မာတိကာသို့ ခုန်သွားရန်

အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ်

ဝီကီပီးဒီးယား မှ

ပြည်ထောင်စု မြန်မာနိုင်ငံတော် အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်သည် ရန်ကုန်မြို့ ဗိုလ်ဆွန်ပတ်လမ်းတွင် တည်ရှိသည်။ လက်ရှိဥက္ကဋ္ဌမှာ အလ်ဟာဂျ် ဦးညွန့်မောင်သျှိန် ဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

(၁၈၂၄)ခုနစ်တွင်ပထမအကြိမ်၊ (၁၈၅၂)ခုနစ်တွင် ဒုတိယအကြိမ်၊ (၁၈၈၅)ခုနစ်တွင် တတိယအကြိမ်၊ အင်္ဂလိပ်မြန်မာစစ်ပွဲများဖြစ်ကြပြီးနောက် အင်္ဂလိပ်တို့ကမြန်မာနိုင်ငံတစ်ဝန်းလုံးအား သိမ်းပိုက် အုပ်စိုးခဲ့ပါသည်။ ထိုစစ်ပွဲများတွင် လည်းကောင်း၊ ထိုစစ်ပွဲများပြီးနောက် မြန်မာမျိုးချစ်တို့၏ နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲများတွင် လည်းကောင်း၊ အခြားတိုင်းရင်းသား ညီနောင်များ နည်းတူ အစ္စလာမ် သာသနာဝင်များ ပါဝင်ခဲ့ကြပါသည်။ ၎င်းနောက် အင်္ဂလိပ်တို့ မြန်မာတစ်နိုင်ငံလုံးအား ကျွန်ပြုအုပ်ချုပ်ရာတွင် ၎င်းတို့၏ စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရန်အတွက်  တိုင်းတစ်ပါးမှ အခြေချလိုသူ အမြောက်အမြားကို မြန်မာနိုင်ငံတွင်းဝင်ရောက်ခွင့်ပြုခဲ့ရာ ဝင်ရောက်လာသူတိုင်းတစ်ပါးသားများအနက်အိန္ဒိယနိုင်ငံဖွား အစ္စလာမ်သာသနာဝင်များလည်းပါရှိခဲ့ပါသည်။[]

၂၀-ရာစုအစပိုင်း မြန်မာနိုင်ငံရှိတိုင်းရင်းသားများသည် အမျိုးသားရေးစိတ်ဓာတ်များနိုးကြားလာစပြုကာ ဘာသာရေးအဖွဲ့အစည်းများထူထောင်ဖွဲ့စည်းကြရာတွင် အစ္စလာမ်သာသနာဝင်တို့သည်လည်း(၁၉၀၉)ခုတွင် အစ္စလာမ်ဘာသာဝင် ဗမာ မွတ်စ်လင်မ်များအတွက်ဟူသောကြွေးကြော်သံဖြင့်အေဗရာဟင်နှင့် ဟာဂျီဦးဘအို(KIH)တို့ ဦးဆောင်၍ ဘားမားမွတ်စ်လင်မ်ဆိုစိုက်တီ(BURMA MUSLIM SOCIETY)အဖွဲ့ကိုဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။[]

(၁၉၁၅)ခုနစ်တွင် မြန်မာနိုင်ငံရှိ အစ္စလာမ်သာသနာဝင်တို့၏ ပညာရေးမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် မြန်မာမွတ်စ်လင်မ်ပညာရေးအဖွဲ့ချုပ်ကို ဖွဲ့စည်းကာ မြန်မာနိုင်ငံတစ်ဝန်းမြို့များတွင်အလှည့်ကျ ပညာရေး ကွန်ဖရင့်များ နှစ်စဉ်ကျင်းပခဲ့ပါသည်။[]

