အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ

ဝီကီပီးဒီးယား မှ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ

(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃ ။)
၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁ ရက်
(၂ဝ၁၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်း လိုက်သည်။

အခန်း (၁) အမည်၊ စတင်အာဏာတည်ခြင်း၊ သက်ဆိုင်ခြင်းနှင့် အဓိပ္ပာယ် ဖော်ပြချက်များ[ပြင်ဆင်ရန်]

၁။(က)ဤဥပဒေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ဟု ခေါ်တွင်စေရမည်။

( ခ )ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန် သတ်မှတ်သည့် နေ့ရက်မှစတင်၍ အာဏာ တည်စေရမည်။

၂။ ဤဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို ပြည်တွင်းတွင် မည်သူမဆို ကျူးလွန်လျှင်ဖြစ်စေ၊ ပြည်ပတွင် မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံတွင် အမြဲတမ်းအခြေစိုက်နေထိုင်သူက ကျူးလွန်လျှင်ဖြစ်စေ ဤဥပဒေနှင့် သက်ဆိုင် စေရမည်။

၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါ စကားရပ်များသည် ဖော်ပြပါ အတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -

(က)လာဘ်ပေးလာဘ်ယူမှုဆိုသည်မှာ လုပ်ပိုင်ခွင့် အာဏာ ရှိသူက ရာထူး တာဝန်ကို အလွဲသုံးစားပြု၍ တစ်စုံတစ်ရာကို ပြုလုပ်ရန်၊ ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန်၊ တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန် သော်လည်းကောင်း၊ သက်ဆိုင်သူထံမှ တံစိုးလက်ဆောင်ကို မိမိအတွက်သော် လည်းကောင်း၊ အခြားသူ တစ်ဦးဦးအတွက် သော်လည်းကောင်း၊ အဖွဲ့အစည်း အတွက်သော် လည်းကောင်း၊ ပေးခြင်း၊ လက်ခံခြင်း၊ ရယူခြင်း၊ ရယူရန် အားထုတ်ခြင်း၊ ကမ်းလှမ်းခြင်း၊ ကတိပြုခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ဆွေးနွေး ခြင်းအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်ခြင်းကို ဆိုသည်။
( ခ )တံစိုးလက်ဆောင်ဆိုရာတွင် လာဘ်ပေးလာဘ်ယူမှု အလို့ငှာ အဖိုးစားနား သို့မဟုတ် ထိုက်သင့်သည့် တန်ဖိုးမပေးဘဲ လက်ခံခြင်း သို့မဟုတ် ပေးခြင်းပြုသော ငွေကြေး၊ ပစ္စည်း၊ လက်ဆောင်၊ ဝန်ဆောင်ခ၊ ဧည့်ခံ ပြုစုခြင်းနှင့် တရားမဝင်သော အခြားအကျိုး ခံစားခွင့်များလည်း ပါဝင်သည်။
( ဂ )လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝ ချမ်းသာလာခြင်း ဆိုသည်မှာ ရာထူး ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များ ကျင့်သုံး ဆောင်ရွက်ရာမှ လာဘ်ပေး လာဘ်ယူမှုဖြင့် ငွေကြေးနှင့် ပစ္စည်းများ တိုးပွားရရှိ လာခြင်းကြောင့် သော်လည်းကောင်း၊ ပေးရန်တာဝန်များ လျှော့ချခြင်းကြောင့်သော် လည်းကောင်း၊ ငွေကြေးနှင့် ပစ္စည်းများကို မတရားရယူခြင်းကြောင့် သော်လည်းကောင်း ကြွယ်ဝ ချမ်းသာလာခြင်းကို ဆိုသည်။
(ဃ)အများပြည်သူဆိုင်ရာအဖွဲ့အစည်း ဆိုသည်မှာ ပြည်ထောင်စုအဆင့် သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်ကို သော်လည်းကောင်း၊ တည်ဆဲ ဥပဒေတစ်ရပ်ရပ်အရ အများပြည်သူ ပါဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ရပ်ရပ်ကိုသော်လည်းကောင်း၊ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရဖွဲ့စည်းသည့် အများပြည်သူနှင့် သက်ဆိုင်သော ကုမ္ပဏီ တစ်ခုခုကိုသော်လည်းကောင်း ဆိုသည်။
( င )ပြည်သူ့ဝန်ထမ်းဆိုသည်မှာ ခန့်အပ်ခံရသည်ဖြစ်စေ၊ ရွေးချယ်ခံရ သည်ဖြစ်စေ၊ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ရာထူး တစ်ခုခုတွင် တာဝန်ထမ်းဆောင်သော အမြဲတမ်း သို့မဟုတ် ယာယီ ဝန်ထမ်းကို လည်းကောင်း၊ အများ ပြည်သူဆိုင်ရာ ဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်း အပါအဝင် အများပြည်သူဆိုင်ရာ လုပ်ငန်းတွင် ပါဝင် လုပ်ကိုင်နေသူကို လည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြည်သူ့ ဝန်ထမ်းဟု သတ်မှတ်ထား သူကို လည်းကောင်း ဆိုသည်။
( စ )ပြည်ပပြည်သူ့ဝန်ထမ်း ဆိုသည်မှာ ပြည်ပနိုင်ငံတစ်ခုခု၏ ခန့်အပ်ခြင်း ခံရသော သို့မဟုတ် ရွေးချယ်ခြင်း ခံရသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး သို့မဟုတ် တရားစီရင်ရေးအရာရှိ၊ ပြည်ပနိုင်ငံတစ်ခု၏ လုပ်ငန်း တာဝန် တစ်ခုကို ဆောင်ရွက်ရန် ဖွဲ့စည်းထားသော ဘုတ်အဖွဲ့၊ ကော်မရှင်၊ ကော်ပိုရေးရှင်း သို့မဟုတ် အခြား အဖွဲ့အစည်း သို့မဟုတ် အာဏာပိုင် ထံတွင် အလုပ်လုပ်ကိုင်သူနှင့် အများပြည်သူနှင့်ဆိုင်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းက ယင်း၏ ကိုယ်စားလုပ်ငန်း ဆောင်ရွက်ရန် အခွင့်အာဏာ ပေးအပ် ထားသူကို ဆိုသည်။
(ဆ)နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ဆိုသည်မှာ ကော်မရှင်က ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ဖြင့် နိုင်ငံရေး ရာထူး လက်ရှိဖြစ်သူဟု အခါ အားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ကြေညာခြင်း ခံရသူကို ဆိုသည်။
