အက္ခရာစဉ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဘာသာစကားတစ်ရပ်ကိုရေးသားရန် အသုံးပြုသောစာလုံး များကို အက္ခရာဟုခေါ်သည်။ အီဂျစ်နှင့်ပယ်လက်စတိုင်းအကြား ဆိုင်းနိုင်းကျွန်းဆွယ်တွင် ရှေးကနေထိုင်ခဲ့သော ဆီးရတိ လူမျိုးတို့က အက္ခရာကိုစတင်တည်ထွင်ခဲ့၍ ယင်းတို့မှ လူအမျိုးမျိုးသို့ ဆင့်ပွားပျံ့နှံ့သွားသည်ဟု ဆိုသည်။ ပျူ၊ မွန်၊ မြန်မာ၊ ရှမ်းနှင့်ကရင်တို့၏ အက္ခရာများသည် အိန္ဒိယနိုင်ငံ အာသောကမင်းတရားကြီး၏ အရေးအသားမှမူရင်းခံ၍ ပေါ် ထွန်းလာလေသည်။

အက္ခရာစဉ်[ပြင်ဆင်ရန်]

အက္ခရာဟူသော မဂဓ စကားသည် မကုန် ခန်းနိုင်ဟူသော အနက်ကိုဟော၏။ အဘယ်သို့ မကုန်ခန်းသ နည်းဟူမူ သတ္တဝါဟူသမျှတို့ ပြောဆိုသောစကားများကိုဖြစ်စေ၊ လောက၌ရှိရှိသမျှသော အရာဝတ္ထုအစုစုတို့ကိုဖြစ်စေ ထိုဆိုအပ် ခဲ့ပြီးသော အက္ခရာတို့ဖြင့် ရေးမှတ်သော်လည်း မကုန်နိုင်မခန်း နိုင်ဖြစ်သောကြာင့် အက္ခရာမည်သည်ဟု ဆိုသည်။ တစ်နည်း ကား ပိဋကတ်သုံးပုံသို့ ရောက်သော်လည်း မကုန်နိုင်သော ကြောင့်အက္ခရာမည်သည်။ တစ်နည်းအားဖြင့်မူ ကြမ်းတမ်းခြင်း မရှိသော ကြောင့် အက္ခရာမည်သည်ဟု ကျမ်းဂန်၌လာရှိသည်။


ဘာသာစကားတစ်ရပ်ကို ရေးသားရန်အသုံးပြုသော စာ လုံးများကို အက္ခရာဟုခေါ်သည်။ ယင်းအက္ခရာများကို အစဉ် လိုက်စီစဉ်ထားသည်ကို အက္ခရာစဉ်ဟုခေါ်သည်။ အက္ခရာစဉ်ကို အင်္ဂလိပ်ဘာသာဖြင့် အယ်လဖာဗက်ဟုခေါ်သည်။ အယ်လဖာ ဗက်ဟူသောစကားသည် ဂရိလူမျိုးတို့၏ ပထမဆုံး စာလုံး နှစ်လုံးဖြစ်သော အယ်လဖာနှင့်ဘီတာတို့မှ ဆင်းသက်လာလေ သည်။ ရှေးလူတို့သည်တစ်ဦးနှင့်တစ်ဦး လက်ဟန် ခြေဟန်ပြ ခြင်း စကားပြောခြင်းတို့ဖြင့်သာ ဆက်သွယ်နိုင်ခဲ့၏။ စာရေး သားတတ်ခြင်းလည်း မရှိသည့်အပြင် အက္ခရာများကိုလည်း နား မလည်ကြသေးပေ။ သို့သော် တဖြည်းဖြည်းနှင့် အချို့သော အဖြစ်အပျက်များကို မှတ်မိနိုင်ရေးအတွက် မှတ်တမ်းများထား ရန်လိုအပ်လာခဲ့လေသည်။ ထို့ပြင် ရပ်ဝေးနေသူ တို့အားလည်း သတင်းစကားမှာထားပေးပို့ရန် လိုလာပြန်၏။ ထို့ကြောင့်ပင် အရုပ်များနှင့်မှတ်တမ်းတင်သောစနစ်တစ်ခုသည် ပေါ်ပေါက်လာ ရလေသည်။ လူဟုပြောလိုလျှင် အချောင်းကလေးများဖြင့်( ) ဤကဲ့သို့ ရေးဆွဲပြကြရ၏။ နေဟုပြောလိုလျှင် အဝိုင်းကလေး ဆွဲ၍ ( ဝ ) ဤကဲ့သို့ ရေးပြကြသည်။ ပထမ၌ အရုပ်စာ သည် ရေးသူ၏စိတ်ကူးကိုသာ သရုပ်ဖော်၏။ ပမာအားဖြင့် ဆိုသော် ပျားတစ်ကောင်၏ ပုံသည် ပိုးမွှား၊ နကျယ်ကောင်၊ ပျားစသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်ပေသည်။ ကာလကြာသော် ပုံ များကို နည်းတစ်နည်းတည်း ဆွဲလာကြ၏။ ရုပ်ပုံတစ်ပုံစီသည် စာလုံးတစ်လုံးစီ၏ အသံထွက်ကို ဆောင်လာလေသည်။


