ဒရိတ် ဆာဖရန်းစစ်

ဝီကီပီးဒီးယား မှ
ဒရိတ် ဆာဖရန်းစစ်

အင်္ဂလိပ်ဘုရင်မကြီး ပထမ အယ်လစ်ဇဗက် လက်ထက်၌ နာမည်ကျော်ကြားသော ဆာ ဖရန်းစစ် ဒရိတ်သည် အင်္ဂလိပ် လူမျိုးထဲတွင် ပထမဦးဆုံးကမ္ဘာကို တစ်ပတ်ပတ် ခဲ့သူဖြစ် သည်။ သူသည် အင်္ဂလန်ပြည် ဒက်ဗွန်ရှိုင်ယာနယ် တယ်ဗစ် စတော့မြို့အနီးတွင် မွေးဖွားခဲ့၍၊ ပင်လယ်သို့ သွားလာကျက် စားသူများအကြားတွင် ကြီးပြင်းခဲ့ရ၏။ ထို့နောက် ဆွေမျိုးရင်း ချာတစ်ဦးဖြစ်သူ နာမည်ထင်ရှားကျော်ကြားသော ဗြိတိသျှရေ ကြောင်းဗိုလ်ချုပ်ကြီး ဆာ ဂျွန် ဟောကင်းသည် သူ့ကိုတာဝန် ယူကာ၊ ကြည့်ရှုစောင့်ရှောက်လေသည်။ သို့ဖြင့် သူသည် ကမ်း ရိုးတန်းတလျှောက် သွားလာသော သင်္ဘောတစ်စင်းတွင် ရေ ကြောင်းအတတ်များကို လေ့လာဆည်းပူးခဲ့ရ၏။

ဒရိတ်သည် ပင်လယ်ရေကြောင်းတွင် စွန့်စားသွားလာလိုသူ ဖြစ်ရာ အသက် ၂ဝ အရွယ်တွင် ဆာဂျွန်ဟောကင်းနှင့်အတူ၊ အာဖရိက အနောက်ဘက်ကမ်းရိုးတန်းရှိ၊ ဂင်းနီပြည်နယ်ဒေသ သို့ ပင်လယ်ခရီး စတင်ထွက်လေသည်။ အသက် ၂၂ နှစ် အရွယ်တွင်ကား 'ဂျူးဒစ်'အမည်ရှိ သင်္ဘောတစင်းကို ကိုယ်တိုင် ကပ္ပီတန်အဖြစ် ကွပ်ကဲဦးစီးကာ ပင်လယ်သို့ ခရီးထွက်ခဲ့ပြန် ၏။ ဒရိတ်တို့၏ သင်္ဘောသည် ဗေရကရူ သင်္ဘောဆိပ်တွင် ရှိစဉ် စပိန်လူမျိုးတို့၏ တိုက်ခိုက်ခြင်းကို ခံရသဖြင့်၊ ဒရိတ်မှာ ပါသမျှ ပစ္စည်းဥစ္စာ အကုန်ဆုံးရှုံးခဲ့၏။ ထို့ပြင် စပိန်အာဏာ ပိုင်တို့က ဖမ်းဆီးရမိသော သုံ့ပန်းတို့ကို နှိပ်စက်ည|င်းပန်းသည် ကို တွေ့မြင်ရလေရာ၊ ဒရိတ်သည် စပိန်တို့အပေါ် အခဲမကြေ အောင်ဖြစ်၍ တိုက်ခိုက်ခြေမှုန်းမည်ဟု သန္နိဌာန်ချလိုက်လေ သည်။

ထိုကြောင့် ၁၅၇ဝ ပြည့်နှစ်တွင် အယ်လစ်ဇဗက်ဘုရင်မကြီး ထံမှ ပင်လယ်ပြင်၌၊ ရန်သူကုန်သင်္ဘောများအား တိုက်ခိုက်ခွင့် ကို တောင်းယူခဲ့လေသည်။ ၁၅၇၂ ခုနှစ်တွင် သင်္ဘောငယ် နှစ်စင်းဖြင့် အနောက်အိန္ဒိယ ကျွန်းစုရှိ စပိန်တို့၏ စခန်းများ ကို တိုက်ခိုက်လုယက်ရန် ခရီးထွက်ခဲ့ရာ၊ လမ်းတွင် အခြား သင်္ဘောတစ်စင်းက လာရောက်ပူးပေါင်းလေသည်။ ဒရိတ်တို့၏ သင်္ဘောတပ်စုကလေးသည် ပနားမားကျွန်းဆက်ပေါ်ရှိ စပိန်ပိုင် မြို့တမြို့ကို ဝင်ရောက်တိုက်ခိုက်၍ ပစ္စည်းများ လုယက်သိမ်းယူ ခဲ့၏။ ထိုမျှမကသေး စပိန်တို့၏ အခြားစခန်းများကိုလည်း ဝင်ရောက်တိုက်ခိုက်၍ ပစ္စည်းများ လုယက်သိမ်းပိုက်ခဲ့သည်။

