မိုးဇက်၊ ဝူဖ်ဂန် အမာဒျု

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Mozart circa 1780, by Johann Nepomuk della Croce

မိုဇတ်ယ ဒဗျူ၊ အေ(ခရစ် ၁၇၅၆ - ၁၇၉၁)[ပြင်​ဆင်​ရန်​]

ဝုဖဂန်အမ်မဒီးယပ်မိုဇတ်သည် ဩစတြီးယန်း လူမျိုးဖြစ်၍ ဂီတပါရဂူ ဆရာတစ်ဆူအဖြစ် ယခုတိုင် ထင်ရှားလေသည်။ ၃၅ နှစ်တာမျှသာ နေရသော သူ၏ တိုတောင်းလှသည့် ဘဝသက်တမ်းတွင် ဂီတလောကဝယ် ထင်ပေါ်ကျော်ကြားခဲ့၍ ဂီတနှင့် စပ်လျဉ်း၍ အဖက်ဖက်တွင် ကျွမ်းကျင်နိုင်နင်း၏။ ရှေးစန္ဒရား၊ တရောတို့ကို ငယ်စဉ် ကတည်းကပင် တီးတတ်လျက် အသက် ၅ နှစ် အရွယ်ကပင် သီချင်းများကို သီကုံးခဲ့၏။ မိုဇတ်သည် ဂီတပါရမီ အလွန်ထူးချွန်ရကား၊ တေးသံမျိုးစုံ သီချင်းပေါင်း ၆ဝဝ ကျော်စပ်ဆိုခဲ့လေသည်။

မိုဇတ်သည် ဂီတအသိုက်အအုံမှ ပေါက်ဖွားလာ၍ ဂီလောကတွင်ပင် ကျင်လည်ပျော်မွေ့၏။ ဩစတြီးယား ပြည်တွင်းရှိ ဆာ့ဇဗူးနယ်တွင် ၁၇၅၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့၌ မွေးဖွားသည်။ သူ၏ဖခင်မှာ လီယိုပို မိုဇတ်အမည် တွင်၍ ဆာ့ဇဗူးဘုရားရှိခိုးကျောင်း ဓမ္မတီးဝိုင်း နည်းပြ ခေါင်းဆောင်ဖြစ်၏။ လီယိုပိုမိုဇတ်သည် သားငယ်ဝုဖဂန်နှင့် ဝုဖဂန်ထက် ၅ နှစ်ကြီးသော သမီးကြီး မရီးယာအန္နာ တို့အား ဂီတပညာကို ကိုယ်တိုင် ကြပ်မတ် သင်ကြားပေး လေသည်။ သင်ပေးသည့်အလျောက်လည်း ဂီတပါရမီ အခြေခံ ကောင်းသော မောင်နှမ နှစ်ယောက်စလုံးပင် အရွယ်နှင့် မလိုက်အောင် လက်ခံသင်ယူနိုင်စွမ်းရှိ၏။ မိုဇတ်သည် ၄ နှစ်သားအရွယ်မှစ၍ ဤသို့ ဂီတသင်ခန်းစာများကို စတင် သင်ယူခဲ့ပြီးလျှင် နေ့စဉ် တစ်နာရီလေ့ကျင့်ခဲ့ရာ အသက် ၅ နှစ် အရွယ်တွင် သီချင်းတီးလုံးများကို တီထွင်၍ သီချင်းများ ရေးစပ်နေခဲ့ပြီဖြစ်၏။ ဖခင်ဖြစ်သူက သားဖြစ်သူ တီထွင် ဖွဲ့စပ်သော တီးလုံးများကို ဂီတသင်္ကေတဖြင့် ရေးမှတ်ပေး၏။

