ဘုရားကိုးဆူ

ဝီကီပီးဒီးယား မှ

ဘုရားကိုးဆူ[ပြင်ဆင်ရန်]

ဘုရားကိုးဆူ ဆိုသည်မှာ (၁)ဘုရား (၂) ရှင်သာရိပုတ္တရာ (၃) ရှင်မောဂ္ဂလာန် (၄)ရှင်ကောဏ္ဍည(၅) ရှင်အာနန္ဒာ (၆) ရှင်ဂဝံပတိ (၇) ရှင်ရာဟုလာ (၈) ရှင်ရေဝတ (၉) ရှင်ဥပါလိဟူ၍ ဘုရားတစ်ပါးနှင့် ရဟန္တရှစ်ပါးကို ပေါင်း၍ ပူဇော်သည်ကို အစွဲပြုကာ ဘုရားကိုးဆူခေါ်ဆိုခြင်း ဖြစ်သည်။


လောကီဆရာတို့အသုံးပြုသော ( သံ-ဂုံ-ပ-မ-ယျ ) ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ၊ မေတ္တေယျ ဘုရားငါးဆူ၊ အာန္ထာနာန္ထိယသုတ်၌ ဝေဿဝဏ်နတ်မင်းကြီး မိမိသိမီသမျှ ဘုရားကို လျှောက်ထားသော ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဘုရားခုနှစ်ဆူ၊ ဘုရားနှစ်ကျိပ်ရှစ်ဆူ စသည်ဖြင့် သူ့နေရာ နှင့်သူ ခေါ်ဝေါ် အသုံးပြုကြသည်လည်း ရှိသေး၏။

ယင်းဘုရားကိုးဆူ၌ ဘုရားတစ်ပါးနှင့် ရဟန္တာ ရှစ်ပါးဖြစ်၍ ဘုရားချည် မဟုတ်ဘဲလျက် ဘုရားကိုးဆူ ဆိုရာမှာ ပြဋ္ဌာန်းသော ဘုရားကို အစွဲပြု၍ ပဓာနနည်းအားဖြင့် လည်းကောင်း၊ သို့မဟုတ် ဘုရားနှင့် ရဟန္တာကား ဒက္ခိဏေယျ ပူဇာရဟ ( မြတ်သောအလှူကို ခံယူထိုက်သဖြင့် ပူဇော်ထိုက် သော ) လက္ခဏာချင်း တူရကား နေတ္တိ ပါမ္ဗိတော်၊ ဟာရ တစ်ဆယ့်ခြောက်ပါးတွင် ပြဆိုအပ်သော လက္ခဏာဟာရ နည်းအားဖြင့် လည်းကောင်း ရဟန္တာကို ဘုရားနှင့် အတူထား၍ ဘုရားကိုးဆူ ခေါ်ဆိုခြင်း ဖြစ်လေသည်။

ထိုသို့ယူခဲ့သော် ယင်းရဟန္တာ ရှစ်ပါးသာမဟုတ်၊ ရဟန္တာအများကိုပင် ဘုရားဟူသော အနက်အဓိပ္ပာယ်ဖြင့် ယူသင့်ပေသည်။ ထိုသို့ယူသင့်သော်လည်း ရဟန္တာအများကို မယူဘဲ အရပ်ရှစ်မျက်နှာ အနေအထားဖြင့် အသင့်လျော်ဆုံး ဖြစ်သော ယင်းရဟန္တာရှစ်ပါးကိုသာ ဘုရားကိုးဆူ ပူဇော်ရာ၌ ယူအပ်လေသည်။

ဘုရားကိုးဆူပူဇော်သော အလေ့အထမှာလည်း သက္ကရာဇ် ၇၆၇ ခုနှစ်လောက်က ဇင်းမယ်ပြည်တွင် တရုတ်တို့ နှောင့်ယှက်လာသောအခါ၊ ရွတ်ဖတ်နာယူသူတို့ကို ဘေးကြီးမှ လွတ်ကင်းအေးချမ်းရန် ရှင်သီလဝံသ ရေးသားအပ်သော ဥပ္ပါတသန္တိကျမ်း ဖြစ်ပေါ်လာပြီးနောက်၊ ပိန္ထကတ်တော်၌ ကျွမ်းကျင်လိမ္မာသော ဆရာတော်တို့ညွှန်ကြားစီမံချက်အရ ဖြစ်ပေါ်လာဟန် တူသည်။ အကြောင်းကား ဘုရားကိုးဆူ ပူဇော်ရာ၌ ဘေးအန္တရာယ် ကင်း၍ ကောင်းကျိုးချမ်းသာ ဖြစ်စေခြင်းငှာ ဥပ္ပါတသန္တိကျမ်းကို ရွတ်ဖတ်လေ့ ရှိသော ကြောင့်ဖြစ်သည်။

