အော်ပရာဇာတ်ပွဲ

ဝီကီပီးဒီးယား မှ

အနောက်တိုင်းသဘင်တစ်မျိုး ဖြစ် သော အော်ပရာဇာတ်ပွဲကို ဂီတပြဇာတ်ဟု လည်းခေါ်ကြသည်။ ဒရမ်မာဟုခေါ်သော အပြောပြဇာတ်ကဲ့သို့ ဇာတ် ကွက်ဇာတ်လမ်းကို စကားပြေဖြင့် သရုပ်မဖော်ဘဲ တေးဂီတဖြင့် သရုပ်ဖော်သည်။ အော်ပရာဇာတ်လမ်းများကို ဂီတစာဆိုများ က ရေးဖွဲ့ကြသည်။ ကဗျာစာဆိုက ဇာတ်လမ်းစာသားကို ရေးစပ်၍ ဂီတစာဆိုက တေးသံသွင်းသည်လည်းရှိသည်။ အော်ပရာ ဇာတ်ချင်းများတွင် ဇာတ်ဝင်သီချင်းရှည်ကြီးများလည်းပါသည်။ ဇာတ်စာများလည်းပါသည်။ ယင်းဇာတ်ချင်းများကို ဇာတ်လိုက် ဇာတ်ကောင်နှင့် ဇာတ်ရန်အဆိုတော်များက တစ်ဦးချင်းသီဆို သည်လည်းရှိသည်။ သံပြိုင်သီဆိုကြသည်လည်းရှိသည်။ ယင်း အဆိုတော်များသည် တီးဝိုင်းအဖွဲ့များနှင့် တွဲဖက်၍ ဇာတ် ကွက်အလိုက် ဟန်ပန်အမူအရာဖြင့် သီဆိုသရုပ်ဖော်ကြသည်။ တီးဝိုင်းအဖွဲ့သည် ဇာတ်ချင်းများအတွက်သာ အထောက်အကူပြု ၍ ဇာတ်လမ်းကို ပို့ပေးရသည် မဟုတ်သေး၊ အော်ပရာ ဇာတ်မစမီ ပဏာမဧည့်ခံ တီးလုံးများကိုလည်း တီးမှုတ်၍ ပရိသတ်ကို ဖျော်ဖြေရသည်။ အခန်းပြောင်း၊ ပြကွက်ပြောင်း ချိန်များတွင်လည်း တီးလုံးများ တီးပေးရသေးသည်။ အချို့ အော်ပရာများ၏ ပဏာမဧည့်ခံ တီးလုံးများသည် ကျော်ကြား လူကြိုက်များကြပေသည်။ မြန်မာဇာတ်ပွဲများတွင် ဇာတ်ဆောင် များနှင့် ဆိုင်းအဖွဲ့တို့ အပြန်အလှန် အပေးအယူပြု၍ မိမိတို့ ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ကြရသော သဘောမျိုး ဖြစ်ပေသည်။


အော်ပရာတွင် အဆိုအတီးများကိုသာ နားသောတဆင် ကြရသည်မဟုတ်သေး။ မျက်စိပသာဒဖြစ်စေသော ဇာတ်ခုံ အခင်းအကျင်းနှင့် ဝတ်စားဆင်ယင်မှု တို့ကိုရှုစားနိုင်လေ သည်။ အချို့ အော်ပရာများတွင် ဗယ်လေအကခန်းများလည်း ထည့်သွင်းထားလေသည်။ သို့ဖြစ်၍ အော်ပရာဇာတ်ပွဲသည် လူကြိုက်များသော သဘင်ဖြစ်လေသည်။


