မာတိကာသို့ ခုန်သွားရန်

အမျိုးသမီးများ၏ အခွင့်အရေး

ဝီကီပီးဒီးယား မှ

အမျိုးသမီးများ၏ အခွင့်အရေး ဆိုသည့် ဝေါဟာရသည် အသက်အရွယ်မရွေး အမျိုးသမီးများနှင့် မိန်းကလေးများအားလုံးတို့၏ လွတ်လပ်ခွင့်နှင့် ခံစားပိုင်ခွင့်ရှိသည့် အရာများအား ရည်ညွှန်းသည်။ တစ်ခုသော လူမှုအဖွဲ့အစည်းတွင် ဥပဒေ၊ ဒေသဆိုင်ရာ ဓလေ့ထုံးစံနှင့် အပြုအမူအားဖြင့် ဤအခွင့်အရေးကို သဘောတူညီချက်အဖြစ် ပြဋ္ဌာန်းခြင်း၊ လျစ်လျူရှုခြင်း သို့မဟုတ် ဖိနှိပ်ချုပ်ချယ်ခြင်းတို့ကို ပြုကောင်းပြုနိုင်သည် သို့မဟုတ် မပြုနိုင်ပါ။ ဤလွတ်လပ်ခွင့်များကို အတူစုစည်းထားပြီး ပိုမိုကျယ်ပြန့်သော လူ့အခွင့်အရေး၏ အယူအဆများမှ ခွဲခြားထားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအခွင့်အရေးတို့သည် အမျိုးသားများနှင့် ယောက်ျားလေးများ မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်သော သို့မဟုတ် ၎င်းတို့အတွက်ဟု အသိအမှတ်ပြုထားသော လွတ်လပ်ခြင်းနှင့် မကြာခဏ ကွဲလွဲခြင်းကြောင့် လည်းကောင်း၊ ဤကိစ္စကို လှုပ်ရှားပြောင်းလဲရေးဝါဒီများက အမျိုးသမီးများနှင့် မိန်းကလေးများ ကျင့်သုံးသော အခွင့်အရေးများအပေါ် အမွေဆက်ခံမှု သမိုင်းကြောင်း သို့မဟုတ် ဓလေ့ထုံးစံ တစ်ဖက်သတ်အမြင်များဟုဆိုသောကြောင့် လည်းကောင်း ဖြစ်သည်။ အမျိုးသမီးများ၏ အခွင့်အရေးနှင့်ဆိုင်သော အယူအဆများနှင့် အများအားဖြင့် ဆက်စပ်လျက်ရှိနေသော ကိစ္စများတွင် ကိုယ်ခန္ဓာဆိုင်ရာ ရိုးသားဖြောင့်မတ်ခွင့်နှင့် မိမိကိုယ်မိမိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ မဲပေးခွင့် (မဲဆန္ဒပေးခြင်း)၊ အရာရှိလုပ်ခွင့်၊ အလုပ်လုပ်ခွင့်၊ မျှတသော လုပ်ခ သို့မဟုတ် တန်းတူညီမျှသော လုပ်ခ ရရှိခွင့်၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်၊ ပညာသင်ယူခွင့်၊ စစ်တပ်တွင် အမှုထမ်းခွင့် သို့မဟုတ် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရခွင့်၊ တရားဝင် ပဋိညာဉ်စာချုပ်များ ချုပ်ဆိုနိုင်ခွင့်နှင့် အိမ်ထောင်ရေး၊ မိဘ၊ ဘာသာရေး တို့နှင့်ဆိုင်သော အခွင့်အရေးတို့ ပါဝင်သော်လည်း ဤအချက်များသာဟု ကန့်သတ်မထားပါ။ အမျိုးသမီးများနှင့် ၎င်းတို့ကို ပံ့ပိုးသူများသည် စည်းရုံးလှုံ့ဆော် လှုပ်ရှားခဲ့ကြပြီး အမျိုးသားများကဲ့သို့ အခွင့်အရေးတန်းတူရရန် အချို့သော နေရာဒေသများတွင် ဆက်လက် လှုပ်ရှားတိုက်ပွဲဝင်နေဆဲ ဖြစ်သည်။

ကုလသမဂ္ဂနှင့် အမျိုးသမီးများ၏ အခွင့်အရေး

[ပြင်ဆင်ရန်]