တစ်ကြောင်းလည်း ဇင်းမယ်ပြည်တွင် နှစ်ပေါင်းများ စွာ ရှေးအခါကပင် (၁) တနင်္ဂနွေ (၂) တနင်္လာ (၃) အင်္ဂါ (၄) ဗုဒ္ဓဟူး (၅) စနေ (၆) ကြာသပတေး (၇) ရာဟု (၈) သောကြာ (၉) ကိတ်ဟူသော ဂြိုဟ်ကြီး ကိုးလုံးကို ပူဇော် သော အလေ့အထရှိခဲ့ဟန်တူသည်။ နက္ခတ်ဗေဒင်ကို အယူ အဆရှိသောသူတိုင်း ဂြိုဟ်ကြီးကိုးလုံး ကိုစောင့်သော နတ် တို့တွင် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ သောမဂြိုဟ်လေးလုံးကို စောင့်သော နတ်တို့သည် မကောင်း ကျိုးကို ပေးတတ်သည်ဟု ယူဆကြသည်။ ယူဆကြသည့် အတိုင်း မကောင်းကျိုးပျောက်၍ ကောင်းကျိုးရောက်အောင် ပူဇော်ကြခြင်း ဖြစ်လေသည်။

ဥပ္ပါတသန္တိကျမ်းပေါ်ပြီးနောက် နှစ်ပေါင်း တစ်ရာ့ ငါးဆယ်ကျော်၊ သက္ကရာဇ် ၉၁၉ ခုနှစ်သို့ရောက်သောအခါ၊ ဟံသာဝတီ ဆင်ဖြူရှင်များ မင်းတရားကြီးသည် ဇင်းမယ်ကို အောင်နိုင်၍ သားတော် နော်ရထာကို ဇင်းမယ်ဘုရင်အဖြစ် လွှဲအပ်အုပ်ချုပ်စေသည်။ ထိုအခါ ပိန္ထကတ်တော်မှစ၍ စာပေကျမ်းဂန် ကျွမ်းကျင်လိမ္မာ သော ပုဂ္ဂိုလ်အများထွန်းကား ခဲ့သည်။

ယင်းဘုရင်လက်ထက် ပိန္ထကတ်တော်၌ ကျွမ်းကျင် လိမ်မာသော ဆရာတော်တို့သည် ဤဇင်းမယ်ပြည်၌ ဂြိုဟ်ကြီး ကိုးလုံးကို ပူဇော်ကြသည်ကား လောကီအကျိုးမျှသာ ရည်ရွယ် ကြသည်။ တပည့်လိမ္မာသည် ဆရာကို သရက်ပင်ရင်း၌ ရေချိုး စေသဖြင့် ဆရာရေချိုးခြင်းကိစ္စ၊ သရက်ပင် ရေလောင်းခြင်း ကိစ္စ နှစ်ကိစ္စပြီးစေသော( အတ္ထသေဝနဂရု သိနန ) နည်းဖြင့် အကျိုးစီးပွားများရာ သကဲ့သို့၊ ဂြိုဟ်ကြီးကိုးလုံး ပူဇော်ရာဝယ် ဘုရားကိုးဆူ ကို ထည့်သွင်းပူဇော်စေရလျှင် ဂြိုဟ်ကြီးကိုးလုံး ပူဇော်ခြင်းကိစ္စ၊ ဘုရားကိုးဆူ ပူဇော်ခြင်းကိစ္စ နှစ်ကိစ္စပြီးစေ၍ အကျိုးစီးပွား များရာသည်ဟူသော ရည်ရွယ်ချက်ဖြင့် ပြည်သူ ပြည်သားတို့အား ဂြိုဟ်ကြီးကိုးလုံးနှင့် တွဲဘက်၍ ဘုရားကိုးဆူ ကိုပါ တစ်ပြိုင်တည်း ပူဇော်ရန် စီမံပေးကြသည်။ ထိုအခါက စ၍ ဘုရားကိုးဆူ ပူဇော်ရန် စီမံပေးကြသည်။ ထိုအခါကစ၍ ဘုရားကိုးဆူ ပူဇော်ခြင်း အလေ့အထ ဖြစ်ပေါ်လာဟန် တူ သည်။ နောက်မြန်မာနိုင်ငံသို့ရောက်လာကာ ယနေ့ထက်တိုင် ပူဇော်လျက် ရှိလေသည်။