(ဇ)အဆင့်မြင့်အရာရှိ ဆိုသည်မှာ အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်း၏ ဝန်ထမ်း အကြီးအမှူး အဖြစ် တာဝန် ထမ်းဆောင်သော ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး သို့မဟုတ် ယင်းနှင့်အလားတူ ရာထူးအဆင့် ရှိသူကိုသော် လည်းကောင်း၊ နိုင်ငံတော်ပိုင် သို့မဟုတ် နိုင်ငံတော်နှင့် ပုဂ္ဂလိကဖက်စပ်ပိုင် ကုမ္ပဏီ၊ ဘုတ်အဖွဲ့၊ ကော်ပိုရေးရှင်း သို့မဟုတ် အခြားအဖွဲ့အစည်း တစ်ခုခု၏ ဒါရိုက်တာ အဖွဲ့ဝင်၊ ဘုတ်အဖွဲ့ဝင်၊ ကော်မတီဝင် သို့မဟုတ် ယင်းနှင့် အလားတူ ရာထူး အဆင့်ရှိသူကို သော်လည်းကောင်း ဆိုသည်။ ယင်းစကားရပ်တွင် အဆိုပါ ရာထူး တစ်ခုခု၌ ခေတ္တတာဝန်ထမ်းဆောင် သူလည်း ပါဝင်သည်။
(ဈ)လုပ်ပိုင်ခွင့် အာဏာရှိသူ ဆိုသည်မှာ ရာထူးတာဝန်အရ ဖြစ်စေ၊ စီရင်ပိုင်ခွင့် သို့မဟုတ် စီမံခန့်ခွဲပိုင်ခွင့် အရဖြစ်စေ လုပ်ပိုင်ခွင့်အာဏာရှိသော ပြည်သူ့ ဝန်ထမ်း၊ ပြည်ပ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံရေးရာထူး လက်ရှိ ဖြစ်သူ၊ အဆင့်မြင့် အရာရှိ သို့မဟုတ် အများပြည်သူဆိုင်ရာ အဖွဲ့အစည်း တစ်ခုခု၏ စီမံခန့်ခွဲ ပိုင်ခွင့်ရှိသူ သို့မဟုတ် ကိုယ်စားလှယ် ကို ဆိုသည်။
(ည)ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဆိုသည်မှာ ငွေချေးလုပ်ငန်းများ၊ ချေးငွေနှင့် ပြည်သူ့ ကြွေးမြီဆိုင်ရာ စာချုပ်စာတမ်းများ၊ ငွေချေးသက်သေခံ လက်မှတ်များ သို့မဟုတ် အခြားခွင့်ပြုထားသည့် ငွေရေးကြေးရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် ယင်းအဖွဲ့အစည်းက ရင်းနှီး မြှုပ်နှံမှုပြုရန် ငွေရေး ကြေးရေး အရင်းအမြစ်များကိုအခြား ပုဂ္ဂိုလ်များထံမှစုစည်းလျက် ငွေကြေး သို့မဟုတ် အရင်းအနှီး ဈေးကွက်များတွင် ကြားဝင်ပေါင်းစပ်ဆောင်ရွက် ပေးရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံတော်ငွေရေး ကြေးရေး အဖွဲ့ အစည်းများ ဥပဒေအရဖြစ်စေ၊ အခြားတည်ဆဲ ဥပဒေတစ်ရပ်ရပ် အရ ဖြစ်စေ နိုင်ငံတော် အတွင်း တည်ထောင်ထားသည့် အဖွဲ့အစည်းများကို ဆိုသည်။
(ဋ)ဘဏ်လုပ်ငန်းဆိုင်ရာ စာအုပ်စာတမ်းဆိုရာတွင် ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများတွင် အသုံးပြုသော လယ်ဂျာ၊ ဘဏ်နေ့စဉ်လုပ်ငန်းစာအုပ်၊ ရငွေစာအုပ်၊ စာရင်းစာအုပ်နှင့်ဘဏ်လုပ်ငန်းတွင် အသုံးပြုသော အခြား စာအုပ်နှင့် စာတမ်း အမှတ်အသားများ၊ ကွန်ပျူတာ စာရင်းအင်း မှတ်တမ်း များ ပါဝင်သည်။
(ဌ)ငွေကြေးဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေထားသည့် တရားဝင်ငွေဒင်္ဂါး၊ ငွေအကြွေနှင့် ငွေစက္ကူများ၊ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ ဖြစ်သည့် ငွေပေးကတိစာချုပ်များ၊ ငွေလွှဲ လက်မှတ်များ၊ ချက်လက်မှတ်များ၊ ငွေချေးစာချုပ်များ၊ ငွေတိုက် စာချုပ်များ၊ ကြွေးမြီအာမခံ စာချုပ် များနှင့် နိုင်ငံခြားသုံးငွေများ၊ နိုင်ငံခြားသုံးငွေများနှင့် ဆက်စပ်နေသော စာချုပ် စာတမ်းတစ်မျိုးမျိုး သို့မဟုတ် လက်မှတ်များကို ဆိုသည်။
( ဍ )ပစ္စည်းဆိုသည်မှာ မည်သည့်ပုံစံဖြင့်မဆို ဒြပ်ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ထိတွေ့၍ ရနိုင်သည် ဖြစ်စေ၊ မရနိုင် သည်ဖြစ်စေ ရွေ့ပြောင်း နိုင်သည့် ပစ္စည်းကိုသော် လည်းကောင်း၊ မရွေ့မပြောင်းနိုင်သည့် ပစ္စည်းကိုသော် လည်းကောင်း ဆိုသည်။ ယင်းစကားရပ်တွင် ပစ္စည်းနှင့် စပ်လျဉ်းသည့် အကျိုးအမြတ်၊ အခွင့်အရေးနှင့် ပိုင်ဆိုင်ခွင့်များလည်း ပါဝင်သည်။
(ဎ)ကိုယ်စားလှယ်ဆိုသည်မှာ အခြားသူ တစ်ဦးဦးအတွက် အလုပ်လုပ်ကိုင်ပေးသူ သို့မဟုတ် ဆောင်ရွက် ပေးသူကို ဆိုသည်။
(ဏ)နစ်နာသူဆိုသည်မှာ သူတစ်ဦးဦးက လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ခြင်း ကြောင့် ထိခိုက်နစ်နာသူကို ဆိုသည်။
(တ)ကော်မရှင်ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ကို ဆိုသည်။
(ထ)ကော်မရှင်ရုံးဆိုသည်မှာ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က ဤ ဥပဒေအရ သတ်မှတ် ဖွဲ့စည်းသောရုံးကို ဆိုသည်။
(ဒ)ပဏာမစိစစ်ရေးအဖွဲ့ ဆိုသည်မှာ လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝ ချမ်းသာ လာမှုကြောင့် တိုးပွား လာသည့် ငွေကြေးနှင့် ပစ္စည်းများနှင့် စပ်လျဉ်း၍ အရေးယူရာတွင် လည်းကောင်း၊ ငွေကြေးနှင့် ပစ္စည်း များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက်သာ ပဏာမစစ်ဆေးပြီး တင်ပြစေရန် ကော်မရှင် က ဖွဲ့စည်းပေးသည့်အဖွဲ့ကို ဆိုသည်။
(ဓ)စုံစမ်းစစ်ဆေးရေးအဖွဲ့ဆိုသည်မှာကော်မရှင်က ဤဥပဒေအရ ဖွဲ့စည်းသော သက်ဆိုင်ရာ လာဘ်ပေး လာဘ်ယူမှု စုံစမ်း စစ်ဆေးရေးအဖွဲ့တို့ကို ဆိုသည်။
( န )စစ်ဆေးရေးမှူးချုပ်ဆိုသည်မှာ ကော်မရှင်ရုံး၏ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။
(ပ)စစ်ဆေးရေးမှူး ဆိုသည်မှာ ကော်မရှင်ရုံး၊ စစ်ဆေးရေးမှူးချုပ်၏ လက်အောက်ရှိ တာဝန်ခံပြည်သူ့ ဝန်ထမ်း အဆင့်ဆင့်ကို ဆိုသည်။
(ဖ)ဤဥပဒေအရ ပြစ်မှုဆိုသည်မှာ ဤဥပဒေအရ ပြစ်မှု တစ်ခုခုကို ကျူးလွန်၍ တစ်စုံတစ်ရာ ပူးပေါင်း ကြံစည်မှု သို့တည်း မဟုတ် အားထုတ်မှု သို့တည်း မဟုတ် အားပေးကူညီမှုများ ပါဝင်သည်။