ဥပမာအားဖြင့် ပျားတစ်ကောင်၏ ရုပ်ပုံသည် အင်္ဂလိပ်လိုအခေါ် ဗီးဟူသော အသံထွက်နှင့်သာ ဆိုင်လေတော့သည်။ သစ်ရွက် ကို အင်္ဂလိပ်လို လိ ဟု ခေါ်၏။ ထို့ကြောင့် ပျားပုံနှင့် သစ်ရွက်ပုံ နှစ်ခုပေါင်းရေးလျှင် ဗီးလိ ဟူသောအသံနှစ်ခုတွဲ စကားလုံးရလေသည်။ ဤသည်ကား ပုံတစ်ခုစီသည် အသံ တစ်သံစီထွက်နိုင်သည့် အသံထွက်ရေးနည်းဖြစ်လေသည်။ ထို့ နောက်တဖြည်းဖြည်း အရုပ်တစ်ခုသည် စကားလုံးတစ်လုံး၏ ပထမအသံကိုသာ ဆိုလိုသောနည်းနှင့် ရေးသားလာကြ၏။ ပုံစံ အားဖြင့်ပြရသော် ဗီး ခေါ် ပျားတစ်ကောင်၏ပုံသည် ဗီ ဖြစ်လာ၍ လိ ခေါ် သစ်ရွက်တစ်ရွက်၏ပုံသည် အယ်လ ဖြစ်လာသည့် အတိုင်းပင်တည်း။


အနေအထိုင်အသုံးအဆောင်များ၌ စည်းကမ်းတကျနေ ထိုင်သောလူမျိုးသည် စာပေအက္ခရာကိုထွင်ရန် မခဲယဉ်းချေ။ ဦးစွာယဉ်ကျေးခဲ့ကြသော တရုတ်နှင့်အီဂျစ်လူမျိုးတို့သည် ရုပ်ပုံ နှင့်စာရေးနည်းကို အသုံးပြုခဲ့ကြ၏။ ယင်းတို့၏ရုပ်ပုံများအနက် အချို့မှာ စိတ်ကူးကိုသရုပ်ဖော်၍ အချို့သည် စကားလုံး၊ သို့မ ဟုတ် အသံထွက်ကို သရုပ်ဖော်ပြီးလျှင် အချို့သည်ကား စာလုံး တစ်လုံးစီကို သရုပ်ဖော်လေသည်။