မြန်မာနိုင်ငံရှိတိုင်းရင်းသားများ အစ္စလာမ်သာသနာဝင်တို့က အစ္စလာမ်ဘာသာရေးကျောင်းများတွင် မြန်မာဘာသာစာပေဖြင့်သင်ကြားလိုကြခြင်းကို အစ္စလာမ်သာသနာနှင့် အိန္ဒိယယဉ်ကျေးမှုကို ကွဲပြားစွာသုံးသပ်နိုင်စွမ်းမရှိသူ အစ္စလာမ်သာသနာဝင်အချို့တို့ကဆန့်ကျင် ကန့်ကွက်၍  အိန္ဒိယစာပေ(အူရ်ဒူစာ)၊ ယဉ်ကျေးမူဓလေ့ထုံးတမ်းများကို အတင်းအကြပ်သင်ကြားစေမှုကြောင့် လည်းကောင်း၊ သန်းခေါင်စာရင်းကောက်ရာမြန်မာနိုင်ငံတိုင်းရင်းသားအစ္စလာမ်ဘာသာဝင်များကိုအိန္ဒိယနိုင်ငံဖွားစာရင်းထည့်သွင်းသည့်ကိစ္စနှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတွဲရေးခွဲရေးကိစ္စတွင် မြန်မာနိုင်ငံတိုင်းရင်းသားအစ္စလာမ်သာသနာဝင်များကခွဲရေးဘက်ကထောက်ခံပြီး အိန္ဒိယနွယ်ဖွား အစ္စလာမ်သာသနာဝင်များက တွဲရေးဘက်က ထောက်ခံခဲ့သဖြင့် လည်းကောင်း၊ (၁၉၂၉)ခုနစ်တွင် မြန်မာမွတ်စ်လင်မ်ပညာရေးအဖွဲ့ချုပ်အတွင်းသဘောထားကွဲမူများအထွတ်အထိပ်ရောက်ရှိကာ (၁၉၃၀)ခုတွင်တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များခွဲထွက်ပြီး ဂျီစီဘီအမ်အေ(THE GENERAL COUNIL OF BURMA MUSLIM ASSOCIATION) ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။[]

(၁၉၃၈)ခုနစ် ဖေဖော်ဝါရီလ(၁၃)ရက်တွင် တိုင်းတစ်ပါးသားတို့၏တိုင်းရင်းသားများအပေါ် နိုင်ငံရေး၊ဘာသာရေး၊ လူမှုရေး ၊ယဉ်ကျေးမှုနယ်ပယ်များတွင်လွှမ်းမိုးချယ်လှယ်နေခြင်းကို ရင်ဆိုင်အံတု၍ အမျိုးသားရေးဘာသာရေးများကိုဆောင်ရွက်ရန်အတွက်ဗမာမွတ်စ်လင်မ်နိုးကြားရေးအဖွဲ့ချုပ်အား မန္တလေးမြို့ ဥက္ကဋ္ဌ ဦးသိန်းမောင်(စကြာနွယ်စဉ်)၊အတွင်းရေးမှူး၊ဦးသန်းရွှေတို့ဦးဆောင်ဖွဲ့စည်းခဲ့ပါသည်။ (၁၉၄၁)ခုနှစ်တွင်ကျင်းပသော ညီလာခံ၌  မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်းအုပ်ဆရာကြီး ဦးရာဇတ် (အာဇာနည်ခေါင်းဆောင်ကြီး)ကို ဥက္ကဋ္ဌတင်မြှောက်ခဲ့ပါသည်။[]

ဒုတိယစစ်ကြီးပြီးသည့် (၁၉၄၅)ခုနစ်တွင်  (ဂျီဘီအမ်အေ)အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး။ ဗမာမွတ်စ်လင်မ်လူငယ်များအစည်းအရုံး (ဗ မ လ)ကိုဖွဲ့စည်းခဲ့ပါသည်။ ထိုနှစ်တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ယနေ့ တိုင်းပြည်အခြေအနေသည် တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရန် အလွန်လိုအပ်နေသဖြင့် ဗမာမွတ်စ်လင်မ်များ ညီညီညွတ်ညွတ်နှင့် အဖွဲ့အစည်းကြီးတရပ် ဖွဲ့စည်းကာ  (ဖ-တ-ပ-လ)အဖွဲ့ကြီးတွင် တပ်ပေါင်းစုအဖြစ်ပါဝင်ရန် တိုက်တွန်းချက်အရ ဆရာကြီးဦးရာဇက်က ဦးဆောင်ဆော်သြ၍ (၁၉၄၅)ခုနစ်၊ ဒီဇင်ဘာ(၂၄)ရက်(၂၅)ရက်နှင့်(၂၆)ရက်တို့တွင် ပျဉ်းမနားမြို့၌ ညီလာခံကြီးတရပ်ခေါ်ယူကျင်းပခဲ့ပါသည်။[]

