မာတိကာသို့ ခုန်သွားရန်

ကုမုဒဒါယက

ဝီကီပီးဒီးယား မှ
(အရှင်ကုမုဒဒါယကထေရ် မှ ပြန်ညွှန်းထားသည်)

အရှင်ကုမုဒဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန္တာမထေရ်တစ်ပါး ဖြစ်သည်။[] လွန်လေပြီးသော အတိတ်ဘဝ၌ အရှင်ကုမုဒဒါယကထေရ်သည် ဟိမဝန္တာတောင်အနီးရှိ ပဒုမ္မာကြာ၊ ဥပ္ပလကြာတို့ဖြင့် ဖုံးလွှမ်းသော အိုင်ကြီးတစ်ခုတွင် "ကုကုတ္ထ" အမည်ရှိသော ငှက်ဖြစ်ခဲ့ပါသည်။ ထိုငှက်သည် သီလ၊ ပညာနှင့် ပြည့်စုံကာ ကုသိုလ်၊ အကုသိုလ်တို့ကိုလည်း ခွဲခြားသိမြင်နိုင်စွမ်းရှိသည်။

ပဒုမုတ္တရမြတ်စွာဘုရားသည် လောကသုံးပါးကို သိမြင်တော်မူသော အတုမရှိသော အလှူခံပုဂ္ဂိုလ်ထူး ဖြစ်တော်မူသောကြောင့် ဇာတဿရအိုင်အနီးသို့ ကြွလာတော်မူခဲ့ပါသည်။ ထိုအခါ ငှက်ဖြစ်သော အရှင်ကုမုဒဒါယကထေရ်သည် ရေထဲမှ ကုမုဒြာကြာပန်းကို ခူးယူပြီး မြတ်စွာဘုရားအား လှူဒါန်းပူဇော်ခဲ့ပါသည်။ ပဒုမုတ္တရမြတ်စွာဘုရားသည်လည်း ထိုငှက်၏ ကြည်ညိုသော စိတ်ကိုသိ၍ ပန်းကို လက်ခံယူတော်မူခဲ့ပါသည်။

ကြာပန်းလှူဒါန်းခဲ့ရသော ကုသိုလ်ကောင်းမှုကြောင့် အရှင်ကုမုဒဒါယကထေရ်သည် ကမ္ဘာတစ်သိန်းတိုင် အပါယ်လေးဘုံသို့ လားရောက်ခြင်း မရှိခဲ့ပေ။ ထို့အပြင် ဤဘဒ္ဒကမ္ဘာမှ တစ်ထောင့်ခြောက်ရာကမ္ဘာအထက်၌ "ဝရုဏ" အမည်ရှိသော စကြဝတေးမင်းအဖြစ် ရှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးပါသည်။ နောက်ဆုံးဘဝတွင် လေးပါးသော ပဋိသမ္ဘိဒါဉာဏ်၊ ရှစ်ပါးသော ဝိမောက္ခတရားနှင့် ခြောက်ပါးသော အဘိညာဉ်တို့ကို ရရှိပိုင်ဆိုင်တော်မူပြီး မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလည်း ကောင်းစွာ လိုက်နာကျင့်သုံး ပြီးစီးခဲ့လေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ထေရာပဒါန်ပါဠိတော်၊ ဗန္ဓုဇီဝကဝဂ်
  2. (အပဒါန၊၁၊၁၉၉။)