အမွေ

ဝီကီပီးဒီးယား မှ

အမွေ[ပြင်ဆင်ရန်]

အမွေဆိုသည်မှာ လူတစ်ဦးတစ်ယောက် ကွယ်လွန်လျှင် ကျန် ရှိသောထိုသူ၏ ပိုင်ဆိုင်ပစ္စည်းများကို ဆိုလိုသည်။ ပိုင်ဆိုင် ပစ္စည်း ဟူရာတွင်လည်း ရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများဟူ၍ ရှိ၏။ အနောက်နိုင်ငံများတွင် အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ သေတမ်းစာရေးနိုင်သည့် အခွင့်အရေး ရှိလေသည်။ သေတမ်း စာ ဆိုသည်မှာ မိမိ၏ပစ္စည်းများကို မည်သို့မည်ပုံ ဝေဖန်ချ ထားလိုကြောင်း မိမိ၏ရည်ရွယ်ချက်ကို ဖော်ထုတ်ထားသည့် တရားဝင် ကြေညာချက်စာတမ်း ဖြစ်သည်။


သို့သော် အကယ်၍ လူတစ်ဦးတစ်ယောက်သည် သေတမ်း စာ ရေးထားခြင်း မရှိပဲ ကွယ်လွန်သွားခဲ့သော် အမွေဆက်ခံ ခြင်း ဥပဒေများအရ ထိုသူကျန်ရစ်သော ပစ္စည်းများကို စီမံ ခန့်ခွဲပေးရလေသည်။ ထိုဥပဒေများအရ ထိုသူ ကွယ်လွန်သည် နှင့်တစ်ပြိုင်နက် ထိုသူ၏ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ထိုသူ၏ အမွေခံများက ရရှိလေသည်။ အမွေခံများဟူသည်မှာ အကယ်၍ သားသမီးများ ရှိလျှင် ထိုသားသမီးများကိုပင် ဆိုလို၍၊ ယင်းတို့သည် ထိုပစ္စည်းများကို အညီအမျှ ခွဲဝေယူကြ ရသည်။ သို့သော်လည်း ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကိုမူ ထိုသူ၏ ပစ္စည်းထိန်း ဖြစ်သူကရယူ၍ ပေးစရာရှိသော ကြွေးမြီ များကို အပြေအလည် ရှင်း ပေးပြီးနောက် ကျန်သမျှ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းများကို အမွေဆက်ခံရသူများကိုပင် ခွဲဝေပေးရ၏။ အကယ်၍ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများဖြင့် ကြွေးမြီပေးဆပ်ရန် မလုံလောက်ခဲ့လျှင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကိုပင် ထုခွဲ၍ ကြွေးဆပ်ရလေသည်။


ကွယ်လွန်သူတွင် သားသမီးများ မကျန်ခံလျှင်လည်း မည်သူ တို့ကို ကျန်ရစ်ခဲ့သော အမွေပစ္စည်း ခွဲဝေပေးရမည်ကိုလည်း ဥပဒေများဖြင့် သတ်မှတ်ထားသည်။ ထို့အပြင် ဥပဒေများတွင် ကျန်ရစ်သူ မုဆိုးမအတွက် မရွှေ့မပြောင်းနိုင်သော ပစ္စည်း များနှင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများမှ အချိုးအစား မည်မျှ ရရှိရမည် ဟူသည်ကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားလေသည်။ ဗုဒ္ဓအယူဝါဒီ မြန်မာများသည် သေတမ်းစာ ရေးခွင့်မရှိ သဖြင့် မိမိတို့ပစ္စည်းများကို မိမိတို့ ပေးလိုသည့်သူ များကို သေတမ်းစာဖြင့် ပေးခွင့် မရှိပေ။