မိုဇတ် ၆ နှစ်အရွယ်ရှိလျှင် ဖခင်လီယိုပိုသည် ဥရောပတိုက်ရှိ မြို့တော်ကြီးများသို့လှည့်လည်၍ တီးမှုတ် ဖြေဖျော်ရာတွင် မိုဇတ်အားလိုက်ပါစေခဲ့၏။ မိုဇတ်အပြင် သူ၏ အစ်မလည်းပါခဲ့ရာ၊ မောင်နှမနှစ်ယောက် အရွယ်နှင့် မလိုက်အောင် တီးမှုတ်ဖြေဖျော်သည်ကို ပရိသတ်အပေါင်းက အံ့ဩချီးကျူးကြရ၏။ မိုဇတ်သားအဖတစ်စုသည် ဗီယင်းနား၊ ပါရီလန်ဒန်အစရှိသော ဥရောပတိုက်ရှိမြို့တော်ကြီးများမှ ထီးဆောင်းမင်းများနှင့် နိုင်ငံထိပ်သီး ခေါင်းဆောင်ကြီးများ ရှေ့မှောက်တွင် ဖြေဖျော်အသုံးတော်ခံလေရာ အားလုံးပင်သဘော ကျနှစ်ခြိုက်ကြ၏။ ပါရစ်မြို့တွင် အဦးဆုံး ပုံနှိပ်ထုတ်ဝေသည့် တရောအတွက် သံရှည်တီးလုံးများကို စပ်ဖွဲ့ခဲ့၏။ အင်္ဂလန် ပြည်တွင် ၃ နှစ်တာမျှ နေထိုင်လျက်ရှိစဉ် တရောအတွက် သံရှည်တီးလုံး ၆ ပုဒ်နှင့် အဦးဆုံး ညိ|သံတီးလုံးကို ဖွဲ့စပ် ခဲ့သည်။ ဇာတိရပ်ဌာန်သို့ပြန်ရောက်ပြီးနောက် အသက် ၁၂ နှစ်အရွယ်တွင် ဩစတြီးယန်း ဧကရာဇ်မင်းက သူ့အား အော်ပရာခေါ် သံစုံတီးလုံးကို စပ်၍ တီးဝိုင်းကို ခေါင်းဆောင် ရန် အမိန့်ပေး၏။ ထိုနှစ်တွင်ပင် ဆာ့ဇဗူးဂိုဏ်းချုပ်က သူ့အား ဂုဏ်းထူးဆောင် ဇာတ်ဆရာအဖြစ် ခန့်အပ်၏။ များမကြာမီ မိုဇတ်သည် ဖခင်နှင့်အတူ အီတလီပြည်သို့ သွားရောက်၍ ထိုဒေသမှ ဂီတကိုလေ့လာယင်း မိမိ၏ လက်စွမ်းကို ပြလေရာ နားသောတဆင်သူအပေါင်းတို့ အံ့၍ မဆုံးနိုင်အောင်ရှိတော့၏။

တစ်ကြိမ်တစ်ခါသာ ကြားဘူးသော တီးလုံးကို ပြန်လည်၍ ကောက်ယူဖော်ထုတ်ကာတီးနိုင်သဖြင့် ပုပ်ရဟန်းမင်းက အထူးသဘောကျနှစ်ခြိုက်သောကြောင့် မိုဇတ်အား အထွတ် အထိပ် ပုဂ္ဂိုလ်များကိုသာ ပေးသည့် ဘွဲ့ထူးဖြင့် ချီးမြှင့်လေ ၏။ အသက် ၁၄ နှစ် အရွယ်တွင် မီလန်မြို့၌ သူသီကုံးနှုံး ဖွဲ့သည်ဂီတကို ပရိသတ်က အထူးသဘောတွေ့ရကား ညဉ့် ပေါင်း ၂ဝ မျှ ဆက်တိုက် အသုံးတော်ခံရသောဟူ၏။

