အာရှမိုင်းနား

ဝီကီပီးဒီးယား မှ
အာရှာ မိုင်နာ နှင့် မရောထွေးပါနှင့်။
ယနေ့ခေတ် တူရကီနိုင်ငံအတွင်းရှိ အာရှမိုင်းနား (ဝါ) အနာတိုလီယား[၁][၂]

အာရှတိုက်မှ အနောက်ဘက်သို့ ထိုးထွက်လျက် ဥရောပတိုက်နှင့် အာရှတိုက်ကို တံတားသဖွယ် ဆက်သွယ်ပေး သကဲ့သို့ တည်ရှိနေသော ကျွန်းဆွယ်ကို အာရှမိုင်းနားဟုခေါ်သည်။ အာရှမိုင်းနားသည် မြေထဲပင်လယ်နှင့် ပင်လယ်နက်တို့ကို ခြားထားပြီးလျှင် အနောက်ဘက်တွင် ဥရောပတိုက်ကို မျက်နှာ မူနေလေသည်။ အရှေ့ဘက်နယ်နမိတ်၌ကား အီရက်နှင့်အာမီးနီး ယန်းနိုင်ငံ များရှိ၏။ ထိုကျွန်းဆွယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၂ဝ၁၉,၄ဝ မျှဖြစ်၍ လူဦးရေမှာ ၁ဝ,ဝဝဝ,ဝဝဝ ခန့် ရှိလေသည်။

အခေါ်အဝေါ်[ပြင်ဆင်ရန်]

ထိုကျွန်းဆွယ်ကို အာရှမိုင်းနားဟု စတင်ခေါ်သူများမှာ ရောမလူမျိုးတို့ဖြစ်သည်။ ရောမလူမျိုးတို့သည် ထိုကျွန်းဆွယ်ကို သိမ်းပိုက်ရရှိသောအခါ အာရှတိုက်ကြီးနှင့် ခွဲခြားသိသာစေရန် အာရှတိုက်ငယ်ဟု အဓိပ္ပာယ်ရသော အာရှမိုင်းနားအမည်ဖြင့် ခေါ်ခဲ့ကြ၏။ ယခုခေတ်၌မူ အနာတိုလီးယားဟုလည်း ခေါ်ကြသေး၏။ ယင်းမှာ အရှေ့တိုင်းဟု အဓိပ္ပာယ်ရလေသည်။

ပထဝီသွင်ပြင်[ပြင်ဆင်ရန်]

ထိုကျွန်းဆွယ်တစ်ခုလုံးသည် တူရကီသမ္မတနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်နေလျက် တူရကီနိုင်ငံ၏ မြို့တော်သစ်ဖြစ်သော အန်ကာရာမြို့သည် ထိုကျွန်းဆွယ်၌ပင် တည်ရှိလေသည်။ အာရှမိုင်းနားကျွန်းဆွယ်သည် အာမီးနီးယားကုန်းပြင်မြင့်နှင့် တဆက်တည်းဖြစ်ရကား ယင်း၏မြေမျက်နှာ ပြင်သည်လည်း အတန်ပင် မြင့်လေသည်။ ဘေးပတ်လည်တွင် တောင်တန်းများ ကာရံတည်ရှိ၏။ အနောက် ဘက် အီးဂျီးယန်းပင်လယ်သို့ မျက်နှာမူနေသော ကမ်းရိုးတန်းဆီသို့ ကုန်းမြင့်သည် ခပ်ပြေပြေ နိမ့်လျှော သွားလေသည်။ ထိုအနောက်ဘက် ဆင်ခြေလျှော ကမ်းမြှောင်ဒေသကား မြေဩဇာကောင်းမွန်၏။ မြောက်ဘက်၌မူ တောင်တန်းများသည် ကမ်းရိုးတန်းတွင် မတ်စောက်စွာ ကပ်၍တည်ရှိကြ၏။ တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက်သည်လည်း ထိုနည်းအတိုင်းဖြစ်သည်။ အာရှမိုင်းနားကုန်းပြင်မြင့်သည် အပူပိုင်းမြက်ခင်းဒေသဖြစ်၍ သစ်ပင်ကြီးများမပေါက်၊ ဆားပေါက်အိုင် များစွာရှိလေသည်။ ထိုကုန်းမြင့်တွင် ပေပေါင် ၁၃၁၆ဝ မြင့်သော အာကီယပ် မီးတောင်တစ်တောင်လည်း ရှိ၏။

ရာသီဥတု[ပြင်ဆင်ရန်]

