အင်းတော်ကြီးသမိုင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အင်းတော်ကြီးသမိုင်းကားဤသို့တည်း။ ဘောဂဝတီနဂါးပြည်တွင် ကာလကြာမြင့်သောအခါနဂါးဦးရေထူထပ်လာသောကြောင့် နဂါးမင်းသားညီနောင်နှစ်ပါးသည် ခမည်းတော်နှင့်မယ်တော်တို့အား နဂါးပြည်၌နဂါးတို့ပြည့်ကြပ်နေသဖြင့် မိမိတို့သည်တိုင်းပြည်သစ်ထူထောင်လိုကြောင်းလျှောက်ထားကြ၏။ မိခင်၊ ဖခင်တို့ကလည်း သားများအရွယ်ရောက်ပြီဖြစ်၍ နောက်ဆံတင်းခြင်းမရှိဘဲ ရဲမက်ဗိုလ်ပါ နောက်လိုက်အခြွေအရံများထည့်ပေးလိုက်၏။ နဂါးမင်းသားညီနောင်တို့သည်လည်း ဘောဂဝတီနဂါးပြည်မှထွက်ခွာလာပြီးလျှင် ဧရာဝတီမြစ်ကိုဆန်၍တက်လာကြသည်။ မြစ်ညာဖက်အရောက်တွင် ညီညာပြန့်ပျူးသောမြေပြင်ကိုတွေ့ကြရာ နဂါးညီနောင်တို့သဘောကျသောကြောင့် နယ်ရှင်များထံခွင့်တောင်းပြီး နဂါးတို့တန်ခိုးဖြင့်အင်းဖွဲ့လိုက်သည်။ နဂါးညီနောင်တို့ အချွေအရံစုံလင်စွာဖြင့်ပျော်ပါးနေထိုင်ကြလေသည်။ ထိုအင်းသည် သေးငယ်သည်ဖြစ်၍ ကာလကြာသော် ညီဖြစ်သူသည် သဘောမကျဖြစ်လာသည်။ သို့ဖြင့်အစ်ကိုဖြစ်သူအား မိမိသည် လက်ရှိအင်းထက်ကြီးသောနေရာကိုရှာဖွေလိုကြောင်းပြောကြားသည်။ အစ်ကိုဖြစ်သူကလည်း ညီအစ်ကိုနှစ်ယောက်အတူနေကြရန်ဖျောင်းဖျသည်။ ညီဖြစ်သူကလည်းနယ်မြေသစ်ထူထောင်ရန်စိတ်အားသန်နေသည်။ ထို့ကြောင့် အစ်ကိုဖြစ်သူကခွင့်ပြုလိုက်ရပြီး ညီဖြစ်သူက မိမိထက်ကြီးသောနေရာကိုရှာတွေ့နိုင်ပါက မိမိသည်တစ်သက်လုံးခေါင်းမြီးခြုံထဲကထွက်မည်မဟုတ်ဟု ခနဲ့လိုက်သည်။ ညီဖြစ်သူလည်းအချွေအရံများဖြင့်ထွက်လာရာ မြစ်ညာဖက်သို့ရောက်လာပြီး တစ်နေရာတွင် ညီညာပြန့်ပြူးသာယာသည့် နေရာတစ်ခုတွင်စည်ခမ်းအမည်ရှိမြို့ကြီးတစ်ခုကိုတွေ့လေသည်။ နဂါးမင်းသားသည် ထိုနေရာကိုသဘောကျသဖြင့် နယ်ရှင်များထံခွင့်တောင်းရာ အင်းဖွဲ့ခွင့်ရခဲ့သည်။ အင်းဖွဲ့လိုက်ပါက မြို့နေလူများသေကြေကုန်မည်စိုးသဖြင့် နဂါးမင်းသားသည် နတ်မြင်းစီး၍ကောင်းကင်မှ "နောက် ၇ ရက်တွင်ဤမြို့ကြီးအားအင်းဖွဲ့မည်၊ ဝေးရာရှောင်ရှားကြလော့" ဟုခုနှစ်ရက်တိုင်တိုင်ကြွေးကြော်သည်။ ထိုအချိန်တွင် စည်ခမ်းပြည်ရှိလူများသည် မိမိကိုယ်ကိုကျားအဖြစ် ပြောင်းနိုင်သောအောက်လမ်းအတတ်နှင့် တကွ အခြားမကောင်းသည့်အတတ်များကို လိုက်စားကြပြီး ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းမရှိကြသည်ဖြစ်ရာ အကသိုလ်ဖုံးလွှမ်းနေသဖြင့် နဂါးမင်းသားကြွေးကြော်သံကို မကြားရချေ။ စိတ်ကောင်းရှိသောမုဆိုးမတစ်ယောက်သာကြားသဖြင်‌့ဆွေမျိုးများကို လိုက်လံပြောဆိုရာ ဆွေမျိုးများက ဤမုဆိုးမသည် လင်လိုချင်သဖြင့် လျှောက်ပြောသည်ဟု နှင်လွှတ်ကြသည်။ မုဆိုးမလည်းမိမိသားသမီးများကို ခေါ်၍ဘေးလွှတ်ရာထွက်သွားသည်။ ခုနှစ်ရက်ပြည့်သော် နဂါးမင်းသားသည် နဂါးတို့တန်ခိုးဖြင့်ကြီးစွာသော လေမိုးတို့ကိုရွာစေ၍ စည်ခမ်းမြို့ကြီးအားအင်းဖွဲ့လိုက်လေသည်။ မုဆိုးမသည် ဆွေမျိုးသားချင်းတို့ကို သတိရသောအားဖြင့် အင်းနံဘေးတောင်ပေါ်တွင် ဘုရားတစ်ဆူတည်ထားရာ မုဆိုးမဘုရားဟုအမည်တွင်သည်။