အယ်လီဇဘက် ပထမ (အင်္ဂလန်ဘုရင်မ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Elizabeth I
Darnley stage 3.jpg
The "Darnley Portrait" of Elizabeth I (c. 1575)
အင်္ဂလန်နှင့် အိုင်ယာလန် ဘုရင်မ
နန်းသက် ၁၇ နိုဝင်ဘာ ၁၅၅၈ –
၂၄ မတ် ၁၆၀၃
နန်းတက်ချိန် ၁၅ ဇန်နဝါရီ ၁၅၅၉
Predecessors Mary I နှင့် Philip
နောက်မင်းဆက် James I
မွေးဖွား ၇ စက်တင်ဘာ ၁၅၃၃
Palace of Placentia, Greenwich, England
ကွယ်လွန် ၂၄ မတ်၊ ၁၆၀၃(1603-03-24) (အသက် ၆၉)
Richmond Palace, Surrey, England
ထာဝရ အိပ်စက်ရာ နေရာ ၂၈ ဧပြီ ၁၆၀၃
Westminster Abbey
စံအိမ် Tudor
ခမည်းတော် Henry VIII
မယ်တော် Anne Boleyn
ကိုးကွယ်မှု Anglican
လက်မှတ်

ပထမ အယ်လစ်ဇဗက်ဘုရင်မသည် အဌမ ဟင်နရီဘုရင်နှင့် အန်းဗူးလင်းမိဖုရားတို့မှ ၁၅၃၃ ခုနှစ် စက်တင်ဘာလ ၇ ရက် နေ့တွင် ဖွားမြင်သော သမီးတော်ဖြစ်သည်။ ၁၅၃၆ ခုနှစ်တွင် မယ်တော် အန်းဗူးလင်း ကွပ်မျက်ခြင်းကို ခံရပြီးနောက် ခမည်း တော်က အယ်လစ်ဇဗက်အား တရားဝင်သမီးအဖြစ် အသိ အမှတ်မပြုတော့ဘဲ လျစ်လျူရှုထားလေသည်။ ထို့ကြောင့် မင်းသမီးကလေးသည် ငယ်စဉ်က ညှိုးငယ်စွာနေထိုင်ခဲ့ရသည်။ သို့ရာတွင် အယ်လစ်ဇဗက်သည် အထိန်းတော်များ၏ လက် တွင်ကြီးပြင်းလာရစဉ်က ဆရာကောင်းများထံ၌ လက်တင်ဘာ သာ၊ ဂရိတ်ဘာသာ၊ ပြင်သစ်ဘာသာ စသော ဂန္ထဝင်စာပေ တို့ကိုလည်းကောင်း၊ ဂီတပညာကိုလည်းကောင်း ကျနစွာ သင် ကြားခွင့် ရရှိခဲ့လေသည်။


မောင်တော် ဆဌ အက်ဒွပ်ဘုရင်လက်ထက်တွင် အယ် လစ်ဇဗက်မင်းသမီးသည် အေးချမ်းစွာ နေထိုင်ခဲ့ရသည်။ အက် ဒွပ်ဘုရင်ကွယ်လွန်သောအခါ အယ်လစ်ဇဗက်သည် အစ်မတော် မေရီ ထီးနန်းဆက်ခံ ရရှိရေးအတွက် ကူညီယိုင်းပင်းခဲ့လေ သည်။ သို့ရာတွင် ပထမ မေရီဘုရင်မလက်ထက် ၁၅၅၄ ခုနှစ် ဝိုင်းယက်သူပုန်မှုတွင် ကြံရာပါအဖြစ် စွပ်စွဲခြင်းခံရ၍ လန်ဒန် မျှော်စင်တွင် အကျဉ်းချခံရသည်။ ၁၅၅၈ ခုနှစ်တွင် မေရီ ဘုရင်မ ကွယ်လွန်လေသော် ၁၅၅၉ ခုနှစ် အသက်၂၅ နှစ် အရွယ်တွင် အယ်လစ်ဇဗက်သည် အင်္ဂလိပ်ထီးနန်းကို သိမ်းပိုက် အုပ်စိုးလေသည်။