ဗုဒ္ဓအယူဝါဒီ မြန်မာတစ်ယောက်၏ အမွေဆက်ခံရေးနှင့် စပ်လျဉ်း၍ ရှေးဟောင်းဓမ္မသတ်များ၌ မည်သူ မည်ဝါသည် အမွေခံအမွေစား ဖြစ်ရမည်၊ မည်သည့် အစီအရင်နှင့် အမွေ ဆက်ခံရမည်၊ ယင်းတို့၏ ဝေစု သည် မည်ရွေ့မည်မျှ ဖြစ် ရမည် စသည်ဖြင့် အထင်အရှား သတ်မှတ်ထားသည်။ မြန်မာ့ဓလေ့ထုံးထမ်း ဥပဒေ အမွေခန်းဆိုင်ရာ၌ ဩရသမှ လွဲလျှင် လင်သေလျှင် မယားသည်လည်းကောင်း၊ မယား သေလျှင် လင်သည် လည်းကောင်း တစ်ဦးတည်းသော အမွေခံအမွေစားအဖြစ် ဆက်ခံခြင်းမှာ အခြားသော အယူဝါဒီ တို့၏ ဓလေ့ ထုံးတမ်းများ ဥပဒေများနှင့်မတူ၊ လွန်စွာ ခြားနားမှတ်သားလောက်သည့်အချက် ဖြစ်ပေသည်။ လင်မယား နှစ်ယောက်စလုံး ကွယ်လွန်မှသာ သားသမီးများ အမွေဆက်ခံ ရသည်။ သားသမီးများ ကွယ်လွန်လျှင် မြေး၊ မြစ်တို့ ဆက်ခံ ခွင့်ရသည်။ ထိုကဲ့သို့ လင်၊ မယား၊ သားသမီး၊ မြေး၊ မြစ်တို့ မရှိမှသာလျှင် ဗုဒ္ဓအယူဝါဒီ မြန်မာတစ်ယောက်၏ အမွေကို သက်ဆိုင်ရာဆွေမျိုးသားချင်းတို့ အမွေဆက်ခံကြရသည်။ အမွေ ဆက်ဆံရာ၌ အမိဘက်မှ အမျိုး၊ အဖဘက်မှ အမျိုးဟူ၍ ခြားနားခြင်းမရှိချေ။


မြန်မာ့ဓေ့လထုံးတမ်း ဥပဒေ၌ သေဆုံးသူ၏ အမွေခံ အမွေ စား ဖြစ်သည်ကို၊ သိသာထင်ရှားစေရန်အတွက် အခြေခံ ပြုရ သည့် အရေးအကြီးဆုံး နည်းဥပဒေမှာအမွေသည် အောက် သို့ စုန်နိုင်လျှင် အထက်သို့ မဆန် ရခြင်းဖြစ်သည်။ ထို အခြေခံဥပဒေအရ သေသူ၏ အမွေကို အစုန်ဘက်ရှိ အမျိုး အနွယ်များကသာ အမွေ ဆက်ခံခွင့်ရှိသည်။ အစုန်ဘက်တွင် အမျိုးအနွယ်များ မရှိမှသာလျှင် အဆန်ဘက်တွင် ရှိသည့် အမျိုးအနွယ်များက အမွေဆက်ခံခွင့်ရကြသည်။ အဆန်ဘက်ရှိ အမျိုးဟူသည် မိဘ၊ ဘိုးဘွား၊ ဘီဘင် စသည်တို့ကို ဆိုလို၍၊ အစုန်ဘက်ရှိ ဆွေမျိုးဟူသည် သားသမီး၊ မြေး၊ မြစ် စသည် တို့ကို ဆိုလိုသည်။


ထိုအခြေခံနည်းဥပဒေနောက် ဒုတိယအရေးကြီးသည့် အမွေ ဆက်ခံရေး အခြေခံနည်းဥပဒေမှာ အမျိုးဆက် နီးသူက ဝေး သူကို အမွေမှ ပယ်ထုတ်ခြင်းဖြစ်သည်။ ဤအခြေခံနည်း ဥပဒေအရ သေဆုံးသူတစ်ယောက်၏ အမွေကို ယင်း၏ အနီး ဆုံးသော ဆွေမျိုးက ဆက်ခံရရှိမည်ဖြစ်လေသည်။ အမျိုးဆက် အနီးအဝေးကို သိရှိရန် ရှေးဦးစွာ သေဆုံးသောသူမှ စတင်၍ သေဆုံးသူနှင့် အမွေတောင်းခံသူ နှစ်ဦးတို့၏ သက်ဆိုင်ရာ ဘိုးဘေးဖြစ်သောသူသို့ ရောက်သည်အထိ အထက်ဆန်ပြီးသော် အမျိုးဆက်ရေတွက်ရ၏။ တစ်ဖန် ထို ဘိုးဘေးမှ အမွေတောင်းခံ သူတို့ ရောက်သည်အထိ အောက်သို့ စုန်ပြီးလျှင် အမျိုးဆက်ကို ဆက်လက် ပေါင်း၍ ရေတွက်ရ လေသည်။


