အော့ငှက်

ဝီကီပီးဒီးယား မှ
အော့ငှက်များ
Temporal range: Late Eocene – Recent 35–0 Ma
Parakeet auklets (Aethia psittacula)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Charadriiformes
Clade: Pan-Alcidae
မျိုးရင်း: Alcidae
Leach, 1820
အမျိုးအစား မျိုးစိတ်
Alca torda
မျိုးရင်းခွဲများ
  • Alcinae Leach, 1820
  • Fraterculinae Strauch, 1985

အော့ငှက်သည် ပါဏဗေဒ အလိုအားဖြင့် ကာရက်ဒြီအီဖောမီး မျိုးစဉ်တွင် အယ်လစီဒီး မျိုးရင်း၌ပါဝင်သော ပင်လယ်ငှက်မျိုးဖြစ်သည်။ အော့ငှက်မျိုးများသည် ကမ္ဘာ့မြောက်ဘက်ဖျား အာတိတ်ဒေသရှိ ပင်လယ်ကမ်းခြေများ၌သာ နေထိုင်ကျက်စားသည်။ ထိုငှက်မျိုးတို့သည် ရေထဲတွင်လျင်မြန် ဖျတ်လတ်စွာ ကူးခတ်ငုပ်လျှိုး သွားလာနိုင်ကြသော်လည်း ကုန်းပေါ်တွင်မူကား ပြေးလည်းမပြေးနိုင် ပျံလည်းမပျံနိုင်ကြချေ၊ ရေကူးရာ၌ အတောင်များကို လှော်တက်သဖွယ်အသုံးပြုကြသည်။

အော့ငှက်များသည် ဆောင်းရာသီတွင် ပင်လယ်ပြင်၌ နေထိုင် ကျက်စားလေ့ရှိသည်။ နွေဦးပေါက် ရာသီသို့ရောက်သောအခါ သားပေါက်ရန် ကုန်းပေါ်သို့ အုပ်လိုက်ချီ၍ တက်လာလေ့ရှိသည်။ ထိုအခါ ကျောက်ဆောင်ထူထပ်သော ပင်လယ်ကမ်းခြေများပေါ်တွင် ထောင်သောင်းမကသော အော့ငှက်တို့သည် အအုပ်အသင်းဖွဲ့ကာ စုဝေးနေထိုင်ကြသည်။ အော့ငှက်မတစ်ကောင်သည် တစ်ကြိမ်လျှင် ဥတစ်လုံးကို ကျောက်ဆောင်ပေါ်၌ပင် အုချသည်။

အော့ငှက်မျိုးများအနက် ဂရိတ်အော့ ခေါ် အော့ငှက်ကြီးမျိုးသည် ထင်ရှား၏။ ထိုငှက်မျိုး၏ကိုယ် အလျားမှာ နှစ်ပေခန့်ရှိ၍ ငန်းအရွယ်ခန့်ရှိသည်။ ဦးခေါင်းနှင့်နောက်ကျောပြင်မဲ၍ ရင်ပတ်ဖြူသည်။ ခြေနှစ်ချောင်းသည်တို၍ ကိုယ်နောက် ပိုင်းကျကျတွင်ရှိသဖြင့် တည့်မတ်စွာရပ်နိုင်သည်။ ခြေချောင်းများသည် ဝမ်းဘဲခြေကဲ့သို့ အရေပြားဖြင့် ဆက်လျက်ရှိသည်။ ရှေးအခါက အော့ငှက်ကြီးမျိုးကို ဥရောပတိုက် မြောက်ပိုင်းနှင့် မြောက်အမေရိကတိုက် မြောက်ပိုင်းရှိ ကျောက်ဆောင်ထူထပ်သော ပင်လယ်ကမ်းခြေနှင့် ကျွန်းများပေါ်တွင် အမြောက်အမြား တွေ့နိုင်သည်။ သို့ရာတွင်ယခုအခါ လူတို့ကဖမ်းဆီး သတ်ဖြတ်ခြင်းကြောင့် ထိုအော့ငှက်ကြီးမျိုး တစ်ကောင်မျှမကျန်တော့ပဲ ပြုတ်ပြုတ်ပြုန်းကုန်ပြီဖြစ်သည်။

အော့ငှက်ကြီးများအပြင် အခြားအော့ငှက်များလည်းရှိသည်။ ထိုအော့ငှက်များကို ကမ္ဘာ့မြောက်ဘက်ဖျား အာတိတ်ဒေသရှိ ပင်လယ်ကမ်းခြေများတွင် ယခုထက်တိုင်တွေ့မြင်နိုင်သည်။ ယင်းငှက်တို့တွင် ရေဇာဗီး ခေါ် သင်ဓုန်းဓားနှုတ်သီး ရှိငှက်မျိုး၊ ဂီးလမော့ ခေါ် ခြေနီပင်လယ်ခိုငှက်မျိုး၊ ပပ်ဖင် ခေါ် ပင်လယ်ကျေးငှက်မျိုးတို့ ပါဝင်လေသည်။ ထို့အပြင် အာတိတ်ဒေသများဖြစ်သော ဂရင်းလန်ကျွန်းနှင့် အိုက်စလန်ကျွန်းတို့တွင် သားပေါက်လေ့ရှိကြသော အော့ငှက်ကလေးမျိုးနှင့် ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းတွင် ကျက်စား၍ အလာစကာပြည် နယ်ကမ်းခြေတွင် သားပေါက်လေ့ရှိကြသော အော့ကလက် ခေါ် အော့ငှက်ငယ်မျိုး များလည်းရှိသေးသည်။ အော့ကလက်ငှက်များတွင် အမောက်သည်နှုတ်သီးပေါ်သို့ ထူးခြားစွာ ကိုင်းညွတ် ကျလျက်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)