုးမင်းစော မုနောမြှောက်တင်၊ သခင်ကျွန်ရင်း၊ စိုးမင်းသုံးရ၊ ယုံထိုက်လှသား၊ စိန္တကျော်သူ၊ ဟူသည်အမည်၊ ကျွန်ုပ်သည်လျှင်၊ ဝန်းလည်ယှက်ယုံ၊ ကလိန်ချုံဝယ်၊ ခုံခုံမင်ခင်၊ လက်ယှက်ဝင်၍၊ စိတ်ထင်လိုရာ၊ မကသာသို့၊ ပြည်ရွာမင်းရေး၊ မှုရှုပ်ထွေးလည်း၊ ဆေးတအိုးကျွမ်း၊ ကွမ်းတရာညက်၊ စိတ်စက်ပျော်ပိုက်၊ လစ်လပ်ခိုက်တွင်၊ နှစ်ခြိုက်သာယာ၊ စီကုံးပါသည်၊ သာသာနာ တောက်ပ၊ ဝါနဂေရာ၊ နှစ်ကောဇာမူ၊ ဖောဋ္ဌာကယ၊ ဝဿအာသန်၊ ဂိမှာန်ပြောင်းလို၊ ဝါဆိုဆန်း၍၊ လေးရက်စေ့သား၊ နေ့တနင်းလာ၊ ပြိဿရာ၌၊ သောကြာဗုဒ္ဓ၊ မေထုနဝယ်၊ ရှည်ထထပ်ရှိ၊ ရဝိသူရိန်၊ သိဟ်ဝယ်သီဟ၊ ကုမ္ဘဂုရု၊ သောရီစုလျက်၊ အောင်ဆုပေးလတ်၊ တသမတ်လျှင်၊ ကရကဋ်စန်း၊ မကရ်းလက္ခဏ၊ ဗာဝီသထက်၊ နှစ်ပြန်တက်၍၊ စီးလျက်နင်းကာ၊ ဇေယာတိထီ၊ သွာဒီနက္ခတ်၊ မွန်းတည့်မတ်တွင်၊ သူရဿတီ၊ ဝန်းအုံညီ၍၊ ရုဋ္ဌီရောရု၊ ဆယ်ဥပစာ၊ နည်းနာလေးဆယ်၊ ကျဉ်းကျယ်ဖေါ်ထုတ်၊ ဂင်္ဂါဝုတ်ဖြင့်၊ ကုတ်ကုတ်ကတ်ကတ်၊ လူနတ်နားလည်၊ ပိုက်ရှည်ပိုက်တို၊ ဖတ်လည်းချိုအောင်၊ ဖွဲ့ဆိုစမြဲ၊ မဆိုပဲလျှင်၊ နက်နဲပေါ့လေး၊ ယှက်ထွေးရောရော၊ စူပါမဖက်၊ ပင်ထွက်စစ်စစ်၊ ပင့်ရစ်သတ်လတ်၊ ညီညွတ်ကာရန်၊ ကျမ်းဂန်လောက၊ စုဆပြိုးပြွမ်း၊ ပျူငှါဆန်လျက်၊ အကြမ်းအနု၊ နှစ်ခုမျှတ၊ သိသာရအောင်၊ ဖေါ်ပြလင်းလင်း၊ ဆယ်၍ကျင်းသို့၊ သံညှင်းနာအီ၊ ရှစ်ပိုက်စီလျှင်၊ ပီပီသသ၊ ငါးထပ်ချသား၊ အဋ္ဌပဉ္စာ၊ သုဉ္စာလီသ၊ပဒပြည့်စုံ၊ အပြီးတုံ၏၊ ထူးပုံမှတ်ဘွယ်၊ ဓိပ္ပါယ်မခက်၊ အနက်မလျှို၊ အောင်မည်တို့ကို၊ အောင်မျို့ဝင်ဝင်၊ အောင်ပွဲဆင်၍၊ အောင်မင်္ဂလာ၊ အောင်ညွန့်ဖြာသည်။ ။ ဩဝါဒထူး စာယဉ်ကျူး


ဩဝါဒထူးပျို့ ဆုံးမစာ ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

[၁]

  1. ဟံသာဝတီဆုံးမစာပေါင်းချုပ်