အယ်လစ်ဇဗက်ဘုရင်မ နန်းတက်လာခဲ့ပြီးနောက်အယူ ဝါဒ ကွဲပြားမှုကြောင့် နိုင်ငံစည်းလုံးရေး မပျက်ပြားရအောင် လက်ရွေးစင်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့နှင့် တိုင်ပင်၍ ပရိုတက် စတန့်ဂိုဏ်းနှင့် ရောမကက်သလစ်ဂိုဏ်းဝင်များ လက်ခံနိုင်သော ကိုးကွယ်မှုအစီအစဉ်ကို ချမှတ်ပြီးလျှင် နိုင်ငံကိုစည်းရုံးခဲ့သည်။ အယူဝါဒဆိုင်ရာ အချုပ်အချာအာဏာကိုလည်း မိမိ၏လက်ဝယ် ထားရှိသည်။ ထို့ပြင် ပြည်တွင်းရေးရာ၌ နိုင်ငံခြားမှ ဩဇာ လွှမ်းမိုးခြင်းမရှိရအောင် ပရိယာယ်ကိုသုံး၍ နိုင်ငံကိုထိန်းသိမ်း ခဲ့လေသည်။ အယ်လစ်ဇဗက် ဘုရင်မသည် ဆဌအက်ဒွပ်ဘုရင် လက်ထက်က ဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့ဖူးသူ လော့ဗားလီအား အတိုင်ပင်ခံဝန်ကြီးအဖြစ် ဆက်လက်ခန့်ထားသည်။ လော့ဗား လီသည်လည်း ဘုရင်မ၏ ယုံကြည်စိတ်ချရသော ဝန်ကြီးအဖြစ် နှစ်ပေါင်း ၄ဝ ကျော်မျှ အမှုထမ်းခဲ့လေသည်။ အယ်လစ်ဇဗက်ဘုရင်မ၏ ထင်ရှားသောမင်းပရိယာယ် သည်ကား ကြင်ဖက်တော် မရွေးကောက်ဘဲ နေခြင်းပင်ဖြစ် သည်။ အယ်လစ်ဇဗက်သည် လက်ထပ်ထိမ်းမြားခြင်းကိစ္စကို နိုင်ငံရေးပရိယာယ်အဖြစ်သာ သုံးလိုသည်။ ပြည်ထောင်အချင်း ချင်း နိုင်ငံရေးအရဆက်ဆံရာ၌ ထိုအချက်ကို မိမိတိုင်းပြည် အတွက် အကျိုးရှိအောင် အသုံးချခဲ့လေသည်။ ထိုကဲ့သို့ တစ်သက်လုံး ကြင်ဖက်တော်မရှိဘဲ စိုးစံခဲ့သောကြောင့် အယ် လစ်ဇဗက်ကို အပျိုစင်ဘုရင်မ ဟူ၍လည်းခေါ်စမှတ်ပြုကြ သည်။

ပြည်ထောင်ချင်းချင်း ဆက်သွယ်ရေးအတွက် ကြင် ဖက်တော်ရွေးချယ်ခြင်း ကိစ္စကို မရေမရာပြုခြင်းဖြင့် အကျိုး များခဲ့ပုံမှာ အင်္ဂလန်ပြည်ရှိဗရင်ဂျီဂိုဏ်းဝင်တို့က စကော့တလန် ပြည့်ရှင် မေရီဘုရင်မအား အင်္ဂလိပ်ထီးနန်းတင်ရန် ကြိုးပမ်းမှု၌ ထင်ရှားခဲ့သည်။


