အောင်ဘာလေ
အောင်ဘာလေ ဟူသည် မြန်မာနိုင်ငံတွင် လစဉ် ရောင်းချဖွင့်လှစ်ပေးနေသော တရားဝင်ထီအစီအစဉ် ဖြစ်သည်။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှ လစဉ်ဖွင့်လှစ်ပေးနေခြင်း ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ကုန်းဘောင်ခေတ် ထီ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံတွင် သီပေါမင်းလက်ထက်တော် မတိုင်မီက ထီ ဟူသောအမည်ဖြင့် ဖွင့်ခြင်းအလေ့အထရှိခဲ့သော်လည်း ထီနှင့်အလားတူ မဲချသောစံနစ်မျိုးဖြစ်သည့် စာရေးတံမဲပွဲမှာ ရှေးနှစ်ပေါင်းများစွာက ပေါ်ထွန်းခဲ့သဖြင့် ဝါခေါင်လ၏ ရာသီပွဲအဖြစ်ပင် ထင်ရှားခဲ့လေသည်။ ပင်လယ်ခရီး မြစ်ကြောင်းခရီးများ၌ လှေသင်္ဘောတို့ဖြင့် သွားလာရာဝယ် လှေသင်္ဘောတို့ မရွေ့မလျား တန့်နေပါက၊ စာရေးတံမဲချ၍ မဲကျသူအား ရေသို့ ချရသောအလေ့ရှိကြောင်းကို ဦးရှင်ကြီးသမိုင်း၊ ပေါင်းလောင်းရှင် မဟာကဿပ၏သမိုင်း စသည်တို့အရ သိကြရသည်။
မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ်၌ နန်းတက်သော အမရပူရ ရွှေနန်းသခင် ဘိုးတော်မင်းတရားကြီး လက်ထက်တော်တွင် နိုင်ငံခြားသား ကုလားလူမျိုးတို့နှင့် ကုန်ကူးသန်းဆက်သွယ်ခဲ့ရာမှ အင်္ဂလိပ်လူမျိုးတို့၏ ထီစံနစ်ကို မြန်မာတို့ သိရှိခဲ့ကြသည်။ ကုန်ရောင်းကုန်ဝယ်ကိစ္စများ၌ အငြင်းပွားသည့်အခါ မြန်မာခုံတော်များက ကုလားလူမျိုးတို့၏ အရောင်းအဝယ်ဆိုင်ရာထုံးစံဖြစ်သော ပြင်ကူ၊ ဇိတံဝတံ၊ ဖီမာ၊ လေလံ စသည့် ထုံးနှုန်းတို့ကိုဆင်ခြင်၍ အဆုံးအဖြတ်ပေးကြရကုန်ရာ ပြင်ကူ ဟူသော သဘောသည် ထီ၏သဘောနှင့် ဆင်တူသည်။ ကံစမ်းစက္ကူလိပ်များကို မဲနှိုက်စေ၍ အငြင်းပွားနေသော ကုန်၏တန်ဘိုးကို ဖြတ်ကာ ခွဲဝေပေးသောစံနစ်ကို ပြင်ကူဟု ခေါ်သည်။
သီပေါမင်းလက်ထက်တွင် အင်္ဂလိပ်အစိုးရပိုင်နက်ဖြစ်သော အောက်မြန်မာနိုင်ငံတွင် ထီဖွင့်မှုခေတ်စားနေလေသည်။ မန္တလေးနေပြည်တော်၌လည်း တရုတ်အမျိုးသားများ၏ ၃၆ ကောင်ထီ များ ပေါ်ပေါက်နေပြီးဖြစ်သည်။ အခွန်တော်တိုးစေရန် သဿမေဓအခွန်တော်ကို အတင်းအကြပ် ကောက်ခံခြင်းထက် အင်္ဂလိပ်အစိုးရကဲ့သို့ ထီဖွင့်၍ ခိုင်နှုန်းကောက်ခံခြင်းက ပို၍ အကျိုးများမည်ဟု ယူဆကာ သီပေါမင်းတရားသည် ထီရုံများ ဖွင့်လှစ်စေသည်။ နောက်ဆုံးတွင် အကျိုးမရှိဘဲ ဆင်းရဲသား ကျွန်တော်မျိုးတို့ မွဲတေခြင်း၊ ခိုးသားထားပြ အလွန်ဆူပူသောင်းခြင်းတို့ ဖြစ်လာသဖြင့် ၁၂၄၃ ခု ပြာသိုလတွင် ထီရုံများပိတ်စေရသည်။
