ဘဖေ၊ ဦး

ဝီကီပီးဒီးယား မှ
(ဦးဘဖေ မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search


ဘကြီးဘဖေ ခေါ် ဦးဘဖေ[ပြင်ဆင်ရန်]

ဘကြီးဘဖေ ခေါ် ဦးဘဖေ
ဘကြီးဘဖေ ခေါ် ဦးဘဖေ

မြန်မာ အမျိုးသားများနှင့် တကွ အာရှ၊ ဥရောပသားများကပါ လူသိများလှသော ဘကြီး ဘဖေသည် ကြို့ပင်ကောက်မြို့မြေပိုင်ရှင် အဖ ဦးအို၊ အမိ ဒေါ်မှင်တို့မှ မြန်မာသက္ကရာဇ် ၁၂၄၅ ခု၊ ကဆုန်လဆန်း ၁ဝ ရက် (ခရစ်သက္ကရာဇ် ၁၈၈၃ ခု၊ ဧပြီလ ၁၆ ရက်) တနင်္လာနေ့တွင် ဖွားမြင်ခဲ့သည်။

မောင်ဘဖေသည် အသက် ၁၇ နှစ်သား အရွယ်တွင် အင်ထရင့် စာမေးပွဲကို စကောလားရှစ်ဆုဖြင့် အောင်မြင်ခဲ့သည်။ ၁၉ဝ၆ ခု၊ အသက် ၂၃ နှစ်တွင် ဘီအေ စာမေးပွဲကို အောင်မြင်ခဲ့သည်။ ဘီအေ အောင်ပြီး အသက်၂၃ နှစ် အရွယ်မှာပင် ဝိုင်အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (၁၉ဝ၆) စတင် တည်ထောင်ရာတွင် အဓိက အရေးကြီးသော ပုဂ္ဂိုလ်တွင် တဦး အပါအဝင် ဖြစ်သည်။ ကိုဘဖေသည် ဘီအေ အောင်ပြီးနောက် နယ်ချဲ့ အင်္ဂလိပ် အစိုးရက မြို့အုပ်ရာထူး လာပေးသည်ကို မယူဘဲ စိန်ပေါကျောင်း၌ ကျောင်းဆရာ အဖြစ် လုပ်ကိုင်ခဲ့သည်။

ဦးဘဖေသည် ငယ်စဉ်က ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေရန် အဖြစ်ဆန်း တခုနှင့် ကြုံတွေ့ခဲ့ရသည်။ ဆန်းလှသော ကြုံတွေ့ရပုံမှာ သူငယ်စဉ်က ရန်ကုန်ရှိ ဟိုက်စကူးကျောင်း၌ ကျောင်းတက်သွားစဉ် ဆိုင်ကယ် စီးလာသော ပုလိပ် မင်းကြီး အက်ဒေါနင်ရှေ့မှ ကလေးပီပီ ဖြတ်ပြေး သွားခဲ့မိသည်။ မင်းကြီးရှေ့မှ ဖြတ်ပြေး သွားရကောင်းလား ဆိုပြီး ဒဏ်ငွေ ၃ ကျပ် အချောင်သက်သက် ဒဏ်ရိုက်ခံရသည်။ လူချင်း တူပါလျက် နားမလည်သေးသော ကလေးအရွယ်မျှပင် မျက်နှာဖြူ အင်္ဂလိပ် ပုလိပ်မင်းကြီး ရှေ့မှ ဖြတ်ပြေးမိရုံနှင့် ဒဏ်ငွေ ရိုက်ခြင်းကို သူမကျေနပ်ခဲ့။ ခံပြင်းမိသည်။ ဤသည်မှာ ဇာတိမာန် တက်ကြွမှုကို မျိုးစေ့ ချပေးခဲ့သော ဖြစ်ရပ်ဆန်း တခုပင် ဖြစ်သည်။

