အာလိင်္ဂဟတ္ထ

ဝီကီပီးဒီးယား မှ

တပါးနှင့်တပါး လက်များဖြင့် ဖက်ရမ်းထားသော ပုံမျိုးဖြစ်သည်။ တဦး၏လက်သည် အခြား တဦး၏ကျောဘက်မှဆိုင်း၍ ပုခုံးစွန်းကို လှမ်းပြီး ကိုင်ထားသောဟန်ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီး၏ လက်သည် အမျိုးသား၏နံပါးကို နောက်ကျောဘက်မှ လှမ်း၍ ဆိုင်းရစ်ဖက်တွယ်ထားသော ဟန်ပုံသဏ္ဌာန်ဖြစ်သည်။ အာလိင်္ဂဟတ္ထများဟု ခေါ်သည်။

သိင်္ဂါရရသပေါ်အောင် ထုလုပ်ထားခြင်းဖြစ်သည်။ အိမ်ထောင်တခု မိသားစုအတွင်း တဦးနှင့် တဦး ချစ်ခင်တွယ်တာမှု ကြင်နာစုံမက်မှု အပြည့်အဝရှိကြစေရန် တိုက်တွန်း နှိုးဆော်ထားသော သဘောအနက်ကို ဆောင်လေသည်။ အထူးသဖြင့် ဇနီးခင်ပွန်းတို့သည် မေတ္တာဓာတ် အပြည့်အဝဖြင့် သိင်္ဂါရ ရသ အတွင်းသရုပ်ပါအောင် နေထိုင်ကြရန် ဆုံးမဩဝါဒပေးထားသောသဘောကို ဆောင်လေသည်။

ပုတ္တဒါရဿ သင်္ဂဟော မင်္ဂလာကို သရုပ်ပြခြင်းလည်း ဖြစ်ပါသည်။

မေတ္တာပါရမီဖြည့်ဆည်းရန် တိုက်တွန်းညွှန်ပြခြင်းလည်း ဖြစ်ပေသည်။

ပြယုဂ်ပုံစံအားဖြင့် ပုဂံမြို့ဘုရားများအတွင်း ဆေးရေးပန်းချီတို့တွင် နတ်သား နတ်သမီးစုံတွဲများ မင်းသား မင်းသမီးစုံတွဲများကို တခါတရံ အာလိင်္ဂဟတ္ထဟန်ဖြင့် တွေ့ရှိရပါသည်။

ဟိန္ဒူဗြာဟ္မဏဘာသာတွင် သီဝနှင့် ပါရဝတီစုံတွဲပုံများကို ဤဟတ္ထပုံဖြင့် တွေ့ရတတ်ပေသည်။

အာလိင်္ဂဟတ္ထပုံပါသော ရုပ်လုံးရုပ်ထွင်း ရုပ်ကြွများကို အနုပီယလက်ဖွဲ့များကို စီရင်ရာ၌၎င်း ဇနီးခင်ပွန်းကွဲကွာနေကြရာမှ ပြန်လည်ပေါင်းသင်းနိုင်ကြစေရန် မေတ္တာဓာတ်မပျက် ပြန်လည် ဆက်သွယ်ကြစေရန် ထုလုပ်ကိုးကွယ်လေ့ ရှိကြသည်။ ဤပုံပါသော ရုပ်ပွား ရုပ်တုများကို ကိုးကွယ်သူသည် ချစ်ခင်သူပေါများခြင်း, မေတ္တာနှောင်ကြိုး သံယောဇဉ်ခိုင်ခံ့ခြင်း ဇနီးခင်ပွန်း ဥမကွဲ သိုက်မပျက် မေတ္တာယှက်တင် ချစ်ခင်စုံမက်ကြခြင်း အကျိုးတရားများကို ရရှိနိုင်သည်ဟု ဝဇီရာယာန တန္တရာများ၌ ဟောကြားထားပေသည်။ [၁][၂] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ALINGA HASTA Icon.b. p.28, fig.4. Siva and Parvatj
  2. ၂.၀ ၂.၁ စဝ်ထွန်းမှတ်ဝင်း မဟာဝိဇ္ဇာ (ရန်ကုန်)၊ မဟာဝိဇ္ဇာဂုဏ်ထူး (ဟားဗဒ်) အထက်တန်း သုတေသန ပညာရှင်ဘွဲ့ (ဟားဗဒ်) ညွှန်ကြားရေးမှူး၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ သာသနာရေး ဦးစီးဌာန။ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