ထီ အစီအစဉ်
[ပြင်ဆင်ရန်]သီပေါမင်းလက်ထက် ထီဖွင့်ပုံဖွင့်နည်းမှာ အင်္ဂလိပ်တို့၏ ထီစံနစ်နှင့် အနည်းငယ်ကွာခြားသည်။ ထိုစဉ်က ထီကို နှစ်မျိုးခွဲ၍ ဖွင့်လှစ်သည်။ နေ့စဉ်ဖွင့်သောထီနှင့် လစဉ်ဖွင့်သောထီဟူ၍ ဖြစ်သည်။ နေ့စဉ်ဖွင့်သောထီမှာ ထီလက်မှတ်တစ်စောင်ကို တစ်ပဲဖြစ်သည်။ ထီလက်မှတ်များကို ထီကိုယ်စားလှယ်များ ထံတွင် ဝယ်ယူကံစမ်းနိုင်သည်။ မြို့တော်အတွင်း၌ ထီရုံးအများအပြား ထားရှိဖွင့်လှစ်ပြီး ထီလက်မှတ်များကို ရောင်းသည်။ နေ့စဉ်ဖွင့်သောထီအတွက် အောင်ဘာလေမဲကို မွန်းတည့်ချိန်တွင် ဖွင့်သည်။ ထီပေါက်သူအား တစ်ဆကို လေးဆယ့်ရှစ်ဆ လျော်သည်။ တစ်ပဲထိုးလျှင် သုံးကျပ်၊ တစ်ကျပ်ထိုးလျှင် လေးဆယ့်ရှစ်ကျပ်၊ တစ်ရာဖိုးထိုးလျှင် လေးရာ့ရှစ်ဆယ် ရ၏။ ထီရုံးဖွင့်ထားသူတို့သည် ထီပေါက်သူအား မလျော်နိုင်လျှင် အဖမ်းခံရသည်။ အများအားဖြင့် လျော်ငွေရကြသည်။
၁၂၄၀ ပြည့်နှစ် တပေါင်းလတွင် ထီသဘောပေါက်သော အကွက် ၆၀ ခုံကို တီထွင်သည်။ ထိုခုံတွင် အမှတ် ၁ မှ ၆၀ အထိ ဂဏန်းများပါဝင်ရာ ထီထိုးသူက ကြိုက်ရာအမှတ်ကို အကန့်အသတ် မရှိထိုးနိုင်သည်။ တစ်ဂဏန်းလျှင် တစ်ကျပ်ဖြစ်၍ ရောင်းရငွေမှ ၂၀ ရာခိုင်နှုန်းကို နုတ်ယူပြီးလျှင် ကျန်ငွေကို အောင်ဘာလေ ဖွင့်သည်။ ပေသီးအလုံး ၆၀ ပေါ်တွင် တစ်ဂဏန်းမှ ခြောက်ဆယ်ဂဏန်းတိုင်အောင်ရေးထိုး၍ ငွေအိုးတစ်လုံးတွင်ထည့်ကာ ဗလာပေသီး ၅၉ လုံးနှင့် ရွှေပေသီးတစ်လုံးကို အခြားငွေအိုး တစ်လုံးတွင်ထည့်ပြီးနောက် ကလေးနှစ်ယောက်အား အိုးတစ်လုံးစီမှ ပေသီးတစ်လုံးစီ နှိုက်ယူစေသည်။ ရွှေပေသီးနှင့်တွဲ၍ ထွက်သော ဂဏန်းသည် အောင်ဘာလေဂဏန်းဖြစ်၍ ထိုဂဏန်း ထိုးသူတို့အား သတ်မှတ်ထားသော ဆုငွေကို အညီအမျှ ခွဲဝေပေးသည်။
