အလုပ်ရုံ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အလုပ်ရုံဟူရာ၌ ကုန်စည်တို့ကို ပြုပြင်ထုတ်လုပ်သည့် အဆောက်အအုံကို ရည်ညွှန်းခြင်း ဖြစ်လေသည်။ ရှေးကျသော အလုပ်ရုံတို့မှာ များသောအားဖြင့် ညစ်ပေးမည်းမှောင် ကျပ်ခိုးရောင်ထနေသော အမြင်ဆိုးလှသည့် အဆောက်အအုံများသာ ဖြစ်လေသည်။ သို့ရာတွင် ခေတ်ကာလ အားလျော်စွာ တိုးတက်လာ ကြသည့်အလျောက် ယခုခေတ် တည်ဆောက်ကြသော အလုပ်ရုံများမှာ အလင်းရောင် တိုးတက်ရရှိရန်နှင့် လေသန့်လေကောင်းရရန် ပို၍ အရေးပေး စီမံထားလေသည်။ ထိုမျှသာမကသေး၊ ယခုခေတ် အဆောက်အအုံတို့၏ ပုံပန်းသဏ္ဌာန်များမှာလည်း ဗိသုကာပညာရပ်၏ အမြင်၌ပင် လျှင် ကြည့်ချင်စဖွယ် တင့်တယ်ကြသည်က များပေသည်။ စက်အားသုံးစနစ်သည် ခရစ်နှစ် ၁၇ဝဝ ခန့်တွင် စတင်ပေါ်ပေါက်လာသည်ဟု ဆိုရသော်လည်း ထင်ရှားစွာ တိုးတက်လာသည်မှာ စက်ကိရိယာများကို တီထွင်အသုံးပြုလာကြသည့် အချိန်သို့ရောက်မှသာ ဖြစ်ပေသည်။ ထိုစနစ်မှာ စက်မှုတော်လှန်ရေး ပေါ်ပေါက်လာပြီးနောက် လုပ်ငန်းအသီးသီးတို့ကို အထူးသဖြင့် ရက်ကန်းလုပ်ငန်းကို အုပ်ချုပ်လုပ်ကိုင်ရာတွင် အသုံးပြုသည့် စနစ်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။


ချည်ငင်ခြင်းနှင့် ယက်ကန်းရက်ခြင်း အကြောင်းတို့၌လည်းကောင်း၊ စက်မှုလက်မှုတော်လှန်ရေး အကြောင်း၌လည်းကောင်း၊ တီထွင်သူ ပါရဂူများဖြစ်သော ဂျိမ်းဟာဂရီးရစ်ချတ်တက်ကရိုက်ဆယ်မျူယယ် ကရွမ်တန်ဂျိမ်းဝပ်အက်ဒမန် ကတ္တရိုက် စသည့် ပုဂ္ဂိုလ်ကြီးများ၏ အတ္ထုပ္ပတ္တိတို့၌လည်းကောင်း ထိုထူးကဲသော တော်လှန်ရေး၏ ရှေ့ပြေးအရိပ်အရောင်တို့ကို ဖတ်ရှုတွေ့မြင် နိုင်လေသည်။ ( ကရွမ်တန်အက်(စ)။ ( ကတ္တရိုက်အီ။) ( ဟာဂရီးဂျိမ်း။ ) ( ဝပ်ဂျိမ်း။)

စက်အားသုံးစနစ် မတိုင်မီက အလုပ်လုပ်သူတို့သည် များသောအားဖြင့် မိမိတို့၏ပစ္စည်း၊ မိမိတို့၏ လက်နက် ကိရိယာများကို အသုံးပြုကာ အိမ်မကွာ အိုးမကွာ နှစ်သက်ရာ အချိန်တွင် လုပ်ကိုင်လေ့ရှိကြ၍ ပြီးစီးသောအခါမှသာ ကုန် ပစ္စည်းတို့ကို လုပ်ငန်းရှင်အား အပ်ကြလေသည်။ ထိုစနစ်ကို အိမ်ထောင်စုစနစ် ဟူ၍လည်းကောင်း၊ အိမ်တွင်းလက်မှုလုပ်ငန်း စနစ်ဟူ၍လည်းကောင်း ခေါ်ကြ၏။

