အာမီးနီးယားဒဏ္ဍာရီ
အာမီးနီးယားနတ်ဘုရားမ အနာဟစ်အဖြစ် ဖော်ပြထားသော စတ်တလာဒေသမှ အဲဖရိုဒိုက်တီ၏ ကြေး(ညို)ဖြင့်ပြုလုပ်ထားသော ဦးခေါင်း | |
ဖန်တီးခြင်း | ဘီစီ (၁)ရာစုနှစ်များ [၁] |
---|
အာမီးနီးယားဒဏ္ဍာရီ (အင်္ဂလိပ်: Armenian mythology) သည်ရှေးကျသော အင်ဒို-ဥရောပ ရိုးရာအစဉ်လာများ၊ တိတိကျကျဆိုရသော် ရှေးဦးအာမီးနီးယားဘာသာစကားများမှ စတင်ဖြစ်ပေါ်ခဲ့သည်။ ထိုဒဏ္ဍာရီသည် အနာတိုလီယား၊ ဟရို-အွတ်ရားတီးယန်၊ ရှေးဟောင်း မက်ဆိုပိုတေးမီးယား၊ ဇိုရိုရက်စထရာဘာသာ နှင့် ဂရိဒဏ္ဍာရီ စသည့်တို့နှင့် တဖြည်းဖြည်း ပေါင်းစပ်သွားခဲ့သည်။[၂][၃]
အာမီးနီးယား ဒဏ္ဍာရီ၏ ဖွဲ့စည်းမှု
[ပြင်ဆင်ရန်]အာမီးနီးယားနတ်ဘုရားများကို မူလအစ၌ ရှေးဦး အာမီးနီးယားသားများက ကိုးကွယ်ကြ၍ ထိုနတ်ဘုရားများသည် ၎င်းတို့၏အခြေခံအခြင်းအရာများကို ရှေးဦး အင်ဒို-ဥရောပသားများနှင့် အာမီးနီးယားကုန်းပြင်မြင့်နေသူများ၏ ယုံကြည်မှု၊ ဒဏ္ဍာရီများမှ ရရှိလာခဲ့သည်။ သမိုင်းပညာရှင်များက အာမီးနီးယားရိုးရာ ဓလေ့ထုံးတမ်းများတွင် အသုံးပြုခဲ့သော အင်ဒို-ဥရောပ စကားလုံးများ၏ အရေးပါသောအကြောင်းအရာများစွာကို ခွဲခြားဖော်ပြပြီးဖြစ်သည်။ ရှေးအကျဆုံး ကိုးကွယ်မှုများ၌ "အာ" (Ar) ဟုခေါ်သည့် ဖန်တီးရှင်ကို ကိုးကွယ်ခဲ့သည်ဟု ယုံကြည်ကြသည်။[၄] သို့မဟုတ်ပါက "အရာ" (Ara) ဖြစ်နိုင်သည်။ 'အာ' (သို့) 'အရာ' ကို နေမင်း (Arev သို့ Areg) အဖြစ်တင်စားပုံဖော်ကြ၍ ရှေးဟောင်းအာမီးနီးယား လူမျိုးများသည် ၎င်းတို့ကိုယ်၎င်းတို့ "နေ၏သားသမီးများ" ဟူ၍ခေါ်ဝေါ်ကြသည်။ အင်ဒို-ဥရောပမှဆင်းသက်လာသော ကိုးကွယ်မှုများ၌ သိမ်းငှက်၊ ခြင်္သေ့၊ ကောင်းကင်ကိုညကိုးကွယ်ယုံကြည်မှုများလည်း ပါဝင်သည်။[၅]
ပထမဘီစီ ထောင်စုနှစ်တွင် အာမီးနီးယား၌ အီရန်တို့၏ လွှမ်းမိုးမှုအခြေခိုင်လာပြီးနောက် ဇိုရိုရက်စထရာဘာသာသည် အာမီးနီးယားဘာသာရေးတွင် အဓိကလွှမ်းမိုးလာခဲ့သည်။ နောက်ပိုင်း 'ပါးသီယန်ခေတ်'အထိ အာမီးနီးယားဒေသများသည် အီရန်ဘာသာတရားများနှင့် အာမီးနီးယား ရိုးရာယုံကြည်မှု အရောအနှောဖြစ်သော မာဇဒါဘာသာ အရောပုံစံကို လက်ခံကျင့်သုံးကြသည်။[၆] ဥပမာ အာမီးနီးယားနတ်ဘုရား အချုပ် ဗန်နတာ (Vanatur) ကို ပါးသီယာလူမျိုးတို့၏ နတ်ဘုရား 'အဟုရာ မက်ဇ်ဒါ' ပုံစံဖြစ်သော 'အရာမတ်ဇ်'ဖြင့် နောက်ပိုင်းတွင် အစားထိုးခဲ့ကြသည်။[၆] သို့သော်လည်း အာမီးနီးယားပုံစံ 'အရာမတ်ဇ်'၌ အာမီးနီးယားတို့၏ သဘောလက္ခဏာများ ပါဝင်သည်။ ထိုနည်းတူစွာပင် အာမီးနီးယားတို့၏ မျိုးပွားဖြစ်ထွန်းခြင်းဆိုင်ရာနတ်ဘုရားမ "နာ" ကို ပါရှားတို့၏ 'အနာဟိတ' မှဆင်းသက်ဖြစ်ပေါ်လာနိုင်ချေရှိသော 'အနာဟစ်'ဖြင့် အစားထိုးကြသည်။ သို့ရာတွင် ထိုအာမီးနီးယားနတ်ဘုရားမသည် သူမနှင့် အဆင့်/ဂုဏ်ရည်တူ အီရန်နတ်ဘုရားမနှင့် လုံးဝကွာခြားသည်။
