အိုင်ဗန် တူရဂေနျက်
အိုင်ဗန် တူရဂေနျက်သည် ကမ္ဘာကျော် ရုရှစာရေး ဆရာ ဖြစ်၍ ၁၈၁၈ ခုနှစ် နိုင်ဝင်ဘာလ ၉ ရက်နေ့တွင် ရုရှနိုင်ငံ၊ အိုရယ်မြို့၌ ဖွားမြင်သည်။ သူ၏ဖခင်မှာ အငြိမ်းစား မြင်းတပ် ဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ တူရဂေနျက်သည် အသက် ၁၆ နှစ်အရွယ်ကပင် မော်စကို တက္ကသိုလ်၌ ပညာသင်ခဲ့၏။ ၁၈၃၅ ခုနှစ်တွင် စိန်ပီတာစဗတ် (လင်နင်ဂရက်) တက္ကသိုလ်သို့ ပြောင်းရွှေ့ကာ ပညာဆက်လက် ဆည်းပူးသည်။ သို့သော် ရှေးဆန်သော မိခင်ဖြစ်သူ၏ ပြင်းထန်သော အချုပ်အချယ်၊ အဆုံးအမများကို မနှစ်မြို့သဖြင့် ဂျာမနီနိုင်ငံသို့ ထွက်ခွာ လာခဲ့ပြီးလျှင် ဘာလင်တက္ကသိုလ်တွင် ဟေးဂဲ၏ ယထာဘူတပညာများကို လေ့လာလိုက်စား သင်ယူခဲ့လေသည်။ ဘာလင် တက္ကသိုလ်၌ နှစ်နှစ်မျှ ပညာဆည်းပူးပြီးသောအခါ၊ တူရဂေ နျက်သည် ရုရှနိုင်ငံသို့ပြန်လာ၍၊ ၁၈၄၀ ပြည့်နှစ်တွင် မော်စကိုတက္ကသိုလ်မှ ဒီဂရီဘွဲ့ထူးကိုဆွတ်ခူးလေသည်။
ထို့နောက် တူရဂေနျက်သည် ကဗျာများကို စတင်ရေးသား ပုံနှိပ်ထုတ်ဝေခဲ့၏။ ယင်းကဗျာများမှာ စာပေ ဝေဖန်ရေးဆရာ ကြီး ဗျီလျင်းစကီး၏ ချီးကျူးခြင်းကို ခံခဲ့ရသော်လည်း ကြာ ရှည်စွာ ကျော်ကြားခြင်း မရှိခဲ့ချေ။ ၁၈၄၅ ခုနှစ်တွင် တူရဂေနျက်သည် ပေါ်လင်ဂါးဆီးယားအမည်ရှိ ပြင်သစ်အဆိုတော် ဇာတ် မင်းသမီးတစ်ဦးနှင့် တွေ့ဆုံလေရာ တစ်ဦးနှင့်တစ်ဦး များစွာ အကျွမ်းတဝင်ဖြစ်ခဲ့လေသည်။ ထိုကဲ့သို့ ပေါ်လင်ဂါးဆီးယားနှင့် ချစ်ကျွမ်းဝင်ခြင်းကို မိခင်ဖြစ်သူက သဘောမကျ၍ လည်းကောင်း၊ မင်းမှုထမ်းအလုပ်မှ နုတ်ထွက်ခြင်းကိုမနှစ်သက်၍လည်းကောင်း သားဖြစ်သူနှင့် ခွန်းကြီး ခွန်းငယ် စကားများကြလေသည်။ ထိုနောက်တွင် တူရဂေနျက်သည် နှစ်အတန်ကြာမျှ ဆင်းရဲ ငြိုငြင်စွာ နေထိုင်ခဲ့ရလေသည်။ သို့သော် ၁၈၄၈ ခုနှစ်တွင် သူ၏မိခင်ကွယ်လွန်သဖြင့် တူရဂေနျက်သည် ကျန်ရစ်ခဲ့သော အမွေကို ဆက်ခံကာ လူချမ်းသာတစ်ဦး ဖြစ်လာလေ၏။
၁၈၄၆ ခုနှစ်တွင် တူရဂေနျက်အား စာရေးဆရာအဖြစ်ဖြင့် စတင်ကျော်ကြားစေခဲ့သော စာအုပ်တွင် သူသည် ရုရှ ကျေးတောနေလယ်သမားများနှင့် လယ်ပိုင်ရှင်များ၏ဘဝကို ရေးသား ဖော်ပြခဲ့သည်။ ထို့ပြင် ရုရှနိုင်ငံတွင် ထိုခေတ်က ပေါ်ပေါက်လျက်ရှိသော ကျေးကျွန်စံနစ် တိုက်ဖျက်ရေးကိုလည်း ပေါ်လွင် အောင်ပြဆိုခဲ့သည်။ တူရဂေနျက်၏ အရေးအသားတို့သည် ၁၈၆၁ ခုနှစ် ရုရှနိုင်ငံ ကျေးကျွန် စံနစ်ဖျက်သိမ်းရေးတွင် အထောက်အပံ့များစွာ ပေးခဲ့လေသည်။