သင်္ဘောများကိုလည်း ဖျက်စီးနှစ်မြှုပ်ခဲ့၏။ ထို့နောက်တွင် သူသည် ပနားမားကျွန်းဆက်ကို ကုန်းကြောင်းဖြင့် ဖြတ်သန်း ခဲ့စဉ်၊ သစ်ပင်ကြီး တစ်ပင်ပေါ်မှနေ၍ တဘက်မှ ပစိဖိတ် သမုဒ္ဒရာကြီးကို မြင်တွေ့ခဲ့လေရာ၊ တစ်နေ့နေ့တွင် ထိုသမုဒ္ဒရာ ရေပြင်တွင် အင်္ဂလိပ်သင်္ဘောများ လွှင့်နိုင်စေရမည်ဟု ဒရိတ် သည် ကြုံးဝါးခဲ့လေသည်။ ထို့နောက် ဒရိတ်သည် တိုက်ရာပါ ပစ္စည်းများနှင့် အင်္ဂလန်ပြည်သို့ ၁၅၇၃ ခုနှစ် ဩဂုတ်လတွင် ပြန်ရောက်ခဲ့သေည်။ ယင်းသို့ စပိန်တို့၏စခန်းများကို ဝင် ရောက်မွှေနှောက် တိုက်ခိုက်လုယက်သွားခဲ့သော ဒရိတ်ကို စပိန်တို့သည် အတော်ပင်ကြောက်ရွံ့ခန့်ညားလာလေသည်။

ဒရိတ်သည် တဖန် ပစိဖိတ်သမုဒ္ဒရာတွင် စွန့်စားရှာဖွေရန် ကြံစည်လျက်ရှိလေသည်။ ဒရိတ်၏ ကြိုးပမ်းမှုကြောင့်၊ အယ် လစ်ဇဗက်ဘုရင်မကြီးသည် ဒရိတ်အား လိုအပ်သောပစ္စည်းများ ကို ထုတ်ပေးခဲ့သည်။ ဒရိတ်၏ အစွမ်းကို ယုံကြည်သူများက လည်း၊ ဒရိတ်နှင့်အတူ လိုက်ပါရန် ပြောဆိုလာကြသည့်ပြင် တတ်စွမ်းသမျှ အားပေးကူညီကြလေသည်။ ထိုကြောင့် ၁၅၇၇ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှစ၍ ယခင်ကမည်သည့် အင်္ဂလိပ်လူမျိုးမျှ ဖြတ်ကျော်ခြင်း မပြုခဲ့သေးသော မဂျဲလင် ရေလက်ကြားကို ဖြတ်ကျော်ပြီးနောက်၊ ပစိဖိတ်သမုဒ္ဒရာဘက် သို့ ခရီးထွက်ခဲ့လေ၏။

ထိုခရီးတွင် သင်္ဘော ၅ စင်းဖြင့် ထွက်ခဲ့ရာ၊ ဒရိတ်စီးနင်း လိုက်ပါခဲ့သော သင်္ဘောတစင်းသာလျှင် မဂျဲလင် ရေလက်ကြား ကို ဖြတ်ကျော်နိုင်၍၊ ပစိဖိတ်သမုဒ္ဒရာဘက်သို့ ရောက်ရှိခဲ့၏။ ကျန်သင်္ဘောများအနက် ၃ စင်းမှာ ပျက်စီးသွား၍၊ တစင်းမှာ ပြန်သွားလေသည်။ ထို့နောက် ဒရိတ်သည် တောင်အမေရိက တိုက် အနောက်ဘက်ကမ်းရိုးတန်းတလျှောက် သင်္ဘောလွှင့်ကာ၊ ချီလီနှင့် ပီးရူးနယ်များရှိ စပိန်တို့၏ စခန်းများကို၎င်း၊ သင်္ဘော များကို၎င်း တိုက်ခိုက်လုယက်ခဲ့လေရာ၊ ရွှေငွေကျောက်သံ ပတ္တမြားစသည့် အဖိုးတန်ပစ္စည်း မြောက်မြားစွာရရှိခဲ့၏။

ဒရိတ်သည် ထိုဒေသမှ မြောက်ဘက်သို့ ဆက်လက်ခရီး ထွက်ခဲ့ရာ၊ ယခု ကာလီဖိုးနီးယားဟုခေါ်သော ဒေသသို့ ရောက်သောအခါ၊ ထိုဒေသကို အင်္ဂလန်ပြည်ပိုင်ဒေသအဖြစ် သိမ်းပိုက်၍၊ နယူးအယ်လဗီယွန်ဟု အမည်ပေးခဲ့၏။ ထို နောက်တွင် အင်္ဂလန်သို့ပြန်ရန်အတွက် လာလမ်းအတိုင်း မပြန်ဘဲ၊ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်၍ သင်္ဘောလွှင့်ခဲ့ လေသည်။ ယင်းသို့ဖြင့် ဒရိတ်သည် ကမ္ဘာကို တစ်ပတ်ပတ် နိုင်ခဲ့လေရာ အင်္ဂလန်ပြည်သို့ရောက်သည်အထိ ၃ နှစ်ကျော် ကြာလေသည်။ ဒရိတ်၏ စွမ်းဆောင်မှုကား၊ အံ့မခန်းဖွယ်ရာ ဖြစ်ခဲ့၏။