1946 ခုနှစ်တွင် ကုလသမဂ္ဂသည် အမျိုးသမီးများရေးရာ ကော်မရှင်အဖွဲ့ကို တည်ထောင်ခဲ့သည်။ မူလက လူမှုရေးရာဌာန၏ လူ့အခွင့်အရေးဌာနခွဲတွင် အမျိုးသမီးများရေးရာ ဌာနစိတ်အဖြစ် ရှိခဲ့ပြီး ယခုအခါ စီးပွားရေးနှင့် လူမှုရေးကောင်စီ(ECOSOC)၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ 1975 ခုနှစ်မှ စတင်၍ ကုလသမဂ္ဂသည် အမျိုးသမီးများနှင့်ဆိုင်သော ကိစ္စများအတွက် မက္ကဆီကိုစီးတီးတွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနှစ် ကမ္ဘာလုံးဆိုင်ရာ ညီလာခံမှစတင်၍ ကမ္ဘာလုံးဆိုင်ရာ ညီလာခံများကို စဉ်ဆက်မပြတ် ကျင်းပလာခဲ့သည်။ ဤညီလာခံများသည် အမျိုးသမီးများ၏ အခွင့်အရေးအတွက် အပြည်ပြည်ဆိုင်ရာ စုပေါင်းဆွေးနွေးမှုတစ်ခုကို ဖန်တီးပေးခဲ့သည့်အပြင်၊ ယဉ်ကျေးမှုမတူညီသော အမျိုးသမီးများအကြား ကွဲပြားမှုများနှင့် အခြေခံမူများကို တစ်ကမ္ဘာလုံး အသုံးပြုဖို့ ကြိုးစားရာတွင် ကြုံတွေ့ရသော အခက်အခဲများကိုလည်း ထင်ရှားစေခဲ့သည်။[42] ကမ္ဘာ့ညီလာခံလေးခုကို ကျင်းပခဲ့ပြီးဖြစ်ရာ ပထမညီလာခံကို မက္ကဆီကိုစီးတီး( အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနှစ်၊ 1975)၊ ဒုတိယညီလာခံကို ကိုပင်ဟေဂင်(1980) နှင့် တတိယညီလာခံကို နိုင်ရိုဘီ(1985)တို့တွင် ကျင်းပခဲ့သည်။ ဘေဂျင်း(1995)တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ် ကမ္ဘာ့အမျိုးသမီးများ ညီလာခံတွင် အရေးယူဆောင်ရွက်မှုလမ်းစဉ် ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤလမ်းစဉ်တွင် “ကျားမ တန်းတူရေးနှင့် အမျိုးသမီးများအား လုပ်ပိုင်ခွင့်အာဏာပေးရေး” အောင်မြင်ဖြစ်မြောက်ရန် ကတိကဝတ်ပြုခြင်း ပါဝင်သည်။

အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ ဥပဒေ

[ပြင်ဆင်ရန်]

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ်

CEDAW တွင်ပါဝင်မှု


1948 ခုနှစ်တွင် သဘောတူလက်ခံခဲ့သော တစ်ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း တွင် “အမျိုးသားများနှင့် အမျိုးသမီးများ၏ တန်းတူအခွင့်အရေး” ကို အလေးထားပြီး တန်းတူညီမျှမှုနှင့် တရားမျှတမှု နှစ်ခုလုံးကို ညွှန်းဆိုသည်။1979 ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံက အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ်(CEDAW)ကို သဘောတူလက်ခံခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အခွင့်အရေးဥပဒေကြမ်းတွင် ဖော်ပြထားသည့်အတိုင်း 1981 ခုနှစ် စက်တင်ဘာလ 3 ရက်နေ့တွင် စတင်ထိရောက်စွာ လုပ်ဆောင်လာခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် CEDAW ကို အတည်ပြုခြင်းမရှိသည့် တစ်ခုတည်းသော ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်သည်။

