သေတမ်းစာ

ဝီကီပီးဒီးယား မှ

သေတမ်းစာ[ပြင်ဆင်ရန်]

သေတမ်းစာဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးသည် မိမိကွယ်လွန်သောအခါ မိမိပိုင် ငွေကြေးပစ္စည်းများကို မည်သို့မည်ပုံ ဝေဖန်ချထားလိုကြောင်း မိမိ၏ရည်ရွယ်ချက်ကိုထုတ်ဖော်၍မသေမီက ပင်ရေးသားထား သောတရားဝင် ကြေညာချက်စာတမ်းဖြစ်သည်။ အမွေဆက်ခံခြင်း အက်ဥပဒေအရ အနောက်နိုင်ငံများ၌ သေတမ်းစာရေးရန်ခွင့်ပြုထားသော်လည်း ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးများအဖို့ သေတမ်းစာရေးသားခွင့်မရှိချေ။ မြန်မာတို့၏မည်သည့်ဓမ္မသတ်၊ လွှတ်တော်မှတ်တမ်း စသည်တို့၌မျှ သေတမ်းစာရေးနိုင်ကြောင်းမပါရှိချေ။ ၁၈၆၆ခုနှစ်တွင် အောက်မြန်မာနိုင်ငံကို အုပ်ချုပ်လျက် ရှိသော မဟာဝန်ရှင်တော်မင်းကြီးဆာအာသာဖယ်ရာက ဗုဒ္ဓအယူဝါဒမြန်မာနှင့်သေတမ်းစာကိစ္စကို အောက်ပါအတိုင်း ကြေညာချက် ထုတ်ပြန်ခဲ့ဖူးလေသည်။

အမွေခံအမွေစားရှိသည့် ဗုဒ္ဓဘာသာမြန်မာများသည် ဗုဒ္ဓဘာသာမြန်မာအမွေခန်းတရားဥပဒေနှင့်ဆန့်ကျင်၍ သေတမ်းစာဖြင့်ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများ၊ မရွှေ့ပြောင်း နိုင်သည့်ပစ္စည်းများကိုဝေဖန်ချထားလျှင် ထိုသေတမ်းစာကို ခိုင်မာတည်မြဲသည့် စာတမ်းအဖြစ်ရုံးတော်မှ လက်မခံသင့်ပေ။ ၁၈၈၉ ခုနှစ် 'မောင်မဲနှင့်စစ်ကင်ငါး'အမှု၌ သီပေါဘုရင်၏လွှတ်တော်ဝန်ကြီးများ၊ မှူးမတ်များ နှင့် အင်္ဂလိပ်အရာရှိများသည် ရှိသမျှဓမ္မသတ်များနှင့် လွှတ်တော်မှတ်တမ်းများကို သေချာစွာလေ့လာ စိစစ်ပြီးနောက်· သေတမ်းစာဟူသောစကားသည်ဓမ္မသတ်များ၌ မည်သည့်နေရာမှမပါရှိပေ။ ထိုစကား၏အဓိပ္ပာယ်သည် အင်္ဂလိပ်ဘာသာဖြင့် ဝီဟုခေါ်သောသေတမ်းစာ သဘောနှင့်မတူချေ။ မိဘများသည် သေမည်ဟုသိသောအခါ အမွေခံများကိုခေါ်၍ မိမိတို့ပစ္စည်းကိုနှုတ်ဖြင့်ဖြစ်စေ၊စာရေး ၍ဖြစ်စေ၊ ခွဲဝေပေးပြိီးလျှင် အချင်းချင်းအငြင်းအခုံမပြုလုပ်ဘဲ အေးချမ်းစွာနေရစ်ရန်မှာထားခဲ့တတ်ကြသည်။