အခန်း (၂)ရည်ရွယ်ချက်များ[ပြင်ဆင်ရန်]

၄။ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်၊
( ခ )သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်၊
(ဂ)အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်၊
(ဃ)လာဘ်ပေးလာဘ်ယူမှုများကြောင့် နိုင်ငံတော်ပိုင် ပစ္စည်းများ၊ လူ့အဖွဲ့ အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှု မရှိစေရေးအတွက် အကာအကွယ်ပေးရန်၊
( င )လာဘ်ပေးလာဘ်ယူမှု ကျူးလွန်သူများအား ထိရောက်စွာ အရေးယူရန်၊
(စ)တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမို ပွင့်လင်းမြင်သာမှု ရှိပြီး ပြည်တွင်း ပြည်ပရင်းနှီး မြှုပ်နှံမှုများဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာစေရန်။

အခန်း (၃)ကော်မရှင်ဖွဲ့စည်းခြင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ[ပြင်ဆင်ရန်]

ကော်မရှင်ဖွဲ့စည်းခြင်း[ပြင်ဆင်ရန်]

၅။ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့သည် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသည့် အဖွဲ့ဝင် ၅ ဦးစီကို ရွေးချယ်ရမည်။

၆။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် ပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်နှင့်အညီ မိမိတို့ ရွေးချယ် ထားသည့် အဖွဲ့ဝင်များ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်။

၇။(က)နိုင်ငံတော်သမ္မတသည် ပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ရွေးချယ်ထားသည့် အဖွဲ့ဝင်စုစုပေါင်း ၁၅ဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ထိုအဖွဲ့ဝင် များထဲမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအဖြစ် ရွေးချယ်ခန့်အပ်ရန် အဖွဲ့ဝင်နှစ်ဦး၏ အမည်များကိုလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် သို့တင်သွင်းပြီး သဘော တူညီချက်ရယူ၍ ကော်မရှင်ကို ဖွဲ့စည်းရမည်။ ကော်မရှင်အဖွဲ့ဝင်၏ အရည်အချင်းများနှင့် မပြည့်စုံ ကြောင်း အထင်အရှား မပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းသည့် ပုဂ္ဂိုလ်အား ကော်မရှင် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ။

(ခ)ကော်မရှင်သည် နိုင်ငံတော်သမ္မတကို တာဝန်ခံရမည်။

၈။(က)ကော်မရှင်နှင့် ကော်မရှင်၏ သက်တမ်းသည် သာမန်အား ဖြင့် နိုင်ငံတော် သမ္မတ၏ သက်တမ်းအတိုင်း ဖြစ်သည်။

(ခ)ကော်မရှင်သည် ကော်မရှင်အဖွဲ့အသစ်ကို ဖွဲ့စည်းခန့်အပ် တာဝန်ပေးပြီး သည့် အချိန်အထိ မိမိ၏ လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်ရမည်။
(ဂ)ကော်မရှင်အဖွဲ့ဝင်များသည် သက်တမ်းနှစ်ခုထက် ပိုမိုတာဝန်ထမ်းဆောင် ခွင့်မရှိစေရ။

၉။ ကော်မရှင်အဖွဲ့ဝင် အသီးသီးသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည် -

(က)မြန်မာနိုင်ငံသားဖြစ်သူ၊
( ခ )အသက် ၄၅ နှစ်ပြည့်ပြီး အသက် ၇ဝ နှစ်ထက်မကြီးသူ၊
(ဂ)နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက မိမိရွေးချယ် ပေးခွင့် ရှိသူများသည် တည်ကြည် ဖြောင့်မတ်ပြီး သမာသမတ်ရှိသူ အဖြစ် ယူဆခြင်းခံရသူ။

၁ဝ။ အောက်ပါအချက် တစ်ရပ်ရပ်နှင့် အကျုံးဝင်သူအား ကော်မရှင် အဖွဲ့ဝင်အဖြစ် ရွေးချယ် တာဝန်ပေးအပ်ခြင်း မပြုရ-

(က)ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ တာဝန် ထမ်းဆောင် နေသူဖြစ်ခြင်း၊
( ခ )တည်ဆဲဥပဒေတစ်ခုခုအရ စိတ်ပေါ့သွပ်သူဟု သတ်မှတ် ခံရခြင်း၊
( ဂ )သာသနာ့ဝန်ထမ်းဖြစ်ခြင်း၊
(ဃ)တရားရုံးတစ်ရုံးရုံး၏ အမိန့်အရ ထောင်ဒဏ်ကျခံနေရသူ ဖြစ်ခြင်း၊
(င)ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆန္ဒမဲပေးခွင့်နှင့် ရွေးချယ် ခံပိုင်ခွင့် မရှိသူဟု သတ်မှတ်ခံ ထားရသူဖြစ်ခြင်း၊
(စ)လူမွဲအဖြစ် ဆုံးဖြတ်ကြေညာခြင်းခံထားရသူ ဖြစ်ခြင်း၊
(ဆ)လာဘ်ပေးလာဘ်ယူမှုဖြင့် အရေးယူခံရခြင်း သို့မဟုတ် ရာထူးတစ်ခုခုမှ ထုတ်ပယ်ခြင်း သို့မဟုတ် ရာထူး တစ်ခုခုမှ ထုတ်ပစ်ခြင်း ခံထားရသူ ဖြစ်ခြင်း။

