အောရိန်းရှိ ရောမဇာတ်ရုံ

ဝီကီပီးဒီးယား မှ
ရောမဇာတ်ရုံ ပတ်ဝန်းကျင်နေရာများနှင့် အောရိန်းထရီရန်ပယ် အမိုးခုံး*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ပြင်သစ်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii, iv
ကိုးကား ၁၆၃
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၁  (ပဉ္စမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

အောရိန်းရှိ ရောမဇာတ်ရုံသည် ပြင်သစ်နိုင်ငံ ဗောကလိပြည်နယ် အောရိန်း ကွန်မြူးန် (မြို့နယ်) တွင် တည်ရှိသော ရောမဇာတ်ရုံ တစ်ခု ဖြစ်သည်။ ၎င်းသည် အေဒီ ၁ ရာစု အစောပိုင်းတွင် တည်ဆောက်ခဲ့သည်။ ထိုအဆောက်အဦးအား အောရိန်း မြူနီစီပါယ်မှ ပိုင်ဆိုင်ပြီး နွေရာသီ အော်ပရာ ပွဲတော် ဖြစ်သော ကိုဟိချ် ဒီအောရိန်းကို ကျင်းပရာ နေရာဖြစ်သည်။

၎င်းသည် အကောင်းဆုံး ထိန်းသိမ်းထားနိုင်ခဲ့သော ရောမ ဇာတ်ရုံများတွင် တစ်ခု အပါအဝင် ဖြစ်ပြီး ရောမ ကိုလိုနီဖြစ်သော အရောစီယို အတွက် အသုံးတော်ခံခဲ့သည်။ ထိုဒေသသားများ၏ ဘဝတွင် အဓိကနေရာမှ ပါဝင်ခဲ့ပြီး သူတို့သည် အားလပ်သော အချိန်များစွာကို ထိုနေရာတွင် အသုံးပြုခဲ့သည်။ ရောမအာဏာပိုင်များ အတွက်မူ ရောမ ယဉ်ကျေးမှုအား ကိုလိုနီများသို့ ပျံ့နှံ့ရာတွင် အသုံးချနိုင်သည်သာမက နိုင်ငံရေး လှုပ်ရှားမှုများမှ အာရုံလွှဲနိုင်စေခဲ့သည်။

မိုင်မီးခေါ် အသံတိတ် ပြဇာတ်များ၊ ပန်တိုမိုင်မီးခေါ် တေးဂီတ ပြဇာတ်များ၊ ကဗျာ ရွတ်ဖတ်မှုများ နှင့် အတ်တဲလာနာ ခေါ် ဟာသ သရုပ်ဆောင်မှုများကို ပြုလုပ်ကြပြီး အများစုမှာ တနေကုန်အောင် ဖျော်ဖြေကြသည်။ ကြည့်၍ကောင်းသော အထူးပြုလုပ်မှုများကို နှစ်သက်သော သာမန်လူတန်းစားများ အတွက်မူ အလွန်ကြီးကျယ်ခမ်းနားသော ဇာတ်ခုံပြင်ဆင်မှုများနှင့် ဇာတ်ခုံပေါ်မှ ကိရိယာများမှာ အလွန်အရေးပါသည်။ ဖျော်ဖြေမှုများမှာ အားလုံးမှာ အခမဲ့ဖြစ်ပြီး မည်သူမဆို ဝင်ရောက် ကြည့်ရှုနိုင်သည်။

အနောက်တိုင်း ရောမအင်ပိုင်ယာ ၄ ရာစုနှစ်အတွင်း ကျဆင်းလာပြီး ခရစ်ယာန်ဘာသာသည် နိုင်ငံတော်ဘာသာ ဖြစ်လာသည့် အခါတွင် ခရစ်ယာန် ဘုရားကျောင်းတော်မှ မယဉ်ကျေးသော ဖျော်ဖြေမှုများ အဖြစ် ကန့်ကွက်သည့် အတွက် ဇာတ်ရုံသည် အစိုးရအမိန့်ဖြင့် အေဒီ ၃၉၁ တွင် ပိတ်သိမ်းခဲ့သည်။ ထို့နောက်တွင် ဇာတ်ရုံအား လုံးဝ စွန့်ပစ်ထားခဲ့ကြသည်။ ၄၁၂ ခုနှစ်တွင် ဗစ်ဆီဂေါ့တို့မှ ဖျက်ဆီးခဲ့ပြီး အခြားသော ရောမ အဆောက်အဦးများကဲ့သို့ပင် ကောင်းသော ကျောက်တုံးများကို အခြားနေရာများတွင် ပြန်လည် အသုံးပြုရန် အတွက် ခွာထုတ်ယူခြင်းခံခဲ့ရသည်။ အလယ်ခေတ်အတွင်း ကာကွယ်ရန် နေရာ တစ်ခု အဖြစ် အသုံးပြုခဲ့သည်။ ၁၆ ရာစု ဘာသာရေး စစ်ပွဲများ အတွင်းတွင် မြို့နေလူများ ခိုလှုံရာ နေရာတစ်ခု ဖြစ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]