အိမ်ထောင်စုစနစ်အရ လုပ်ငန်းများကို ပုတ်ပြတ်နှုန်းဖြင့်သာ အခပေးထားသည့်အလျောက် မည်ရွေ့မည်မျှ အလုပ်ပြီးစီးသည် ဟူသောအချက်ကို လုပ်ငန်းရှင်ထက် လုပ်သားက ပို၍ ဂရုစိုက် ရချေသည်။ ထိုအခြင်းအရာနှင့် ဆန့်ကျင်ဘက် အခြားအရာ ကား စက်အားသုံးစနစ်နှင့် ဒွန်တွဲ၍ ပါလာလေသည်။ အလုပ်ရုံများကို အသုံးပြုလာသောအခါ အလုပ်ရုံများ ထား ရှိနိုင်လောက်အောင်နှင့် ထားရှိကျိုးနပ်အောင် လုပ်ငန်း ပြီးစီးရ ပေမည်ဖြစ်ရာ မည်မျှ ကြာကြာလုပ်ကိုင်သည်၊ မည်မျှ ဂရု တစိုက် လုပ်ကိုင်သည်၊ မည်မျှ လုပ်ငန်းပြီးစီးသည်ဟူသော စီးပွားရေးအချက်အလက်များကို လုပ်ငန်းရှင်သည် ဂရုစိုက် လာရလေသည်။ သို့အားဖြင့် အလုပ်ရုံများ ပေါ်ထွန်းစ အချိန် ကာလတွင် အလုပ်သမား လူတန်းစားတို့သည် အထူးပင်နစ်နာ ခဲ့ကြရလေသည်။

လုပ်ငန်းရှင်တို့သည် အလုပ်သမားများအား လုပ်ချိန်ပို၍ ပေးကြသည်သာမက လူကြီးလူငယ်မရွေး အပူတပြင်း စေခိုင်း ကြ၏။ အလုပ်သမားများသည် တစ်နေ့လျှင် လုပ်ချိန် ၁၈ နာရီမျှ အလုပ်လုပ်ကြရလေသည်။ မိန်းမများပင်လျှင် တစ်နေ့ လျှင် ၁၂ နာရီမှ ၁၆ နာရီအထိ အလုပ်လုပ်ကြရ၏။ ထိုထက် ဆိုးရွားသည်ကား ငါးနှစ်ခြောက်နှစ်ရွယ် လူမမယ်ကလေးများ အား တစ်နေ့လျှင် ၁ဝ နာရီမှ ၁၅ နာရီအထိ အလုပ်လုပ်စေ ရန် ခိုင်းစေခြင်းပင် ဖြစ်သည်။ စက်များမှာ လူကဲ့သို့ မဟုတ် ကြ။ မောပန်းကြသည် မရှိ။ တွင်တွင်ကျယ်ကျယ် လုပ်ကိုင် သွားကြသည့်အလျောက် များစွာသော အလုပ်သမားများအတွက် လုပ်ကွက်နည်းပါးလာလေတော့၏။

စက်ရုံများ ပေါ်ပေါက်လာသဖြင့် လုပ်ငန်းအသီးသီးတို့တွင် အလုပ်သမားများကို ရှေးကကဲ့သို့ အမြောက်အမြား မလိုကြ တော့ချေ။ ထိုမှတစ်ပါး မိန်းမများ ကလေးများသည် ယောကျာ်းများကဲ့သို့ပင် စက်များကို နိုင်နင်းစွာ လုပ်ကိုင်နိုင်ကြ သည်ဖြစ်ရာ လုပ်ငန်းရှင်တို့သည် လုပ်ခပေးရနည်းသော မိန်းမ များနှင့် ကလေးများ ကိုသာ ပို၍ ငှါးရမ်းလိုကြပြန်သည်။ ထိုအကြောင်းများကြောင့်ပင် အဂ‡လန်ပြည်၌ ထောင်ပေါင်း များစွာသော ယောကျာ်းလုပ်သားတို့သည် စက်အားသုံးစနစ် အောက်တွင် အလုပ်လက်မဲ့ဘဝသို့ လျှောကျ သက်ဆင်းကြခဲ့ရ လေသည်။