၁၁။ ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသူသည် -

(က)အစိုးရလစာ၊ စရိတ်နှင့် ချီးမြှင့်ငွေတစ်မျိုးမျိုးရရှိသည့် ရာထူး သို့မဟုတ် တာဝန်တစ်ခုခုတွင် တာဝန် ထမ်းဆောင် နေသူ မဖြစ်စေရ၊
( ခ )အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရ၏စီးပွားရေး လုပ်ငန်း၊ ဘုတ်၊ ကော်ပိုရေးရှင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၏ အရာထမ်း၊ အမှုထမ်း မဖြစ်စေရ၊
(ဂ)အစုစပ်လုပ်ငန်း၊ ကုမ္ပဏီ သို့မဟုတ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့် အဖွဲ့အစည်းတွင် အကျိုးအမြတ် သို့မဟုတ် ဝင်ငွေခွဲဝေရယူရန် လုပ်ကိုင်ခြင်း မပြုရ သို့မဟုတ် တစ်စုံ တစ်ဦး၏ဝန်ထမ်း မဖြစ်စေရ။

၁၂။ ကော်မရှင်အဖွဲ့ဝင် တစ်ဦးဦးသည် အောက်ပါအကြောင်းအရာ တစ်ခုခု ဖြစ်ပေါ်သည့် အခါ ကော်မရှင်အဖွဲ့ဝင်အဖြစ်မှ ရပ်စဲစေရမည် -

(က)ကွယ်လွန်ခြင်း၊
( ခ )ကော်မရှင်၏ သက်တမ်းကုန်ဆုံးခြင်း၊
( ဂ )မိမိ၏ ဆန္ဒအလျောက် နုတ်ထွက်ခြင်း၊
(ဃ)ပုဒ်မ ၁ဝ နှင့် ပုဒ်မ ၁၁ ပါ အချက်တစ်ရပ်ရပ်နှင့် အကျုံးဝင်ကြောင်း ပေါ်ပေါက်ခြင်း၊
( င )ဥပဒေအရ သတ်မှတ်သော ဆေးအဖွဲ့၏ စစ်ဆေးချက်အရ ကိုယ်စိတ်နှစ်ပါး အနက် တစ်ပါးပါးသည် ထာဝစဉ် ချို့ယွင်းသွားခြင်းကြောင့် တာဝန်ကို ဆက်လက်ထမ်းဆောင်ရန် သင့်လျော်မှုမရှိကြောင်း တွေ့ရခြင်း၊
( စ )တရားရုံး တစ်ရုံးရုံး၏ အမိန့်အရ ထောင်ဒဏ်ကျခံရခြင်း။

၁၃။ ကော်မရှင်အဖွဲ့ဝင်များသည် ကော်မရှင်တွင် တာဝန်ပေးအပ်ခြင်းခံရသည့် အခါတွင် မိမိတို့ဦးစီးသည့် တစ်စီးပွား တည်းဖြစ်သော မိသားစုပိုင် ငွေကြေး၊ ပစ္စည်း၊ ပေးရန် တာဝန်နှင့် ရရန်ပိုင်ခွင့်များကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော် သမ္မတထံ ပေးပို့ရမည်။

၁၄။ နိုင်ငံတော်သမ္မတသည် ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပဏာမစိစစ်ရေး အဖွဲ့ဝင်များ၊ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် ခံစားခွင့်များကို သတ်မှတ်ပေးခြင်း သို့မဟုတ် ပြင်ဆင်ပြောင်းလဲခြင်း ပြုနိုင်သည်။

တာဝန်မှရပ်စဲခြင်း[ပြင်ဆင်ရန်]

၁၅။ နိုင်ငံတော်သမ္မတသည် ကော်မရှင်အဖွဲ့ဝင် တစ်ဦးဦးက တာဝန် ထမ်းဆောင်ရာတွင် ဥပဒေနှင့်မညီဘဲ ဆောင်ရွက် ကြောင်း တွေ့ရှိလျှင် ဖြစ်စေ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် တည်ဆဲ ဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်းတွေ့ရှိလျှင်ဖြစ်စေ၊ ကော်မရှင်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အခြေအနေ တစ်ရပ်ရပ်ရှိလျှင်ဖြစ်စေ ယင်းကော်မရှင်အဖွဲ့ဝင်ကို ရွေးချယ်ပေးသော ပုဂ္ဂိုလ်၏ သဘောတူညီချက်ဖြင့် တာဝန်မှ ရပ်စဲနိုင်သည်။

ကော်မရှင်၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ[ပြင်ဆင်ရန်]

