အရေးအသား

ဝီကီပီးဒီးယား မှ

အရေးအသား[ပြင်ဆင်ရန်]

ကျွန်ုပ်တို့ အတွေးအခေါ်၊ အပြောအဆိုများကို လူအများ နားလည်စေခြင်းဖြင့် လူလျှင်လူချင်း အဆက်အသွယ် ပြုလုပ်ရန်မှာ ထိုအတွေးအခေါ်၊ အပြောအဆိုတို့ကို အမှတ်သင်္ကေတတို့ရေး၍ မှတ်တမ်းတင်ခြင်းပင် ဖြစ်၏။ ဤသို့ ရေးမှတ်ခြင်းကို အရေးအသားဟု ခေါ်လေသည်။ သို့သော် ရှေးသူဟောင်းတို့သည် ထိုသို့ မှတ်တမ်းထားနိုင်ရန် စာရေးသားမှုကို မတတ်ကျွမ်းကြသေးချေ။ ထိုကြောင့် သူတို့၏ သဘာဝအလျောက် အတွေးအခေါ်ချင်း ဆက်သွယ်သောနည်းတို့ကို တီထွင်ခဲ့ကြလေသည်။

ပုံစံအားဖြင့် ရုရှနိုင်ငံတောင်ပိုင်းနေ ရှေးဟောင်းဆီသီယန်လူမျိုးတို့သည် ပါးရှင်းလူမျိုးတို့ထံ ငှက်တစ်ကောင်၊ ကြွက်တစ်ကောင်၊ ဖားတစ်ကောင်နှင့် မြားငါးစင်း ပေးပို့ခဲ့ဘူးသည်။ ယင်းသို့ ပေးပို့ခြင်း၏ အဓိပ္ပာယ်မှာ အချင်း ပါးရှင်းတို့၊ သင်တို့သည် ငှက်ကဲ့သို့ ပျံတက်နိုင်၏လော၊ ကြွက်ကဲ့သို့ တွင်းအောင်း နိုင်၏လော၊ ဖားကဲ့သို့ ရွှံ့ညွှန်ထဲ၌ ခုန်ပြေးနိုင်၏လော၊ ယင်းသတ္တဝါများကဲ့သို့ မပြုမူနိုင်လျှင် ငါတို့အား စစ်မဘက်လေနှင့်၊ ငါတို့သည် သင်တို့အား မြားမိုးရွာစေအံ့ဟူ၍ ဖြစ်သည်။

ဤသဘောသည် ဆီသီယန်တို့၏ စိတ်နေသဘောထားကို ပါးရှင်းတို့အား သိစေရန် အကြောင်းကြားခြင်းသဘော ဖြစ်၏။ ယခုခေတ် စာရေး၍ အကြောင်းကြားသည့် အရာကို စာမပေါ်မီခေတ်က ငှက်၊ ကြွက်၊ ဖား၊ မြား အထိမ်းအမှတ်တို့နှင့် အကြောင်းကြားခြင်းပင် ဖြစ်၏။ ဤနှင့် အလားတူ တီထွင်ကြံဆချက်များသည် ကမ္ဘာဦးလူတို့ခေတ်၌ များစွာ ရှိခဲ့ဘူးသည်။ အခြား ပုံစံတစ်ခုမှာ မြောက်အမေရိကတိုက်နေ လူရိုင်းအချို့သည် စစ်နှင့်ငြိမ်းချမ်းရေး သဘောကို ကဲလုမက်ခေါ် အလှအပခြယ်စီထားသည့် ကျူရိုးဆေးတံဖြင့် အဆုံးအဖြတ် ပြုခဲ့ကြပုံ ဖြစ်သည်။