ဦးဘဖေသည် ၁၉၁၁ ခုနှစ်တွင် ဦးလှဖေနှင့် တိုင်ပင်၍ တယောက်လျှင် ငွေ ၂၅ ကျပ်စီဖြင့် မတည်ကာ ‘သူရိသတင်းစာ’ ထုတ်ဝေရန် စိုင်းပြင်းကြသည်။ ပြည်ကြီးမဏ္ဍိုင် ပုံနှိပ်တိုက်မှ ကြော်ငြာများကို ရိုက်နှိပ်၍ ဝေငှကြသည်။ ကြေငြာတွင် ‘သူရိယ သတင်းစာကြီး ထွက်တော့မည်။ ဘာသာရေး၊ နိုင်ငံရေးပါ မကျန် မိမိတို့ သန်ရာကို ဖတ်ရမည်’ ဟု ပါရှိလေသည်။ နီးစပ်ရာ ခင်မင်ရာ ပုဂ္ဂိုလ်များ ထံမှလည်း အစုရှယ်ရာများ ပါဝင်စေခဲ့သည်။ တဦးလျှင် ၁၅ ကျပ်မျှဖြင့် အစုရှယ်ရာ ပါဝင်စေခဲ့ရာ အစုရှယ်ရာ ငွေ ၅ဝဝဝိ မျှ ရရှိခဲ့သည်။ ထိုငွေ ၅ဝဝဝိ ဖြင့် မတည်၍ သူရိယ သတင်းစာကို စတင် ထုတ်ဝေလေသည်။ ထိုစဉ်က ဦးဘဖေ၏ အသက်မှာ ၂၈ နှစ်မျှ ရှိနေလေပြီ။

ဦးဘဖေသည် တဖက်မှ သတင်းစာ လုပ်ငန်းကို လုပ်ဆောင်ရင်း တခြား တဖက်မှလည်း ဝိုင်အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ကိုလည်း စတင် တည်ထောင်သည်။ ဦးဘဖေနှင့် အတူ ဦးမောင်ကြီး (ဆာ မောင်ကြီး)၊ ဦးစိန်လှအောင်၊ ဦးဘိုးမြေ၊ ဦးမုန်း၊ ဦးမေအောင်ဒေါက်တာ ဘရင်၊ ဦးလှဖေ၊ ဦးသိန်းမောင် စသော ခေတ်ပညာတတ် လူငယ်၊ လူရွယ်များ ပါဝင်ခဲ့သည်။ ပါဝင်ချင် လာအောင်လည်း တစ်ဦးနှင့် တစ်ဦး အပြန်ပြန် အလှန်လှန် စည်းရုံး သိမ်းသွင်းကြသည်။

ဦးဘဖေသည် သူရိယ သတင်းစာ လုပ်ငန်းတွင် အယ်ဒီတာ အလုပ်မှ စပြီး အောက်ခြေသိမ်း တံမြက်လှည်း၊ သတင်းစာခေါက် အလုပ်မှ စပြီး အပင်ပန်းခံကာ အလုပ်လုပ်ခဲ့သည်။ အခြား သတင်းစာများထက် သတင်းထူများကို ဦးစား ပေးရေးခဲ့သည်။ ဝိုင်အမ်ဘီအေ အသင်းကြီး၏ လှုပ်ရှားမှု အသက်ပါသော သတင်းစာ ဖြစ်၍ သတင်းစာ စောင်ရေ တရိပ်ရိပ် တက်လာခဲ့သည်။ ထိုစဉ်က ရွှေတိဂုံ စေတီတော်မြတ်ပေါ်တွင် မျက်နှာဖြူများ ဖိနပ်စီး တက်နေကြသည်။ ဤသည်ကို မကြည့်ရက်နိုင်သော ဦးဘဖေသည် ကာတွန်း ရုပ်ပြောင်ဖြင့် သတင်းစာ ဖော်ပြခဲ့သည်။ အင်္ဂလိပ် မျက်နှာဖြူများနှင့် အလိုတော်ရိများ မခံမရပ်နိုင် ဖြစ်ခဲ့ရသည်။

ကာတွန်း၏ ရုပ်ပုံမှာ တောင်ရှည် ပုဆိုးဝတ် ဘုရားလူကြီး၏ ကျောပေါ်တွင် မျက်ဖြူ ဇနီးမောင်နှံတို့က ဖိနပ်မချွတ်ဘဲ ခွစီးထားရင်း စေတီတော်မြတ်ကို လှည့်လည် ကြည့်ရှုနေပုံ ဖြစ်သည်။ ထိုမျက်နှာဖြူ ဇနီးမောင်နှံတို့ကပင် “အခုလို ဖိနပ်မချွတ်ဘဲ ဘုရားပေါ် လည်ကြည့်ရသဖြင့် ကျေးဇူးတင်ပါတယ်” ဟုသော စကားကိုပင် ဖော်ပြ လိုက်သေးသည်။ ထိုကာကွန်းကို ရွှေတလေး ခေါ် ဦးဘလေးက ရေးဆွဲပေးသည်။