ပူဇော်လာသောအခါ ဘုရားကိုးဆူထားရန် အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. ဘုရားကို လူနတ်တို့ဆရာ ရဟန်းသံဃာတို့အကြီးအမှူးဖြစ်၍ အလယ်ဗဟိုအရပ်၌ ထားရသည်။
  2. ရှင်သာရိပုတ္တရာကို ဘုရား၏ လက်ယာတော်ရံဖြစ်၍ တောင်အရပ်၌ ထားရသည်။
  3. ရှင်မောဂ္ဂလန်ကို ဘုရား၏ လက်ဝဲတော်ရံဖြစ်၍ မြောက်အရပ်၌ ထားရသည်။
  4. ရှင်ကောဏ္ဍညကို ရဟန္တာရှစ်ပါးတွင် သိက္ခာဝါ အကြီးအဆုံးဖြစ်၍ အရှေ့အရပ်၌ ထားရသည်။
  5. ရှင်အာနန္ဒာကို ဘုရား၏ အလုပ်အကျွေး နောက်တော်ပါဖြစ်၍ အနောက်အရပ်၌ ထားရသည်။
  6. ရှင်ဂဝံပတိကို ရာဟုဂြိုဟ်၏ အရှင်ဖြစ်၍ ရာဟုဂြိုဟ်တည်နေရာ အနောက်မြောက် အရပ်၌ ထားရသည်။ ( ဂဝံပတိ၌ ဂေါသဒ္ဒါ နွားအနက်ကိုရသည်။ ပသုသဒ္ဒါလည်း နွားအနက်နှင့် ရာဟုဂြိုဟ်အနက်ကို ရသည်။ ရာဟုဂြိုဟ်အနက်ကိုရသော ပသုသဒ္ဒါသည် ဂေါသဒ္ဒါကဲ့သို့နွား အနက်ကိုလည်းရသောကြောင့် ဂေါသဒ္ဒါလည်း နွားအနက်သာမဟုတ် ရာဟုဂြိုဟအနက်ကိုလည်း ရနိုင်သည်။ ထိုအတွက် ဂဝံပတိ သဒ္ဒါသည်ရာဟုဂြိုဟ်အရှင်ဟု ဆိုသည်။ )
  7. ရှင်ရာဟုလာကို ရဟန္တာရှစ်ပါးတွင် သိဆာဝါနငယ်ဆုံးဖြစ်၍ အသက်အငယ်ဆုံးဖြစ်သော တနင်္ဂနွေ ဂြိုဟ်တည်နေရာ အရှေ့မြောက်အရပ်၌ ထားရသည်။
  8. ရှင်ရေဝတကို ရှင်သာရိပုတ္တရာ၏ ညီတော်ရင်း ဖြစ်၍ ရှင်သာရိပုတ္တရာ၏အနီး အရှေ့တော် အရပ် ၌ ထားရသည်။
  9. ရှင်ဥပါလိကို ဝိနည်းကို ဆုံးဖြတ်ရသော ဝိနည်းဓိုရ်ဖြစ်၍ ရှေးအခါက တရားသူကြီး ဖြစ်ဖူးသော စနေဂြိုဟ် တည်နေရာ အနောက်တောင်အရပ်၌ ထားရသည်။

ဘုရားကိုးဆူ ပူဇော်ရာ၌ ဘုရားကိုးဆူ သက်သက် လည်း ပူဇော်နိုင်သည်။ ဂြိုဟ်ကြီးကိုးလုံးနှင့် တစ်နေရာတည်း တွဲဘက်၍လည်း ပူဇော်နိုင်သည်။ တစ်နေရာစီခွဲ၍လည်း ပူဇော်နိုင်သည်။ ပူဇော်သောအခါ ဂြိုဟ်ကြီးကိုးလုံးကို ထားရန်မှာ အောက်ပါအစီအစဉ်အတိုင်း ဖြစ်သည်။