ခေါင်းဆောင်များ ဆွေးနွေးတိုင်ပင်သော မီးပုံဝိုင်း၌ ယင်းဆေးတံကို ခေါင်းဆောင်တစ်ဦးစီ တစ်ဦးစီသို့ ကမ်းပေး၏။ ကမ်းပေးသော ဆေးတံကို လှမ်းယူခြင်းသည် ချစ်ကြည်ငြိမ်းချမ်းရေးသဘော၊ ကမ်းပေးသောသဘောဖြစ်၍ ငြင်းပယ်ခြင်းသည် စစ်မက်ရန်သဘောပင် ဖြစ်သည်။ မြန်မာနိုင်ငံနယ်စပ်၌ နေထိုင်လျက်ရှိကြသော ဝလူမျိုးများသည် တစ်ဖက်နှင့်တစ်ဖက် စစ်ပြုလိုက လက်ဘက်ခြောက်၊ ကျည်ဆန်တစ်ထောင့်နှင့် အနီရောင် ငရုတ်သီးနှင့် ကြက်တောင်ကို ပို့၍လည်းကောင်း၊ စစ်ကူပို့လိုက်ပြီဟု အကြောင်းပြန်လိုက ကြံသကာနှင့် လက်ဘက်ခြောက်ကို ပို့၍လည်းကောင်း အကြောင်းကြားသော အလေ့အထ ရှိခဲ့လေသည်။ ရှေးသူဟောင်းတို့ အမှတ်အသားပြုပုံများ တိုးတက်လာပုံမှာ ကြိုးထုံးများဖြင့်လည်းကောင်း၊ တုတ်များ၌ ထစ်၍လည်းကောင်း မှတ်သားတက်လာကြခြင်း ဖြစ်သည်။ ထိုနည်းကို ရှေးဟောင်း တရုတ်၊ တိဗက်၊ ပါးရှင်း၊ မက္ကဆီကန်လူမျိုးများနှင့် မယ်လာနီရှားမှ ဖော်မိုဆာကျွန်းဆွယ်တစ်လျှောက်ရှိ အချို့သော ရှေးသူ ဟောင်းများ၊ အာဖရိကတိုက် အလယ်ပိုင်းနှင့် အနောက်ပိုင်းနေ ရှေးသူဟောင်းများ၊ အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယားနှင့် ပီရူးတောင်ပိုင်းသား ရှေးသူဟောင်းများ အသုံးပြုခဲ့ကြသည်။ ကြိုးထိုးဖြင့် မှတ်သားခြင်းစနစ်သည် ရှေးဟောင်း ပီရူးလူမျိုးများထံမှ အခြေပြုခဲ့သည်။ တုတ်၌ခြစ်၍ မှတ်သားခြင်းစနစ်ကို ရှေးဟောင်း စကင်ဒီနေးဗီးယား ကျွန်းဆွယ်၌ အသုံးပြုခဲ့သည်။ ဩစတြီးလီးယားရှိ မယဉ်ကျေးသေးသော လူရိုင်းအချို့သည် ယင်းစနစ်ကို မကြာသေးမီကာလအထိ စစ်ပွဲအကြောင်း သတင်းပို့ရာ၌လည်းကောင်း၊ လူထု အစည်းအဝေးများ ကျင်းပရာ၌လည်းကောင်း အသုံးချခဲ့ကြလေသည်။ ၁၈၁၂ ခုနှစ်အထိ အင်္ဂလိပ်အစိုးရသည် မိမိအား ငွေကြေးချေးငှားသူများကို တာလီတုတ်ချောင်းများ ထုတ်ဝေပေး၍ မှတ်သားခြင်း ပြုခဲ့ပေသည်။ ထိုနောက် တိုးတက်လာသည်ကား ရုပ်ပြစာများ ဖြစ်သည်။

ယင်းရုပ်ပြစာ၏သဘောမှာ အကြောင်းအရာတစ်ခုနှင့် ထိုအကြောင်းအရာနှင့် ဆက်သွယ်သော ကြံစည်အားထုတ်မှုတို့ကို ဖော်ပြခြင်းပင် ဖြစ်သည်။ ပမာလူဟု ဆိုလိုက လူရုပ်ဆွဲပြ၍ တိရစ္ဆာန်ဟု ဆိုလိုက တိရစ္ဆာန်ရုပ် ဆွဲပြခြင်း ဖြစ်သည်။ စက်ဝိုင်းသဏ္ဌာန် ဆွဲပြနေခြင်းမှာမူ နေကို ဆိုလိုခြင်း ဖြစ် သည်။ ယင်းကမ္ဘာဦးခေတ် အရိုးများပေါ်၌လည်းကောင်း၊ ကျောက်တုံးများပေါ်၌လည်းကောင်း တွေ့ရှိရသည်။