ထိုကြောင့် အယ်လစ်ဇဗက်ဘုရင်မကြီးကိုယ်တိုင် ကမ္ဘာကို လှည့်၍ပြန်ခဲ့သော ဒရိတ်အား ဆာဘွဲ့ဖြင့် သူကောင်းပြုလေ သည်။ ဆာ ဖရန်းစစ်ဒရိတ်က အင်္ဂလန်သည် စပိန်တို့ရေတပ် နှင့် အင်အားချင်း ယှဉ်ပြိုင်နိုင်ကြောင်းကို ပြခဲ့သည်။ အယ် လစ်ဇဗက်ဘုရင်မကလည်း အင်္ဂလန်နှင့် စပိန်မှာ တည့်တည့် လင်းလင်း စစ်ဖြစ်နေကြသည် မဟုတ်သေးသော်လည်း၊ စပိန် သင်္ဘောများအား တိုက်ခိုက်လုယက်ရန်အတွက် ဒရိတ်တို့၏ လုပ်ငန်းကဲ့သို့ ပင်လယ်ဓားပြလုပ်ငန်းများကို တိတ်တဆိတ် အားပေးခဲ့လေသည်။

ကမ္ဘာကို လှည့်၍ပြန်ခဲ့သော ဒရိတ်သည် မကြာမီ ပင်လယ် သို့ထွက်၍ စွန့်စားသွားလာလိုပြန်လေ၏။ သို့သော် ဘုရင်မကြီး က ခွင့်မပြုသဖြင့်၊ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်ခဲ့ရရှာလေ သည်။ ထိုအတောအတွင်း ပါလီမန်တွင် အမတ်အဖြစ် ဆောင် ရွက်ခဲ့ရသဖြင့် ပလင်းမတ်မြို့၏ မြို့တော်ဝန်အဖြစ်ဖြင့်လည်း အမှုထမ်းရသေးသည်။ သို့သော် မကြာမီ ဒရိတ်သည် သူနှစ် သက်သည့် ပင်လယ်ပြင်တွင် စွန့်စားမှုမျိုး ပြုလုပ်နိုင်ရန် အကြောင်းပေါ်လာလေ၏။ ထိုအကြောင်းကား ၁၅၈၅ ခုနှစ် တွင် စပိန်နှင့်အင်္ဂလန်တို့ စစ်မက်စတင်ဖြစ်ပွား ခြင်းဖြစ်လေ သည်။

ထိုအခါ ဒရိတ်သည် ရေတပ်တစ်တပ်ကို အုပ်ချုပ်ကာ အနောက်အိန္ဒိယကျွန်းစုများသို့ သွားရောက်ပြီးသော်၊ စပိန်တို့၏ မြို့များကို တိုက်ခိုက်လုယက် ဖျက်ဆီးခဲ့လေသည်။ ၁၅၈၇ ခုနှစ်တွင်၊ ကေးဒစ်သင်္ဘောဆိပ်တွင် အင်္ဂလန်ပြည်ကို ချီတက် တိုက်ခိုက်ရန် စပိန်သင်္ဘောများ စုရုံးနေသည်ဟူသော သတင်း ကြားရသဖြင့်၊ ထိုသင်္ဘောဆိပ်သို့ သင်္ဘော ၃ဝ ပါသောရေတပ် ဖြင့် ချီတက်၍၊ တန်ချိန် ၁ဝဝဝဝ ခန့်ရှိ စပိန် သင်္ဘောများကို တိုက်ခိုက်မီးရှို့ ဖျက်ဆီးခဲ့လေသည်။ ထိုကြောင့် စပိန်ရေတပ်ကြီးမှာ အင်္ဂလန်ပြည်သို့ ချီတက်တိုက်ခိုက်ရေးတွင် နှောင့်နှေး သွားလေသည်။


၁၅၈၈ ခုနှစ်တွင် စပိန်ရေတပ်ကြီး ချီတက်လာသောအခါ ဒရိတ်သည် လော့ဟောင်းဝပ်၏ လက်အောင်တွင် ဒုတိယ ရေကြောင်းဗိုလ်ချုပ်အဖြစ် ခန့်ထားခြင်းခံရ၍ စပိန်ရေထပ်ကြီး အား အောင်မြင်စွာ တွန်းလှန်တိုက်ခိုက်ရာတွင် ပါဝင်ကာ၊ အစွမ်းကုန် ဆောင်ရွက်ခဲ့လေသည်။ ယင်းသည့်နောက် အနောက်အိန္ဒိယကျွန်းစုများရှိ စပိန်တို့၏ စခန်းများကို တိုက် ခိုက်ရန်အသွားတွင် ပင်လယ်ခရီးလွှင့်နေစဉ်ပင် သင်္ဘောပေါ်၌ နာမကျန်းဖြစ်၍ ၁၅၉၆ ခုနှစ် ဇန္နဝါရီလ ၂၈ ရက်နေ့တွင် အနိစ္စရောက်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)