အီဂျစ်နှင့်ပယ်လက်စတိုင်းအကြား ဆိုင်နိုင်းကျွန်းဆွယ် တွင်နေထိုင်ခဲ့သော ဆီးရတိလူမျိုးသည် အက္ခရာကို စတင် တီထွင်သူများဖြစ်သည်ဟု ယုံကြည်ကြသည်။ သူတို့သည် အီဂျစ်စာရေးနည်းကိုလေ့လာ၍ အရုပ်များကို စာလုံးအသံထွက် အတွက်သာ အသုံးပြုသည့်သဘောကို လက်ခံအသုံးပြုခဲ့လေ သည်။ ဆီးရတိတို့သည် ဆီးမစ်တစ်ဘာသာစကားတစ်မျိုးကို ပြောဆိုကြ၏။ ထို့ကြောင့်ပင် ဆီးရတိတို့သည် သူတို့၏စာရေး နည်းကို အခြားဆီးရတိအနွယ်ဝင်လူမျိုးတစ်မျိုးဖြစ်သော ဖီနီရှန် တို့ထံသို့လက်ဆင့်ကမ်းခဲ့သည်ဟု ထင်မြင်ယူဆရလေသည်။ နောင်အခါတွင် ဂရိလူမျိုးတို့သည် ဖီနိရှန်လူမျိုးတို့နှင့် ဆက် သွယ်မိသောအခါ သူတို့သည် အက္ခရာများနှင့် စာရေးနေကြပြီ ကိုတွေ့ရှိရလေသည်။ ဂရိတို့သည် မဆိုင်းမတွပင် ထိုစာရေး နည်းကိုအတုခိုး၍ မိမိတို့စကားနှင့် ဆီလျော်အောင် ပြုပြင် အသုံးပြုကြ လေတော့သည်။


ဖီနီရှန်လူမျိုးတို့သည် စာလုံးများကို ဗျည်းများအတွက် သာအသုံးပြုရေးသား၏။ သရများကိုမူ မရေးသားပေ။ ဂရိတို့ သည် ဖီနီရှန်တို့၏ အက္ခရာများကို အတုယူရေးသားသောအခါ ဗျည်းအတွက် သုံးရန်မလိုသော အက္ခရာများကို သရအဖြစ်ဖြင့် အသုံးပြုရေးသား၏။ ဤသို့လျှင်ဂရိတို့သည် အက္ခရာစဉ် ပြည့် စုံအောင် ဖန်တီးခဲ့ပေသည်။ ဖီနီရှန်တို့ခေါ်သော အက္ခရာစဉ် အမည်များကိုလည်း ဂရိတို့ဆက်လက်ခေါ်၏။ ဖီနီရှန်တို့၏ ပထမဆုံးအက္ခရာစဉ်ဖြစ်သော နွားထီးဟု အနက်ရသည့် အေး လက်ဖ ခေါ် စာလုံးသည် ဂရိစာပေ ပထမအက္ခရာစဉ် အယ်လဖာ ဖြစ်လာ၍ ဒုတိယအက္ခရာစဉ်ဖြစ်သော အိမ် ဟုအနက်ရသည့် ဗက် ခေါ် စာလုံးသည် ဂရိတို့၏ ဒုတိယ အက္ခရာစဉ် ဗီတာ ဖြစ်လာသည်။ အီထရပ်စကန်ဟူသော လူမျိုးတစ်မျိုးသည် မြေထဲပင်လယ်အရှေ့ပိုင်းဒေသမှ အီတလီ ကျွန်းဆွယ် အလယ်ပိုင်းသို့ ပြောင်းရွှေ့သွားကြသောအခါ ဂရိ အက္ခရာစဉ်များကို သူတို့နှင့်အတူယူဆောင်သွားကြသည်။ သူတို့ ထံမှ ရောမလူမျိုးတို့ကတစ်ဆင့် အတုခိုး၍ ယခုတိုင်အသုံးပြု နေသော ရောအက္ခရာစဉ်ဟုခေါ်သည့် အက္ခရာစဉ်ကို ဖန်တီးခဲ့ လေသည်။ ပထမ၌ ရောမတို့အသုံးပြုသော အက္ခရာစဉ်တွင် စာလုံးကြီးများသာရှိ၏။ နောက် ပေါ့ပေါ့ဆဆနှင့် လျှင်မြန်စွာ ရေးရာမှ စာလုံးကလေးများ ပေါ်ပေါက်လာသည်။


