အန္ဓရဒေသ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အန္ဓရဒေသသည် အိန္ဒိယသမ္မတနိုင်ငံ၏ ပြည်နယ်ကြီးတစ်ခုဖြစ်၍ ၁၉၅၆ ခုနှစ် ပြည်နယ်များ ပြန်လည်ဖွဲ့စည်းရေးဥပဒေအရ ပေါ်ပေါက်လာခဲ့သည်။ ၁၉၅၃ ခုနှစ် တွင် ဖွဲ့စည်းခဲ့သော ပြည်နယ်သစ်တစ်ခုဖြစ်သည့် အန္ဓရပြည်နယ်တွင် ယခင် ဟိုက်ဒရဗတ် ပဒေသရာဇ်ပြည်နယ်၏ ခရိုင်အချို့ကို ပူးပေါင်းထည့်သွင်းကာ ၁၉၅၆ ခုနှစ် နိုဝင်ဘာလ တစ်ရက်နေ့တွင် အိန္ဒိယပြည်ထောင်စု၏ ပြည်နယ်တစ်ခုအဖြစ် တရားဝင် ကြေညာခဲ့လေသည်။


ယခု အန္ဓရဒေသတွင် တစ်စိတ်တစ်ဒေသ ပါဝင်လျက်ရှိသော ဟိုက်ဒရဗတ်နယ်သည် ဗြိတိသျှ အစိုးရလက်ထက်က နယ်အကျယ်ဝန်းဆုံး၊ အချမ်းသာဆုံးနှင့် အရေးအပါဆုံးသော ပဒေသရာဇ်နယ်ကြီး ဖြစ်သည်။


လွတ်လပ်သော အိန္ဒိယပြည်ထောင်စုအတွင်းသို့ နောက်ဆုံးဝင် ရောက်လာသော တိုင်းရင်းသား ပဒေသရာဇ်နယ်ကြီးလည်း ဖြစ်ပေသည်။ ယင်းပြည်နယ်သည် ဒက္ခိဏကုန်းပြင်မြင့်၏ အလယ်တွင်တည်ရှိသည်။ မြောက်ဘက်တွင် အဇန္တ တောင်ကုန်းများ၊ ပင်ဂင်္ဂါ၊ ပရန်ဟိတနှင့် ဂိုဒါဝရီမြစ်များရှိ၍ တောင်ဘက်တွင် ထုံဂါဘဒြမြစ်နှင့် ကစ္စနားမြစ်တို့ရှိသည်။ အရှေ့ဘက်၌ ဘင်္ဂလားပင်လယ်အော်ရှိ၍ အနောက်ဘက်၌ မဟာရဋ္ဌပြည်နယ် (ယခင်ဘုံဘိုင်ပြည်နယ်)နှင့်မူ သဘာဝနယ်နိမိတ် အပိုင်းအခြားမရှိချေ။


အနောက်မြောက်ဘက်ပိုင်းဖြစ်သော ဗီမာမြစ်နှင့် အဇန္တ တောင်ကုန်းများအကြားရှိ ဒေသသည် ဒက္ခိဏကုန်းပြင်မြင့်၏ မီးတောင်ချော်ရည်စီးကျရာမှ ဖြစ်ပေါ်လာသော ထိပ်ပြားတောင်ကုန်း အနည်းငယ်မျှရှိသည့် ကျယ်ပြန့်သောလွင်ပြင်ဖြစ်၍ အပေါ်ယံမြေမျက်နှာပြင်သည် ရေခိုးရေငွေ့ကို စုပ်ယူထားတတ် ပြီးလျှင်၊ အလွန်မြေဩဇာကောင်းသော မြေစေးနက်နက်များဖြင့် ဖုံးလွှမ်းနေသဖြင့် ဝါဂွမ်းစိုက်ပျိုး၍ အလွန်ဖြစ်ထွန်းသည်။ ကျန်ဒေသများမှာမူ ကျယ်ပြန့်သော လွင်ပြင်များ ဖြစ်သော်လည်း မြေဩဇာညံ့ဖျင်းသဖြင့် စိုက်ပျိုး၍ မဖြစ်ထွန်းချေ။ မိုးပါးသောဒေသဖြစ်၍ တစ်နှစ်ပတ်လုံး မိုးရေချိန်သည် လက်မ ၃ဝ မှ ၃၅ လက်မခန့်သာရှိသည်။ မိုးခေါင်တတ်သောဒေသလည်း ဖြစ်သည်။ မဇ္ဈိမအပူချိန်သည် ဒီဇင်ဘာလ၌ ဖာရင်ဟိုက် ၇ဝ ဒီဂရီရှိပြီးလျှင် မေလတွင် ဖာရင်ဟိုက် ၉၃ မှ ၉၅ ဒီဂရီရှိလေသည်။


စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ပြည်နယ်ဖြစ်ရာ မိုးရေချိန်ကလည်း နည်းပါးသဖြင့် ဆည်များ၊ တူးမြောင်းများ ဖောက်လုပ်၍ ရေသွင်းစိုက်ပျိုးကြရသည်။ ဂိုဒါဝရီ၊ ထုံဂါဘဒြ၊ ကစ္စနား၊ ဗီမာမြစ် အောက်ပိုင်းတို့၌ ဆည်များရှိသည်။ လူး၊ ဆန်စပါး၊ ဂျုံ၊ နှမ်း၊ ဝါဂွမ်း၊ ကြံတို့ကို အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ကြသည်။ မြေပြန့်ဒေသတွင် ထနောင်းပင်မျိုးတို့မှလွဲ၍ အခြားသစ်ပင်ကြီးငယ်များ နည်းပါးလှစွာ ပေါက်ရောက်သည်။ သို့သော် ဂိုဒါဝရီမြစ်ရိုးတစ်လျှောက် အရှေ့မြောက်ဘက်တွင်မူ သစ်ပင်တောအုပ် ထူထပ်၍ ထိုသစ်တောများမှ အဖိုးတန်သစ်များ ရရှိသည်။ သစ်တောထွက်ပစ္စည်းများဖြစ်သော ပိုးချည်ရိုင်း၊ ချိပ်၊ ကော် နှင့် သစ်ဆီများကိုလည်း ထုတ်လုပ်နိုင်လေသည်။


ကျောက်မီးသွေးမှလွဲလျှင် အခြားအဖိုးတန် သတ္ထု အထွက်နည်းသည်။ သို့သော် အဆောက်အအုံသုံး ထုံးကျောက်မျိုး အတော်အတန်ထွက်သည်။ ရွှေနှင့်စိန်များလည်း ယခင်က အတော်အတန် တူးဖော်ရရှိခဲ့သော်လည်း ယခုအခါ အထွက်နည်းသဖြင့် ထိုလုပ်ငန်းများသည် အရေးမပါလှတော့ချေ။ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနှင့် ပါကစ္စတန်ဟူ၍ နှစ်နိုင်ငံခွဲထုတ်သောအခါ ဟိုက်ဒရဗတ်စော်ဘွားသည် အိန္ဒိယပြည်ထောင်စုသို့လည်းမဝင်၊ ပါကစ္စတန်နိုင်ငံ၌လည်းမပါဘဲ သီးခြားလွတ်လပ်စွာ နေနိုင်ရန် ကြိုးစားခဲ့သည်။ အိန္ဒိယအစိုးရကလည်း ဟိုက်ဒရဗတ်နယ်ကို အေးချမ်းစွာသိမ်းသွင်းနိုင်ရန် ကြိုး စားသည်။ နယ်စပ်တွင် ဟိန္ဒူနှင့် အစ္စလာမ်ဝါဒီတို့၏ ပဋိပက္ခများကလည်း မကြာခဏဖြစ်ပွားသည်။ ၁၉၄၈ ခု စက်တင်ဘာလတွင် အိန္ဒိယအစိုးရ၏တပ်များသည် ဟိုက်ဒရဗတ်နယ် အတွင်းသို့ ချီတက်ဝင်ရောက်ကြရာ လေးရက်မျှအကြာတွင် နီဇမ်စော်ဘွားသည် စည်းကမ်းချက်ဖြင့် လက်နက်ချလေသည်။ အိန္ဒိယအစိုးရသည် စစ်ဘုရင်ခံတစ်ဦးကို ခန့်ထားအုပ်ချုပ်စေခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် စစ်အုပ်ချုပ်ရေးရုပ်သိမ်း၍ ၁၉၅ဝ ပြည့်နှစ်၌ အိန္ဒိယပြည်ထောင်စု သမ္မတနိုင်ငံ၏ ပြည်နယ်တစ်ခု ဖြစ်လာလေသည်။