၁၆။ ကော်မရှင်၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)ပဏာမ စိစစ်ရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ ယင်း အဖွဲ့များအား လမ်းညွှန်ခြင်းနှင့် ကြီးကြပ် ကွပ်ကဲခြင်း၊
(ခ)ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရန် လုပ်ငန်း ကော်မတီများ၊ လုပ်ငန်းအဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းခြင်း၊ ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် ယင်းတို့၏ လုပ်ငန်း တာဝန်များသတ်မှတ်ခြင်း၊ လိုအပ်ပါက အဆိုပါလုပ်ငန်း ကော်မတီနှင့်အဖွဲ့တစ်ခုခုကို ကော်မရှင်၏ လုပ်ငန်း တာဝန်များ လွှဲအပ် တာဝန်ပေးခြင်း၊ ယင်းလုပ်ငန်းကော်မတီနှင့် လုပ်ငန်း အဖွဲ့များအား လမ်းညွှန်ခြင်းနှင့်ကြီးကြပ် ကွပ်ကဲ ခြင်း၊
( ဂ )စစ်ဆေးရေးမှူးချုပ် ခန့်အပ်ရန် နိုင်ငံတော်သမ္မတထံ အကြံပြုတင်ပြခြင်း၊
(ဃ)လာဘ်ပေးလာဘ်ယူမှုများကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန် ကိစ္စနှင့်စပ်လျဉ်း၍ ပဏာမစိစစ်ရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့တို့အား စုံစမ်းစစ်ဆေး စေပြီး တွေ့ရှိချက် အစီရင်ခံစာကို တင်ပြစေခြင်း၊
(င)လာဘ်ပေးလာဘ်ယူမှု နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့ထံ တင်ပြခြင်း၊
(စ)ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များ စာရင်းပြုစုတင်ပြရမည့် လုပ်ပိုင်ခွင့်အာဏာရှိသူ အမျိုးအစားနှင့် ရာထူး၊ တာဝန်အဆင့် သတ်မှတ် ခြင်း၊
(ဆ)လုပ်ပိုင်ခွင့်အာဏာရှိသူက တင်ပြသော ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များ မှန်ကန်မှု ရှိ/မရှိ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် စုံစမ်း စစ်ဆေးစေခြင်း၊
(ဇ)နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတို့ထံ သတ်မှတ်ချက်များနှင့်အညီ တင်ပြခြင်း၊
(ဈ)လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးအတွက် အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းနှင့် အစိုးရစီးပွားရေး လုပ်ငန်း အဖွဲ့အစည်းများက လုပ်ငန်းအစီ အစဉ်များ၊ စီမံချက်များ ရေးဆွဲရာတွင် အကြံဉာဏ်ပေးခြင်း၊
(ည)လာဘ်ပေးလာဘ်ယူမှု တားဆီးကာကွယ်ရေး၊ လုပ်ပိုင်ခွင့် အာဏာရှိသူ များ၏ ရိုးသားဖြောင့်မတ်သည့် စိတ်ဓာတ်ကို ပိုမိုမြှင့်တင်ရေးနှင့် လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေးတို့တွင် ပြည်သူအများ ပါဝင်နိုင်ရေး အတွက် သင့်လျော်သော အစီအမံများချမှတ်၍ ဆောင်ရွက်ခြင်း၊
(ဋ)လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာန၊ အဖွဲ့အစည်းများ၏ အရာထမ်း၊ အမှုထမ်း များအား ကော်မရှင်၏ လုပ်ငန်းတာဝန်များကို လိုအပ်ပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့် တာဝန်ပေး ဆောင်ရွက်စေခြင်း၊
(ဌ)တိုင်ကြားစာများကို စိစစ်၍လက်ခံခြင်း၊ မမှန်မကန် တိုင်ကြားကြောင်း စိစစ်တွေ့ရှိသည့် တိုင်ကြားစာ များကို ပယ်ချခြင်းနှင့် မမှန်မကန် တိုင်ကြား သူကို ဥပဒေအရ အရေးယူခြင်း၊
(ဍ)လာဘ်ပေးလာဘ်ယူမှုနှင့် စပ်လျဉ်း၍ အဆောက်အအုံ နေရာတစ်ခုခု အတွင်းသို့ ဝင်ရောက် ကြည့်ရှု စစ်ဆေးခြင်း၊ ရှာဖွေခြင်း၊ သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းခြင်းတို့ကို သတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက် ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးမှူးများအား တာဝန်ပေး အပ်ခြင်း၊
(ဎ)လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်း များ၊ ပြည်ပနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊
(ဏ)နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတို့ကပေးအပ်သည့် အခြား တာဝန်များ ဆောင်ရွက်ခြင်း။

၁၇။ ကော်မရှင်၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က)လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာလာမှု သို့မဟုတ် လာဘ်ပေး လာဘ်ယူမှုနှင့် သက်ဆိုင်သော ငွေကြေးနှင့် ပစ္စည်းတစ်စုံတစ်ရာကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရန် ညွှန်ကြားခြင်း၊ သိမ်းဆည်း ထားသော သက်သေခံ ပစ္စည်းကို ခံဝန်ချုပ်ဖြင့် ပြန်လည်ပေးအပ်ထားရန် ခွင့်ပြု သည့် အမိန့်ချမှတ်ခြင်း၊ ခွင့်ပြုချက်ကို ပြန်လည် ရုပ်သိမ်းခြင်း၊
( ခ )စုံစမ်းစစ်ဆေးရေးအဖွဲ့က သက်ဆိုင်ရာဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများရှိ စုံစမ်းစစ်ဆေး သောကိစ္စနှင့် သက်ဆိုင်သည့် ငွေကြေးနှင့် ပစ္စည်းများကို သက်သေခံ ပစ္စည်းအဖြစ် ရှာဖွေသိမ်းဆည်းခွင့်၊ ငွေရေး ကြေးရေးဆိုင်ရာ မှတ်တမ်းများ စစ်ဆေးကြည့်ရှုခွင့်၊ မိတ္တူကူးယူခွင့်၊ လိုအပ်ပါက သက်သေခံ ပစ္စည်းအဖြစ် ရှာဖွေသိမ်းဆည်း ခွင့်ပြုရန် ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူ များအား အမိန့်ထုတ် ဆင့်ခြင်း၊
(ဂ)ဤဥပဒေအရ စုံစမ်းစစ်ဆေးနေသည့် ကာလအတွင်း သက်သေခံအဖြစ် အသုံးပြုနိုင်သည့် ငွေကြေးနှင့် ပစ္စည်း များကိုပြောင်းလဲခြင်း၊ လွှဲပြောင်းခြင်း၊ ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း၊ အသွင်ပြောင်းလဲခြင်း မပြုရန် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအား တားမြစ် မိန့်ထုတ်ဆင့်ခြင်း၊ ချိပ်ပိတ် ထားရန် ညွှန်ကြားခြင်း၊
(ဃ)ပုဒ်မခွဲ(ခ)အရ ထုတ်ဆင့်သည့် အမိန့်ကိုလည်းကောင်း၊ ပုဒ်မခွဲ(ဂ)အရ ထုတ်ဆင့်သည့် တားမြစ်မိန့်နှင့် ချိပ်ပိတ်ထားရန် ညွှန်ကြားချက်တို့ကို လည်းကောင်း ရုပ်သိမ်းခြင်း၊
(င)ဤဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် အကူအညီများကို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် သင့်လျော်သည့် ပုဂ္ဂိုလ်များ ထံမှ ရယူ ဆောင်ရွက်ခြင်း၊
( စ )ဤဥပဒေအရဖွဲ့စည်းသည့် ပဏာမစိစစ်ရေးအဖွဲ့၊ လုပ်ငန်း ကော်မတီ၊ လုပ်ငန်းအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့များက ဆင့်ဆို၍ လာရောက်သည့် သက်သေများအတွက် သက်သေစရိတ်နှင့် ခရီးစရိတ်တို့ကို တည်ဆဲဥပဒေ နှင့်အညီ ထုတ်ပေးခြင်း၊
(ဆ)စုံစမ်းစစ်ဆေးရေးအဖွဲ့ သို့မဟုတ် စုံစမ်းစစ်ဆေးရေးမှူးအား -
(၁)ဤဥပဒေအရ ပြစ်မှုတစ်ခုခုကို လုပ်ပိုင်ခွင့်အာဏာ ရှိသူက ကျူးလွန်ခြင်းဖြစ်ပါက ထိုသူအား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော်တွင် တရားစွဲဆိုစေခြင်း၊
(၂)ဤဥပဒေအရ ပြစ်မှုတစ်ခုခုကို လုပ်ပိုင်ခွင့်အာဏာ ရှိသူမှအပ အခြားသူတစ်ဦးဦးက ကျူးလွန် ခြင်း ဖြစ်ပါက ထိုသူအား သက်ဆိုင်ရာ စီရင်ပိုင်ခွင့် ရှိသည့် တရားရုံးတွင် တရားစွဲဆိုစေခြင်း။
( ဇ )ပဏာမစိစစ်ရေးအဖွဲ့၏ တင်ပြချက်ကို ထပ်မံစိစစ်ပြီးနောက် လုပ်ပိုင်ခွင့် အာဏာရှိသူ တစ်ဦးဦး၏ ငွေကြေးနှင့် ပစ္စည်းများမှာ လာဘ်ပေးလာဘ်ယူ မှုဖြင့် ကြွယ်ဝချမ်း သာလာမှုဖြစ်ကြောင်း တွေ့ရှိပါက ထိုသူပိုင်ဆိုင်သော ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့် အမိန့် ချမှတ်ခြင်း၊
(ဈ)လာဘ်ပေးလာဘ်ယူမှုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာလာမှုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ခိုင်လုံသော အထောက်အထားဖြင့် သတင်းပေးသည့်အတွက် ဖော်ထုတ် အရေးယူ နိုင်သည့် ကိစ္စတွင် သတင်းပေး သူအား လိုအပ်သော အကာအကွယ်ပေးခြင်းနှင့် သတ်မှတ် သော ဆုငွေ ချီးမြှင့်ခြင်း။