အင်္ဂလိပ်အက္ခရာစဉ်သည် မပြည့်စုံချေ။ အသံထွက်ဟူ သမျှကို ရေးရန်အက္ခရာမရှိပေ။ အသံတူသော အက္ခရာအချို့ လည်းပါဝင်နေ၏။ ဤသို့လျှင် အေ သည် အသံခြောက်သံ ထွက်နိုင်၍ အိတ်(ကစ) မှာ ကေနှင့် အက်(စ) ပေါင်း၍ရေး သောအသံနှင့် အတူတူပင်ဖြစ်၏။ သိပ္ပံပညာရှင်များသုံးရန် တီထွင်ထားသော အပြည်ပြည်ဆိုင်ရာ အသံထွက်အက္ခရာစဉ် ကားအသံထွက်စုံလုမတတ်ဖြစ်၏။ ပြောသမျှအသံ ကိုရေးနိုင် သောအက္ခရာစဉ်များပါဝင်၏။ သို့သော်လည်း အက္ခရာစဉ် ၈၃ လုံးပါဝင်သဖြင့် နေ့စဉ်သုံးရန် မလွယ်ကူပေ။ အာရေဗစ်၊ သင်္သကရိုက်နှင့် အခြားအိန္ဒိယနိုင်ငံအနှံ့အပြားတွင် အသုံးပြုနေ သည့်များစွာသော အက္ခရာစဉ်များသည် ဖီနီရှန်အက္ခရာနှင့် ဆက်စပ်နေသည့် အာရမေအစ် အက္ခရာစဉ်မှ ဆင်းသက်လာ လေသည်။ ဂရိအက္ခရာစဉ်မှ ရုရှနှင့် အခြားဆလားဗစ် အက္ခရာ စဉ်များပေါ်ပေါက်လာ၏။ သို့သော်လည်း မည်သည့်အက္ခရာစဉ် မျှရောမအက္ခရာစဉ်လောက် အသုံးမများပေ။ တူရကီလူမျိုးတို့ သည် စာလုံး ၁ဝဝ နီးပါးခန့်ပါသော အာရေဗစ်အက္ခရာစဉ်ကို ၁၉၂၈ ခုနှစ်တွင် စွန့်လွှတ်၍ ယင်းအစား စာလုံး ၂၆ လုံးသာ ပါဝင်သော ရောမအက္ခရာစဉ်ကို အသုံးပြုခဲ့လေသည်။

မြန်မာနိုင်ငံ၌ အက္ခရာများစွာရှိသည်။ ပျူအက္ခရာသည် ရှေးအကျဆုံးဖြစ်သည်။ အခြား အရေးအသားများသည် မွန်၊ မြန်မာ၊ ရှမ်းနှင့်ကရင်တို့၏ အက္ခရာများဖြစ်သည်။ သာသနာ တော်နှစ် ၃ဝဝ (ခရစ်မပေါ်မီ နှစ် ၂၅ဝ) ခန့်က အိန္ဒိယနိုင်ငံ တစ်ဝန်းလုံးနီးနီး အုပ်စိုးတော်မူသော အသောကမင်းတရားကြီး ၏အရေးအသားမှ ယင်းအရေးအသားအားလုံးသည် မူရင်းခံ၍ ပေါ်ထွန်းလာသည်။ အသောကမင်း အက္ခရာကို ဗြဟ္မီအက္ခရာ၊ မောရိယခေတ်အက္ခရာ ဟုလည်းခေါ်သည်။ အသောကမင်း တရားကြီးထားခဲ့သော ကျောက်စာများ၏ အရေးအသားများ သည် အတူတူလိုပင်ဖြစ်ကြသည်။ သို့ရာတွင် ဒေသအလိုက် ရေးသားပုံ အနည်းငယ်ကွဲကြ၏။ မြန်မာအက္ခရာထုပ္ပတ်