၎င်းညီလာခံကြီးသို့ မြန်မာနိုင်ငံတစ်ဝန်းမှ တစ်သီးပုဂ္ဂလမွတ်စ်လင်မ်ခေါင်းဆောင်များ၊ ဖွဲ့စည်းပြီးသော(ဂျီစီဘီအမ်အေ)နှင့်(ဗ-မ-လ) အဖွဲ့တို့မှ ခေါင်းဆောင်များ ပါဝင်တက်ရောက်စေ၍ အဖွဲ့ဟောင်းအားလုံးကိုဖျက်သိမ်းကာ ဗမာနိုင်ငံလုံးဆိုင်ရာဗမာမွတ်စ်လင်မ်ကွန်ဂရက် (ဗ-မ-က) အဖွဲ့ကြီးကို ဆရာကြီးဦးရာဇတ်အား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဦးခင်မောင်လတ် (နောင်-တရားရေး ဝန်ကြီး ဌာန ဝန်ကြီးနှင့် အစ္စလာမ်ကောင်စီ ဌာနချုပ်ဥက္ကဋ္ဌ) အား အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် လည်းကောင်း၊ တင်မြှောက်ဖွဲ့စည်းခဲ့ပါသည်။ ( ဗ-မ-က ) အဖွဲ့ကြီးသည် ညီညွတ်သော တိုင်းရင်းသား သာသနာ့ပညာရှင်များအဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာရေးအတွက် (ဗ-မ-က)၏ ဘာသာရေးမှူး မောင်လာနာဃာဇီမုဟမ္မဒ်ဟာရှင်မ် (နောင်-အိုလမာ ဥက္ကဋ္ဌ ၊ အစ္စလာမ်ကောင်စီဥက္ကဋ္ဌ)ကိုလည်းကောင်း၊ စုစည်းညီညွတ်သော မွတ်စလင်မ်အမျိုးသမီးအဖွဲ့ချုပ်ဖြစ်မြောက်ရေးအတွက် ဒေါ်စောရွှေ၊ ဒေါ်သက်မေ၊ ဒေါ်မြမြတင်တို့အားလည်းကောင်း တာဝန်ပေးခဲ့ပါသည်။[]

ထိုသို့ (ဗ-မ-က) အဖွဲ့ကြီး၏တာဝန်ပေးချက်အရ (၁၉၄၆) ခုနှစ်ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ရန်ကုန်မြို့၌ အမျိုးသမီးထုအစည်အဝေးကျင်းပပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စ်လင်မ် အမျိုးသမီး အဖွဲ့ချုပ်(ဗမအ)ကိုဥက္ကဋ္ဌ ဒေါ်စောရွှေအား တင်မြှောက်၍လည်းကောင်း၊ (၁၉၄၆)ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်တွင် သာစည်မြို့၌ သာသနာ့ပညာရှင်များ အစည်းအဝေးကြီး ကျင်းပ၍ ဥက္ကဋ္ဌဃာဇီမုဟမ္မဒ်ဟာရှင်မ်အား တင်မြှောက်၍လည်းကောင်းဖွဲ့စည်းခဲ့ပါသည်၊ (အိုလမာအဖွဲ့ချုပ်သည် ၁၉၅၁ခုမေလတွင် ကျင်းပသော အိုလမာညီလာခံ၌ ရန်ကုန်မြို့ရှိ ဂျမီအသ်အဖွဲ့နှင့်ပူးပေါင်းလိုက်ပါသည်။)[]

(ဗ-မ-က)အဖွဲ့ကြီးသည် (၁၉၄၆)ခုနှစ် ဇန်နဝါရီလတွင် ရွှေတိဂုံ အလယ်ပစ္စယံံ၌ကျင်းပသည့် ဖ-ဆ-ပ-လညီလာခံ၌စတင်ကာ လူမျိုးရေးအဖွဲ့အစည်းတစ်ရပ်အဖြစ်(ဖ-ဆ-ပ-လ)တွင် တပ်ပေါင်းစုပါဝင်၍ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။[]