အော်ပရာဇာတ်လမ်း ရေးဖွဲ့မှုများလည်း အမျိုးမျိုးဖြစ် သည်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းကာ နိုင်ငံ ဒေသအလိုက် ကွဲပြားမှုများလည်းရှိသည်။ ဇာတ်လမ်းတစ်ပုဒ် လုံးကို အပြောမပါ အဆိုချည်းသက်သက်ဖြင့် သရုပ်ဖော်သွား သော အော်ပရာမျိုးကို ဂရန်း အော်ပရာဟုခေါ်သည်။ တေးသံ မသွင်းသော လင်္ကာရွက်သည့် အခါတွင်ပင် အတီးပိုင်းကပို့ပေး ရသေးသည်။ ဇာတ်လမ်းလေးနက်ခိုင်မာ၍ အလွမ်းဖြင့် ဇာတ် သိမ်းသောကြောင့် မူလက ဂရန်းအော်ပရာကို အော်ပရာ ဆီးရီးယားဟု ခေါ်သည်။ နောင်အခါတွင် ဂရန်းအော်ပရာ၌ လည်း ပျော်ရွှင်စွာ ဇာတ်သိမ်းခန်းများလည်းပါသည်။ ထို့ပြင် ဂျာမန် ဂီတစာဆိုကြီး ဘီသိုဗင်၏ ဖီဒီလီယိုအမည်ရှိ ဂရန်း အော်ပရာတွင်မူ အရေးပါသော အခန်းများ၌ တေးဂီတဖြင့် သရုပ်မဖော်ဘဲ အပြန်အလှန်စကားပြောခန်း ထည့်သွင်းထား သည်မှာ ချွင်းချက်တစ်ခုဖြစ်သည်။


ပြင်သစ်နိုင်ငံမှ အော်ပရာကိုမက်တွင်လည်း သီချင်း မဆိုဘဲ အပြန်အလှန်စကားပြောခန်းပါသည်။ ရယ်စရာ ဇာတ် ကွက်ပါသော ပြင်သစ်အော်ပရာတစ်မျိုးကို အော်ပရာဗူဖီးဟု ခေါ်သည်။ အီတလီနိုင်ငံမှ အော်ပရာဗူဖာသည် ဇာတ်မြူးတစ်ခု ဖြစ်၍ တေးဂီတဖြင့်သာ သရုပ်ဖော်သွားပြီး စကားပြောမပါချေ။ အမေရိကန်ပြည်ထောင်စုတွင် ဂရန်းအော်ပရာ ဟုပင် ခေါ်သော အော်ပရာမျိုးလည်းရှိသည်။ ရယ်မြူးစရာပါသော အော်ပရာမျိုးကိုမူ လိုက်အော်ပရာ သို့မဟုတ် ကော်မစ်အော်ပရာ ဟုခေါ်သည်။ အဆိုပါအော်ပရာများတွင် စကားပြောများပါ သည်။ အမေရိကန် ဂီတစာဆိုကျော်ကြီးများဖြစ်သော ဂီးလဗတ် နှင့် ဆာလီဗန်တို့၏ မီကာဒိုအော်ပရာသည် လိုက်အော်ပရာမျိုး ဖြစ်သည်။ အော်ပရက်တာဟုခေါ်သော အမေရိကန် အော်ပရာ တစ်မျိုးရှိသေးရာ၊ ရွှင်ပျော်ပျော်ဇာတ်လမ်းတွင် စိတ်ကူးယဉ် အဖွဲ့ကို အလေးထားတင်ပြသည်။ ဂီတစာဆို ရှူးဗတ်၏ဘဝနှင့် ယင်း၏တေးသီချင်းများကို ထည့်သွင်းထားသော ဗလော့ဆမ် တိုင်း အော်ပရာသည်လည်း အော်ပရက်တာ အမျိုးအစားပင် ဖြစ်သည်။ ထို့ပြင်ဇာတ်လမ်းဇာတ်ကွက် မယ်မယ်ရရမပါဘဲ ဇာတ်ခုံအခင်းအကျင်း ခမ်းနားထည်ဝါမှုနှင့် ဝတ်စားဆင်ယင်မှု လှပဆန်းကြယ်ခြင်းကို အလေးထားသော အော်ပရာမျိုးကိုလည်း အမေရိကန်၌ လူကြိုက်များသည်။ ယင်းကိုဂီတပြဇာတ်မြူးဟု လည်းခေါ်ကြသော်လည်း အော်ပရက်တာခေါ်သင့်သည်ဟုဆို ကြသည်။ ယင်းဂီတပြဇာတ်မြူးများအတွက် တေးဂီတများကို ဗစ်တာဟာဗတ်က အများဆုံး စပ်ဆိုပေးသည်။