အချုပ်အားဖြင့်ဆိုရမူ မြန်မာအက္ခရာစဉ်သည် ငါးရာစု နှစ် ဂုတ္တခေတ်သုံးအက္ခရာကို အခြေခံ၍ ၁ဝ ရာစုနှစ်တွင် မွန်နယ်များမှတစ်ဆင့် ပုဂံပြည်သို့ရောက်လာသော စာလုကျန် အရှေ့ပိုင်းနယ်သုံး အက္ခရာတို့က အတော်အတန်ပြုပြင်လိုက် သောမြန်မာအက္ခရာသည် အိန္ဒိယမြောက်ပိုင်းမှရသော သာသနာ နှင့်အတူပါလာသည့် အာရိယန်စံနစ်၊ အိန္ဒိယတောင်ပိုင်းမှရသော ဒြာဗီဒီယန်စံနစ်တို့ဖြင့် ပုဂံတွင်ရောစပ် မွှေနှောက်ပြီး အတည် တကျဖြစ်ထွန်းလာသော အက္ခရာစဉ်ဖြစ်သည်။ ရှေးဟောင်းမြန် မာအက္ခရာ ဖြစ်ပေါ်လာပုံ ပုံစံ (စာမျက်နှာ ၁၃၄·၁၃၅) တွင် လေ့လာက ပိုမိုရှင်းလင်းပေလိမ့်မည်။


ပျူအက္ခရာသည် မြန်မာနိုင်ငံ၌ အစောဆုံးပေါ်သော အက္ခရာဖြစ်လင့်ကစား ပျူနှင့်မြန်မာတို့သည် နှစ်ရှည်လများ ရောပြွမ်းနေထိုင်ခဲ့ကြသော်လည်း မြန်မာအက္ခရာသည် ပျူ အက္ခရာနှင့် မတူကွာခြားလျက်ရှိသည်။ မြန်မာတို့သည် ရှိပြီး သောပျူစာတို့ကို လေ့လာခြင်းမပြုပဲ ပါဠိကိုအလေးပြု၍ မွန် အက္ခရာသို့ဖလှယ်ပြီးလျှင် မြန်မာစာပေအက္ခရာတို့ကို တီထွင် ကြခြင်းဖြစ်သည်။


မြန်မာအက္ခရာသည် ပါဠိ၊ မွန်အက္ခရာတို့နှင့် အရေး အသားတူသည်။ အနော်ရထာမင်း၏ ပါဠိဘာသာနှင့် လက်ရေး စာသည်လည်းကောင်း၊ ကျန်စစ်သားမင်း၏ ကျောက်စာသည် လည်းကောင်း၊ မြစေတီကျောက်စာ၌လည်းကောင်း ယခုခေတ် အထိ မြန်မာနိုင်ငံမင်းသုံး ရုံးသုံး၊ နိုင်ငံနှင့်အမျှသုံးသော ပါဠိ မွန် မြန်မာအက္ခရာတို့သည် တစ်မျိုးတည်းသာ တွေ့ရသည်။ မြန်မာအက္ခရာမှာ အနော်ရထာမင်းလက်ထက် ထက်စော၍ (သက္ကရာဇ် ၄ဝ၆-၄၃၉) မြန်မာပြည်တွင် မတွေ့ရသေးချေ။ မွန် အက္ခရာလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆို သော် မြစေတီကျောက်စာမှအစ ယနေ့အထိ မွန်အက္ခရာနှင့် မြန်မာအက္ခရာတို့ကို ခွဲခြားရေးသားပြုလုပ်ခြင်း မရှိချေ။ မွန်တို့ ၏သာသနာ ဘာသာရေးနှင့် စပ်လျဉ်း၍ စာပေအက္ခရာ အရေး အသားတို့မှာ မြန်မာတို့ထက် ရှေးကျသည်ဟု ဆိုရပေမည်။ ထိုသို့ရေးသားသော အက္ခရာတို့မှာ အိန္ဒိယတောင်ပိုင်း အရှေ့ ဘက်ကမ်းရိုးတန်းတစ်လျှောက်၌ ရှေးအခါက ထင်ရှားကျော် စောလျက်ရှိသော အန္ဒြ-ပလ္လဝမင်းတို့လက်ထက်၌ ရေးမှတ်ကြ သည့် စာပေအက္ခရာတို့မှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ ပါဠိအက္ခရာဟူ၍ကား တစ်သီးတစ်ခြားမရှိချေ။ ပျူအက္ခရာကိုမူ သရေခေတ္တရာ ထွန်းကားစဉ်ကပင်ရှိကြောင်း သိရသည်။ ယင်း သည်အိန္ဒိယတောင်ပိုင်း ရှေးဟောင်း အက္ခရာမျိုးပင်ဖြစ်သည်။ ပါဠိ၊ မွန်၊ မြန်မာအက္ခရာဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး ပျူ အက္ခရာကဲ့သို့ ခွဲခြားခေါ်ဆိုခြင်း မပြုနိုင်၊ အက္ခရာအလိုအားဖြင့် ပါဠိလည်းမွန်၊ မွန်လည်းမြန်မာ၊ မြန်မာလည်းပါဠိ ဖြစ်နေခြင်း ကိုတွေ့ရသည်။ တစ်နည်းအားဖြင့်ဆိုသော် ပါဠိ၊ မွန်၊ မြန်မာ တို့ကို အသီးသီးဘာသာအလျောက် အက္ခရာတစ်မျိုးတည်းနှင့် ရေးမှတ်ထားလျက်ရှိသည်။