သို့သော် ပိုမို တိုးတက်လာသော ရုပ်ပြစာများ၌မူ သဘောအဓိပ္ပာယ်မှာ ပိုမိုကျယ်ပြန့်လာသည်။ ပမာအားဖြင့် လပုံကို ရေးဆွဲပြခြင်း သည် ကောင်းကင်ပေါ်ရှိ လကို ဆိုလိုခြင်းအပြင် အချိန် အပိုင်းအခြားဖြစ်သော တစ်လ၊ နှစ်လ၊ သုံးလ စသည်ကို ဆိုလိုခြင်းလည်း ဖြစ်လာသည်။ စက်ဝိုင်းပုံသဏ္ဌာန်သည် နေကို ဆိုလိုခြင်းအပြင် အပူရှိန်၊ အလင်းရောင် နေနှင့် စပ်ဆိုင်သော ဘုရားနှင့် တစ်နေ့တာတို့ကို ဆိုလိုခြင်းလည်း ဖြစ်လာသည်။ လူ၏ ခြေထောက်ပုံသဏ္ဌာန်သည် လမ်းလျှောက်ခြင်း အဓိပ္ပာယ်ကို ဆောင်သည်။ လူ၏ ပါးစပ်ပုံသဏ္ဌာန်သည် စကားပြောခြင်း အဓိပ္ပာယ်ကို ဆောင်သည်။ မျက်စိသည် မြင် ခြင်းကို ဆောင်သည်။ နားသည် ကြားခြင်းကို ဆောင်သည်။ မြောက်အမေရိက တိုက်နေ လူရိုင်းများ၏ ရုပ်ပြစာများ၌မူ ဖောင်းကြွသော လှေရွက် သဏ္ဌာန်သည် လေဓာတ်ကို ဖော်ပြ၍ လင်းယုန်သဏ္ဌာန်သည် ရဲရင့်ခြင်း၊ သို့မဟုတ် သတ္တိအသွင်ကို ဖော်ပြသည်။ ထိုသို့ တစ်ဆင့်ထက် တစ်ဆင့် တိုးတက် ပေါ်ပေါက်လာ သည့် ရုပ်ပြစာများတွင် တကယ် စနစ်ကျန၍ ပြည့်စုံပြီးမြောက် သော ရုပ်ပြစာများကား အလွန်နည်းပါးလေသည်။ ယင်းတို့မှာ ရှေးဟောင်း မက်ဆိုပိုတေး မီးယားမှ ဆူးမားရီးယန်းလူမျိုးတို့ တီထွင်ခဲ့သော ကျူးနီးဖောင်းခေါ် စာရေးနည်း၊ ရှေးဟောင်း အီဂျစ်လူမျိုး များတီထွင်ခဲ့သော ဟိုင်ယာရိုဂလစ်ဖစ်ခေါ် ရုပ်ပုံ စာရေးနည်း၊ အိန္ဒိယနိုင်ငံ အိန္ဒုမြစ်ဝှမ်းနေ ရှေးဟောင်းလူမျိုး များ၏ စာရေးနည်း၊ ရှေးဟောင်းပေါ်လီနီးရှင်း လူမျိုးများ၏ စာရေးနည်းနှင့် မက္ကဆီကိုနိုင်ငံနှင့် အမေရိကတိုက် အလယ်ပိုင်း နေ ရှေးဟောင်း အက်ဇတက်နှင့် မာယာခေါ် လူမျိုးများ၏ စာရေးနည်းတို့ ဖြစ်သည်။ သို့သော် ယင်းစာရေးနည်းများသည် ရုပ်ပြသက်သက် ရေးနည်းနှင့် အသံထွက်ကိုလိုက်၍ ရေးသော ရေးနည်းနှစ်မျိုး ရောထွေးနေသည်။ အချို့သော ရုပ်ပြသင်္ကေတ များသည် အကြောင်းအရာတစ်ခုနှင့် ထိုအကြောင်းအရာနှင့် ဆက်သွယ်လျက်ရှိသော အဓိပ္ပာယ်ကို ဖော်ပြသည်။ အချို့သော ရုပ်ပြသင်္ကေတများမှာကား နှုတ်မှ ရွတ်ဆိုလိုက်သော အသံ ထွက်ကို ဖော်ပြသည်။ ဤသို့လျှင် ရောထွေးစွာ ရှိနေကြသည်။

