အဲယားဖို့စ် ဝမ်း

ဝီကီပီးဒီးယား မှ
အမေရိကန်ပြည်ထောင်စု ရပ်ရှ်မိုးတောင် ပေါ်မှ ဖြတ်၍ ပျံသန်းနေသော SAM 28000 ၊ ဗွီစီ-၂၅ အမျိုးအစား အဲယားဖို့စ်ဝမ်း လေယာဉ်တစ်စင်း

အဲယားဖို့စ် ဝမ်း (Air Force One) ဆိုသည်မှာ လေကြောင်းထိန်းသိမ်းရေး ဌာနများတွင် သုံးသော လေကြောင်းဆက်သွယ်ရေး ခေါ်ဆိုမှု သင်္ကေတ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၏ သမ္မတကို သယ်ဆောင်လာသော အမေရိကန်လေတပ်မှ မည်သည့်လေယာဉ်ကို မဆို ခေါ်ဆိုခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် သမ္မတကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်ပေးရန် အသုံးပြုသော လေတပ်လေယာဉ်များကို ရည်ညွှန်းလေ့ ရှိသော်လည်း အမေရိကန်လေတပ်မှ မည်သည့် လေယာဉ်မဆို သမ္မတ စီးနင်းလိုက်ပါ လာပါက အဲယားဖို့စ် ဝမ်း ခေါ်ဆိုမှု သင်္ကေတကို အသုံးပြုလေ့ ရှိသည်။ အဲယားဖို့စ်ဝမ်းသည် အမေရိကန် သမ္မတ၏ ထင်ရှားသော သင်္ကေတတစ်ခု နှင့် သူ၏ ဩဇာကြီးမားမှု၏ ပြယုဂ်ဖြစ်ပြီး အဲယားဖို့စ်ဝမ်းလေယာဉ်သည် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးနှင့် ဓာတ်ပုံရိုက်သူ အများဆုံး လေယာဉ်လည်း ဖြစ်သည်။

အမေရိကန် သမ္မတ တစ်နေရာမှ တစ်နေရာသို့ သွားလာရန်အတွက် သီးသန့်လေယာဉ်တစ်စင်း အသုံးပြုရန် အကြံအစည်မှာ ၁၉၄၃ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သည်။ အမေရိကန် လေတပ်မှ သမ္မတအတွက် ခရီးသည်တင် လေယာဉ်ပျံ အသုံးပြုရခြင်းကို စိုးရိမ်မှု ရှိလာ၍ ဖြစ်သည်။ ပထမဆုံး အနေနှင့် စီ-၈၇ လိုင်ဘရေတာ အိတ်စ်ပရက်စ် အမျိုးအစား လေယာဉ်တစ်စီးကို သမ္မတအတွက် အသုံးပြုနိုင်ရန် ပြန်လည်ပြင်ဆင် တည်ဆောက်ခဲ့သော်လည်း လေယာဉ်၏ လုံခြုံစိတ်ချရမှု ဆိုင်ရာ မှတ်တမ်း မကောင်းသဖြင့် လျှို့ဝှက်လုံခြုံရေး အဖွဲ့မှ ပယ်ချခဲ့သည်။ ထို့နောက်တွင် စီ-၅၄ စကိုင်းမာစတာ လေယာဉ်တစ်စင်းကို သမ္မတသုံးစွဲနိုင်ရန် ပြန်လည်ပြင်ဆင်ခဲ့သည်။ ထိုလေယာဉ်ကို ဆေးခရက်ကောင်း (မြင့်မြတ်သောနွား) ဟု တင်စားခေါ်ဝေါ်ကြပြီး ထိုစဉ်က အမေရိကန် သမ္မတ ဖြစ်ခဲ့သူ ဖရန်ကလင် ဒီလာနို ရုစဗဲ့အား ဒီဇင်ဘာ ၁၉၄၅ တွင် ယော်လ်တာ ကွန်ဖရင့်သို့ ပို့ဆောင်ရန် အတွက် အသုံးပြုခဲ့ကြသည်။ ထို့နောက်တွင် အမေရိကန် သမ္မတ ဟယ်ရီ ထရူးမန်းက နောက်ထပ် နှစ်နှစ်မျှ ဆက်လက်၍ အသုံးပြုခဲ့လေသည်။

၁၉၅၃ ခုနှစ်တွင် အမေရိကန် သမ္မတ ဒွိုက် ဒေးဗစ် အိုင်ဆင်ဟောင်ဝါ စီးနင်းလိုက်ပါလာသော လေယာဉ်နှင့် အခြား ခရီးသည်တင်လေယာဉ် တစ်စီးတို့ အရပ်ဒေသတစ်ခု အတွင်း လေကြောင်း ခေါ်ဆိုမှု သင်္ကေတ တစ်ခုတည်းကို တိုက်ဆိုင်စွာ အတူတူ အသုံးပြုမိ ပြီးသည့်နောက်တွင် အဲယားဖို့စ်ဝမ်း လေကြောင်း ခေါ်ဆိုမှု သင်္ကေတကို စတင် အသုံးပြုခဲ့ကြသည်။ သမ္မတ အတွက် သီးသန့် လေယာဉ်ကို စတင်တီထွင်ခဲ့သည့် အချိန်မှ စ၍ အဲယားဖို့စ် ဝမ်း ခေါ်ဆိုမှု သင်္ကေတကို အသုံးပြုသော လေယာဉ် တစ်စင်းမက ရှိနေပြီ ဖြစ်သည်။ ၁၉၉၀ ခုနှစ်မှ စ၍ သမ္မတ စီးနင်းလိုက်ပါသော လေယာဉ်များတွင် ဘိုးအင်း ၇၄၇ - ၂၀၀ ဘီ စီးရီး လေယာဉ်ကို အထူးပြုပြင်ထားသော ဗွီစီ-၂၅အေ လေယာဉ် နှစ်စင်း ပါဝင်နေပြီ ဖြစ်သည်။ ၂၀၁၇ ခုနှစ်မှ စ၍ အမေရိကန် လေတပ်မှ ဗွီစီ-၂၅ လေယာဉ်နှစ်စင်းကို အခြား လေယာဉ် ၃ စင်းဖြင့် လဲလှယ်ရန် စီစဉ် နေကြသည်။