အနော်ရထာမင်းလက်ထက်မှအစ ကျန်စစ်သားမင်း လက်ထက်အထိသုံးသော အက္ခရာစာလုံးများသည် ခပ်ခုံးခုံး ခပ်ဝိုင်းဝိုင်းဖြစ်၍ အလောင်းစည်သူမင်းလက်ထက် သုံးသော အက္ခရာသည် လေးထောင့်ခပ်စပ်စပ် ထောင့်ချိုးဖြစ်လာသည်။ အက္ခရာတစ်လုံးတည်းနှင့်ပင် ခေတ်ကာလအပိုင်းအခြား ကိုမှန်းဆနိုင်သည်။ အနော်ရထာမင်းနှင့် ကျန်စစ်သားမင်းလက် ထက်တို့က သည် ရှေးကမြင်းကုန်းနှီးပုံ သဏ္ဌာန်( ) နှင့်တူသည်။ ထို သည်ပင် အလောင်းစည်သူမင်းလက် ထက်ရောက်သောအခါ ရှေ့က ကို အလယ်တည့်တည့် လောက်က အမြီးတပ်၍ (၃ ) နောက်က မျဉ်းဖြောင့်ကလေးကို ထောင်ကာ ပိတ်လိုက်လျှင် (၃ ) ဖြစ်လာလေသည်။ ယင်းမှပင် မကြာမီ ယခုခေတ်သုံး ဖြစ်လာလေသည်။


မြန်မာနိုင်ငံရှိတိုင်းရင်းသားများ၏ အက္ခရာများမှာ ခရစ်ယာန်သာသနာပြုများ မြန်မာနိုင်ငံသို့ ရောက်ရှိလာမှ တီထွင်ထားခြင်းဖြစ်သည်။ အချို့မှာ မြန်မာအက္ခရာကို အခြေခံ ထား၍လည်းကောင်း၊ အချို့မှာ အင်္ဂလိပ်အက္ခရာကို အခြေခံ ထား၍လည်းကောင်း တီထွင်ထားသည်။ ရှမ်း၊ ကရင်အက္ခရာ များကို မြန်မာအက္ခရာဖြင့်အခြေတည်၍ ကချင်၊ ချင်း အက္ခရာ တို့ကို အင်္ဂလိပ်အက္ခရာဖြင့် အခြေတည်ထားသည်။ မြန်မာအက္ခရာတို့သည် ပါဠိဘာသာကျမ်း၌ ဗျည်းအက္ခရာ ၃၃ လုံး၊ သရအက္ခရာ ၈ လုံး အားဖြင့် ပေါင်း ၄၁ လုံးရှိသည်ဟု ဆိုသော်လည်း မြန်မာမှု၌ကား ခေါ်ဝေါ်ပြော ဆိုနေကြသည့် အသံတို့ကို မီစေခြင်းအလို့ငှာ ဗျည်းအက္ခရာ ၃၅ လုံး၊ သရအက္ခရာ ၁၁ လုံးအားဖြင့် ပေါင်း ၄၆ လုံးရှိ သည်။