ဆာ့ဇဗူးသို့ ပြန်လည်ရောက်ရှိပြီးသည့် နောက်ပိုင်း ဖြစ်သော ၁၇၈၁ ခုနှစ်တွင် မိုဇတ်သည် ဂိုဏ်းချုပ်နှင့် မသင့်မတင့်ဖြစ်ကာ ရာထူးမှ ရုတ်တရက် ထုတ်ပယ်ခြင်း ခံရ၏။ ယင်းသည့်နောက်တွင် မိုဇတ်သည် ဗီယင်းနားတွင် နေထိုင်၏။ ၁၇၈၂ ခုနှစ်တွင် မိုဇတ်သည် အဆိုတော်တစ်ဦး ဖြစ်သူ ကွန်စတန့် ဗေးဗာနှင့် လက်ထပ်၏။ မိုဇတ်သည် စန္ဒရားဝိဇ္ဇာ၊ ဂီတစာဆိုရှင်၊ ဂီတပညာ သင် ဆရာအဖြစ် ထင်ရှားကျော်ကြားသလောက် စီးပွားရေးတွင် အကျိုး မပေးပေ။ သူသည် အိုးအိမ်ခွဲသည့် အချိန်မှစ၍ အစဉ် ပင် ဆင်းရဲနွမ်းပါးကာ တင်ရှိသော ကြွေးမြီများကို အနိုင်နိုင် ဆပ်နေရ၏။ သူ၏ဇနီးသည်မှာလည်း အိမ်ထောင်ကို ဦးမစီးနိုင်သည့်အပြင် အသုံးအစွဲလည်း ကြီးသောကြောင့် မိုဇတ်တို့မိသားစုမှာ ဆင်းရဲနွမ်းပါးလှ၏။ သို့ဖြစ်၍ မိုဇတ် သည် အလွန်ကောင်းမွန်သည့် သီချင်းများကို ရေးစပ်ဖွဲ့နွဲ့ကာ ဇာတ်များကို ဦးဆောင်ခဲ့သော်လည်း အခြားသူများသာလျှင် အကျိုရှိပြီးလျှင် မိမိမှာမူ မွဲမြဲမွဲလျက်ပင် ရှိနေခဲ့သည်။ ဤသို့ ၉ နှစ်မျှ တစ်ပင်တစ်ပန်းကြိုးစား၍ လုပ်ကိုင်ရသောကြောင့် အားအင်ချိနဲ့ကာ ကျန်းမာရေး ချွတ်ယွင်းလာခဲ့လေသည်။

၁၇၉၁ ခုနှစ်တွင် မိုဇတ်သည် မိမိ၏ ကျန်းမာရေး အခြေမကောင်းဘဲရှိနေသည့် ကြားကပင် သူ၏လက်စွမ်းပြ သီချင်းကြီး ၃ ပုဒ်ကို ဖွဲ့စပ်ခဲ့ရသောကြောင့် အခြေအနေ ပို၍ဆိုးလာခဲ့၏။ ၂ ပုဒ်မှာ အောပရာ တေးဂီတများဖြစ်၍ ကျန်တစ်ပုဒ်မှာ သူ၏ အပြောင်မြောက်ဆုံး လက်ရာဖြစ်သည့် ' ရီကိယမ်'ခေါ် အသုဘ ငိုချင်းရှည်ဖြစ်၏။ ဤငိုချင်းရှည်ကို မိုဇတ်သည် အမည်မသိ ပုဂ္ဂိုလ်တစ်ဦးက လာရောက်၍ မှူးမတ် ကြီး တစ်ဦး၏ အသုဘတွင် သိဆိုရန်အတွက် ရေးစပ်ပေးရန် တောင်းပန်သောကြောင့် ရေးစပ်ရခြင်း ဖြစ်၏။ ဤအသုဘ ငိုချင်းရှည်ကို ရေးစပ်နေစဉ်ပင် မိုဇတ်သည် မိမိရေးစပ်နေသော သီချင်းမှာ မိမိအသုဘတွင် သီဆိုရန် ဖြစ်သည်ဟု အစွဲရှိလာ လေ၏။ သီချင်းရေးသား၍ မပြီးဆုံးမီပင် မိုဇတ်လည်း တိုက်ဖတ်ဖျားရောဂါဖြင့် ကွယ်လွန်သည်။ ထိုသီချင်းကို သူ၏ တပည့် တစ်ယောက်က အပြီးသတ်ရေးစပ်ခဲ့၏။ မိုဇတ်သည် ကွယ်လွန်ချိန်တွင် သင်္ဂြိုဟ်စရိတ်မျှပင်မရှိသောကြောင့် သာမန် သူဆင်းရဲသင်းချိုင်းတွင်သာ မြု|ပ်နှံသင်္ဂြိုဟ်လိုက်ရသည့်ပြင်၊ သူ၏ မြေပုံကိုလည်း အတိအကျ မှတ်သားထားခြင်း မရှိခဲ့ပေ။

