အိပ်ချ် ဂျီ ဝဲလ်

ဝီကီပီးဒီးယား မှ
အိပ်ချ် ဂျီ ဝဲလ်

ဟားဗတ် ဂျော့ချ် ဝဲလ် (အင်္ဂလိပ်: Herbert George Wells; /ဟားဘာ့တ် ဂျော့ဂျ် ဝဲလ်ဇ်/ ) သည် စာဖတ်ပရိသတ်၏ စိတ်ကိုဆွဲဆောင်နိုင်လောက်အောင် တီထွင်ကြံဆ၍ ရေးသားတတ်သော အင်္ဂလိပ်စာရေးဆရာကျော် တယောက်ဖြစ်ပေသည်။ အိပ်ခ်ျ၊ ဂျီ၊ ဝဲလ် ဟူ၍ လူသိများသည်။ ဝဲလ်သည် မိမိ၏အတွေးအခေါ်နှင့် အယူအဆများကို လူတန်းစားမရွေး လက်ခံနိုင်အောင်ရေးသားဖော်ပြနိုင်စွမ်းရှိသည်၊ သိပ္ပံပညာရပ်ကိုအခြေခံ၍သော်လည်းကောင်း၊ သမိုင်းပညာရပ်ကို အခြေခံ၍သော်လည်းကောင်း၊ လူမှုရေးပညာရပ်ကို အခြေခံ၍သော်လည်းကောင်း မိမိ၏ အမြင်ကို ဝတ္ထုကြောင်းဖြင့် ပြုစုရေးသား၍ တင်ပြခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

အိပ်ခ်ျ၊ ဂျီ၊ ဝဲလ် သည် ကင့်ခရိုင်၊ ဗရွမ်လီမြို့တွင် ၁၈၆၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့၌ ဖွားမြင်သည်။ သူ၏ဖခင် ဂျိုးဇက်ဝဲလ်သည် ကြေးတမ်းစား ကရစ်ကက်ကစားသမားဖြစ်၏။ အိပ်ခ်ျ၊ ဂျီ၊ ဝဲလ် သည် ဗရွမ်လီမြို့နှင့် ဆပ်ဆက်ခရိုင်၊ မစ်ဒဟပ်မြို့တို့တွင် ပညာသင်ကြားပြီးနောက် ဆေးတိုက်တစ်ခု၌လည်းကောင်း၊ အထည်တိုက်တစ်ခု၌လည်းကောင်း အလုပ်လုပ်ခဲ့ရသည်။ သို့ရာတွင် ဉာဏ်ကောင်းသူဖြစ်၍ ပညာသင်ဆုကို ရရှိသဖြင့် လန်ဒန်တက္ကသိုလ်၌ ပညာဆက်သင်ခဲ့ရာ ၁၈၈၈ ခုနှစ်တွင် သိပ္ပံဂုဏ်ထူးဘွဲ့ကို ရခဲ့သည်။

ကျောင်းဆရာ၊ သတင်းစာဆရာ၊ စာရေးဆရာ[ပြင်ဆင်ရန်]

အိပ်ခ်ျ၊ ဂျီ၊ ဝဲသည် ကျောင်းဆရာအဖြစ်ဖြင့် ခေတ္တမျှလုပ်ကိုင်ပြီးလျှင် သတင်းစာဆရာ၊ စာရေးဆရာအဖြစ်သို့ ကူးပြောင်းလုပ်ကိုင်သည်။ ၁၈၉၅ ခုနှစ်တွင် သိပ္ပံအတတ်ကို အခြေပြု၍ အနှောင်းအဖြစ်ကို ဖော်ပြရေးသားသည့် သည်တိုင်းမရှင်း ခေါ်ဝတ္ထုကို ပထမဦးဆုံးပြုစုခဲ့လေသည်။ ထိုနောက် ကမ္ဘာများ၏စစ်ပွဲ(၁၈၉၈)၊ လဗိမာန်က ရှေးဦးလူ(၁၉ဝ၁)၊ နတ်တို့၏ဩဇာ(၁၉ဝ၄) အစရှိသော အလားတူဝတ္ထုစာအုပ်များကို ရေးသားပြုစုခဲ့ရသည်။