ဗျည်းဟူသည်ကား အနက်ကိုပြတတ်သောကြောင့် ပါဠိ ဘာသာ၌ ဗျဉ္ဇန ဟုခေါ်သည်ကို မြန်မာလို ဗျည်းဟုဆို ခြင်းဖြစ်သည်။ ဗျည်း ၃၅ လုံးဟူသည် ကကြီးမှအ အထိ ၃၃ လုံးနှင့် အံ့အား နှစ်လုံးပေါင်း ၃၅ လုံးဖြစ်သည်။ ဗျည်းဟူ သည် သရကို မှီရလေသည်။ သရမရှိဘဲ ဗျည်းသက်သက် အသံမထွက်နိုင်ချေ။ ဗျည်းကို အသံဖြစ်စေလိုသော် သရ နှင့် ယှဉ်ကပ်ပေးရသည်။ သရ ဟူသည်ကား အသံကိုဖြစ်စေတတ် ခြင်းကြောင့်ခေါ်သည်။ သရ ၁၁ လုံးမှာ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဩော်၊ အို ဟူ၍ဖြစ်သည်။


ကမ္ဘာပေါ်ရှိ အခြားလူမျိုးများနှင့် ယင်းတို့အသုံးပြု သောအက္ခရာစဉ်လုံးရေများမှာ ဟီဗြူနှင့် အီတာလျံလူမျိုးတို့သုံး သော အက္ခရာစဉ်တွင် ၂၂ လုံး၊ အာရေဗစ်အက္ခရာစဉ်တွင် ၂၈ လုံး၊ ရုရှအက္ခရာ စဉ်တွင် ၃၃ လုံး၊ ပိုလန်အက္ခရာစဉ်တွင် ၄၅ လုံး၊ ပြင်သစ်အက္ခရာစဉ်တွင် ၂၅ လုံး၊ ဂျာမန်အက္ခရာစဉ် တွင် ၂၆ လုံး၊ ဒိန်းနှင့်နော်ဝေး အက္ခရာစဉ်တွင် ၂၇ လုံး၊ စပိန် အက္ခရာစဉ်တွင် ၂၉ လုံး၊ ဟန်ဂေရီ အက္ခရာစဉ်တွင် ၃၈ လုံး၊ အယ်လဗေးနီးယန်း အက္ခရာစဉ်တွင် ၃၃ လုံး၊ သင်္သကရိုက် အက္ခရာစဉ်တွင် ၄၉ လုံး၊ ဟိန္ဒီအက္ခရာစဉ်တွင် ၃၅ လုံး၊ ပါးရှင်းအက္ခရာစဉ်တွင် ၃၂ လုံး၊ တူရကီအက္ခရာစဉ်တွင် ၃၁ လုံး၊ အာမီးနီးယန်းအက္ခရာစဉ်တွင် ၃၈ လုံး၊ အီသီအိုးပီးယန်း အက္ခရာစဉ်တွင် ၂၆ လုံး၊ တေလဂူအက္ခရာစဉ်တွင် ဗျည်း ၃၅ လုံးနှင့် သရ ၁၃ လုံး၊ တိဗက်အက္ခရာစဉ်တွင် ၃၅ လုံးနှင့် ဂျပန်အက္ခရာစဉ်တွင် ၇၃ လုံး၊ အင်္ဂလိပ်အက္ခရာစဉ်၌ ၂၆လုံး၊ လက်တင် သို့မဟုတ် ရောမအက္ခရာစဉ်၌ ၂၃ လုံး အသီးသီးရှိ ကြသည်။


အက္ခရာမှန်သမျှတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၄ဝဝဝ ကျော်က ဆီးရတိလူမျိုးတို့ တီထွင်ခဲ့၍ ဖီနီရှန်လူမျိုးတို့ပြုပြင် ကာဂရိတို့ကအချောကိုင်ပြီး ရောမလူမျိုးတို့ နောက်ဆုံးအပြီး သတ်မွမ်းမံခဲ့သည့် လက်တင် သို့မဟုတ် ရောမအက္ခရာစဉ်များ သည်ကမ္ဘာပေါ်၌ လူသုံးအများဆုံး အက္ခရာစဉ်တစ်မျိုးဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)