တရားစွဲဆိုခြင်း[ပြင်ဆင်ရန်]

၁၈။ ကော်မရှင်သည် စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရဖြစ်စေ၊ ရရှိသော အခြားခိုင်လုံသည့် သတင်းအချက် အလက် အရဖြစ်စေ -

(က)လုပ်ပိုင်ခွင့် အာဏာရှိသူတစ်ဦးဦးက လာဘ်ပေးလာဘ်ယူမှု ကျူးလွန် ကြောင်း တွေ့ရှိသည့်အခါ ထို သူအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်သို့ တရားစွဲဆိုနိုင်ရေးအတွက် စုံစမ်း စစ်ဆေးရေး အဖွဲ့ ခေါင်းဆောင် သို့မဟုတ် စစ်ဆေးရေးမှူးချုပ်အား ညွှန်ကြားရမည်။
(ခ)လုပ်ပိုင်ခွင့် အာဏာရှိသူတစ်ဦးဦးမှအပ အခြားသူ တစ်ဦးဦးက လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း တွေ့ရှိသည့်အခါ ထိုသူအား သက်ဆိုင်ရာ စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ တရားစွဲဆိုနိုင်ရေးအတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် သို့မဟုတ် စစ်ဆေးရေးမှူးချုပ်အား ညွှန်ကြားရမည်။

အခန်း (၄)[ပြင်ဆင်ရန်]

လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာလာမှုကြောင့် ပိုင်ဆိုင်သည့် ငွေကြေး၊ ပစ္စည်းများနှင့် စပ်လျဉ်း၍ ပဏာမစိစစ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏ လုပ်ငန်းတာဝန်များ

၁၉။ ကော်မရှင်သည် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ အရဖြစ်စေ၊ အခြား သတင်း အချက်အလက် အရဖြစ်စေ လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာလာမှုကြောင့် ပိုင်ဆိုင်သည့် ငွေကြေး၊ ပစ္စည်းများ မှန်ကန်ကြောင်း ခိုင်လုံသည့် အထောက်အထား ရရှိပါက သိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ စိစစ်တင်ပြ နိုင်ရေးအတွက် သင့်လျော်သော ပုဂ္ဂိုလ်များပါဝင်သည့် ပဏာမ စိစစ်ရေး အဖွဲ့ကို ကိစ္စရပ်အလိုက် ဖွဲ့စည်းရမည်။

၂ဝ။ ပဏာမစိစစ်ရေးအဖွဲ့သည်-

(က)ကော်မရှင်၏ တာဝန်ပေးအပ်ချက်အရ စုံစမ်းစစ်ဆေးခြင်း ခံရသူအား အကြောင်းကြားပြီး ကိုယ်တိုင် ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ခုခံချေပခွင့် ပေးရမည်။
(ခ)ငွေကြေး၊ ပစ္စည်းများနှင့် စပ်လျဉ်း၍ လိုအပ်သည့် ပုဂ္ဂိုလ်များကို ဆင့်ဆို စစ်ဆေး၍ လိုအပ်သည့် ထွက်ဆို ချက်နှင့် သက်သေခံချက်များ ရယူနိုင်သည်။
(ဂ)စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ သို့မဟုတ် ကော်မရှင်က ရရှိသော သတင်း အချက်အလက်နှင့် ခုခံ ချေပချက်တို့ကို သုံးသပ်ပြီး မိမိ၏တွေ့ရှိချက်၊ သုံးသပ်ချက်၊ သဘော ထား မှတ်ချက်များနှင့် အတူ စိစစ်တွေ့ရှိချက် အစီရင်ခံစာကို ကော်မရှင်သို့ တင်ပြရမည်။
(ဃ)စိစစ်ချက်နှင့် စုံစမ်းစစ်ဆေးသည့် ကိစ္စရပ်အသီးသီးကို လျှို့ဝှက်ထား ရှိရမည်။

အခန်း (၅)စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏လုပ်ငန်းတာဝန်များ[ပြင်ဆင်ရန်]

၂၁။ ကော်မရှင်သည် အောက်ပါကိစ္စများနှင့် စပ်လျဉ်း၍ တရားဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးစေခြင်း ပြုနိုင်သည် -