ယင်းအကွက် ၆၀ ထီမျိုးကို လူကြိုက်နည်းလာသဖြင့် ၁၂၄၁ ခု သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင် အောင်ဘာလေပေါက်ဂဏန်းကို တစ်ခုတည်းထား၍ လက်မှတ်ပေါင်း ၁၂၀၀၀ ရိုက်သည်။ တစ်လက်မှတ်လျှင် ငါးကျပ်ကျနှင့် ရောင်းချရာ၊ ငွေပေါင်း ၆၀၀၀၀ ရရှိလေသည်။ ယင်းခြောက်သောင်းမှ အခွန်တော်အတွက် ငွေတစ်သောင်း နုတ်ယူပြီးနောက် ကျန်ငွေ ငါးသောင်းကို အောင်ဘာလေမဲ ဖွင့်သည်။ အောင်ဘာလေ ရွှေပေသီးနှင့် တိုက်ဆိုင်သူ လက်မှတ်ရှင်အား ငွေငါးသောင်း အပ်နှင်းပြီးလျှင် သူဌေးအရာခန့်ထား သူကောင်းပြုမည်ဟုပင် စည်လည်ထားသည်။ ထီပေါက်သူထံသို့ ငွေအိတ်ကို ဆင်ပေါ်တွင်တင်၍ အိမ်တိုင်ယာရောက် ပို့လေသည်။ ထိုနောက် ထိုထီစံနစ်ကို ဘုရင်ကိုယ်တိုင် နှစ်သက်တော်မူသဖြင့် ထီရုံပေါင်း ၁၀ ရုံဖွင့်စေတော်မူလျက် ထီရုံတရုံတွင် လက်မှတ်ပေါင်း ၆၀၀၀ ထား၍ တစ်လက်မှတ်လျှင် နှစ်ကျပ်ကျနှင့် ရောင်းချရာ ထီတစ်ရုံလျှင် ငွေပေါင်း ၁၂၀၀၀ ရရှိသည်။ ယင်းငွေမှ ငွေ ၂၀၀၀ ကိုနုတ်၍ ကျန်ငွေ ၁၀၀၀၀ ကို အောင်ဘာလေဖွင့်စေ သည်။ ဤနည်းအတိုင်း ထီရုံ ၁၀ ရုံထား၍ တစ်လလျှင် ၁၀ ကြိမ်ထီဖွင့်စေရာ ထီတော်မှ အခွန်တော်ငွေပေါင်း တစ်လလျှင် ၂ သိန်းကျစီ ရလေသည်။
ရှိသမျှလူတို့သည် ထီနောက် ကောက်ကောက်ပါအောင် လိုက်နေကြရင်း မွဲသူမွဲ၊ မူးသူမူး၊ ရူးသူရူး၊ သေသူသေ၊ ခိုးဆိုးလုယက်သူများ လာသည်။ ထီကြောင့် နေပြည်တော်တွင် ဒုစရိုက်မှုများ ထူပြောလာပြီး စီးပွားပျက်ကာ ချွတ်ခြုံကျလာသည်။ ထီဖွင့်ပွဲ ကျင်းပနေသည့် သုံးနှစ်အတွင်း နေပြည်တော်ရှိ သူတို့၏ အခြေအနေမှာ ဆယ်မရလောက်အောင် ပျက်စီးကုန်၏။ ထီသည် ဘုရင့်ဘဏ္ဍာတိုက်အတွက် ဘဏ္ဍာငွေများ ပြည့်လျှံလာသော်လည်း ပြည်သူအများစု၏ ဘဝပျက်စေသည့် သတင်းက သီပေါမင်းနားသို့ ပေါက်ကြားလာသည်။ ထိုအခါ ဘုရင်အဖို့ စိတ်မရွှင်လန်းနိုင်ဖြစ်ကာ သုံးနှစ်သုံးမိုးအကြာတွင် သီပေါဘုရင်က ထီကို ပိတ်ပစ်လိုက်တော့သည်။ ရက်အတော်ကြာကြာတွင် အခြေအနေများ ပြန်လည်တည်ငြိမ်လာသည်။ ထီပိတ်လိုက်ခြင်းကြောင့် တိုင်းပြည်တစ်ပြည်လုံး ပျက်စီးတော့မည့်ဘေးမှ ဝေးသွားခဲ့ရသည်။ [၁]
ယနေ့ခေတ် ထီ၏ သမိုင်း