ဟိုက်ဒရဗတ် ပဒေသရာဇ်နယ်အတွင်း၌ လူများစုက မာရသီဘာသာစကားပြောသော ခရိုင်များ၊ တယ်လဂူနှင့် အန္ဓရ ဘာသာစကားပြောသော ခရိုင်များ၊ ကန္နန္ဒဘာသာစကားပြောသော ခရိုင်များပါဝင်သည်။ ၁၉၅၆ ခုနှစ်ပြည်နယ်များ ပြန်လည်ဖွဲ့စည်းရေးဥပဒေအရ ဘာသာစကားအခြေခံဖြင့် ပြည် နယ်များ ပြန်လည်ဖွဲ့စည်းသောအခါ မာရသီခရိုင်များသည် ဘုံဘိုင်ပြည်နယ်သို့လည်းကောင်း၊ တယ်လဂူနှင့် အန္ဓရခရိုင်များသည် အန္ဓရဒေသသို့လည်းကောင်း၊ ကန္နန္ဒခရိုင်များသည် မိုင်ဆိုပြည်နယ်သို့လည်းကောင်း ပူးပေါင်းကြရပြီးလျှင် ဟိုက်ဒရဗတ် ပြည်နယ်သည် ပြည်နယ်တစ်ခုအဖြစ်မှ ပျောက်ပျက်ခဲ့ရလေ သည်။ အန္ဓရဒေသကို တည်ထောင်ဖွဲ့စည်းသောအခါ၌လည်း ဟိုက်ဒရဗတ်မြို့ကိုပင် ပြည်နယ်မြို့တော်အဖြစ် ဆက်လက်ထားရှိသည်။ ယင်းမြို့ကြီးသည် အိန္ဒိယနိုင်ငံတွင် စတုတ္ထအကြီးဆုံးမြို့ဖြစ်သည်။ ကစ္စနားမြစ်၏ လက်တက်တစ်ခုဖြစ်သော မျူစီမြစ်ပေါ်၌တည်ရှိ၍ မြို့တည်ရာအရပ်သည် ကျောက်တောင် ကျောက်ကုန်းများ အနှံ့အပြားရှိသည့် လွင်ပြင်ဒေသဖြစ်သည်။ လှပခမ်းနားသော အဆောက်အအုံများရှိသည့်အနက် နီဇမ်မဟာရာဇာ၏ နန်းတော်ကြီးကား အဓိကရဖြစ်ပေသည်။ ဘုံပြာသာဒ် လေးဆောင်ရှိသော ချားမီးနားခေါ် အဆောက်အအုံကြီးသည်လည်း မြို့၏ ထင်ရှားသော အဆောက်အအုံကြီးဖြစ်၍ မြို့၏ လမ်းမကြီးများသည် အဆောက်အအုံကြီးမှ ဖြာထွက်ကြသည်။ ပဒေသရာဇ်ခေတ်က ထိုမြို့ကြီးသည် အုပ်ချုပ်ရေးအတွက်သာမက ဝါဂွမ်းကုန်သွယ်ရေးအတွက်လည်း အရေးပါလှသည့်အပြင် လက်ရက်ထည်များ၊ ကော်ဇောများကို ကြီးကြီးကျယ်ကျယ် ရောင်းဝယ်ဖောက်ကားရာလည်း ဖြစ်သည်။ အမြင့်ဆုံးသော တိုင်းရင်းဘာသာပညာရေး အဆောက်အအုံကြီးဖြစ်သည့် အော့စမေးနီးယား တက္ကသိုလ်ကြီးတည်ရှိ၍ ယင်းတွင် အူရဒူဘာသာဖြင့် သင်ကြားပို့ချပေးသည်။ ဟိုက်ဒရဗတ်မြို့ကြီး၏ လူဦးရေသည် ၁၇၉၈၉၁ဝ ယောက် (၁၉၇၅)ဖြစ်သည်။ ဟိုက်ဒရဗတ်နယ်၏ တယ်လဂူခရိုင်များမှတစ်ပါး အန္ဓရဒေသ၌ပါရှိသော ကျန်အစိတ်အပိုင်းများသည် အန္ဓရပြည်နယ် ဖြစ်သည်။ ထိုပြည်နယ်သည် ၁၉၄၉ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးဖွဲ့စည်းလိုက်သော နယ်သစ်တစ်ခုဖြစ်သည်။ ဘာသာစကားတူပြောဆိုသည့် လူဦးရေအများစုနေထိုင်ရာခရိုင်၊ စီရင်စု စသည်တို့ကို ပူးပေါင်းကာ ဘာသာစကားတူ အခြေခံစနစ်ဖြင့် ပထမဆုံးဖွဲ့စည်းသော ပြည်နယ်လည်း ဖြစ်သည်။ ၁၉၅၃ ခုနှစ် အောက်တိုဘာလ တစ်ရက်နေ့တွင် အန္ဓရပြည်နယ်အဖြစ် တရားဝင်ကြေညာခဲ့လေသည်။ ဘာသာစကားတူအဖြစ် ဖွဲ့စည်းခဲ့သော အန္ဓရပြည်နယ်သည် ယခင်မဒရပ်ပြည်နယ်ကြီး၏ တစ်စိတ်တစ်ဒေသဖြစ်၍ အရှေ့တောင်ကမ်းရိုးတန်း၌ တည်ရှိသည်။