အော်ပရာ၏ မူလအစသည် ဂရိပြဇာတ်များဟု ဆိုကြ သည်။ ဂရိပြဇာတ်များတွင် သံပြိုင်တေးဆိုမှုများ ပါဝင်သော ကြောင့်တည်း။ ယခုခေတ် အော်ပရာပုံစံမျိုး၏ မူလဇာတိကမူ အီတလီနိုင်ငံဖြစ်သည်။ ခရစ် ၁၆ဝဝ ပြည့်နှစ်တွင် အီတလီ နိုင်ငံသား ကျော်ကြားသော ဂီတစာဆို ဂျကိုပိုပေရီသည် ပထမဆုံး အော်ပရာဟု ဆိုနိုင်သော ယူရစ်ဒီးဆီးကိုရေးဖွဲ့ခဲ့ သည်။ အဆိုပါအော်ပရာကိုပြင်သစ်ဘုရင် စတုတ္ထဟင်နရီ၏ လက်ထပ်မင်္ဂလာပွဲတော်တွင် တင်ဆက်အသုံးတော်ခံရသည်။ နောင်အခါတွင် အကြံတူ နောက်လူသာစမြဲဖြစ်သည့် အတိုင်း မီလန်မြို့သား မွန်တာဗာဒီနှင့် နေပယ်မြို့သား စကာ လက်တီတို့သည် အသံပို၍စုံစေရန် တီးဝိုင်းဆိုင်ရာ တူရိယာ များကို တိုးချဲ့ထည့်သွင်း၍ တေးသွားပို၍ ငြိမ့်ညောင်းသာယာ အောင် ရေးဖွဲ့ကြသည်။

ထိုအချိန်တွင် ဂျာမနီ၊ ပြင်သစ်နှင့် အင်္ဂလန်တို့တွင် လည်း အောပရာများခေတ်စား၍ အတော်ပင် တိုးတက်နေလေ ပြီ။ ပြင်သစ်နိုင်ငံမှ ဂျိုဗန္နီလျူလီသည် အော်ပရာတွင် ဗယ်လေ အခန်းကိုထည့်သည်။ အင်္ဂလန်မှ ဟင်နရီပါဆယ်သည် ဇာတ် လမ်း လေးနက်ခိုင်ခန့်မှုကို အရေးထားရေးဖွဲ့သည်။ သို့သော် ဂျာမန်ဂီတစာဆိုဟန်ဒယ်သည် ဂီတကိုအသားပေးသောအော်ပရာ များကိုရေးဖွဲ့၍ အောပရာလေကတွင် ဟန်ဒယ်၏ဩဇာမှာ အတော်ပင်လွှမ်းမိုးခဲ့သည်။

အောပရာခေတ်ဦးဖြစ်သော ၁၆ရာစုနှစ်တွင် အော်ပရာ ရေးဖွဲ့သော အီတာလျံဂီတစာဆိုများသည်လည်း တေးဂီတကိုသာ အသားပေးကြသည်။ ထို့ကြောင့် အော်ပရာ ဇာတ်လိုက် ဇာတ် ဆောင်များသည် ဇာတ်လမ်းဇာတ်ကွက်ကို အရေးမထားဘဲ မိမိ တို့၏ အသံအစွမ်းပြမှု၊ အဆိုအစွမ်းပြမှုများကိုသာ အတိုင်း ထက်အလွန် ပြုခဲ့ကြသည်။ ၁၇ ရာစုနှစ်တွင် အီတလီပုံစံ အော်ပရာများ၏ ချွတ်ယွင်းချက်များကို ဂျာမန် ဂီတစာဆိုကြီး ဂလွတ်ကသိမြင်လာသည်။ ထို့ကြောင့် ဂလွတ်သည် အော်ဖီးယ နှင့် ယူရစ်ဒီးဆီး အော်ပရာကို ရေးဖွဲ့၍ အော်ပရာတစ်ခေတ် ပြောင်းစေသည်။ ယင်းအော်ပရာတွင် ဂီတနှင့် ဇာတ်လမ်းကို သာတူညီမျှ အသားပေးထားလေသည်။ ဂလွတ်သည် အဆိုပါ ပြုပြင်ပြောင်းလဲမှုများကို အခက်အခဲအမျိုးမျိုး အတိုက်အခံ အမျိုးမျိုးကို ကျော်လွှား၍ဆောင်ရွက်ခဲ့ရသည်။ ဂလွတ်၏မူကို လက်ခံကျင့်သုံးကြသော ဂျာမန်ဂီတစာဆိုကျော်များတွင် မိုဇတ် လည်းပါဝင်သည်။