၁၈၅၂ ခုနှစ်၌ စာရေးဆရာကြီး ဂိုဂါးကွယ်လွန်သောအခါ တူရဂေနျက်သည် ရုရှနိုင်ငံ လူနေမှုစနစ်ကို လှောင်ပြောင် ရေးသားခဲ့သည့် စာပြောင်ဆရာကြီးတစ်ဦးအဖြစ် ဂိုဂါးအား ချီးကျူးဂုဏ်ပြုသော စာတပုဒ်ကို ရေးသားလိုက်ရာ ပထမဦးစွာ ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရလေသည်။ ထိုနောက် ကျေးလက် ဒေသရှိ သူ၏နယ်မြေတွင် အကျယ်ချုပ်သဘောဖြင့် သူ့အား ၁၈ လမျှ နေထိုင်စေခဲ့လေသည်။ ၁၈၅၅ ခုနှစ် ကရိုင်းမီးယန်း စစ်ပွဲပြီးဆုံး၍ ရုရှနိုင်ငံ၏ သက်ဦးဆံပိုင်ဘုရင် ပထမနစ်ကလပ် ၏ နန်းသက်လည်း ပြတ်စဲခဲ့လေသည်။ နောက်တစ်နှစ်၌‘ရုဒင်’ အမည်ရှိသော တူရဂေနျက်၏ ပထမဆုံးဝတ္ထုရှည်ကြီးထွက်ပေါ် လာခဲ့လေသည်။
၁၈၅၈ ခုနှစ်တွင်ကား တူရဂေနျက်သည် လူကုံထံတစ်ဦး၏ အကြောင်းကို ဝတ္ထုဖြင့် ဖွဲ့နွဲ့ရေးသားခဲ့၏။ ထိုဝတ္ထုတွင် တူရဂေနျက်သည် ရုရှလယ်ပိုင်ရှင်ကြီးများ၏ဘဝကို စေ့စုံစွာဖော်ပြ ထားလေသည်။ တူရဂေနျက်သည် ၁၈၆၂ ခုနှစ်တွင် ‘သားအဖ’ ဟုခေါ်သော ဝတ္ထုကို ရေးသား၍၊ ရှေးလူကြီးများ၏ အတွေး အခေါ်နှင့် ခေတ်လူငယ်များ၏ အယူအဆသစ်များ ပဋိပက္ခဖြစ် ကြပုံကို ထုတ်ဖော်လိုက်သဖြင့် ရုရှနိုင်ငံ၏ လူနေမှု စံနစ်နှင့် နိုင်ငံရေးအဖွဲ့အစည်းတို့ကို ထိခိုက်လျက်ရှိလေရာ တူရဂေနျက် သည် လူအများ၏ ပြစ်တင်ဝေဖန် ခြင်းကို ခံခဲ့ရလေသည်။
၁၈ရဝ ပြည့်နှစ်တွင် တတိယနပိုလီယန်ဘုရင် နန်းကျပြီး နောက်၊ တူရဂေနျက်သည် ပြင်သစ်နိုင်ငံ ပါရီမြို့၌ အခြေစိုက် နေထိုင်ခဲ့လေသည်။ ရုရှနိုင်ငံသို့ကား ရံဖန်ရံခါမျှသာ သွားရောက်လည်ပတ်လေသည်။
၁၈ရ၈ ခုနှစ်တွင် ပြင်သစ်ပြည် ပါရီမြို့၌ ကျင်းပသော နိုင်ငံပေါင်းစုံ စာရေးဆရာများ ညီလာခံကြီးက တူရဂေနျက် အား ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့လေသည်။ ထိုနှစ်၌ပင် အောက်စဖို့တက္ကသိုလ်ကလည်း တူရဂေနျက်အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ကို အပ်နှင်းချီးမြှင့်သည်။
ပြင်သစ်ပြည်၌ အခြေစိုက်ကာနေထိုင်ခဲ့စဉ်အတွင်း တူရဂေနျက် သည် ပြင်သစ်ဆရာကြီးများဖြစ်သော ဖလိုဗဲယား၊ မိုပါဆွန်းတို့ နှင့် အကျွမ်းဝင် ခင်မင်ခဲ့သည်။ တူရဂေနျက်သည် တိုင်းရင်းသား ရုရှဘာသာစကားအပြင် အင်္ဂလိပ်ဘာသာ၊ ပြင်သစ် ဘာသာနှင့် ဂျာမန်ဘာသာစကားများကိုလည်း တတ်ကျွမ်း၏။ ၁၈၈၃ ခုနှစ်စက်တင်ဘာလ ၃ ရက်နေ့တွင် ပြင်သစ်ပြည် ပါရီမြို့အနီး မြို့ကလေးတစ်မြို့၌ တူရဂေနျက် ကွယ်လွန်ခဲ့လေသည်။
ကိုးကား
[ပြင်ဆင်ရန်]မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)