ထိုကာတွန်းကြောင့် ပုလိပ်မင်းကြီး မျက်နှာဖြူ ရှပ်တဲ (လ်) ဝပ် (သ်) က ဦးဘဖေနှင့် ဦးရွှေကလေးတို့ကို ခေါ်မေးလေသည်။ ဦဘဖေတို့ကို ခေါ်သော်လည်း ပုလိပ်မင်းကြီး စားပွဲရှေ့တွင် ထိုင်စရာ ဟူ၍ ဘာမျှမထား။ ဖျာလေး တချပ်မျှသာ ခင်းထားလေသည်။ ဦးဘဖေတို့က မထိုင်ဘဲ မတ်တပ်ရပ်လျက်ကပင် “ဂွတ်တမောနင်း မစ္စတာ ရှပ်တဲ(လ်)ဝပ်(သ်)” ဟု နှုတ်ဆက်လိုက်သည်။ မျက်နှာဖြူ ပုလိပ်မင်းကြီးက မျက်နှာထား ခပ်တည်တည်ဖြင့် ကာတွန်း ဘာကြောင့် ထည့်ရသလဲဟု မေးလေသည်။

ဤတွင် ဦးဘဖေက “ပုလိပ်ဟာ ပုလိပ် အလုပ်ပဲ လုပ်ပါ၊ သတင်းစာ အလုပ်ကို ဝင်မရှုပ်ပါနဲ့၊ ဒီမယ် ဟေ့ကောင် မင်းဟာတို့ကို တမင်ခေါ်ပြီး ညစ်တာ၊ တို့ထိုင်ဖို့ နေရာတောင် မပေးဘူး၊ ဒီလို မစော်ကားနဲ့၊ နောင်ကို ဒီလို့ စော်ကားရင်တော့ ငါနေမယ် မဟုတ်ဘူး၊ ပြန်ဆော်မှာပဲ” ဟု ပြောလိုက်သည်။

ထိုအခါ ပုလိပ်မင်းကြီး မစ္စတာ ရှပ်တဲ(လ်)ဝပ်(သ်)က သူ့ကို ပြန်ပြောရမလား ဆိုပြီး စိတ်ဆိုးကာ ကုလားလို ဆဲဆို မောင်းထုတ်လေသည်။ ဦးဘဖေကလည်း ခေါင်းငုံ့မခံဘဲ ပြန်ဆဲပြီး စားပွဲပေါ်ရှိ မျဉ်းလုံးနှင့် ဆွဲရိုက်မည် အပြု၊ အတူပါလာသော ဦးလှဖေက ဆွဲထားလိုက်ရသည်။ ဦးဘဖေ ပုလိပ်မင်းကြီးနှင့် ရန်ဖြစ်ခဲ့သည် ဆိုသော သတင်းကြောင့် ဝိုင်အမ်ဘီအေ အသင်းတွင် အတော် ပွက်လောရိုက် သွားသည်။ ဦးဘဖေကိုလည်း အထူးပင် ချီးကျူးကြသည်။

၁၉၁၉ ခုနှစ်တွင် အော့ (စ်) ဖုန်း ကော်မရှင်တွင် မြန်မာတို့၏ နစ်နာချက်ကို ဖော်ထုတ် တင်ပြရန် အတွက် အင်္ဂလန်သို့ ကိုယ်စားလှယ်သုံးဦး လွှတ်ရန် ရွေးချယ်ကြသည်။ ထိုသုံးဦးမှာ ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်တို့ ဖြစ်သည်။ ဦးဘဖေလည်း ကိုယ်စားလှယ် တဦး အဖြစ် ပါဝင်ခဲ့သည်။ ထိုစဉ်က ‘ဖေ-ပု-ရှိန်’ ဟု နာမည်ကျော်ကြား လူသိများကာ ရေပန်းစားခဲ့သည်။

