အဆုတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အဆုတ်သည် ရင်ခေါင်းအတွင်း၌ နှလုံးနှင့် သွေးကြောကြီးများကို ဝန်းရံထားသည်။[၁]

အဆုတ်သည် ခြေ၄ချောင်းရှိသတ္တဝါ အများစု၊ အချို့သော ငါးများ နှင့် ခရုများအစရှိသော လေကို ရှူရှိုက်သည့် သတ္တဝါများတွင် ရှိသည့် အသက်ရှူအင်္ဂါဖြစ်သည်။ အဆုတ်ရှိသော သတ္တဝါများတွင် ရှေးအကျဆုံးသော သတ္တဝါများမှာ ကျောရိုးရှိသတ္တဝါများထဲမှ lungfish နှင့် ကျောရိုးမဲ့သတ္တဝါများထဲမှ pulmonate snails တို့ဖြစ်သည်။ နို့တိုက်သတ္တဝါများနှင့် အခြားရှုပ်ထွေးသော ပုံသဏ္ဌန်ရှိသည့် သတ္တဝါတို့တွင် အဆုတ် ၂ ခုသည် ရင်ဘတ်ထဲ၌ နှလုံး ၏ တစ်ဖက်တစ်ချက်စီတွင် တည်ရှိသည်။ အဆုတ်၏ အဓိကလုပ်ငန်းဆောင်တာမှာ လေထုထဲမှ အောက်ဆီဂျင်ကို သွေးစီးဆင်းမှုအတွင်းသို့ သယ်ဆောင်ရန်နှင့် သွေးစီးဆင်းမှုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ကို လေထုအထဲသို့ ထုတ်လွှတ်ရန် ဖြစ်သည်။

အဆုတ်[ပြင်​ဆင်​ရန်​]

ရင်ခေါင်းအတွင်း လက်ဝဲလက်ယာ တစ်ဘက် တစ်ချက်၌ လက်ဝဲအဆုတ်၊ လက်ယာအဆုတ်ဟူ၍ နှစ်ခုရှိရာ ထိုအဆုတ်နှစ်ခုကြား၌ နှလုံး၊ သွေးကြောကြီးများ၊ လေပြွန်နှင့် အစာပြွန်တို့ ရှိကြသည်။ အဆုတ်သည် ပင်လယ်ရေမြှပ်ကဲ့သို့ အခန်းကလေးပေါင်း မြောက်မြားစွာဖြင့် ပွလျက်ရှိသည်။ လည်ချောင်းမှ ဆင်းလာသော လေပြွန်သည် အဆုတ်နှစ်ခုကို ပေါင်းစပ်ထားသည်။ ထိုလေပြွန်သည် ရင်ခေါင်းအတွင်းသို့ ဝင်လာပြီးသည့်နောက် အဆုတ်များ၏ အလယ်နီးပါးလောက် ရောက်သောအခါ နှစ်ခုကွဲထွက်သွားပြီးလျှင် လက်ဝဲအဆုတ်နှင့် လက်ယာအဆုတ်ထဲသို့ အသီးအသီး ဝင်သွားကြသည်။ ထိုနောက် မရေမတွက်နိုင်အောင် များပြားလှသော ပြွန်ကလေး များအဖြစ်သို့ ဖြာထွက်သွားသည်။ အငယ်ဆုံး ပြွန်ကလေး များသည် ခွက်ကလေး များကဲ့သို့သော လေအိတ်ငယ်များ ဖြစ် သွားလေသည်။ လေအိတ်ငယ် တစ်ခုတစ်ခုတွင် သွေးမြှင်ကြော ခေါ် အလွန်သေးငယ်သော သွေးကြောများ ဖြာလျက်ရှိသည်။ လေအိတ်ငယ်များသည် စပျစ်သီးများကဲ့သို့ အဆုတ် အဆုတ်ဖြင့် စုလျက်ရှိရာမှ အခိုင်များအဖြစ်သို့ စုပေါင်း သွားလေသည်။ လက်ဝဲအဆုတ်တွင် နှစ်ခိုင်ရှိ၍ လက်ယာ အဆုတ်တွင် သုံးခိုင်ရှိသည်။ အဆုတ်ပြွန်နှင့်တကွ သွေးကြောများ၊ သွေးမြှင်ကြောများ၊ အဆုတ်နာဗ်ကြောများကို ရုန်းကန်သတ္တိရှိသော တစ်ရှူးတစ်ခု က စုပေါင်းဖုံးအုပ်ထားသည်။ အဆုတ်များသည် လေနှင့်ပြည့် နေသည့်အခါ ရော်ဗာအိတ်များကဲ့သို့ ဖောင်းလာနိုင်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် အဆုတ်များသည် အရွယ်နှင့် စာလျှင် အလွန်ပေါ့သော အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြသည်။ ယောက်ျားအဆုတ်များသည် သုံးပေါင်ခန့်လေး၍ မိန်းမအဆုတ် များမှာ ၂၃/၄ ပေါင်ခန့်လေသည်။ ယောက်ျားအဆုတ်များသည် မိန်းမအဆုတ်များထက် ကြီးသည့်ပြင် ပို၍လည်း လေးသည်။ ၁၅ နှစ်မှ ၄ဝ အရွယ်ထိ လူများသည် တစ်မိနစ်လျှင် ၁၆ ကြိမ်မှ ၁၈ ကြိမ် တိုင်အောင် အသက်ရှူရ၏။ မိန်းမများ၏ အဆုတ်သည် ယောက်ျားများ၏ အဆုတ်ထက် ငယ်ခြင်းကြောင့် အသက်ရှူသည့်အခါ အဆုတ်တွင်း၌ လေကို ကြာရှည်စွာ လှောင်မထားနိုင်သဖြင့် ယောက်ျားများထက် အသက်ရှူမြန် သည်။ ကလေးသူငယ်တို့၏ အဆုတ်သည် မိန်းမအဆုတ်များ ထက်ပင် ငယ်ပြန်သဖြင့် အသက်ရှူသည့်အခါ လျင်မြန်စွာ ရှူ ကြရသည်။ အဆုတ်များသည် အသက်အရွယ်ကို လိုက်၍ အရောင် အမျိုးမျိုးရှိရာ ကလေး သူငယ်၏အဆုတ်သည် ပန်းရောင်ဖြစ်၍ လူကြီး၏အဆုတ်မှာ အညိုရောင်ဖြစ်ပြီးလျှင် အစက်အပြောက်များ ရှိသည်။ အဖိုးအိုများ အဆုတ်သည် ပို၍ပင် ညိုသေး၏။ အဆုတ်များသည် ကိုယ်ခန္ဓာဆဲများကို အောက်ဆီဂျင်ဓာတ် အမြဲပေးလျက်ရှိ၏။ သွေးသည် အာဟာရ ဓာတ်များကို သယ်ဆောင်၍ တစ်ကိုယ်လုံးသို့ လှည့်ပတ်လျက်ရှိရာတွင် အောက်ဆီဂျင်ဓာတ်ကိုထုတ်၍ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကို စုပ်ယူထားသည်။ အောက်စီဂျင်ဓာတ်ထပ်၍ရရန် သွေးကို အလယ်ဗဟိုဌာန အချို့သို့ ပို့ပေးရပြန်လေသည်။လူတစ်ယောက် အသက်ရှူတိုင်း အောက်ဆီဂျင်ပါသော လေကောင်းလေသန့် သည် အဆုတ်များထဲသို့ ဝင်၏။ အောက်စီဂျင်သည် လေအိတ် နှင့် ယင်းတို့၏ သွေးမြှင်ကြောများ၏ နံရံမှ စိမ့်ထွက်လာရာ သွေးများက စုပ်ယူထားကြ၏။ သွေးများမှတဆင့် အောက်စီဂျင် သည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့ သွားလေသည်။ အညစ်အကြေး ဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်သည်ကား အသက်ရှူ ထုတ်ရာ၌ ပြင်ပသို့ ထွက်သွားလေသည်။ အဆုတ်ထဲသို့ လေယူသွင်းခြင်းကို ဝင်လေဟုခေါ်၍ အပြင် သို့ ရှူထုတ်လိုက်ခြင်းကို ထွက်လေဟု ခေါ်သည်။ နှစ်ခုစလုံး ကို ပေါင်း၍ ထွက်လေ ဝင်လေဟုခေါ်သည်။ အဆုတ်၏ အပြင်မျက်နှာပြင်သည် အလွန်ပင် ကြီး၏။ လေအိတ်ငယ်များ ၏ နံရံကို