ဤသို့ပြုလုပ်ခြင်းမှာ မြန်မာဘာသာဖြင့် သေတမ်းစာဆိုသော စကား၏အဓိပ္ပာယ်ပင်ဖြစ်သည်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည်ဝီခေါ်သောသေတမ်းစာမျိုးကို မပြုလုပ်နိုင်ဟုဆုံးဖြတ်လေသည်။ ဗုဒ္ဓအယူဝါဒမြန်မာများ သေတမ်းစာရေးသားခွင့်မရှိ ဟူသည့် တရားဥပဒေကိုလှည့်စားသောအားဖြင့် သေတမ်းစာ သဘောသက်ရောက်သည့် စာချုပ်စာတမ်းများ ပြုလုပ်လေ့ ရှိကြောင်း မကြာခဏတွေ့ရသည်။ အချို့မိဘများသည် သားသမီးများရှိသည့်အနက်အချို့သားသမီးကိုသာ ပိုမိုပေးလိုသည့်အခါ ပစ္စည်းအရောင်းအဝယ်စာချုပ်ပြု၍ ပေးတတ်သည်။ သို့ရာတွင် ယင်းသည်လည်းဟန်ဆောင်သော သေတမ်းစာတစ်မျိုးသာဖြစ်သဖြင့် တရားမဝင်ကြောင်းဖြင့် အတိအလင်းဆုံးဖြတ်ထားလေသည်။ ဗုဒ္ဓအယူ ဝါဒီမြန်မာတို့သည် လင်သေလျှင်မယားဆိုင်၍ မယားသေလျှင်လင်ဆိုင်ပြီး နှစ်ယောက်စလုံးသေပါက အမွေသည် အောက်သို့စုန်နိုင်၍ အထက်သို့မဆန်ရဟူသည့် အခြေခံသဘောထားကို လိုက်နာကြရသဖြင့် ဆန္ဒရှိသည့်အလျောက်သေတမ်းစာရေးသား ခွဲဝေပေးနိုင်ခြင်းမရှိချေ။ သေတမ်းစာရေးခြင်းအလေ့ပေါ်ပေါက်လာပုံမှာ ရှေးအခါကသားထောက်သမီးခံမရှိသူများသည် အမွေခံမရှိပါက မိမိတို့၏အစဉ်အဆက် တိမ်ကောသွားမည်ကိုအလွန်စိုးကြသည်။

ထို့ကြောင့်မိမိတို့ အားဆက်ခံရန် အခြားသူတစ်ဦးတစ်ယောက်၏ သားသမီးအား မွေးစားနိုင်ခွင့်ကိုရှေးဥပဒေများကခွင့်ပြုခဲ့၏။ ထိုအစဉ်အလာမှဆင်းသက်၍နောင်အခါတွင်အမွေဆက် အမွေခံမရှိသူတစ်ဦးသည် မိမိအမွေလွှဲအပ်ပေးလိုသူ တစ်ဦးဦးကို ရွေးချယ်ရာထား၍ပေးနိုင်ခဲ့လေသည်။ ထိုထက်တစ်ဆင့် တိုးတက်ပြုပြင် လာကြရာ လူတစ်ဦးတစ်ယောက်သည် မိမိတွင်ဇနီးနှင့်သားသမီးများ ရှိသော်လည်း သူတို့အတွက်မထောက် ထားဘဲ၊ မိမိ၏ပစ္စည်းကိုအခြားသူများနှင့်အခြားနေရာများတွင် ထင်သလိုခွဲဝေပေးနိုင်ခွင့်ရှိလာလေသည်။ အချို့နိုင်ငံများ၌ ထိုကဲ့သို့သေတမ်းစာရေးခွင့်ကို အချုပ်အခြယ်မရှိ။ မိမိတို့အလိုရှိသလိုပစ္စည်းများကို ခွဲဝေရန်ရေးသားထားနိုင်ခွင့်ရှိသည်။ ဤသို့ဖြင့် ချမ်းသာသော လူတစ်ဦးတစ်ယောက်၏ဇနီးနှင့်သားသမီးတို့မှာ သေတမ်းစာတွင် ထိုသူ၏အမွေခံများအဖြစ်ပစ္စည်းခွဲဝေခြင်းမရှိခဲ့လျှင် တရားဥပဒေအရ ထိုဇနီးနှင့်သားသမီးတို့မှာ ပစ္စည်းလက်မဲ့ ဖြစ်ကြရလေသည်။ အင်္ဂလန်ပြည်တွင် ဤကဲ့သို့ပင်သေတမ်း စာကိုအချုပ်အခြယ်မရှိ ရေးသားနိုင်ခွင့်ပေး၍ ထိုသေတမ်းစာ အတိုင်းဆောင်ရွက်နိုင်ခွင့်မှာ တရား ဥပဒေနှင့်ညီညွတ်လေသည်။