(က)နိုင်ငံတော်သမ္မတက စုံစမ်းစစ်ဆေးတင်ပြရန် တာဝန်ပေးအပ်ခြင်း၊
(ခ)ပုဒ်မ ၄၃၊ ပုဒ်မခွဲ(ခ)အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ တစ်ဦးကို အရေးယူပေးရန် လွှတ်တော် ကိုယ်စားလှယ်များက ဥပဒေနှင့်အညီ အဆိုတင်သွင်းခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌက စုံစမ်း စစ်ဆေးတင်ပြရန် တာဝန်ပေးအပ်ခြင်း၊
(ဂ)လာဘ်ပေးလာဘ်ယူမှု ကျူးလွန်သူအပေါ် ဥပဒေအရ အရေးယူ ပေးပါရန် နစ်နာသူက -
(၁)ကော်မရှင်သို့ တိုင်ကြားခြင်း၊
(၂)ဤဥပဒေအရ ဖွဲ့စည်းသော လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမ စိစစ်ရေးအဖွဲ့နှင့် စုံစမ်း စစ်ဆေးရေးအဖွဲ့ တစ်ခုခုသို့ တိုင်ကြား ခြင်း၊
(၃)သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း တစ်ခုခုသို့ တိုင်ကြား ခြင်းနှင့် စပ်လျဉ်း၍ အဆိုပါ တိုင်ကြားချက်ကို ကော်မရှင်သို့ လွှဲပြောင်း ပေးပို့ခြင်း။

၂၂။ ကော်မရှင်သည် အောက်ပါကိစ္စများကို စုံစမ်းစစ်ဆေးခြင်းမပြုရ-

(က)တိုင်ကြားသည့် ကိစ္စသည် ကော်မရှင်က စုံစမ်းစစ်ဆေးပြီးသော ကိစ္စ ဖြစ်ခြင်း၊
(ခ)တိုင်ကြားမှုတွင် အရေးကြီးသည့် သက်သေခံချက်များ မပါရှိခြင်း၊
(ဂ)ထပ်မံတိုင်ကြားမှုတွင် အရေးကြီးသည့် သက်သေခံချက်အသစ် မပါရှိခြင်း။

၂၃။ ကော်မရှင်သည် ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးက ခေါင်းဆောင်၍ သင့်လျော်သော နိုင်ငံသားများ ပါဝင်သည့် စုံစမ်း စစ်ဆေးရေး အဖွဲ့များကို ဖွဲ့စည်းကာ လုပ်ငန်း တာဝန်များ သတ်မှတ်ပေးနိုင်သည်။

၂၄။ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် အောက်ပါပုဂ္ဂိုလ်များ မပါဝင်စေရ-

(က)စွပ်စွဲတိုင်တန်းသည့် အကြောင်းအရာတွင် အကျိုး သက်ဆိုင်သူ၊
(ခ)စွပ်စွဲတိုင်ကြားသူ သို့မဟုတ် စွပ်စွဲတိုင်ကြားခံရသူအပေါ် မလိုမုန်းတီးသူ၊
(ဂ)စွပ်စွဲတိုင်ကြားသူ သို့မဟုတ် စွပ်စွဲတိုင်ကြားခံရသူနှင့် ဆွေမျိုးတော်စပ်သူ၊
(ဃ)စွပ်စွဲတိုင်ကြားသူ သို့မဟုတ် စွပ်စွဲတိုင်ကြားခံရသူနှင့် လုပ်ငန်းဆက်စပ် လုပ်ကိုင်နေသူ။

၂၅။ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် စွပ်စွဲ တိုင်တန်းခံရသူအား စွပ်စွဲချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရန်၊ သက်သေခံချက်တင်ပြရန် သို့မဟုတ် သက်သေတင်ပြရန် ကာလသတ်မှတ်၍ အကြောင်းကြားရ မည်။

၂၆။ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှုတွင် စွပ်စွဲခံရသူသည် စွပ်စွဲချက်နှင့်စပ်လျဉ်း၍ ကိုယ်တိုင် ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့် ဖြစ်စေ ထုချေ ရှင်းလင်းနိုင်သည်။

၂၇။(က)စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စုံစမ်းစစ်ဆေးမှုပြီးစီးသည့်အခါ ကော်မရှင် ဥက္ကဋ္ဌထံ စုံစမ်းစစ်ဆေး တွေ့ရှိ ချက် အစီရင်ခံစာ တင်ပြရမည်။

(ခ)ကော်မရှင်ဥက္ကဋ္ဌသည် ပုဒ်မခွဲ (က)အရ တင်ပြသော အစီရင်ခံစာ ရရှိပြီးနောက် ရက်ပေါင်း ၃ဝ အတွင်း ယင်း စုံစမ်းစစ်ဆေးမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်ရန် ကော်မရှင်အစည်းအဝေး ခေါ်ယူကျင်းပ ရမည်။

၂၈။ ကော်မရှင်သည်-

(က)စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရ -
(၁)စွပ်စွဲချက်နှင့်စပ်လျဉ်း၍ ခိုင်လုံသော အထောက်အထား မပေါ်ပေါက်ဟု ယူဆပါက စွပ်စွဲတိုင်တန်း ချက်ကို ပယ်နိုင်သည်။
(၂)စွပ်စွဲခံရသူသည် ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သည်ဟု ယူဆပါက တရားစွဲဆိုရန် ကြိုတင် ခွင့်ပြုမိန့်ထုတ်ပေးပြီး ထိုသူအား သက်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုရန် စုံစမ်းစစ်ဆေးရေး အဖွဲ့ကိုဖြစ်စေ၊ စုံစမ်းစစ်ဆေးရေးမှူးကိုဖြစ်စေ တာဝန်ပေးအပ် နိုင်သည်။
(၃)ပုဒ်မခွဲငယ်(၂)အရ တရားစွဲဆိုရန်ကြိုတင်ခွင့်ပြု မိန့်ထုတ်ပေးခြင်းနှင့် စပ်လျဉ်းသည့် ဆုံးဖြတ် ချက်အား နိုင်ငံတော်သမ္မတ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံသို့ ဆောလျင် စွာ အသိပေး တင်ပြရမည်။
(ခ)စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို စိစစ်ပြီး ပုဂ္ဂိုလ်တစ်ဦးဦးသည် လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာလာမှုဖြစ်ကြောင်း တွေ့ရှိပါက ဤဥပဒေအခန်း(၄) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပဏာမ စိစစ်ရေးအဖွဲ့ ဖွဲ့စည်း၍ တာဝန်ပေးပြီး စိစစ်တွေ့ရှိချက် အစီရင်ခံစာ တင်ပြစေရမည်။
(ဂ)နောက်ထပ်သက်သေခံချက်များ စုံစမ်းရယူသင့်သည်ဟု ယူဆပါက ယင်းအစီရင်ခံစာ တင်ပြသော စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖြစ်စေ၊ အခြားစုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဖြစ်စေ တာဝန်ပေးအပ်နိုင်သည်။