ထိုပြည်နယ်တွင် ဒြာဗီးဒီးယန်းလူမျိုးကြီးမှ ဆင်းသက်သော အန္ဓရတယ်လဂူဘာသာစကား ပြောဆိုသည့် လူဦးရေအများစု နေထိုင်ရာ သီရိကကူလမ်၊ ဝိဇဂပတ္ထနံ၊ ဂိုဒါဝရီအရှေ့ပိုင်း၊ ဂိုဒါဝရီအနောက်ပိုင်း၊ ကရစ်ရှနား၊ ဂွန်တူး၊ နယ်လို၊ ကာနူး၊ အနန္တပူ၊ ကဒ္ဒပ၊ ချစ်တူးခရိုင်များနှင့် ဗယ်လာရီခရိုင်၏ တစ်စိတ်တစ်ဒေသတို့ ပါဝင်သည်။


ထိုစဉ်က ပြည်နယ်ပေါင်း ၂၈ နယ်ပါဝင်သော အိန္ဒိယပြည်ထောင်စုတွင် အန္ဓရပြည်နယ်သည် အကျယ်အဝန်းတွင် လည်းကောင်း၊ လူဦးရေတွင်လည်းကောင်း သတ္တမအကြီးဆုံးဖြစ်သည်။ အကျယ်အဝန်းသည် စတုရန်းမိုင် ၆၇,ဝဝဝ ဖြစ်၍ လူဦးရေ ၂ဝ,၂၈၂,ဝဝဝ ယောက်ရှိလေသည်။ ထိုစဉ်က ပြည် နယ်၏မြို့တော်သည် ကာနူးမြို့ဖြစ်သည်။


အန္ဓရပြည်နယ်၏မြောက်ဘက်တွင် မဟာရဋ္ဌပြည်နယ်၊ မဇ္ဈဒေသပြည်နယ်နှင့် ဩရိဿပြည်နယ်၊ အရှေ့ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင် တမီနာဒူပြည်နယ်နှင့် အနောက်ဘက်တွင် မိုင်ဆိုပြည်နယ်နှင့် မဟာရဋ္ဌပြည်နယ်တို့ အသီးသီးဝန်းရံလျက်ရှိသည်။


အန္ဓရပြည်နယ်သည် အရေးပါသော ဆန်စပါးစိုက်ပျိုးရာဒေသဖြစ်သည်။ ထိုပြည်နယ်မှ တစ်ကမ္ဘာလုံးထွက် လချေးလေးတစ်ပုံထွက်ရှိ၍ မန်းဂနိ၊ ခရိုမိုက်၊ သံ၊ ကန့်၊ စသော သတ္တုများဖြင့်လည်း ကြွယ်ဝလေသည်။ အန္ဓရ-တယ်လဂူ ဘာသာစကား ပြောဆိုသူ လူများစု နေထိုင်ရာဒေသဖြစ်သဖြင့် ထိုပြည်နယ်ကို အန္ဓရပြည်နယ်ဟု ခေါ်တွင်ခဲ့လေသည်။ ၁၉၅၆ ခုနှစ်တွင် ပြည်နယ်များ ပြန်လည် ဖွဲ့စည်းသောအခါ ဟိုက်ဒရဗတ်ပြည်နယ်၏ တယ်လဂူခရိုင်များ ကို အန္ဓရပြည်နယ်၌ ပူးပေါင်းထည့်သွင်းကာ အန္ဓရဒေသဟူ၍လည်း အမည်ပြောင်းလိုက်သည်။ အကျယ်အဝန်းနှင့် လူဦးရေသည် တိုးတက်လာရာ ၁၉၇၁ ခုနှစ် စာရင်းအရ အန္ဓရဒေသ၏အကျယ်အဝန်းသည် စတုရန်းမိုင် ၁ဝ၆,၂၈၆ ဖြစ်၍ လူဦးရေ ၄၃,၃၉၄,၉၅၁ ယောက်ရှိရာ အကျယ်အဝန်းတွင် ပဉ္စမအကြီးဆုံး၊ လူဦးရေတွင် စတုတ္ထအများဆုံး ပြည်နယ် ဖြစ်လာလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)