သေတမ်းစာကိုစာချုပ်သဖွယ်အသိသက်သေများ လက်မှတ်ထိုးကာပြုလုပ်ရ၏။ အသက် ၂၁ နှစ်မပြည့်သေးသော အရွယ်မရောက်သေးသူနှင့် စိတ်မနှံ့သူများမှတစ်ပါး အခြား မည်သူမဆိုသေတမ်းစာရေးနိုင်ခွင့်ရှိလေသည်။ နောက်နောင်တွင် အရှုပ်အရှင်းမပေါ်ပေါက်စေရန်၊ သေတမ်းစာများကို သေချာကျန ရှင်းလင်းပြတ်သားစွာရေးသားရသည်။ ထို့ကြောင့်များသော အားဖြင့်တရားဥပဒေနားလည်သူ ရှေ့နေနှင့်ဝတ်လုံများကို သေတမ်းစာများရေးသားခိုင်းလေ့ရှိကြ၏။ ထိုနောက်သေတမ်းစာနှင့်စပ်လျဉ်း၍ အကျိုးခံစားခွင့် မရှိသူနှစ်ဦး၏ရှေ့တွင် သေတမ်းစာရှင်က လက်မှတ်ထိုးရ၏။ ထိုသက်သေနှစ်ဦးကလည်း ထိုသေတမ်းစာကို ဤနေ့ ဤအချိန်တွင် မိမိတို့ရှေ့၌ ပြုလုပ်ကြောင်း အသိအမှတ်ပြုကာ လက်မှတ်ထိုးကြရ၏။ သေတမ်းစာရှင်သည် မိမိ၏သေတမ်းစာ အတိုင်းဆောင်ရွက်ရန် ကိစ္စကိုများသောအားဖြင့် ရှေ့နေသို့မဟုတ်ဝတ်လုံတစ်ဦးဦးအား လွှဲအပ်လေ့ရှိသည်။ သေတမ်းစာကိုအချိန်မရွေးရေးသားနိုင်၏။ ထပ်၍ပြင်ဆင်ခြင်း၊ အသစ်ရေးခြင်းလည်းပြုနိုင်၏။ သို့ရာတွင် စာတစ်ကြောင်း ပင်ပြင်စေကာမူ မည်သည့်အခါကပြင်ဆင်ကြောင်း အသိသက်သေများအားလက် မှတ်ရေးထိုးစေရပြန်သည်။ စစ်မြေပြင်တွင်တိုက်ပွဲဝင်နေသော ကြည်း၊ ရေ၊ လေ တပ်သားများအဖို့ကားဤသို့ခိုင်လုံစွာစာချုပ် ရေးသားရန်မလိုပေ။ မိမိတို့အလိုရှိသလို ပစ္စည်းခွဲဝေပေးရန် နှုတ်နှင့်ပင်ပြောကြားနိုင်လေသည်။ သေတမ်းစာတွင် မည်ကဲ့သို့ ပစ္စည်းခွဲဝေပုံကို အကျိုးကျေးဇူးခံစားခွင့်ရှိသူတို့မှာ သေတမ်းစာရှင်ကွယ်လွန်ပြီးသည့်အခါ သေတမ်းစာကို ဖောက်၍ဖတ်ပြီးမှသာလျှင်သိနိုင်ကြပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)