၁၉၂ဝ ခုနှစ်၊ ဒီဇင်ဘာလတွင် ပထမဆုံး တက္ကသိုလ် သပိတ်ကို ပြင်ပ နိုင်ငံရေး ခေါင်းဆောင်တဦး အနေဖြင့် အားပေး ထောက်ခံခဲ့သော ပုဂ္ဂိုလ် တဦးမှာ ဦးဘဖေပင် ဖြစ်သည်။ စီအင်အီး ခေါ် အမျိုးသား ပညာရေး အဖွဲ့ချုပ် ကော်မတီဝင် တဦး အဖြစ်လည်း ပါဝင် ဆောင်ရွက်ခဲ့သည်။

၁၉၂ဝ ခုနှစ်၌ပင် အင်္ဂလန်သို့ ဒုတိယ အကြိမ် မြန်မာပြည် အတွက် အရေးဆိုရန် သွားရပြန်သည်။ သွားရသူများမှာ ဦးဘဖေ၊ ဦးပု၊ ဦးသိန်းမောင်တို့ ဖြစ်ကြသည်။ သွားရခြင်း အကြောင်းမှာ မြန်မာပြည်ကို အိန္ဒိယပြည်နှင့် တန်းတူ အုပ်ချုပ်ရေး အဆင့်အတန်း ပေးရန်အတွက် ပြောဆိုဖို့ သွားခြင်းဖြစ်သည်။ ဦးဘဖေတို့ ဇွဲကောင်းကောင်းနှင့် အမျိုးမျိုးအဖုံဖုံ ကြိုးစား ဆောင်ရွက်မှုကြောင့် မွန်တေဂူက ဖိတ်ခေါ်ပြီး အိန္ဒိယနှင့် တန်းတူ အုပ်ချုပ်ရေးကို ၁၄ ရက် အတွင်း ပြုလုပ် ပေးပါမည် ဟူသော ကတိကို ရရှိခဲ့သည်။

ထိုစဉ်က မြန်မာပြည်တွင် ဘုရင်ခံ ဖြစ်သူမှာ သမိုင်းတွင် ထင်ရှားသော ဘုရင်ခံ ကရက်ဒေါ့(ခ်) ဖြစ်သည်။ ဦးဘဖေသည် ဒိုင်အာခီ အုပ်ချုပ်ရေးကို ၂၁ ဦးဖြင့် လက်ခံခဲ့သည်။ ၁၉၂၉ ခုနှစ်၊ ရွှေးကောက်ပွဲတွင် ရန်ကုန် အရှေ့ပိုင်းမှ ဝင်ရောက် အရွေးခံရာ အနိုင်ရရှိခဲ့သည်။ ထို့နောက် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၃ဝဝ ပြည့်နှစ် ရေနံမြေ သပိတ်ကြီးတွင်လည်း ဦးဘဖေသည် ၂၁ ဦး ကိုယ်စားလှယ် အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ တွဲရေး ခွဲရေး၊ ၉၁ ဌာန အုပ်ချုပ်ရေး ခေတ်တွင်လည်း သစ်တောရေး ဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က ၅ဝဝဝ ကျပ်မျှ လစာရသည်။ ခေတ်အခေါ် သစ်တောရေး ဝန်ကြီးချုပ်ဟု ခေါ်ကြသည်။

ဦးဘဖေသည် ၁၉၃၆ ခုနှစ်တွင် ပြည်ထဲရေး ဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဘဖေ (ခေါ်) ဘကြီးဘဖေသည် ဗိုလ်ချုပ် အောင်ဆန်း၏ ယာယီ ကြားဖြတ် အစိုးရ အဖွဲ့တွင်လည်း ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ သီဟိုဠ် (သီရိလင်္ကာ) ရှိ ကန္နီမြို့တွင် သွားရောက်ပြီး ကန္နီစာချုပ်ကို ဗိုလ်ချုပ် အောင်ဆန်းတို့နှင့် အတူ ချုပ်ဆိုခဲ့သည်။ လွတ်လပ်ရေး အတွက် အင်္ဂလန်သို့ ဗိုလ်ချုပ် အောင်ဆန်းတို့နှင့်အတူ အရေးဆိုရန် သွားစဉ်ကလည်း ဘကြီးဘဖေသည် အဖွဲ့ဝင် တဦး အဖြစ် ပါဝင် ဆောင်ရွက်ခဲ့ရသည်။ ပြောသင့် ပြောထိုက်သော စကားအချို့ကို ဘကြီးဘဖေထံမှပင် အကြံဉာဏ် ယူ၍ သုံးစွဲခဲ့ရသည်ဟု အဆိုရှိသည်။