ယခုအခါ အတည်ဖြစ်လျက်ရှိသော မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေဆိုင်ရာ တရားလွှတ်တော် စီရင်ထုံးများအရ အမွေ ဆက်ခံရသည့် ဆွေမျိုးသားခြင်းများ၏ အစီအစဉ်မှာ အောက်ပါ အတိုင်း ဖြစ်၏။ (၁) ညီအစ်ကို မောင်နှမများ၊
(၂) မိဘများ၊
(၃) ဘိုးဘွားများ၊
(၄) တူ၊ တူမများ၊
(၅) ဘကြီး၊ ဘထွေး၊ ဦးကြီး၊ ဦးလေး၊ အရီးကြီး၊ အရီးလေး၊ ကြီးတော်၊ အဒေါ်များ၊
(၆) တူ၊တူမများ၏ သားသမီးများ၊
(၇) တစ်ဝမ်းကွဲညီအစ်ကိုမောင်နှစ်မများ၊
(၈) တူ၊ တူမများ၏ မြေးများ၊
(၉) တစ်ဝမ်းကွဲညီအစ်ကို မောင်နှစ်မများ၏ သားသမီးများ၊
(၁ဝ) တစ်ဝမ်းကွဲညီအစ်ကို မောင်နှစ်မများ၏ မြေးများ၊
လင်နှင့်မယား နှစ်ယောက်စလုံး ကွယ်လွန်မှသာလျှင် သားသမီးများ အမွေဆက်ခံရသည်ဟု အထက်တွင် ဖော်ပြခဲ့ရာ ရှေးဟောင်းဓမ္မသတ်များ၌ အမွေခံထိုက်သော သားခြောက်ပါးနှင့် အမွေမခံထိုက်သော သား ခြောက်ပါး ဟူ၍ အောက်ပါအတိုင်း ပြသည်။

အမွေခံထိုက်သော သားခြောက်ပါး[ပြင်ဆင်ရန်]

(၁) ဩရသ- ရင်၌ဖြစ်သောသား၊
(၂) ခေတ္တဇ-ကျွန်မနှင့်သင့်နေရာ မွေးသောသား၊
(၃) ဟေဋ္ဌိမ-အပြောင်မယား သား၊
(၄) ပုဗ္ဗက-မယားပါ လင်ပါအထက်သား၊
(၅) ကိတ္တိမ- အမွေခံသားအဖြစ်ဖြင့် အထင်အရှား မွေးစားသောသား၊
(၆) အပတိဋ္ဌ -ကောက်၍ မွေးသော သား ဟူ၍ ဖြစ်လေသည်။
အမွေမခံထိုက်သောသားခြောက်ပါးမှာ
(၁) ဒိန္နက-သူတစ်ပါးပေး၍ရသော သား၊
(၂) အဟောဎ္0x046-ဝယ်၍ ရသော သား၊
(၃) ပုနာနုဗ္ဗဝ-မိမိမယား သူတစ်ပါးနှင့် ပျော်ပါး၍ ရသော သား၊
(၄) ကီဠိတ-ကစားမြူးတူး ရာ ရသော သား၊
(၅) သွာနုတ္တ-မိဘစကား နားမထောင် ခွေးနှင့်တူသော သား၊ (မိဘကို ရန်သူကဲ့သို့ ကျင့်သောသားမျိုးဟူလို။)
(၆) ဆာတဘတ္တ- ထမင်းငတ်သည့်အခါ မှီခိုလာသည့် သား ဟူ၍ ဖြစ်လေသည်။