မိုးအလွန်နည်း၍ နွေအခါတွင် အလွန်ပူပြီးလျှင် ဆောင်းအခါ၌ အလွန်အေးသည့် အတွင်းဘက်ရှိ ကုန်းမြင့်ဒေသမှလွဲ၍ ကျန်အပိုင်းများကား ဥရောပတိုက်တောင်ပိုင်းတွင် ရရှိ သော မြေထဲပင်လယ် ရာသီဥတုမျိုးကို ရရှိကြလေသည်။

ထွက်ကုန်[ပြင်ဆင်ရန်]

အနောက်ဘက်ကမ်းခြေသည် ထိုကျွန်းဆွယ်တွင် ရာသီဥတု အမျှတဆုံး ဒေသဖြစ်၍ ဂျုံ၊ ဗာလီ၊ ဝါဂွမ်း၊ ဆေးပင်များနှင့် တကွ သံလွင်သီး၊ သဖန်းသီး၊ စပျစ်သီး၊ လိမ်မော်သီးစသော အသီးအနှံများ ထွက်လေသည်။ အလယ်ပိုင်း ကုန်းပြင်မြင့်တွင် မြက်ခင်းများသာရှိသဖြင့် ဆိတ်များ၊ သိုးများ မွေးမြူကြသည်။ ကမ္ဘာကျော် အင်ဂိုရာဆိတ်မွေးဖြင့် ရက်လုပ်သောကော်ဇော်များသည် ထိုဒေသမှထွက်၏။ အာရှမိုင်းနားတွင် တွင်းထွက်ပစ္စည်းများလည်း ပေါများရာ ခဲ၊ ကြေးနီ၊ ရေနံ၊ ရွှေ၊ ငွေနှင့် ကျောက်မီးသွေးများကို တွေ့ရှိရလေသည်။

စစ်တလင်း[ပြင်ဆင်ရန်]

အနောက်ဘက်စွန်းတွင် တည်ရှိသော ထရွိင်းမြို့ ခေတ်ကောင်းစဉ် အချိန်မှစ၍ အာရှမိုင်းနားသည် အပြည်ပြည်စစ်သည်တော်တို့၏ စစ်ခင်းရာ စစ်တလင်းဖြစ်ခဲ့၏။ လစ်ဒီးယားပြည် ဟစ်တိုက်လူမျိုးတို့ နေထိုင်ရာ ဒေသကြီးဖြစ်ခဲ့သည့်ပြင် ကမ်းရိုးတန်းတစ်လျှောက်တွင် ဂရိပိုင်နယ်ပယ်များ အထင်အရှား ထွန်းကားခဲ့ကြ၏။ ခေတ်အဆက်ဆက်တွင် ကရီးဆပ်ဘုရင်၏ အောင်တပ်တော်များ၊ ပါးရှင်းမင်းတို့၏ တပ်မတော်များ၊ အလက်ဇန္ဒားဘုရင်ကြီး၏ စစ်သည်တော်များနှင့် ရောမစစ်သည်တော်တို့သည် အာရှမိုင်းနား၌ ခြေရာထပ်မျှ ကူးလူးဖြတ်သန်း၍ စစ်ခင်းကာ အောင်ပန်းဆွတ်ခဲ့ကြလေသည်။ ထိုနောက် ၁၁ ရာစုနှစ် အစလောက်တွင် တူရကီများလက်အောက်သို့ တဖြည်းဖြည်း ကျရောက်သွားခဲ့ရာ မျက်မှောက်ခေတ်သို့ပင် တိုင်ခဲ့လေပြီ။


အာရှမိုင်းနားတွင် ထင်ရှားသော ဆိပ်ကမ်းမြို့များမှာ ပင်လယ်နက်ကမ်းပေါ်ရှိ ထရက်ဘီဇွန်မြို့နှင့် အီးဂျီးယန်း ပင်လယ်ကမ်းပေါ်ရှိ ဆမာနာမြို့များ ဖြစ်ကြသည်။ ပြည်တွင်း သွားလာရေးတွင် အရေးပါဆုံး လမ်းကြောင်းကား ဗော့စပိုရပ်မှ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ကိုဖြတ်၍ အီရက်နိုင်ငံသို့ အရောက်သွားသော အနာတိုလီယန် မီးရထားလမ်းကြီးပင် ဖြစ်လေသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Merriam-Webster's Geographical Dictionary။ 2001။ p. 46။ ISBN 0 87779 546 018 May 2001 တွင် ပြန်စစ်ပြီး
  2. Stephen Mitchell, Anatolia: Land, Men, and Gods in Asia Minor. The Celts in Anatolia and the impact of Roman rule. Clarendon Press, Aug 24, 1995 - 296 pages. ISBN 978-0198150299 [၁]
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)