(၁၉၄၈) ခုတွင် မြန်မာ့နိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် နိုင်ငံတော်အစိုးရက ဘာသာသာသနာအသီးသီးအား နှစ်စဉ် သာသနာ့ထောက်ပံ့ကြေးငွေချီးမြှင့်ရာတွင် (ဗ-မ-က) သည် အစ္စလာမ်သာသနာဝင် တစ်မျိုးသားလုံးအား ကိုယ်စားပြုသော်လည်း အမျိုးသားရေးဆောင်ရွက်နေသောအဖွဲ့ဖြစ်သဖြင့် သာသနာ့ထောက်ပံကြေး ငွေလက်ခံနိုင်ခဲ့ခြင်းမရှိပါ။ ကျန် ဘာသာရေးအဖွဲ့များသည်လည်း အစ္စလာမ်သာသနာဝင် တစ်မျိုးသားလုံးကိုကိုယ်စားမပြု၍ ထောက်ပံကြေးလက်ခံနိုင်ခဲ့ခြင်းမရှိပါ။ အိုလမာအဖွဲ့သည် သာသနာ့ပညာရှင်များကိုသာ ကိုယ်စားပြုခြင်း၊ အမျိုးသမီးအဖွဲ့သည် အမျိုးသမီးများကိုသာ ကိုယ်စားပြုခြင်း၊ လူငယ်အဖွဲ့သည် လူငယ်များကိုသာကိုယ်စားပြုခြင်းကြောင့်ဖြစ်သည်။ ထို့အတွက် အစ္စလာမ်သာသနာတော်အတွက် နိုင်ငံတော်ကချီးမြှင့်သော သာသနာ့ထောက်ပံကြေးငွေကို (ဗ-မ-က)အဖွဲ့မှ အောက်ပါပုဂ္ဂိုလ်များအမည်ဖြင့်သာ ဘဏ်၌ ယာယီအပ်နှံ ငွေစာရင်းဖွင့်ထားခဲ့ရပါသည်။[]

(၁၉၅၄)ခုနှစ်တွင် ဖ-ဆ-ပ-လအစိုးရက (ဗ-မ-က) အဖွဲ့သည် ဘာသာရေးနှင့် နိုင်ငံရေးရောထွေးနေသည်ဟုအကြောင်းပြကာ (ဗ-မ-က)အဖွဲ့ကြီးအား ဖျက်သိမ်းရန် အရေးဆိုလာပါသည်။ ထို့အပြင် အစ္စလာမ်သာသနာဝင်အားလုံးတို့ကို ကိုယ်စားပြု၍ အစ္စလာမ့်သာသနာရေးရာများကို ဆောင်ရွက်သော နိုင်ငံလုံးဆိုင်ရာ အစ္စလာမ့်အဖွဲ့အစည်းတစ်ရပ်ကိုဖွဲ့စည်းရန်လည်း တိုက်တွန်းလာသည် ။ ထိုသို့သောခြေအနေများကြောင့် (ဗ-မ-က)ဌနချုပ်မှ ဥက္ကဋ္ဌ- ဦးခင်မောင်လတ်၊ အထွေထွေအတွင်းရေးမှူး- ဆရာဦးဘိုးချယ်၊ ဒေါက်တာဦးကျော်ညိမ်း၊ ဗမာမွတ်စ်လင်မ် အိုလမာအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ-မောင်လာနာအိဗ်ရာဟီမ် အဟ်မဒ် (မဇွာဟီရီ)၊ အထွေထွေ အတွင်းရေးမှူး-မောင်လာနာဃာဇီမုဟမ္မဒ်ဟာရှင်မ်၊ မောင်လာနာ မုဖ်သီမဟ်မူဒ်ဒါဝုဒ်ယူစွဖ်၊ ဗမာမွတ်စ်လင်မ် အမျိူးသမီးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဟာဂျီမ ဒေါ်စောရွှေ ၊ဒေါ်စိန်စိန်၊ဒေါ်သက်မေတို့ (၁၉၅၄)ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့တွင်(ဗ-မ-က)ဌာနချုပ်ရုံးခန်း၌ တွေ့ဆုံစည်းအဝေး၍ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီအား ဖွဲ့စည်းရန်ဆုံးဖြတ်ခဲ့ပါသည်။ ၎င်းအစည်းအဝေးကို အိုလမာအဖွဲ့ချုပ်က ဖိတ်ကြားခေါ်ယူရန်ညှိနှိုင်းသဘောတူဆုံးဖြတ်ခဲ့ပါသည်။[]