[ပြင်ဆင်ရန်]၁၉၃၈ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် မြန်မာပြည်အစိုးရ ထီအုပ်ချုပ်ရေး အရာရှိရုံးကို စတင်တည်ထောင်ခဲ့သည်။ ဂျပန်ခေတ်တွင် ဗမာနိုင်ငံတော်အစိုးရ၊ အောင်မင်္ဂလာသိန်းဆုတော်ရုံဟု ခေါ်တွင်သတ်မှတ်ခဲ့ပြီး ၁၉၄၅ ခုနှစ်၊ ဩဂုတ်လတွင် အစိုးရသိန်းထီဌာန အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ လွတ်လပ်ရေးရပြီးချိန်တွင် အစိုးရသိန်းထီဌာန ကို အောင်ဘာလေသိန်းဆုဌာနခွဲ ဟု ပြောင်းလဲခေါ်တွင်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ၂ ကျပ်တန်ထီစနစ် စတင်ပေါ်ပေါက်စဉ်က အမြင့်ဆုံးချီးမြှင့်သောဆုမှာ ကျပ်တစ်သိန်းဆုဖြစ်သောကြောင့် ထီနှင့်ပတ်သက်ပြီး သိန်းထီဆုကြီး၊ သိန်းထီဖွင့်ပွဲ စသည်ဖြင့် ခေါ်ဝေါ်သုံးနှုန်းခဲ့ကြသည်။ ၂ ကျပ်တန်ထီစနစ်မှစ၍ ထီစနစ်များ တစ်ခုပြီးတစ်ခု ခေတ်အဆက်ဆက် တိုးတက် ပြောင်းလဲလာခဲ့ရာ ၅ ကျပ်တန်၊ ၁၀ ကျပ်တန်၊ ၅၀ ကျပ်တန်၊ ၁၀၀ ကျပ်တန် ထီစနစ်မှ ယခုအခါ ၂၀၀ ကျပ်တန် ထီစနစ်အထိ အဆင့်ဆင့်ပြောင်းလဲဖွင့်လှစ်ခဲ့သည်။
၁၉၈၉ ခုနှစ်အထိ နှစ်လလျှင် တစ်ကြိမ် ထီဖွင့်ပွဲကျင်းပခဲ့ပြီး နောက်ပိုင်းတွင် တစ်လ လျှင်တစ်ကြိမ် ဖွင့်လှစ်ခဲ့သည်။ ၂၀၀ကျပ်တန်ထီစနစ်တွင် အမြင့်ဆုံးအထူးဆုကြီးသိန်း ၁၅၀၀ ၊ ဆုကြီးတစ်ဆုကြီးချင်း သိန်း ၁၀၀၀၊ ဆုကြီးတစ်ဆုကြီးချင်း သိန်း ၅၀၀ နှင့် သိန်း ၃၀၀ ဆုများ၊ သိန်း ၂၀၀ ဆုများအပါအဝင် သိန်း ၁၀၀ မင်္ဂလာစုံတွဲစနစ်၊ ဖြည့်စွက် ယူနစ်စနစ်နှင့် အပိုဆုဆုမဲများကို ထည့်သွင်းဖွင့်လှစ် ထားသည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့တွင် ဖွင့်လှစ်သော ၂၈၆ ကြိမ်မြောက် ထီဖွင့်ပွဲမှစတင်၍ ကျပ်သိန်း ၁၅၀၀ အထူးဆုကြီးနှင့် အက္ခရာတူရှေ့ဂဏန်း ၂ လုံးအစဉ်လိုက်တူ ဆုမဲ ၉၉၉၉ အား မိတ်သဟာပူးတွဲဆုအဖြစ် ကျပ် ၅၀၀၀၀ ချီးမြှင့်ဖွင့်လှစ်ပေးခဲ့သည်။ ထီလက်မှတ် တစ်စောင်၏ ရောင်းဈေးမှာ ကျပ် ၂၀၀ ဖြစ်ပြီး ထီစာအုပ်တစ်အုပ်တွင် ထီလက်မှတ် ၁၁ စောင်ပါရှိ၍ ထီစာအုပ်တစ်အုပ်လျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် ထီရောင်းချသူများကို ရောင်းချပေးသည်။ ဤနည်းအား ဖြင့် ထီရောင်းချသူများအား ထီစာအုပ် တစ်အုပ်လျှင် အမြတ်ငွေ ၂၀၀ ကျပ် ခံစားခွင့်ပေးထားသည်။ ထီအုပ်များကို အောင်ဘာလေသိန်းဆုဌာနခွဲ ရန်ကုန်(ရုံးချုပ်) အရောင်းကောင်တာ၊ မန္တလေး(ရုံးခွဲ) အရောင်းကောင်တာနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများမှအပ ကျန်ပြည်နယ်/တိုင်းဒေသကြီးများရှိ မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန ရုံးများတွင် ရောင်းချပေးသည်။ အောင်ဘာလေသိန်းဆုခွန်သည် ထီစာအုပ်များကိုရောင်းချခြင်းမှ အခွန်ကောက်ခံရရှိသည့် အခွန်ဖြစ်သည်။ ရောင်းရ ငွေများ၏ ၄၀% ကို အခွန် အဖြစ်ကောက်ခံပြီး ကျန် ၆၀% ကို ထီဆုငွေများအဖြစ် ခွဲဝေပေးသည်။[၂] ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ လက်ရှိအချိန်အထိ ထီလက်မှတ်တစ်စောင်ဈေးနှုန်းမှာ ၁၀၀၀ ကျပ် အထိ တိုးမြင့်သွားပြီဖြစ်ပြီး အမြင့်ဆုံး ဆုငွေမှာလည်း သိန်း တစ်သောင်းခွဲသို့ ပြောင်းလဲ ချီးမြှင့်ခဲ့သည်။
၂၀၂၁ နောက် ပိုင်းတွင် ထီလက်မှတ် တစောင် ၁၀၀၀ကျပ်နှုန်းဖြင့် ရောင်းချပြီး အမြင့်ဆုံးဆုကြေးငွေ မှာ သိန်း၅၀၀၀ကျပ်ဖြစ်သည်။
အောင်ဘာလေ အွန်လိုင်းထီ
[ပြင်ဆင်ရန်]အောင်ဘာလေအွန်လိုင်းထီစနစ်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ထီတစ်စောင် ၁၀၀၀ ကျပ်ဖြင့် စတင်ရောင်းချခဲ့သည်။ အွန်လိုင်းထီစနစ်ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် Telecom International Myanmar Co.,Ltd (Mytel) တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်။[၃][၄][၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကောင်းထက်၏ စုဖုရားလတ်ရှင်းတမ်းနှင့် ပါတော်မူဖြစ်ရပ်များ(၂၀၀၄၊ ဩဂုတ်လ၊ပအကြိမ်)
- ↑ အောင်ဘာလေထီအကြောင်း။ 25 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ဇန်နဝါရီ ၂၀၁၆ တွင် ပြန်စစ်ပြီး။
- ↑ "အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်း ဖွင့်ပွဲ ဇွန် ၈ ရက်က ကျင်းပခဲ့ခြင်းနှင့် ကျပ် ၁၀ သိန်းနှင့်အောက် အောင်ဘာလေ အွန်လိုင်းထီဆုငွေများကို အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်ဖြင့် ထုတ်ပေးမည်ဟုကြေညာခြင်း" (in my)၊ Eleven Media Group Co., Ltd။
- ↑ အောင်ဘာလေ အွန်လိုင်းထီစနစ် စတင်။ ၁၃ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ "မြန်မာနိုင်ငံ၌ အွန်လိုင်းထီစနစ်ကို စတင်အသုံးပြုမည်"၊ npnewsmm.com။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)