တစ်ဖန် ပိုမို ရောထွေးလာ ပြန်သည်မှာ စာလုံးတည်းတည်း ကိုပင် အသံထွက် အမျိုးမျိုးထွက်၍ အဓိပ္ပာယ် အမျိုးမျိုး ကောက်ယူခြင်းပင် ဖြစ်သည်။ ကျူးနီးဖောင်း စာရေးနည်းသည် အစောဆုံး ပေါ်ပေါက်ခဲ့ သော စာရေးနည်းပင် ဖြစ်သည်ဟု ယူဆရသည်။ ယင်းကို လွန်ခဲ့သောနှစ်ပေါင်း ၆ဝဝဝ ခန့်က မက်ဆိုပိုတေးမီးယားနယ်၌ နေထိုင်သော ဆူမားရီးယန်းလူမျိုးများက တီထွင်ခဲ့သည်။ ပထမ၌ ရုပ်ပြသက်သက် ဖြစ်သော်လည်း နောင်သော် အခုံး သဏ္ဌာန် ထောင့်ချိုးစာလုံး များဖြစ်လာသည်။ ရေးသားသော အခါ၌ ကျူရိုး၊ သို့မဟုတ် သတ္တု၊ သို့မဟုတ် မာကျောသော သစ်သားဖြင့် ပြုလုပ်ထားသော စတိုင်းလတ်ခေါ် အဖျားချွန် သော ကိရိယာဖြင့် ရွှံ့ပြားပေါ်တွင် ဖိနှိပ်ရေးသားရသည်။ ယင်းကို မက်ဆိုပိုတေးမီးယားမှ ဆီးမိုက်အနွယ်ဝင် လူမျိုးများသည် ဘီစီ ၃ဝဝဝ ခန့်ကစ၍ ခရစ်နှစ်ပေါ်ဦး ကာလအထိ ရေးသား သုံးစွဲခဲ့ကြသည်။ ဘီစီ ၁၅ဝဝ ခန့်ကာလသို့ ရောက် သောအခါ၌ ယင်းစာရေးနည်းကို အရှေ့ဖျားတခွင်၌ နေထိုင် သော ယဉ်ကျေးပြီး လူမျိုးတိုင်းလိုလိုပင် အသုံးပြုလာကြသည်။ အများဆုံး အသုံးပြုကြသူများမှာ ရှေးဟောင်း ဆူမားရီးယန်း လူမျိုးများ၊ ရှေးဟောင်း ဗက်ဗီလုံးနီးယား နိုင်ငံသားများနှင့် ရှေးဟောင်း အဆီးရီးယန်းလူမျိုးများ ဖြစ်သည်။ သို့သော် အထက်ပါ ကျူးနီးဖောင်း စာများကို လေ့လာ ဖတ်ကြားနိုင်မှု အသိသည် နှစ်ရာပေါင်းများစွာ ပျောက်ကွယ်နေခဲ့ပြီးမှ ၁၉ ရာစုနှစ် အလယ်ပိုင်းသို့ ရောက်လာသောအခါ တစ်ဖန် ပြန်လည် ပေါ်ပေါက်ခဲ့သည်။ ထိုနောက် ယဉ်ကျေးမှု တိုးတက် ကျယ်ပြန့်လာသည်နှင့် အမျှ စာရေးနည်းများလည်း တိုးတက် ကျယ်ပြန့် လာသည်။ အသံထွက်ကိုလိုက်၍ရေးသော စာရေးနည်းမှ ပေါ်ပေါက်လာ သော အက္ခရာနှင့် စာရေးနည်းသည် အတိုးတက်ဆုံးနှင့် အကျယ်ပြန့်ဆုံး ဖြစ်လာလေသည်။ ယင်းစာရေးနည်း၌ အက္ခရာ များသည် တစ်လုံးချင်း အနေဖြင့် အသံထွက်၍ စုပေါင်းလိုက် သောအခါမှ အဓိပ္ပာယ်ရှိသော စကားလုံး ဖြစ်လာသည်။ ယင်းကို ဂရိနှင့်ရောမလူမျိုးများက စတင်တီထွင် သုံးစွဲခဲ့ရာမှ ယနေ့ ကမ္ဘာ၌ အများဆုံး အသုံးပြုလျက်ရှိသော ရောမ အက္ခရာများ ပေါ်ပေါက်လာခဲ့ပေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)