သဘောတူစာချုပ်သည် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုကို အောက်ပါအတိုင်း အဓိပ္ပာယ် သတ်မှတ်သည် - လိင်အပေါ်အခြေခံ၍ သက်ရောက်မှုရှိသော သို့မဟုတ် ပျက်စီးအားနည်းစေရန် ရည်ရွယ်သော သို့မဟုတ် အသိအမှတ်မပြုသော မည်သည့် ထူးခြားချက်မျိုး၊ ချန်လှပ်ခြင်းမျိုး သို့မဟုတ် ကန့်သတ်ခြင်းမျိုး မှန်သမျှမဆို၊ ၎င်းတို့၏ အိမ်ထောင်ရေးအခြအနေကို လေးစားမှုမရှိဘဲ အမျိုးသမီးများအပေါ် သာယာမှုယူခြင်း သို့မဟုတ် အသုံးချခြင်း၊ အမျိုးသားများနှင့် အမျိုးသမီးများ၏ တန်းတူအခွင့်အရေးကို အခြေခံသော လူ့အခွင့်အရေးနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ လူမှုအဖွဲ့အစည်း သို့မဟုတ် မည်သည့်နယ်ပယ်တွင်မဆို အခြေခံလွတ်လပ်ခွင့်များ တို့ဖြစ်သည်။

သဘောတူစာချုပ်ကို အတည်ပြုသော နိုင်ငံများသည် ၎င်းတို့၏ ပြည်တွင်း တရားဥပဒေတွင် ကျားမတန်းတူရေးကို အလေးထားရန်၊ ၎င်းတို့၏ ဥပဒေများတွင် ခွဲခြားမှုကို ထောက်ပံ့နေသည့် အချက်များ အားလုံးကို ပယ်ရှားရန်နှင့် အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုကို ကာကွယ်ရန်အတွက် ပံ့ပိုးမှုအသစ်များကို ဥပဒေအဖြစ် ပြဋ္ဌာန်းရန်တို့ လိုအပ်သောကြောင့် ကျားမဖြစ်မှုအပေါ် အခြေခံသော ခွဲခြားဆက်ဆံမှု ရပ်တန့်ရန် ဆောင်ရွက်မှုအစီအစဉ် တစ်ခုကိုလည်း ချမှတ်သည်။ ၎င်းအစိုးရတို့သည် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုကို ထိရောက်စွာ ကာကွယ်မှုပေးဖို့ အာမခံရန်နှင့် ပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းခွင်များတွင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု အားလုံး ပပျောက်ရန် လုပ်ဆောင်ချက်များအနေဖြင့် အထူးခုံရုံးများနှင့် ပြည်သူ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြဋ္ဌာန်းရမည်ဖြစ်သည်။

မာပူတို ပဏာမသဘောတူညီချက်

[ပြင်ဆင်ရန်]

မာပူတို သဘောတူညီချက်ဟု လူသိများသည့် အာဖရိကရှိ အမျိုးသမီးအခွင့်အရေးဆိုင်ရာ လူသားနှင့် လူအများ၏ အခွင့်အရေးနှင့်ပတ်သက်သော အာဖရိကန်အမိန့်ပြန်တမ်းအပေါ် ပဏာမသဘောတူညီချက်ကို မိုဇမ်ဘစ်နိုင်ငံ မာပူတိုတွင်2003 ခုနှစ် ဇူလိုင်လ 11 ရက်နေ့၌ ဒုတိယအကြိမ် တင်သွင်းသည့်အခါ အာဖရိကန် သမဂ္ဂအဖွဲ့က လက်ခံခဲ့သည်။2005 ခုနှစ် နိုဝင်ဘာလ 25 ရက်နေ့တွင် အာဖရိကန်သမဂ္ဂ၏ အဖွဲ့ဝင် 15 နိုင်ငံက အတည်ပြုပြီးနောက် ပဏာမသဘောတူညီချက်ကို ထိရောက်စွာ အသုံးပြုလာခဲ့သည်။ ပဏာမသဘောတူညီချက်သည် နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ခွင့်၊ အမျိုးသားများနှင့် လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ တန်းတူရှိခွင့်၊ ၎င်းတို့၏ မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ ကျန်းမာရေးကို ထိန်းချုပ်နိုင်ခွင့်နှင့် မမျိုးဆက်ပြန့်ပွားမှု အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်ခြင်းကို ရပ်တန့်ခွင့် အပါအဝင် အမျိုးသမီးများ၏ အခွင့်အရေးကို အာမခံချက် အပြည့်အဝ ပေးသည်။

မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ အခွင့်အရေး

[ပြင်ဆင်ရန်]

မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ အခွင့်အရေးသည် လိင်နှင့်သက်ဆိုင်သော မျိုးဆက်ပြန့်ပွားခြင်းနှင့် မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ ကျန်းမာရေးတို့နှင့်ဆက်နွယ်သည်။“မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ အခွင့်အရေး” ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေတွင် အသိအမှတ်မပြုဘဲ အောက်ဖော်ပြပါ အခွင့်အရေး အချို့ သို့မဟုတ် အားလုံး ပါဝင်နိုင်သော ကျယ်ပြန့်သော ဝေါဟာရ အဖြစ် အသုံးပြုသည်- တရားဝင် သို့မဟုတ် အန္တရာယ်ကင်းသော ကိုယ်ဝန်ဖျက်ချခွင့်၊ မိမိ၏ မျိုးဆက်ပြန့်ပွားရေးကို ထိန်းချုပ်နိုင်ခွင့်၊ အဆင့်အတန်းပြည့်မီသော မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိခွင့်၊ အတင်းအကျပ်ပြုလုပ်စေခြင်း၊ ခွဲခြားခြင်းနှင့် အကြမ်းဖက်ခံရခြင်းတို့မှ ကင်းဝေးလျက် မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ ရွေးချယ်ခြင်းများ ပြုလုပ်နိုင်ရန် ပညာပေးခြင်းနှင့် အခွင့်အလမ်းများ ရရှိခွင့်တို့ ဖြစ်သည်။ မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ အခွင့်အရေးတွင် သန္ဓေတားခြင်းနှင့် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများအကြောင်း ပညာပေးခြင်းအပြင် အတင်းအကျပ်ပြုလုပ်သော သားကြောဖြတ်ခြင်းနှင့် သန္ဓေတားခြင်းမှ လွတ်မြောက်ရေး၊ ကျားမဖြစ်မှုအပေါ် အခြေခံသော မမျိုးဆက်ပြန့်ပွားမှု အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်ခြင်း ကဲ့သို့သော လုပ်ဆောင်မှုများမှ ကာကွယ်ရေး သို့မဟုတ် FGC နှင့် ကျားမျိုးဆက်ပြန့်ပွားမှု အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်ခြင်း သို့မဟုတ် MGM တို့ ပါဝင်ရန်လည်း နားလည်ရမည်။ မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ အခွင့်အရေးသည် အမျိုးသားနှင့် အမျိုးသမီးထု နှစ်ရပ်လုံး၏ အခွင့်အရေးအဖြစ် နားလည်ထားသော်လည်း အမျိုးသမီးများ၏ အခွင့်အရေးအဖြစ် အများအားဖြင့် ပြန့်ပွားလာသည်။ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ (UNPF) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) တို့သည် အမျိုးသမီးများ၏ အခွင့်အရေးအပေါ် အဓိက အလေးပေးခြင်းဖြင့် မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ အခွင့်အရေးကို ထောက်ခံသည်။ ဤအခွင့်အရေး အယူအဆကို ကုလသမဂ္ဂ၏ 1968 ခုနှစ်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးညီလာခံတွင် လူ့အခွင့်အရေးအကြောင်းရပ်၏ ကဏ္ဍငယ်အဖြစ် ဦးစွာ ဆွေးနွေးခဲ့သည်။ တီဟီရန် ကြေညာချက်၏ တစ်ဆယ့်ခြောက်ခုမြောက် ပိုဒ်ခွဲတွင် မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ အခွင့်အရေးကို လူ့အခွင့်အရေး၏ ကဏ္ဍငယ်အဖြစ် အသိအမှတ်ပြုထားပြီး “မိဘများတွင် ၎င်းတို့၏ သားသမီးအရေအတွက်နှင့် ကလေးတစ်ဦးနှင့်တစ်ဦးကြား အသက်အကွာအဝေးကို မိမိတို့ဘာသာ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ပြီး တာဝန်ယူနိုင်သည့် အခြေခံလူ့အခွင့်အရေးရှိသည်”ဟု ဖော်ပြထားသည်။


ကိုးကား

[ပြင်ဆင်ရန်]


ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]