ထိုသို့ ညှိနှိုင်းဆုံးဖြတ်ချက်အရ ၁၉၅၄ခုနှစ်၊ ဒီဇင်ဘာလ၊ (၅)ရက်နေ့တွင် ရန်ကုန်မြို့၊ကနေဒီလမ်း( ကန်ရိပ်သာလမ်း၊ မင်္ဂလာတောင်ညွန်မြို့နယ်) ရှိ ဇီနသ်အစ္စလာမ် ယောကျာ်းလေးများဂေဟာ၌ အောက်ပါ ဗဟိုအမှုဆောင်များပါဝင်သော ပြည်ထောင်စုမြန်မာနိုင်ငံအစ္စလာမ်သာသနာရေးရာကောင်စီအား စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။[]

ထိုသို့အစ္စလာမ်ရေးရာကောင်စီ ဖွဲ့စည်းပြီးနောက် (၁၉၅၅)ခုနစ် ဒီဇင်ဘာ(၂၆)ရက်နေ့တွင်ကျင်းပသော(ဗ မ က)အဖွဲ့ကြီး၏(၈)ကြိမ်မြောက်ညီလာခံကြီး၌ ကိုယ်စားလှယ် ဝန်ကြီး ဦးကျော်ငြိမ်းတက်ရောက်၍ အစ္စလာမ်ရေးရာကောင်စီ ဖွဲ့စည်းပြီးဖြစ်သဖြင့် သာသနာထောက်ပံ့ငွေများကို ယင်းကောင်စီသို့ လွှဲအပ်ပေးပြီးဖြစ်ကြောင်းနှင့် (ဗ-မ-က)အဖွဲ့ကြီးကို ဖျက်သိမ်းရန် (ဖ-ဆ-ပ-လ)အဖွဲ့ချုပ်၏ သဘောထားကို တင်ပြခဲ့ပါသည်။[]

၎င်းညီလာခံသို့ တက်ရောက်လာသူ ဗ-မ-က ကိုယ်စားလှယ်များက (ဗ-မ-က)အဖွဲ့ကြီးအား ချက်ချင်းဖျက်သိမ်းခြင်းကို သဘောမတူဘဲ တဖြည်းဖြည်းနှင့်သာ ဖျက်သိမ်းသွားရန် ဆုံးဖြတ်ခဲ့သဖြင့် (၂၉-၁၂-၁၉၅၅)ရက်တွင် ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် ညီလာခံလူထု ရှင်းလင်းပွဲ ကျင်းပရာ ရန်ကုန်မြို့တော်ခန်းမသို့လာရောက်၍ (၁၉၅၆)ခုနစ် (၃၀)ရက်ကို နောက်ဆုံးထား၍ (ဗ-မ-က)အဖွဲ့အား ဖျက်သိမ်းရန်နှင့်နိုင်ငံရေးလုပ်လိုလျှင်(ဖ-ဆ-ပ-လ)အထဲကို ဝင်ပါ၊ သာသနာရေးလုပ်ချင်ရင် ကောင်စီကိုဝင်ပါ ဟု ပြောဆိုကာအပြီးသတ်ရက်သတ်မှတ်ညွန်ကြားခဲ့သဖြင့်    (ဗ-မ-က)၏ ငွေစာရင်းများအားလုံးကို အစ္စလာမ်သာသနာရေးရာကောင်စီသို့ လွှဲပြောင်းပေးအပ်၍ (ဗ-မ-က)အဖွဲ့ကြီးအား ဖျက်သိမ်းပေးခဲ့ရပေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 5 6 7 8 9 10 11 12 13 14 မော်ကွန်းတင်ပြီးမိတ္တူ 27 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2025 တွင် ပြန်စစ်ပြီး။