မိုဇတ်သည် ယခင်က အီတလီပုံစံအတိုင်း ဂီတအသားပေး အော်ပရာများကိုရေးဖွဲ့ခဲ့ရာ၊ ယင်း၏တေးဂီတများမှာ ခေတ်မတိမ်နိုင်အောင်ပင် ကောင်းမွန် လှသည်။ သို့သော် နောက်ပိုင်းတွင်မူ ဂလွတ်၏လမ်းစဉ်အတိုင်းလိုက်ခဲ့သည်။ မူပြောင်း၍ ယင်းလမ်းစဉ်အတိုင်းလိုက်ခဲ့ကြသော အခြားဂီတစာဆိုတော်ကြီးများတွင် ဗေးထိုးဗင်၊ ဗေဗာ နှင့် စပေါတို့လည်းပါဝင်ကြသည်။

ဂီတကိုအသားပေးသော အီတလီအော်ပရာများသည် ၁၈ ရာစုနှင့် ၁၉ ရာစုနှစ်တို့တွင် ပြန်၍ခေတ်စားလာပြန်သည်။ ခေါင်းဆောင်များမှာ ရော့ဆီနီ၊ ဗာဒီ၊ ပွတ်ချီနီစသူတို့ဖြစ်ကြ သည်။ ဂျာမနီမှဗားဂနာသည် အော်ပရာတိုးတက်ကောင်းမွန်ရေး အတွက် အထူကျေးဇူးပြုခဲ့သူဖြစ်၍ ယင်း၏အမည်သည် အော်ပရာလောကတွင် ထာဝစဉ်ထွန်းတောက်နေပေလိမ့်မည်။ အော်ပရာရေးဖွဲ့မှုအတွက် ဗားဂနာထားရှိသော မူဝါဒမှာ အော်ပရာတစ်ခုတွင် တေးဂီတ၊ ဟန်ပန်မူရာ၊ ကဗျာနှင့် ဇာတ်ခုံအခင်းအကျင်းတို့၏ အရေးပါမှုသည် သာတူညီမျှရှိရ မည် ဟူ၍တည်း။ ဗားဂနာ၏ ဖလိုင်းယင်းဒပ်ချမင်းနှင့် နီးဗလွန်းရတနာတို့သည် ခေတ်မတိမ်အောင် ပြောင်မြောက်လှ သော အော်ပရာများဖြစ်ကြသည်။


အော်ပရာထွန်းပေါက် ခေတ်စားနေသော အခြား ဥရောပနိုင်ငံတစ်ခုမှာ ဆိုဗီယက်ရုရှဖြစ်သည်။ မခ်ခေးအိုင်ဗန် နိုဗစ်ဂလင်ကာသည် အေလိုက်(ဖ)ဖော်သဇာ အော်ပရာကို ရေးဖွဲ့၍ ဆိုဗီယက်ရုရှ၏ အမျိုးသားဂီတကို အခြေချပေးလေ သည်။ ဂီတစာဆိုတော်ကြီး ချိုင်ကော့စကီး၏ ယူဂျင်အိုနီဂင်နှင့် ပစ်ဒိန်း တို့သည် အောင်မြင်ကျော်ကြားသော အော်ပရာများဖြစ် ကြသည်။ ရုရှအော်ပရာများအနက် အထင်ရှားအကျော်ကြားဆုံး တစ်ခုမှာ ၁၈၇၄ ခုနှစ်တွင် မိုဒက်မူးဆော့(ဂ)စကီးရေးဖွဲ့သော ဗောရစ်ဂိုဒူးနော့ အော်ပရာ ဖြစ်လေသည်။

အရှေ့တိုင်းမှဇာတ်သဘင်များတွင် အော်ပရာဇာတ်ပွဲမျိုး ဟု တစ်ထစ်ချဆိုနိုင်သောဇာတ်ပွဲမျိုး မရှိချေ။ နိုင်ငံဒေသ အလိုက် မိမိတို့ဟန်ဖြင့် တင်ဆက်ပြသသော ဇာတ်သဘင်များ သာရှိကြသည်။ အစဉ်အလာအတိုင်း ကပြကြသော မြန်မာ့ဇာတ် သဘင်များသည် အော်ပရာကဲ့သို့ အဆိုအတီး၊ ဟန်ပန်မူရာ၊ ဇာတ်ခုံအခင်းအကျင်းသာမက အကအခုန်များလည်းပါသည်။ အကအခုန်တို့မှာလည်း အချို့အော်ပရာများမှ ဗယ်လေသဘော မျိုးလည်းမဟုတ်ချေ၊ တစ်မူထူးခြားသည်။ ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီကစ၍ ယခုတိုင် မြန်မာဇာတ်သဘင်များစွာတို့တွင် ခေတ်စားနေသော အော်ပရာများသည်လည်း အနောက်တိုင်း အော်ပရာ စစ်စစ်များနှင့် မတူချေ။ စစ်ပြီးခေတ်တွင် ရန်ကုန်၌ ရေပန်းစားခဲ့သော ပြဇာတ်များသည်လည်း အော်ပရာနှင့် အလှမ်းဝေး၍ ရုပ်ရှင်ဆန်ပြီး လူဗိုင်အိုစကုပ်များဟု အချို့ကဆို ကြသည်။