အလုပ်လက်မဲ့ဘဝသည် စက်ဆုပ်ဖွယ်ဖြစ်သော်လည်း အလုပ်လက်ရှိများ၏ အခြေအနေမှာလည်း အားကျဖွယ် မရှိ လှချေ။ လုပ်သားဦးရေ လိုသည်ထက်ပို၍ များနေသဖြင့် လုပ်ခ နှုန်းများမှာ စိတ်ပျက်ဖွယ် ကောင်း လောက်အောင်ပင် ကျဆင်း သွားလေသည်။ မလောင်မငဖြစ်သော အခကြေးငွေ၊ ထုံထိုင်း ငြီးငွေ့ဖွယ်ဖြစ်သော အလုပ်ရုံ အခြေအနေစသော အချက်တို့ သည် စုပေါင်းကာ အလုပ်သမားတို့၏ အနေကျပ် အစားကျပ် ဘဝကို ဖန်တီးခဲ့ကြလေသည်။ အလုပ်သမားများသည် မမာ မကျန်းဖြစ်၍ တုန်ရီချည့်နဲ့သော အဖြစ်ဆိုး၌ ရောက်ရှိ ခံစား နေကြရသည်က များသောကြောင့် ယင်းတို့တွင် စိတ်ငြိုငြင် မှုများ၊ ရန်လိုစိတ်များ ဝင်လာကြလေသည်။ မိန်းမအလုပ်သမား များ၏ ဒုက္ခဆင်းရဲသည် သူတို့၌သာ မရပ်နားပဲ၊ သူတို့၏ ရင်သွေး လူမမယ်ကလေးများကိုပါ လိုက်၍ ထိခိုက်ကြလေ သည်။ အလုပ်သမားတို့တွင် အကျုံးဝင်သော အရွယ် မရောက် သေးသည့် ယောကျာ်းကလေး၊ မိန်းမကလေးများမှလည်း မဆံ့ မနိုင်သော အလုပ်များကို ပင်ပန်းနွမ်းနယ်စွာနှင့်သာ လုပ်ကိုင်ကြရသည်က များသောကြောင့် လူစဉ်မမှီသော ဘဝသို့ ရောက်ကြရလေသည်။ ထိုသို့ လူဖြစ်ကျိုး ရှုံးသော လူများသည် တိုင်းပြည်နှင့် လူမျိုးတို့၏ ကြီးပွားရေး တိုးတက်ရေးခရီးလမ်း တွင် ဆူးငြောင့် ခလုတ်များသဖွယ် အဆင်မပြေ ရှိနေကြချေ တော့သည်။

ထိုမျှ ဆိုးရွားသော အခြေအနေတို့ကား ကြာရှည်လေးမြင့်စွာ တည်တံ့နေနိုင်ကြသည် မဟုတ်ပေ။ ထိုအခြေဆိုး၊ အဖြစ်ဆိုး တို့ကို သက်သာပပျောက်စေရန် ဗြိတိသျှ ပါလီမန်၌ အက် ဥပဒေများ ပြဋ္ဌာန်း အတည်ပြုကာ ဆောင်ရွက်လာကြလေ သည်။ ထိုဥပဒေတို့သည် အလုပ်ခွင်၏ အခြေအနေ၊ လုပ်ချိန် နာရီ၊ လုပ်သားများ၏ ထိခိုက်မှု၊ လုံခြုံရေး၊ အလုပ်ရုံများ၏ သန့်ရှင်းစင်ကြယ်ရေး စသည်တို့နှင့် စပ်လျဉ်း၍ တိုးတက် ကောင်းမွန်လာစေရန် အားထုတ် စွမ်းဆောင်ခဲ့ကြလေသည်။ ထိုအစီအမံများနှင့် သက်ဆိုင်သော ပထမဦးဆုံး ဥပဒေမှာ ၁၈ဝ၂ ခုနှစ်တွင် ထုတ်ပြန်လိုက်သည့် အလုပ်သင် ကျန်းမာရေး နှင့် စာရိတ္တဆိုင်ရာ အက်ဥပဒေ ပေါ်လာပြန်သည်။ ထိုအက် ဥပဒေအရ အသက် ကိုးနှစ်အောက်ငယ်သော ကလေးများကို အလုပ်ရုံများ၌ အလုပ်မခိုင်းရသည့်ပြင် အသက် ၁၆ နှစ် အောက် လူရွယ် အလုပ်သမာများအား ရက်သတ္တတစ်ပတ်လျှင် ၇၂ နာရီမျှသာ ခိုင်းစေရချေသည်။ ၁၈၄၅ ခုနှစ်တွင် မိန်းမ အလုပ်သမားများ ညဉ့်အလုပ်လုပ်ခြင်းကို တားမြစ်ပိတ်ပင် လိုက်သော အက်ရှလီအက်ဥပဒေကို ထုတ်ပြန်ခဲ့လေသည်။ ၁၈၄၇ ခုနှစ်တွင် တစ်ဖန် အလုပ်ချိန် ၁ဝ နာရီ ကန့်သတ် လိုက်သော ဥပဒေ တစ်ရပ်ဖြစ်မြောက်ရန် အက်ရှလီပင် ကြိုးပမ်းခဲ့ပြန်သည်။

