အပူလျှောက်ကူးခြင်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အပူလျှောက်ကူးခြင်း (အင်္ဂလိပ်: thermal conduction or heat conduction) သည် အရာဝတ္ထုတစ်ခုအတွင်း၌ အီလက်ထရွန်များရွေ့လျှားခြင်းနှင့် အလွန်သေးငယ်သောအမှုန်လေးများ၏ (အချင်းချင်း) တိုက်မိ၊ ဆောင့်မိခြင်းများကြောင့် အတွင်းစွမ်းအင် (internal energy) ဖလှယ်မှု(ဖြစ်စဉ်) ဖြစ်သည်။ ထိုလှုပ်ရှားတိုက်မိကြသော အမှုန်များတွင် မော်လီကျု၊ အက်တမ်နှင့် အီလက်ထရွန်များပါဝင်ကြ၍ ထိုအမှုန်များသည် ကစဉ့်ကလျားဖြစ်နေကြသော အရွေ့စွမ်းအင်၊ အတည်စွမ်းအင်များကို ဖလှယ်ကူးပြောင်းကြသည်။ ဤစွမ်းအင်နှစ်ရပ်ကိုပင်ပေါင်း၍ အတွင်းစွမ်းအင်ဟူ၍ ခေါ်ဝေါ်သည်။ အပူလျှောက်ကူးခြင်းသည် အဆင့်အခြေနေသုံးခု (ခဲ၊ ရည်၊ ငွေ့) တိုင်းတွင် ဖြစ်ပေါ်နိုင်သော်လည်း အခဲအနေထားတွင်သာ သိသိသာသာဖြစ်ပေါ်ကြသည်။[၁]

အရာဝတ္ထုနှစ်ခုကြား အပူစွမ်းအင်ဖလှယ်ခြင်း (လျှောက်ကူးခြင်း) နှုန်းသည် ထိုအရာနှစ်ခု၏ အပူချိန်ကွာခြားချက် (temperature gradient) ၊ အပူလျှောက်ကူးသည့်ကြားခံပစ္စည်း၏ ဂုဏ်သတ္တိတို့ပေါ်တွင်မူတည်သည်။

အပူဆိုသည်မှာ ပူသောအရာမှ အေးသောအရာဆီသို့ စီးဆင်းသည်။ ဥပမာအနေဖြင့် လျှပ်စစ်မီးဖို၏ အပူပြားမှတဆင့် ထိတွေ့နေသော ဒယ်အိုးဖင်ဆီသို့ လျှောက်ကူးသွားသည်။ အရာဝတ္ထုတစ်ခုအတွင်း (သို့) အရာဝတ္ထုနှစ်ခုကြား အပူချိန်ကွာခြားချက်သည် ပြင်ပစွမ်းအင်ရင်းမြစ်တစ်ခုခု၏ အကျိုးသက်ရောက်စေမှုမရှိပါက အချိန်နှင့်အမျှ ကွာခြားမှုပမာဏ နည်း၍ နည်း၍သွားကာ တစ်ချိန်တွင် အပူမျှခြေအနေအထား (thermal equilibrium) သို့ရောက်ရှိသည်။

အပူလျှောက်ကူးခြင်းသည် (အစိုင်အခဲအနေထားရှိ) အရာဝတ္ထုတစ်ခုအတွင်း (သို့) အချင်းချင်းထိတွေ့နေကြသော အရာဝတ္ထုများကြားတွင် အရေးအပါဆုံးအပူဖလှယ်ခြင်းနည်းလမ်းတစ်ခုဖြစ်သည်။ အစိုင်အခဲများတွင် လျှောက်ကူးခြင်းသည် သိသာကြီးမားစွာဖြစ်တတ်၏ ။ အကြောင်းမှာ အက်တမ် စသောအမှုန်များကြား နေရာလွတ် တုံ့ပြန်ဆက်ဆံမှုသည် အသေဖြစ်နေခြင်းက အမှုန်များကို တုန်ခါမှုမှတစ်ဆင့် အချင်းချင်းကြား စွမ်းအင်ကူးပြောင်းမှုကို ကူညီပေးသောကြောင့်ဖြစ်သည်။[၂]

လျှောက်ကူးခြင်းနည်းလမ်းသည် အငွေ့၊ အရည်များတွင် ဖြစ်ပေါ်မှု မရှိသလောက်နည်းပါးသည်။ အရည်၊ အထူးသဖြင့် အငွေ့တို့တွင် အက်တမ်များကြား ကြီးမားသောကွာဝေးမှုကြောင့် အချင်းချင်း တိုက်မိ၊ ဆောင့်မိမှု မရှိသလောက်ဖြစ်သောကြောင့် လျှောက်ကူးခြင်းနည်းလမ်းသည်လည်း အလွန်တရာနည်းပါးသည်။[၂] (မဖြစ်ပေါ်ဟု မဆို၊ သို့သော် ဖြစ်ပေါ်မှုရှားပါး၊ နည်းပါးသည်)

ပူသောအရာဝတ္ထုတစ်ခုက မောလီကျုတစ်ခု၏ အရွေ့စွမ်းအင်သည် အေးသောအရာဝတ္ထုက မော်လီကျုထက် ပိုမိုမြင့်မားသည်။ မော်လိကျုနှစ်ခုတိုက်မိပါလျှင် ပူသောမော်လီကျုမှ အေးသောမော်လီကျုသို့ စွမ်းအင်ကူးပြောင်းသည်။ ထိုသို့ တိုက်မိကြသော မော်လီကျုများအားလုံးမှ ဖြစ်ပေါ်လာသော စုပေါင်းအကျိုးသက်ရောက်မှုသည် အသားတင် အပူအားတစ်ခုကို ရရှိဖြစ်ပေါ်စေသည်။ ထိုအသားတင်အပူကို အလိုရှိပါက :

T = T hot - T cold

ဟူ၍ အပူချိန်ကွာခြားချက်ဖြင့် တွက်ချက်နိုင်သည်။

အရာဝတ္ထုနှစ်ခု အပူချိန်တူညီသွားပါက အသားတင်အပူကူးပြောင်းဖလှယ်နှုန်းသည် သုညအထိကျဆင်း၍ အပူမျှခြေအနေအထားသို့ ရောက်ရှိသည်။ ထိတွေ့သည့်အကျယ်အဝန်းများလာမှုနှင့်အတူ မော်လီကျူးများ ဝင်ရောက်တိုက်မိသည့်ပမာဏသည်လည်းများပြားလာသည်။ ထို့ကြောင့် အေးသောနံရံတစ်ခုကို လက်ချောင်းထိပ်ဖျားနှင့် ထိသည်ထက် လက်ဖဝါးပြင်တစ်ခုလုံးနှင့် ထိတွေ့လိုက်ခြင်းက အေးမြမှုကို ပိုမိုခံစားရသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. C. Ranganayakulu; Kankanhalli N. Seetharamu (30 April 2018)။ Compact Heat Exchangers: Analysis, Design and Optimization using FEM and CFD Approach။ John Wiley & Sons။ pp. 4–။ ISBN 978-1-119-42418-5
  2. ၂.၀ ၂.၁ ၂.၂ Methods of Heat Transfer, Lumen