နောင် နှစ်ပေါင်း အတော်ကြာမှ ဗီယင်းနားမြို့သားများသည် မိုဇတ်အထိမ်းအမှတ် ကျောက်တိုင်တစ်ခုကို မြေပုံလွတ်တစ်ခု ပေါ်တွင် တည်ဆောက်ခဲ့ကြ၏။ မိုဇတ်၏ လက်ရာတေးဂီတပေါင်း ၆ဝဝ ကျော် အနက် ထင်ရှားသည်တို့မှာ 'အီဒိုမီနီးယို'(၁၇၈၁)၊ 'ဖီဂေးရို၏ ထိမ်းမြားပွဲ' (၁၇၈၆)၊ 'ဒွန်ဂျိုဗန္နီး'(၁၇၈၇)၊ 'နတ်ပြွေ'(၁၇၉၁)၊ 'ဂျူပီတာ'နှင့် အဆုံးမသတ်သော 'အသုဘငိုချင်းရှည်' အစရှိ သည်တို့ဖြစ်သည်။[၁]


ဝူဖ်ဂန် အမာဒျု မိုးဇက် (Wolfgang Amadeus Mozart) သည် ဩစတီးယန်းလူမျိုး သီချင်းရေးဆရာ နှင့် စန္ဒယား ဆရာ တစ်ဦဖြစ်သည်။ လူအများစုက သူ့အား အချိန်တိုင်း အတွက် အကောင်းဆုံး ဂီတဖန်တီးသူ တစ်ဦးဖြစ်သည်ဟု ယူဆကြသည်။ မိုးဇက်အား ၁၇၅၆ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် ဆာ့ဇ်ဘဂ်မြို့တွင် မွေးဖွားခဲ့သည်။ သူသည် သူ၏ တိုတောင်းသော သက်တမ်း တစ်လျှောက်တွင် သီချင်း အပုဒ် ၆၀၀ ကျော်ကို ရေးသားခဲ့ပြီး ဒွန်ဂျီယိုဗန်နီ (Don Giovanni) နှင့် မှော်ပလွေ (The Magic Flute) ဟူသော အော်ပရာ ၂ ပုဒ်ကို ရေးသားခဲ့သည်။ သူ၏ ပထမဆုံး လက်ရာမှာ a minuet ဆိုသော သီချင်းတစ်ပုဒ်ဖြစ်ပြီး အသက် ၄ နှစ် အရွယ်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး လက်ရာမှာ Requiem ဖြစ်ပြီး မပြီးဆုံးမီတွင် ကွယ်လွန်ခဲ့သည်။ မိုးဇက်သည် စန္ဒယားကို ငယ်စဉ်ကပင် တီးတတ်ခဲ့ပြီး သူသည် ထင်ရှားသော သီချင်းရေး ဆရာ တစ်ယောက် အဖြစ်သာ မက ထင်ရှားသော စန္ဒယားဆရာ တစ်ယောက် အဖြစ်လည်း လူသိများခဲ့သည်။ သူသည် ၁၇၉၁၊ ဒီဇင်ဘာ ၅ ရက် မနက် ၁နာရီခန့်တွင် အဆစ်အမြစ် ကိုက်ခဲ့သည့် အဖျားရောဂါဖြင့် ဖြင့် ကွယ်လွန်ခဲ့သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)