ထိုကဲ့သို့သော ဥပဒေများကို ၁၉ ရာစုနှစ်အတွင်း၌သာမက ၂ဝ ရာစုနှစ် အတွင်း၌လည်း ပြုလုပ် ပြဋ္ဌာန်းခဲ့ကြသေး၏။ ထိုသို့ ဥပဒေများဖြင့် အုပ်ထိန်းလုပ်ကိုင်လာသောအခါ အားလုံး သော အလုပ်ရုံတို့သည် ပြည်ထဲရေးဌာနမှ ခန့်အပ်ထားရှိသော အလုပ်ရုံ အရာရှိများ၏ စနစ်တကျ စစ်ဆေးကြည့်ရှုမှုကို ခံယူ ကြရသည့်အလျောက် အလုပ်သမားတို့၏ အခြေအနေသည် ယခင်ကလောက် မဆိုးရွားလှတော့ပဲ အတော်အတန် တိုးတက် ကောင်းမွန်လာခဲ့လေသည်။

စက်အားသုံးစနစ်သည် စက်ကိရိယာများ တီထွင် အသုံးပြု သော အင်္ဂလန်ပြည်တွင် ၁၈ ရာစုနှစ်၌ ကြီးပွားထွန်းကား သော်လည်း ပြင်သစ်၊ ဂျာမနီ စသော အခြားဥရောပတိုက် နိုင်ငံများ၌ကား ၁၉ ရာစုနှစ် ရှေ့ဦးပိုင်းရောက်မှသာလျှင် တိုးတက်ခဲ့ပေသည်။ ဤအကြောင်းကိုရှာသော် တီထွင်လိုက် သည့် စက်ကိရိယာများနှင့် စပ်လျဉ်း၍ အင်္ဂလိပ်ကုန်သည်ကြီး များသည် အခြားလူမျိုးများ အတုယူကာ လုပ်ကိုင်လာကြမည် ကို စိုးရိမ်ပူပန်ကြသည့်အတွက် မိမိတို့ တိုင်းပြည်မှ တွေ့ရှိ သော နည်းများကို ဖုံးဖိသိုသိပ်ထားကြခြင်းကြောင့်ပင် ဖြစ် သည်ကို တွေ့ရပေမည်။

အင်္ဂလန်ပြည်မှ အခြားနိုင်ငံများသို့ စက်ကိရိယာများကို မဆိုထားဘိ၊ ထိုစက်ကိရိယာတို့နှင့် သက်ဆိုင်သည့် စနစ်ပုံ များကိုပင်လျှင် တင်ပို့ခွင့် မပြုကြပေ။ သို့အတွက် စက်အား သုံးစနစ်သည် အခြားသော နိုင်ငံများတွင် အတန်နှောင်းမှ ခေတ်စားလာကြလေသည်။ စက်အားသုံးစနစ်သည် ယင်း၏ ဆိုးရွားချက်များနှင့်တကွ အင်္ဂလန်ပြည်တွင် ဦးစွာအလျင် ပေါ်ပေါက်ခဲ့သည့်နည်းတူ ထိုအဆိုးတို့၏ အဖြေကိုလည်း အင်္ဂလန်နိုင်ငံ၌ပင်လျှင် စ၍ တွေ့ရှိခဲ့ချေသည်။ အလုပ်ရုံ ဥပဒေအမျိုးမျိုးတို့သည် အင်္ဂလန်ပြည်တွင် စတင် ပေါ်ပေါက် လာကြရာမှ အခြားသော နိုင်ငံအသီးသီးတို့သို့ ပျံ့နှံ့ကာ ယခု အခါတွင် ရှိရှိသမျှသော အလုပ်ရုံ အားလုံးလောက်တို့၌ အလုပ်ခွင် အခြေအနေကို များစွာ တိုးတက်ကောင်းမွန်စေရန် ပြုပြင်ဖန်တီးပေးခဲ့ကြပြီ ဖြစ်၏။ သို့ရာတွင် အင်္ဂလန်ပြည်၌ လွန်ခဲ့သော အနှစ် ၁ဝဝ ခန့်က တွေ့ကြုံခဲ့ရသော အခြေဆိုး အနေဆိုး မျိုးကို နှောင်းကာလမှ စက်အားသုံးစနစ် တိုးတက် သုံးစွဲလာကြသည့် ဂျပန်နိုင်ငံနှင့် အခြားသော အရှေ့ဖျားနိုင်ငံ တို့၌ ယခု တွေ့ကြုံနေကြရချေသေးသည်။