ဖြန့်ထုတ်၍ နံဘေးချင်းယှဉ်ကာ စီထားနိုင်ခဲ့လျှင် ယင်း၏ အကျယ်အဝန်းဧရိယာမှာ စတုရန်းပေပေါင်း ၂၆ဝဝ ခန့်ရှိလိမ့်မည်။ သို့မဟုတ် တစ်ဧက၏ ၁၇ ပုံ၊ တစ်ပုံ ကျော် ကျော်ခန့် ရှိပေလိမ့်မည်။ တစ်နေ့လျှင် ခန္ဓာကိုယ်အတွင်းသို့ အောက်ဆီဂျင် ၂၅ အောင်စခန့် ဝင်လိမ့်မည်ဟု သိပ္ပံပညာရှင် တို့က ခန့်မှန်းကြသည်။ သို့သော် လူတစ်ယောက်နှင့်တစ် ယောက် စားသောအစာနှင့် ကျန်းမာရေးအတွက် ကိုယ်လက် လှုပ်ရှားလေ့ကျင့်မှုအမျိုးပေါ်တွင် မူတည်၍ အောက်ဆီဂျင် ဝင်ပုံချင်း မတူကြချေ။ အနည်းအများ ကွာခြားကြ၏။ အဆုတ်များအတွက် အစိုးရိမ်ရဆုံးသော ရောဂါများကား အဆုတ်ရောင်နာနှင့် တျူဗာကယ် ပိုးစွဲနာတို့ ဖြစ်ကြသည်။ ထိုရောဂါနှစ်ခုစလုံးပင် ရောဂါပိုး ကူးစက်မှုကြောင့် ဖြစ်သည်။ ဤရောဂါမျိုးစွဲသော လူများကို လူနေအိမ်ခြေ ပြွတ်သိပ်၍ သန့်ရှင်းမှု မရှိသော နေရာများ၌ အများအပြား တွေ့ရသည်။ အဆုတ်ရောင်နာသည် အဆုတ်တွင်းရှိ လေဆဲများ ရောင်ခြင်း ပင် ဖြစ်သည်။ အဆုတ်ပြွန်များ ရောင်ခြင်းကို အဆုတ်ပြွန် ရောင်နာဟု ခေါ်သည်။ ရင်တွင်းမြှေးရောင်ခြင်းကို အဆုတ်မြှေး ရောင်ရောဂါဟုခေါ်သည်။ အဆုတ်တစ်ခုလုံးကို အပြင်ဘက်မှ ဖုံးအုပ်ထားသော ရုန်းကန်အမြှေးပါးပါးကို ရင်တွင်းအမြှေးဟု ခေါ်သည်။ မကောင်းသောလေသည် အဆုတ်နှင့်တကွ တစ်ကိုယ်လုံးကို ရောဂါအမျိုးမျိုး စွဲကပ်စေနိုင်ကြောင်း လူတိုင်းသိရှိလာသည့် အားလျော်စွာ ယခုအခါ လေကောင်းလေသန့်၏ တန်ဖိုးရှိပုံကို ကျောင်းများ၊ အိမ်များနှင့် လူထုအစည်းအဝေးခန်းမဆောင် များတွင် ပြောဟောလျက်ရှိကြသည်။ အဆုတ်သည် လို သလောက် ပွလာနိုင်ပြီးလျှင် ကျုံ့သွားနိုင်ကြောင်းကိုလည်း သိရှိနားလည်ရန် အရေးကြီးလှပေသည်။ ထိုကြောင့် အသက် ရှူရာတွင် နံရိုးနှင့် ဝမ်းပိုက်လှုပ်ရှားမှုတို့ကို ချုပ်တည်းထားနိုင် သော အဝတ်ကြပ်ကြပ်များ မဝတ်ဆင်သင့်ပေ။ အရက်ကို မှန်မှန် အလွန်အကြူး သောက်တတ်သူများသည် အဆုတ်ရောင်နာ ဖြစ်တတ်သည်။ ဆေးလိပ် သောက်သောသူ များသည် မီးခိုးကို အဆုတ်ထဲသို့ ရှူသွင်းရာ ယင်းသို့ ရှူသွင်း ခြင်းအားဖြင့် လေသွားလမ်းများ၏ အတွင်းရံကို ယားယံရောင် စေ၍ အားနည်းစေနိုင်သည်။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Gray's Anatomy of the Human Body, 20th ed. 1918.
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)