စကော့တလန်ပြည်တွင် နိုင်ငံရေးအခြေအနေ ပြောင်း လဲလာသောကြောင့် ၁၅၆၈ ခုနှစ်၌ မေရီဘုရင်မသည် အယ်လစ်ဇဗက်ဘုရင်မ၏ လက်တွင်းသို့ ရောက်ရှိခဲ့ရသည်တွင် ဘုရင်မ၏ အကြံပေးပုဂ္ဂိုလ်တို့က နန်းလုဖက်မေရီကို ကွပ်မျက် ၍သုတ်သင်ရန် တိုက်တွန်းကြသော်လည်း ထောင်သွင်းအကျဉ်း ချရုံမျှ ချထားခဲ့သည်။ ၁၅၈၇ ခုနှစ်သို့ရောက်သော် ဗရင်ဂျီ ဂိုဏ်းဝင်တို့က အယ်လစ်ဇဗက်ဘုရင်မအား လုပ်ကြံရန် ကြံ စည်မှုတွင် နန်းကျဘုရင်မ မေရီကိုကြံရာပါအဖြစ် အဆုံးစီရင် ရန် အမိန့်ချမှတ်ခဲ့လေသည်။


မေရီအား အဆုံးစီရင်ခဲ့ခြင်းကြောင့် ထိုခေတ်က ဥရော ပတိုက်တွင် တန်ခိုးအကြီးဆုံး ဗရင်ဂျီ ဂိုဏ်းဝင်တစ်ဦးဖြစ်သော စပိန်ဘုရင် ဒုတိယဖိလစ်သည် မခံမရပ်နိုင်ဖြစ်သဖြင့် ၁၅၈၈ ခု နှစ်တွင် စပိန်ရေတပ်ကြီးကို အင်္ဂလန်နိုင်ငံသို့စေလွှတ်၍ တိုက် ခိုက်စေသည်။ သို့ရာတွင် စပိန် ရေတပ် ကြီးသည် လေမုန်တိုင်းမိသောကြောင့် လည်းကောင်း၊ အင်္ဂလိပ် တို့ဖက်မှ လော့ဟောင်းဝပ်နှင့် ဆာဖရန်းစစ်ဒရိတ် စသော ရေ ကြောင်းသူရဲကောင်းများ၏ စွမ်းရည်ကြောင့်လည်းကောင်း အပျက်အစီးနာလျက် ဆုတ်ခွာခဲ့ရလေသည်။


အင်္ဂလန်နိုင်ငံသည် ထိုကဲ့သို့ ရေတပ်အောင်ပွဲကို ရရှိခဲ့ ပြီးနောက် ရေကြောင်းဘက်၌ အင်အားကြီးမားသော လက်နက် နိုင်ငံအဖြစ်သို့ ရောက်ရှိ၍ အင်ပိုင်ယာချဲ့ထွင်သည့် လုပ်ငန်းကို စတင်နိုင်ခဲ့လေသည်။ အယ်လစ်ဇဗက်ဘုရင်မ လက်ထက်တွင် ဆာဂျွန်ဟောကင်း၊ ဆာဖရန်းစစ်ဒရိတ်၊ ဆာမာတင်ဖရိုးဗစ်ရှား အစရှိသော ရေကြောင်းဗိုလ်များသည် ပင်လယ်ခရီးတွင် စွန့်စား သွားလာ၍ ရေသစ်မြေသစ် ရှာဖွေ ခြင်းများကို ပြုလုပ်ခဲ့ကြ သည်။ ထိုကဲ့သို့ စွန့်စားသွားလာရာ၌ စီးပွားကုန်သွယ်ရေး လည်း ဆက်စပ်လျက်ရှိသဖြင့် အင်္ဂလန်နိုင်ငံမှကုန်သည်များ၊ သူကောင်းမျိုးများနှင့် ဘုရင်မကိုယ်တိုင် ငွေအရင်းအနှီးစိုက်၍ လည်းကောင်း၊ ကိုယ်ပိုင်သင်္ဘောများဖြင့် လည်းကောင်း အား ပေးခဲ့လေသည်။ သို့ရာတွင် စီးပွားရေးအကျိုး အမြတ်ရရှိမှုကို ရှေးရှု၍ များသောအားဖြင့် ပင်လယ်ပြင်၌ နိုင်ရာစားအကျင့်ကို ကျင့်သုံးခဲ့ကြသည်။