ခေတ်သစ်ကုန်ထုတ်လုပ်ခြင်းမှာ ရှေးခေတ် အိမ်တွင်းလက်မှု လုပ်ငန်းစနစ်အရ မဟုတ်တော့ပဲ စက်ကြီးများကို သုံး၍ လုပ် ကိုင်လာကြချေသည်။ ထိုစက်ကြီးများကား ခမ်းနားကြီးကျယ် သည့်နှင့်အမျှ ရှုပ်ထွေးခက်ခဲလေသည်။ စက်ကြီးတို့ကို ထုထယ် ကြီးမားသော အလုပ်ရုံကြီးများ အတွင်း၌ ထားရှိပြီးလျှင် ရေ အား၊ ရေနွေးငွေ့ အား၊ လျှပ်စစ်အား စသည်တို့ဖြင့် မောင်းနှင် ကြလေသည်။ ထိုအလုပ်ရုံကြီးများနှင့် ပစ္စည်းတန်ဆာပလာတို့ မှာ ငွေပင်ငွေရင်းမြှုပ်နှံကာ စွန့်စားလုပ်ကိုင်ကြသော လုပ်ငန်း ပိုင်ရှင်တစ်ဦးတစ်ယောက်ဖြစ်စေ၊ လုပ်ငန်းပိုင်ရှင် တစ်စုက ဖြစ်စေ ပိုင်ဆိုင်သောပစ္စည်းများသာ ဖြစ်သည်။ ထိုလုပ်ငန်းတို့ ၏ အကျိုးဖြတ်ထွန်းမှုအတွက်ကား လုပ်ငန်း ဗဟုသုတရှိသူ၊ လုပ်ငန်းကျွမ်းကျင်သူတာဝန်ခံပုဂ္ဂိုလ်တို့ကသာ ဦးစီးဦးဆောင် ပြုကာ ဆောင်ရွက် လုပ်ကိုင်ကြရလေသည်။ အလုပ်သမား များမှာမူ လုပ်ခလောက်ကိုသာ မှီခိုအားထား၍ အလုပ်လုပ်ကိုင် ကြရပေသည်။ ပစ္စည်းတစ်ခုကို အလုပ်သမားတစ်ဦးတည်းက အစမှ အဆုံးအထိ ပြုလုပ်ရမည့်အစား၊ လုပ်ငန်းကို အဆင့်ဆင့် ခွဲဝေလုပ်ကိုင်စေလေသည်။

စက်များကို တီထွင်ကာ အသုံးပြုလိုက်သည့်အတွက် လူတို့ ၏ ကုန်ထုတ်လုပ်အားသည် အဆမတန် တိုးတက်သွားသည်ဟု စီးပွားရေးပါရဂူများက ခန့်မှန်းခဲ့ကြ၏။ မည်မျှ တိုးတက်သွား သည်ကို အောက်ပါ နှိုင်းရှည့်ချက်ဖြင့် သိသာနိုင်လေသည်။ လူ တစ်သန်းသည် အနှစ် ၂ဝဝ ခန့်က အသုံးပြုခဲ့ကြသည့် ယက် ကန်း ကိရိယာ တန်ဆာပလာများကိုသုံးလျက် နေ့စဉ်ရက်ဆက် နေထွက်မှနေဝင်အထိ တစ်နှစ်တိတိ ရက်လုပ်၍ ရနိုင်မည်ဖြစ် သော အထည်ပစ္စည်းတို့သည် ယခု ကမ္ဘာအရပ်ရပ်ရှိ ယက် ကန်းစက်တို့တွင် ရက်သတ္တတစ်ပတ်အတွင်း ထုတ်လုပ်နိုင်သည့် အထည်ပစ္စည်းလောက် များမည်မဟုတ်ချေ။

စက်အားသုံးစနစ် ပေါ်ပေါက်လာသည့်အတွက် ရရှိခံစား ရသော အကျိုးတစ်ခုကား စက်လုပ်ကုန်ချောထည်များ၏ ဈေးနှုန်းသည် ကျဆင်းသွားပြီးလျှင် လူတို့၏ နေထိုင်စား သောက်မှု အခြေအနေသည် များသောအားဖြင့် တိုးတက် ကောင်းမွန်လာသဖြင့် အလုပ်သမားတို့၏ ဝတ်စားနေထိုင်ရေး တို့မှာလည်း ယခင်ကထက် ပို၍ သာယာလာပြီးလျှင် အရည် အခြင်း တိုးတက်ရန် အခွင့်အလမ်းလည်း များလာလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)