ဟဲလင်နစ်စတစ်ခေတ် (ဘီစီ ၃ရာစု- ဘီစီ ၁ရာစု) ၌ ရှေးဟောင်း အာမီးနီးယားနတ်ဘုရားများကို ဂရိနတ်ဘုရားများနှင့်ခွဲခြားယှဉ်တွဲ၍ ဖော်ပြကြသည်။ အရာမတ်ဇ်ကို ဇူးစ်နတ်ဘုရား၊ အနာဟစ်ကို အားတစ်မစ်၊ ဗန်ဟာဂန်ကို ဟားကျူးလီးဇ်၊ အက်စ်တ်လစ်ခ်ကို အဲဖရာဒိုက်တီ၊ နိန်းကို အသီးနာ (သို့) အသီးနီ၊ မီဟာကို ဟစ်ဖက်စတပ်စ်၊ တီယာကို အပေါလို စသည်တို့နှင့်ယှဉ်တွဲဖော်ပြကြသည်။
လေးရာစုတွင် ခရစ်ယာန်ဘာသာကို လက်ခံကျင့်သုံးပြီးနောက် ခရစ်ယာန်ယုံကြည်မှုများကို နီးကပ်စွာ လိုက်နာကျင့်သုံးရန် ရှေးဟောင်းဒဏ္ဍာရီ၊ ယုံကြည်မှုများသည် ပြောင်းလဲခဲ့ကြသည်။ သမ္မာကျမ်းလာဇာတ်ကောင်များသည် ရှေးနတ်ဘုရားများ၏ လုပ်ဆောင်ချက်များအပေါ် နေရာယူလာကြသည်။ တမန်တော် ဂျွန် (ဂျူးလူမျိုး ဓမ္မဆရာ)သည် ဗန်ဟာဂန် နှင့် တီယာတို့၏ အရည်အသွေးများရရှိလာ၍ ကောင်းကင်တမန် ဂေးဘရီရယ်သည်လည်း ဗန်ဟာဂန်၏ အခြင်းအရာများရရှိလာသည်။
အာမီးနီးယားရိုးရာ အစဉ်လာများအကြေားင်း အခြေခံအချက်လက်များကို ဂရိစာရေးဆရာများဖြစ်သည့် ပလေးတိုး၊ ဟီရာဒတ(စ်)၊ ဇန်နာဖန် နှင့် စထရေးဘို၊ ဘစ်ဇန်တိုင်း(ခေတ်) ပညာရှင်များဖြစ်သော ဆီးဇာရိယမြို့က ပရာကိုးပိယ(စ်)၊ အလယ်ခေတ် အာမီးနီးယား စာရေးဆရာများဖြစ်သော မော့ဗ်ဆက် ခေါ့ရန်နက်ဆီ၊ အဲဂါသန်ဂီလော့စ်၊ ဆက်ဘိယ(စ်)၊ အက်ဇ်နစ် အာ့ဖ် ကို့လ်ဘ်၊ အနဲနိယာ ရှိရာခတ်စီ တို့၏လက်ရာစာပေများနှင့် ပါးစပ်ပြော ရိုးရာအစဉ်အလာများ၌ ထိန်းသိမ်းထားသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ The Satala Aphrodite။ British Museum။
- ↑ "Armenia (Vannic)" by A.H. Sayce, p.793-4; "Armenia (Zoroastrian)", by M(ardiros). H. Ananikian, p.794-802; in Encyclopædia of Religion and Ethics, ed. James Hastings, vol. 1, 1908
- ↑ Russell၊ James R. (15 December 1986)။ "ARMENIA AND IRAN iii. Armenian Religion"။ Encyclopædia Iranica။ 3 July 2014 တွင် ပြန်စစ်ပြီး။
- ↑ Herouni၊ Paris M. (2004)။ Armenians and old Armenia: archaeoastronomy, linguistics, oldest history (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Tigran Metz Publishing House။ p. 127။
- ↑ Boettiger၊ Louis Angelo (1918)။ Armenian Legends and Festivals (အင်္ဂလိပ်ဘာသာစကားဖြင့်)။ University of Minnesota။
- ↑ ၆.၀ ၆.၁ Mary Boyce. Zoroastrians: Their Religious Beliefs and Practices Psychology Press, 2001 ISBN 0415239028 p 84