  1. တနင်္ဂနွေဂြိုဟ်ကို အရှေ့‌ေမြာက်အရပ်၌ ထားရသည်။
  2. တနင်္လာဂြိုဟ်ကို အရှေ့အရပ်၌ ထားရသည်။
  3. အင်္ဂါဂြိုဟ်ကို အရှေ့တောင်အရပ်၌ ထားရသည်။
  4. ဗုဒ္ဓဟူးဂြိုဟ်ကို တောင်အရပ်၌ ထားရသည်။
  5. စနေဂြိုဟ်ကို အနောက်တောင်အရပ်၌ ထားရသည်။
  6. ကြာသပတေးဂြိုဟ်ကို အနောက်အရပ်၌ ထားရသည်။
  7. ရာဟုဂြိုဟ်ကို အနောက်မြောက်အရပ်၌ ထားရသည်။
  8. သောကြာဂြိုဟ်ကို မြောက်အရပ်၌ ထားရသည်။
  9. ကိတ်ဂြိုဟ်ကို အလယ်ဗဟိုအရပ်၌ ထားရသည်။


ဘုရားကိုးဆူနှင့် ဂြိုဟ်ကြီးကိုးလုံးကို ပူဇော်ရာ၌ ပိုမိုစုံလင်အောင် ထည့်သွင်းလိုလျှင် (၁) သူရဿတီ (၂) စန္ဒီ (၃) ပရမီသွာ (၄) မဟာပိ­ဲ (၅) ဂေါရမန္တ နတ်မင်းကြီး ငါးပါးနှင့် (၆) ရုက္ခစိုး (၇) ဘုမ္မစိုး (၈) အာကာသစိုး (၉) အိမ်စောင့်နတ် ဟူ၍ နတ်ကိုးပါးကိုထည့်သွင်းနိုင်ပေသည်။ အကယ်၍ ထည့်သွင်းလျှင် ဘုရားကိုးဆူ (၉) ပွဲအစုံအလင်၊ ဂြိုဟ်ကြီးကိုးလုံး (၉) ပွဲအစုံအလင်၊ နတ်ကိုးပါး (၉) ပွဲအစုံအလင်၊ အားလုံး (၂၇) ပွဲပြင်ရသည်။ ဒါနဝ·ု၊ စုစုမြားမြောင်၊ ကျောင်းဆောင်ဆီမီး၊ တံခွန်ထီးနှင့်၊ သစ်သီးသုံးထွေ၊ မသွေရေချမ်း၊ ပန်းလည်း သုံးပါး၊ မုန့်ကားဖြူနီ၊ ယိုစုံစီနှင့် တလီအံ့လောက်၊ ပေါက်ပေါက်ချိုဖြုန်း၊ ကြံအုန်းငှက်ပျော၊ ချိုမောနှစ် သက်၊ လက်ဘက်ကွမ်းယာ၊ သုဓာစုံလင်၊ ဆွမ်းဘောဇဉ်ဟု ရှေးဆရာကြီးများ စပ်ဆိုထားသည့်အတိုင်း - ဆွမ်းချက်ရန် အစီအစဉ် --- ဆန်ကျိုးမပါ ဆန်သစ်ဆန်ကောင်းကို (၉) နဝင်းကြေ၊ ချက်လိုသလောက် (၉) ခွက်ချင့်၍ (၉) ကြိမ်ဆေး၊ မချက်ဖူးသေးသော အိုးသစ် တွင်ထည့်၍ ဆီးသားထင်း၊ ဆီးထားယောက်မ သို့မဟုတ် သန့်သော ထင်းယောက်မ၊ ဖိုခနောက်ကို ဂုန်ရုပ်၊ နဂါးရုပ်၊ ခြင်္သေ့ရုပ်ခံ၍ နံနက် အရုဏ်တက် ဆွမ်းကပ်မီ မတူးမခြစ် အောင် ချက်ရမည်။

ဆွမ်းချက်သော နေရာကို သန့်ပြန့်စွာ ပြုလုပ်၍ သဲဖြူခင်းရာဇမတ်ကာ၊ အထက်က ပိတ်မျက်နှာကြက်ကြက်၊ ထောင့်လေးထောင့်နှင့် အလယ်မီးထွန်း၊ ထောင့်လေးထောင့်၌ ငှက်ပျောအုန်းစိုက်၊ ရာဇမတ်ပေါ်တွင် တံခွန် ကုက္ကား ကြက် လျှာထီးတံခွန် စိုက်ရမည်။