ဦးဘဖေ ခေါ် ဘကြီးဘဖေ အကြောင်းကို ရေးရမည် ဆိုလျှင် အတော်ပင် ရှည်လျား ကျယ်ပြန့်မည်။ နိုင်ငံရေး သက်တမ်းမှာ အရှည်ဆုံးနှင့် အကြာဆုံး ပုဂ္ဂိုလ်ကြီး တဦးလည်း ဖြစ်သည်။ ဘကြီး ဘဖေသည် မြန်မာနိုင်ငံရေး နိုးကြားစမှ လွတ်လပ်ရေး ရသည်အထိ နေရာအသီးသီး၊ ကဏ္ဍအသီးသီး၊ အခန်းအသီးသီး ဆောင်ရွက်မှု အသီးသီးများဖြင့် ပါဝင် ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်ကြီး တဦးလည်း ဖြစ်သည်။ သို့သော်လည်း ငွေရေး ကြေးရေး မသမာမှုများကြောင့် လွတ်လပ်ရေး မရမီ ဗိုလ်ချုပ် အောင်ဆန်း ရှိစဉ်ကတည်းက ဖဆပလ ထဲမှရော၊ ဘုရင်ခံ အမှုဆောင် ကောင်စီဝင် ဝန်ကြီး တဦး အဖြစ်ကပါ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်းစစ်မီးလျှံ တောက်လောင်ခဲ့ရသည့် ပါလီမန် ဒီမိုကရေစီ ခေတ်ဦးတွင် ဘီအိုစီ ရေနံ ကုမ္ပဏီ၏ ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်နေသည့် ဘကြီး ဘဖေသည် ထိုအချိန်က တပ်မတော် စစ်ဦးစီးချုပ် အဖြစ် တာဝန် ထမ်းဆောင်နေသော ဗိုလ်ချုပ်ကြီး နေဝင်းအား တပ်မတော် အနေဖြင့် အာဏာသိမ်းရန် အကြံပေး တိုက်တွန်းခဲ့သော်လည်း၊ ထိုအချိန်က ဗိုလ်ချုပ်ကြီး နေဝင်းသည် ထိုအကြံကို မလက်ခံဘဲ မဆပလ အစိုးရအား ဖွင့်ဟ ပြောဆိုခဲ့သည်။

နောက်ဆုံး အဖြစ် ဦးဘဖေသည် အမျိုးသား ရွှေရတုသဘင် ကျင်းပရေး ဗဟို ကော်မတီ၏ နာယကကြီး အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ ဘကြီးဘဖေ၏ ဇနီးမှာ ဒေါ်ဖွားမျှင် ဖြစ်သည်။

ဘကြီး ဘဖေသည် ၁၉၇၂ ခု၊ ဇန်နဝါရီလ ၈ ရက်၊ စနေနေ့ နေ့လယ် ၂ နာရီ မိနစ် ၂ဝ အချိန်၊ အသက် ၈၈ နှစ် အရောက်တွင် ၎င်း၏ နေအိမ် အမှတ် - ၉၁၊ လူအိုရုံလမ်း နေအိမ်၌ ကွယ်လွန် အနိစ္စရောက်သည်။ ဘကြီး ဘဖေတွင် သားသမီး တယောက်မျှ မကျန်ရစ်ဘဲ တူသားများသာ ရှိခဲ့သည်။

ကိုးကားချက်။[ပြင်ဆင်ရန်]

  1. တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ၊ ရွှေဥဩ၊ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ၊ စပယ်ဦး စာပေ ဖြန့်ချိရေး၊ တတိယ အကြိမ်၊ ‘ဘကြီးဘဖေ ခေါ် ဦးဘဖေ’ (စာမျက်နှာ ၁၄၅ - ၁၅ဝ)။
  2. သူတို့ခေတ် သူတို့အတိတ် သူတို့အရိပ် (ပွင့်ပွင့်လင်းလင်း သတင်းစာ ဖြတ်ပိုင်းများ)၊ သိန်းဖေမြင့်၊ ၂ဝဝဝ၊ ဇွန်၊ စာအုပ်ဈေး၊ ပထမ အကြိမ်၊ ‘တောင်ကျရေ နွားနှစ်ကောင် မဝသလိုပ မောင်ဘဖေ ငါးထောင်မရသော်ကြောင့်’ (စာမျက်နှာ ၈ဝ - ၈၃)။'