တစ်ဖန် အိပ်ခ်ျ၊ဂျီ၊ ဝဲသည် မိမိ၏ လူနေမှုအတန်းအစားမှရရှိသော အတွေ့အကြုံကိုမှီး၍ လူ့ဘဝအစစ်အမှန်ကို ထုတ်ဖော်ရေးသားပြန်သည်။ ဝဲသည် ထိုကဲ့သို့သောဝတ္ထုမျိုးကိုရေးရာ၌ ရယ်ရွှင်ဖွယ်ဖြစ်အောင် ဘဝအခြေ အနေကိုသရော်ထားလေသည်။ ယင်းဝတ္ထုအမျိုးအစားတွင် အချစ်နှင့် မစ္စတာလူဝစ်ရှမ်(၁၉ဝဝ)၊ ကစ်ပစ(၁၉ဝ၅) နှင့် ထိမ်းမြားမင်္ဂလာ (၁၉၁၂) စသည်တို့ပါဝင်သည်။

၁၉ဝ၈ ခုနှစ်တွင် လေကြောင်းစစ်ပွဲ ဟူသော စာအုပ်ဖြင့် ပထမကမ္ဘာစစ်အခြေကို ကြိုတင်သိမြင်နိုင်ခဲ့ခြင်းကို အကြောင်းပြု၍ ထိုစစ်အတွင်းက ပြည်တွင်းစစ်မျက်နှာကို သရုပ်ဖော်သည့် ဝတ္ထုဇာတ်လမ်းများ ကိုရေးသားပြန်သည်။

ပထမကမ္ဘာစစ်ပြီးသောအခါ ဝဲသည် လူမှုရေးနှင့် နိုင်ငံရေးအမြင်ကို ကမ္ဘာ့သမိုင်း အကျဉ်းချုပ်(၁၉၂၂)စာအုပ်တွင်ဖော်ပြခဲ့သည်။ ၁၉၂၂ ခုနှစ်နှင့် ၁၉၂၃ ခုနှစ်တွင်ကျင်းပသော အထွေထွေပါလီမန် ရွေးကောက်ပွဲ၌ လန်ဒန်တက္ကသိုလ်မှ လေဘာပါတီကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံ ရာ မအောင်မြင်ခဲ့ချေ။ ၁၉၂၉ ခုနှစ်တွင် ဂျူလီယန်ဟပ်စလေနှင့် သားဖြစ်သူ ဂျီ၊ ပီ၊ ဝဲတို့၏အကူအညီဖြင့် သည်ဆိုင်းယင့်အော့လိုက်ဖ ခေါ် ဇီဝဗေဒစစ်တမ်းစာအုပ်ကိုရေးခဲ့သည်။ တစ်ဖန် ၁၉၃၂ ခုနှစ်တွင် လူ့လောက နှင့်ဆိုင်၍ အလွန်ကျယ်ပြန့်သော စီးပွားရေး၊ ချမ်းသာရေး၊ ပျော်ရွှင်ရေးတို့ အကြောင်းကို စာအုပ်ပြုစုခဲ့သည်။

ထို့နောက် ဝဲသည် မိမိစိတ်ကူးဖြင့်ရည်မှန်းသော ကမ္ဘာ့ဓနသဟာယ ဖြစ်ပေါ်လာရေးနှင့်ဆိုင်သည့် စာအုပ်များကိုပြုစုရေးသားလေသည်။ ၁၉၃၃ ခုနှစ်တွင် နောင်ရေးကိုတွေးခေါ်၍ ဖြစ်လတ္တံ့သောအကြောင်းအရာတို့ကိုဖြစ်ပေါ်လာမည့် အကြောင်းအရာများဟူသော စာအုပ်၌ ရေးသား တင်ပြခဲ့ရုံမျှမက မိမိကိုယ်တိုင် ရုပ်ရှင်ရိုက်ကူးခဲ့လေသည်။

အိပ်ခ်ျ၊ ဂျီ၊ ဝဲသည် စာအုပ်ပေါင်းများစွာကို ရေးသားပြုစုခဲ့သည့်အပြင် မိမိ၏ စိတ်ကူးစိတ်သန်းကို ဖတ်ချင့်စဖွယ်ဖြစ်အောင် ဇာတ်လမ်းဇာတ်ကွက်ဆင်၍ တင်ပြနိုင်စွမ်းရှိသောစာရေးဆရာဖြစ်ပေသည်။ သူသည် ၁၉၄၆ ခုနှစ် ဩဂုတ်လ ၁၃ ရက်န့တွင်လန်ဒန်မြို့၌ ကွယ်လွန်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)