သို့သော် ယခုအခါတွင် အောက်ပါအချက်များနှင့် ပြည့်စုံသူများကို ဩရသဟု သတ်မှတ်ထားသည်။
(၁) တရားဝင်သားသမီး ဖြစ်ရမည်။
(၂) သားရင်းသမီးရင်းဖြစ်ရမည်။
(၃) သားဖြစ်လျှင် အဖမကွယ်လွန်မီလည်းကောင်း၊ သမီးဖြစ်လျှင် အမိမကွယ်လွန်မီလည်းကောင်း အသက် ၁၈ နှစ်ပြည့်ရမည်။
(၄) ၁၈ နှစ်ပြည့်ချိန်တွင် သားသမီးများတွင် အကြီးဆုံး ဖြစ်ရမည်။ သားဖြစ်လျှင် အဖ၊ သမီးဖြစ်လျှင် အမိ၏ တာဝန်ဝတ္တရားများကို ကူညီဆောင်ရွက်နိုင်စွမ်းရှိသူ ဖြစ်ရမည်။
(၅) သားဖြစ်လျှင် အဖ၏ ဥစ္စာပစ္စည်းရှာဖွေရေးတွင်လည်းကောင်း၊ သမီးဖြစ်လျှင် အမိ၏အိမ်ထောင်ရေး ဝတ္တရားကိုလည်းကောင်း ကူညီ လုပ်ကိုင်ဆောင်ရွက်ရမည်။ လင်၊ သို့မဟုတ် မယားသေဆုံးချိန်တွင် ဩရသသားသမီး ကျန်ရစ်လျှင် မုဆိုးဖို၊ မုဆိုးမတို့သည် သေဆုံးသူ၏ တစ်ဦး တည်းသော အမွေခံအမွေစား မဖြစ်ပေ။ ဩရသ သားသမီးများအဖို့ အဖ၊ သို့မဟုတ် အမေ သေဆုံးသည်နှင့် တစ်ပြိုင်နက် ပစ္စည်းအရပ်ရပ်၏ လေးပုံတစ်ပုံ တောင်းဆိုခွင့် ရရှိပြီးသား ဖြစ်သောကြောင့်တည်း။


သားသမီး မရှိသည့် လင်မယားနှစ်ဦး အမှတ်မဲ့ ကံကြမ္မာ ဆိုးနှင့် တွေ့ကြုံ၍ တစ်ပြိုင်နက် ပျက်စီးခဲ့လျှင်သော်လည်း ကောင်း၊ သို့မဟုတ် တစ်ယောက် သေဆုံးပြီးနောက် မကြာမီ ကျန်တစ်ယောက် သေဆုံးလျှင်သော် လည်းကောင်း နှစ်ဘက် မိဘတို့သည် အမွေကို အညီအမျှ ခွဲဝေယူကြရသည်။ မိဘများ မရှိလျှင် လင်ဘက်မှ ဆွေမျိုးနှင့် မယားဘက်မှ ဆွေမျိုးများ အညီအမျှ ခွဲဝေယူကြရသည်။


မြန်မာဓလေ့ထုံးတမ်း ဥပဒေ၌ မိဘသည် သားသမီးကို အမွေမှ ပယ်မထုတ်နိုင်ပေ။ သို့ရာတွင် (၁) သူတစ်ပါးအား မွေးစားရန် ပေးအပ်ခံရခြင်း၊
(၂) မိဖများ ကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ်သူသည် မိဖတစ်ဦးနှင့် အတူနေထိုင်ပြီးလျှင် ကျန်တစ်ဦးကို သားသမီးတို့၏ ပြုရာသော ဝတ်ကြီး ဝတ်ငယ်များကို ဆက်လက်မပြုစုခြင်း၊
(၃) သားသမီးတို့၏ ကျင့်ဝတ်များ ပျက်ပြားခြင်းတည်းဟူသော အကြောင်းသုံးရပ်ကြောင့် သားသမီးများသည် မိဖအမွေကို ဆက်ခံခွင့် ဆုံးရှုံးနိုင်လေသည်။

သေဆုံးသူသည် ယင်း၏ပစ္စည်းများကို အမွေဆက်ခံရန်မည်သည့်ဆွေမျိုးသားချင်းမျှ မရှိလျှင် ထိုသူ၏ ပစ္စည်းများကို နိုင်ငံတော်အစိုးရက မင်းဘဏ္ဍာ အဖြစ် သိမ်းယူမည် ဖြစ်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)