ဆွမ်းချက်မည့်သူ စောစောထ ရေချိုး၊ ခေါင်းလျှော်၊ ဝတ်ဖြူစင်ကြယ်ဝတ်၊ ငါးပါးသီလခံပြီး ရာဇမတ်လ တွင်းဝင်၊ မင်းကိုယ်ချည် ( ပရိတ်ချည် ) ပတ်မိအောင်ပတ်၊ ဆွမ်း မကျက်မီ အပြင်မထွက်နှင့်၊ ဆွမ်းကျက်မှ အပြင်ထွက်ရမည်။ ပွဲပြင်ရန် အစီအစဉ် - ကျောင်းဆောင်၊ သို့မဟုတ် စားပွဲကြီး၊ ဆီမီးဖယောင်းတိုင်၊ ထီး၊ တံခွန်၊ ကုက္ကား၊ ကြက် လျှာ၊ သစ်သီး သုံးမျိုး၊ ပန်းသုံးမျိုး၊ ယိုသုံးမျိုး၊ မုံ့ဖြူ၊ မုံ့နီ၊ ပေါက်ပေါက်၊ ကြံ၊ အုန်းငှက်ပျော၊ လက်ဘက်၊ ကွမ်းယာ၊ ဆွမ်း၊ ရေချမ်းစုံလင်အောင် စီစဉ်ရမည်။ သို့မဟုတ် မိမိတို့ စွမ်းနိုင်သလောက် စီစဉ်နိုင်သည်။ ပွဲပြင်ရာ၌ ဘုရားကိုးဆူ အတွက် ကိုးပွဲအစုံအလင်၊ ဂြိုဟ်ကြီးကိုးလုံးအတွက် ကိုးပွဲ အစုံအလင်၊ နတ်ကိုးပါး အတွက် ကိုးပွဲအစုံအလင် ညဉ့်ဦးက ပြင်ဆင်ထားရမည်။ ဆွမ်းပွဲကို နံနက် အရုဏ်တက်မှ ပြင်ဆင် ရမည်။

ပူဇော်ပုံ အစီအစဉ် - ရှေးဦးစွာ ခွင့်ပန်သော အနေ ဖြင့် ညဉ့်ဦးယံ ဘုရားပင့်၊ နောက် အရုဏ်တက်သောအခါ ထပ်၍ ဘုရားပင့်၊ နောက် အရုဏ်တက်သောအခါ ထပ်၍ ဘုရားပင့်ပြီးလျှင် ရဟန္တာရှစ်ပါးကို အစဉ် အတိုင်းပင့်၊ ပူဇော်၊ ဆုတောင်း၊ ရေစက်ချ၊ အမျှပေးဝေရမည်။ နောက်ဂြိုဟ်ကြီး ကိုးလုံးနှင့် နတ်ကိုးပါးကိုလည်း ထိုစအီစအဉ်အတိုင်းပင့်၊ ပူဇော်၊ ဆုတောင်း၊ နောက်ဂြိုဟ်ကြီး ကိုးလုံကို အစဉ်အတိုင်း ပြန်ပို့ရမည်။

    • ဘုရားကိုးဆူ ပူဇော်နည်းကို သက္ကရာဇ် ၁၂၂၁ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်နေ့ ကင်းဝန် မင်းကြီး စာရေးတော်ကြီး ဘဝက လျှောက်ထားသဖြင့် ဒုတိယ မောင်းထောင် ဆရာတော် ဦးပုညာသာမိ ဖြေဆို ဆုံးဖြတ်အပ်သော ( ဗုဒ္ဓနဝမပူဇာဝိနိစ္ဆယ ) နှင့် သက္ကရာဇ် ၁၂၃၄ ခုနှစ် တွင် ဇိန·ပကာသနီစသော ကျမ်းပေါင်း များစွာ

ပြုစုစီရင်သည့် ကျီးသဲလေးထပ် ဆရာတော် ဘုရားကြီး ရေးသားသော သဇ္ဇနဝိလာသနီ ကျမ်းတွင် ပါသော ( ဘုရားကိုးဆူကပ် ) တို့မှ ယူ၍ ထည့်သွင်းရေးသားပါသည်။ ။ ဂြိုဟ်ကြီး ကိုးလုံး ပူဇော်နည်းကို ရှေးဆရာကြီးများ ရေးသား ထားသော နည်းကိုယူ၍ထည့်သွင်း ရေးသားပါသည်။(ဦးကြီးဖေ)[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)