တရုတ်နိုင်ငံမှ ပီကင်းအော်ပရာသည် နံမည်ကျော်ကြား လှသည်။ သို့သော် ပီကင်းအော်ပရာသည်လည်း အနောက်တိုင်း အော်ပရာပုံစံအတိုင်း မဟုတ်ချေ။ အဆိုအတီးအပြင် ဟန်ပန် မူရာနှင့် စကားအပြောတို့ဖြင့် ဇာတ်လမ်းသရုပ်ဖော်သည်။ အထူးသဖြင့် မျက်နှာထားခြေဟန်လက်ဟန်တို့ဖြင့် သဏ္ဌာန်လုပ် သရုပ်ဆောင်မှုသည်လည်း အရေးပါသော အပိုင်းဖြစ်သည်။ ပီကင်းအော်ပရာတွင် ဇာတ်ခုံအခင်းအကျင်းသည် အရေးမပါလှချေ။ ဇာတ်လိုက်ဇာတ်ဆောင်များ၏ အမူအရာ ဟန်ပန်တို့ဖြင့် ပွဲကြည့်ပရိဿတ်၏ စိတ်အာရုံတွင် ပြကွက်၏ နောက်ခံကားကို ပေါ်လာစေနိုင်သည်။ ပုံစံအားဖြင့် ဇာတ်ခုံပေါ် တွင် တောင်ထိပ်ကြီးကို ပြသမထားသော်လည်း ဇာတ်လိုက်၏ ဟန်ပန်မူရာဖြင့် တောင်ထိပ်ကြီးပေါ်သို့ အပန်းတကြီး တက်နေ ရသည့်အဖြစ်ကို သိသာထင်ရှားစေသည်။

ပီကင်းအော်ပရာတွင်မြန်မာ့ရုပ်စုံသဘင်၊ ဇာတ်သဘင် တို့၌ (အကြမ်း၊ အနုနှစ်မျိုးလုံး) သေတ္တာမှောက်ကပြရသော မင်းသားကြီးကဲ့သို့ ဇာတ်ဆောင်တစ်ဦးပါရှိရာ၊ ချင်ဟုခေါ် သည်။ ပီကင်းအော်ပရာတွင် ဇာတ်ခုံအခင်းအကျင်းကို အသား မပေးသော်လည်း ဝတ်စားဆင်ယင်မှုကို အထူးအလေးထား သည်။ ဇာတ်လိုက်များ၊ ဇာတ်ဆောင်များ၏ အဝတ်အစားမှာ တခမ်းတနားနှင့် လှပဆန်းကြယ်ကြသည်။ ထူးခြားချက်မှာ အဆိုပါ ချင်အတွက်မူ အဝတ်အစားသာမက မျက်နှာခြယ်သမှု ကလည်း အရေးပါသည်။ မျက်နှာတွင် ခြယ်လှယ်ထားသော အရောင်အသွေးနှင့် ပုံစံဒီဇိုင်းများသည် ချင်၏စရိုက်ကို ဖော်ပြ သည်။ ပုံစံအားဖြင့် ချင်၏အသားအရောင်သည် အနီဖြစ်လျှင် သစ္စာရှိခြင်းကိုပြသည်၊ အဖြူရောင်သည် ကောက်ကျစ်ခြင်းကို ပြ၍ အနက်ရောင်သည် ရိုးသားဖြောင့်မတ်ခြင်းကိုပြသည်။ ဇာတ်လိုက်များ၊ ဇာတ်ဆောင်များနှင့် ဇာတ်ရံများသည် ဇာတ်စာ များ၊ ဇာတ်ချင်းများကို အာဂုံဆောင်နိုင်ကြ၍ ဓားခုတ် လှံထိုး စသည်တို့၌ လည်း ကျွမ်းကျင်ကြရလေသည်။

ယင်းသို့ဖြင့် အော်ပရာအမည်ခံသော်လည်း ပီကင်း အော်ပရာသည်လည်း အနောက်တိုင်း အော်ပရာတို့နှင့်မတူ တစ်မူထူးခြားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)