ထို့သို့ပင်လယ်ပြင်တွင် စွန့်စားသွားလာခြင်းကြောင့် အင်္ဂလန်နိုင်ငံသည် ရေကြောင်းဘက်တွင် ထိပ်တန်းနိုင်ငံအဖြစ် သို့ ရောက်ရှိခဲ့သည်သာမက နယ်မြေသစ်များကိုလည်း ပိုင်ဆိုင် ရရှိခဲ့လေသည်။ ကုန်စည်ကူးသန်းရောင်းဝယ်ရေး၌လည်း တိုး တက်ချဲ့ထွင်နိုင်သဖြင့် စီးပွားရေးအခြေအနေကောင်းမွန်၍ လူနေ မှုအဆင့်အတန်းလည်းတိုးမြင့်လာလေသည်။ ထိုကြောင့် အယ် လစ်ဇဗက်ဘုရင်မလက်ထက်တွင် ဗြိတိသျှအင်ပိုင်ယာ အုတ်မြစ် ကို ချခဲ့သည်ဟု ဆိုလေသည်။


အယ်လစ်ဇဗက်ခေတ်သည် အင်္ဂလိပ်စာပေ ထွန်းကား သောခေတ်လည်းဖြစ်သည်။ အက်ဒမန်ဆပင်ဆာ၊ ဖရန်စစ် ဗေ ကင်၊ ခရစ္စတိုဖာ မာလို၊ ဝီလျံ ရှိတ်စပီးယား၊ ဗင်ဂျွန်ဆင် အစရှိသော စာရေးဆရာအကျော်အမော်တို့ ပေါ်ထွက်ခဲ့သဖြင့် အင်္ဂလိပ်စာပေသမိုင်းတွင် အထူးထင်ရှားသောခေတ်ဖြစ်ပေသည်။ အယ်လစ်ဇဗက်ဘုရင်မသည် ထီးနန်းတွင် ၄၅ နှစ်မျှ စိုးစံခဲ့သည်။ ထိုခေတ်သည် အင်္ဂလန်နိုင်ငံ သမိုင်းတွင် အထူး ထင်ရှားသော ခေတ်တစ်ခေတ်ဖြစ်သည်။ စင်စစ်အားဖြင့် အယ် လစ်ဇဗက်ခေတ်တွင် အင်္ဂလန်နိုင်ငံသည် အလယ်ခေတ်နိုင်ငံ အဖြစ်မှ ခေတ်သစ်နိုင်ငံအဖြစ်သို့ ကူးပြောင်းခဲ့လေသည်။အထူး သဖြင့် စာပေအရာ၌ ထိုခေတ်ကို အယ်လစ်ဇဗက်ခေတ်ဟူ၍ ရည်ညွှန်းခေါ်ဆိုလေ့ရှိကြသည်။ အယ်လစ်ဇဗက်ဘုရင်မသည် ၁၆ဝ၃ ခုနှစ်မှစ၍ မကျန်းမမာဖြစ်ခဲ့ရာ ထိုနှစ် မတ်လ ၂၄ ရက်နေ့၌ ကွယ်လွန်လေသည်။ ကွယ်လွန်ကာနီးအချိန် စကော့ တလန်ပြည့်ရှင် မေရီ၏သား ဂျိမ်းအား အင်္ဂလိပ်ထီးနန်းကို လွှဲအပ်ခဲ့လေသည်။ ထိုအချိန်မှစ၍ အင်္ဂလန်နှင့် စကော့တလန် တို့သည် တစ်ပြည်ထောင်အဖြစ် ပူးပေါင်းမိခဲ့ကြလေသည်။