၂၉။ ကော်မရှင်က စွပ်စွဲခံရသူအပေါ် တရားစွဲဆိုအရေးယူရန် အကြောင်းပေါ်ပေါက်သည့် ကိစ္စ၌လည်းကောင်း၊ ပဏာမ စိစစ်ရေးအဖွဲ့ဖြင့် စိစစ်ရန် ဆုံးဖြတ်သည့်ကိစ္စ ၌လည်းကောင်း၊ စွပ်စွဲခံရသူမှာ လုပ်ပိုင်ခွင့်အာဏာ ရှိသူဖြစ်လျှင် ကော်မရှင်က ထိုသို့ဆုံးဖြတ်သည့်နေ့ရက်မှစ၍ ထိုစွပ်စွဲခံရသူအား ယင်း၏ လုပ်ငန်းတာဝန် များကို ဆက်လက် ဆောင်ရွက်စေခြင်း မပြုရ။

၃ဝ။ ကော်မရှင်သည် -

(က)လုပ်ပိုင်ခွင့်အာဏာရှိသူအပေါ် တရားစွဲဆိုအရေးယူရန် အကြောင်းပေါ် ပေါက်ကြောင်း ဆုံးဖြတ်သည့် ကိစ္စတွင် ယင်းကိစ္စအတွက် မိမိ၏ အစီရင် ခံစာကို ပုဒ်မ ၂၁ ပုဒ်မ ခွဲ (က) အရ တာဝန်ပေးသည့် နိုင်ငံတော် သမ္မတထံသို့ လည်းကောင်း၊ ပုဒ်မ ၂၁ ပုဒ်မခွဲ(ခ) အရ တာဝန်ပေးသည့် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်ကြားသော နစ်နာသူထံသို့ လည်းကောင်း၊ ထိုသူအား ပြည်ထောင်စု ရှေ့နေချုပ် ရုံး၏ အစီအစဉ်အရ ဆက်လက်အရေးယူ နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ လည်းကောင်း ပေးပို့ ရမည်။
(ခ)စုံစမ်းစစ်ဆေးချက်အရ စွပ်စွဲခံရသူအပေါ် ဝန်ထမ်း စည်းကမ်းအရသာ အရေးယူသင့်သည်ဟု ယူဆပါက ယင်း၏ ဝန်ထမ်းအကြီးအကဲထံ အကြောင်း ကြားရမည်။

၃၁။ ကော်မရှင်က စွပ်စွဲချက်အပေါ် စုံစမ်းစစ်ဆေးနေစဉ်အတွင်း စွပ်စွဲခံရသူသည် ရာထူးစွန့်လွှတ်သွားပြီးဖြစ်သော်လည်း ဥပဒေကြောင်းအရ ဆက်လက်အရေးယူရန် သော်လည်းကောင်း၊ ဝန်ထမ်းစည်းကမ်းနှင့်အညီ အရေးယူရန်သော် လည်းကောင်း၊ နိုင်ငံတော်က သက်ဆိုင်ရာ ငွေကြေး၊ ပစ္စည်းများကို သိမ်းယူနိုင်ရန်သော် လည်းကောင်း စုံစမ်းစစ် ဆေ မှုကို အပြီးသတ် ပြုလုပ်နိုင်သည်။

၃၂။ တည်ဆဲဥပဒေပြဋ္ဌာန်းချက်တစ်ခုခုတွင် မည်သို့ပင် ပါရှိစေကာမူ ကော်မရှင်က ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ စုံစမ်းထောက်လှမ်းရန် လိုအပ်သည်ဟု ယူဆလျှင် စုံစမ်းစစ်ဆေးရေးအဖွဲ့ သို့မဟုတ် စစ်ဆေးရေးမှူး တစ်ဦးဦးအား ဘဏ်တစ်ခုခုရှိ စွပ်စွဲခံရသူနှင့် သက်ဆိုင်သော ဘဏ်စာရင်းများကို စုံစမ်း စစ်ဆေးရန် အောက်ပါ လုပ်ပိုင်ခွင့်များ အပ်နှင်းနိုင်သည်-

(က)ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်း တစ်ခုခု၏ လက်ဝယ်တွင်ဖြစ်စေ၊ ယင်း၏ထိန်းသိမ်းမှု အောက်တွင် ဖြစ်စေ ရှိသော ဘဏ်လုပ်ငန်းဆိုင်ရာ စာအုပ်စာတမ်း၊ ဘဏ်စာရင်း သို့မဟုတ် စာတမ်း အမှတ်အသား တစ်ခုခု ကို စစ်ဆေးခြင်း၊ မိတ္တုကူးယူခြင်း၊
( ခ )အစုရှယ်ယာစာရင်း၊ အဝယ်စာရင်း၊ အသုံးစရိတ်စာရင်း သို့မဟုတ် သူတစ်ဦးဦးက ဘဏ်တွင် ဖွင့်လှစ် ထားသော ငွေထုတ်စာရင်းတစ်ခုခုကို စစ်ဆေးခြင်း၊ မိတ္တုကူးယူခြင်း၊
(ဂ)ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုခုတွင် ရှိသော အာမခံသေတ္တာ တစ်ခုခုတွင် ထည့်သွင်းထားရှိ သည်များကို စစ်ဆေးခြင်း၊
(ဃ)ပုဒ်မခွဲ (က) (ခ) နှင့် (ဂ) တို့နှင့်သက်ဆိုင်သော စာတမ်း အမှတ်အသား၊ စာရင်းနှင့် ပစ္စည်းတစ်ခုခုနှင့် သက်ဆိုင်သည့် အခြားသတင်းအချက် အလက်များအား မေးမြန်းစစ်ဆေးခြင်း။

၃၃။ ပုဒ်မ ၃၂ အရ လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသော စုံစမ်းစစ်ဆေးရေးအဖွဲ့ သို့မဟုတ် စစ်ဆေးရေးမှူးသည် အောက်ပါ အခြေအနေများတွင် မိမိစုံစမ်းစစ်ဆေးရသော စာအုပ်၊ စာတမ်း အမှတ်အသား၊ စာရင်း၊ ငွေ စသည်တို့ကို သိမ်းဆည်း နိုင်သည် -

(က)ယင်းတို့ကို မသိမ်းဆည်းဘဲ စစ်ဆေးမှု၊ မိတ္တူကူးယူမှု သို့မဟုတ် အနှစ်ချုပ် ထုတ်ယူမှု မပြုနိုင်ခြင်း၊
(ခ)ယင်းတို့ကို မသိမ်းဆည်းပါက သက်သေခံဖျောက်ဖျက်မှု ပြုနိုင်ခြင်း၊
(ဂ)ဤဥပဒေအရဖြစ်စေ၊ အခြားတည်ဆဲတရားဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ တရားစွဲဆိုရာတွင် ယင်းတို့ကို သက်သေခံအဖြစ်တင်ပြရန် လိုအပ်ခြင်း။

၃၄။(က)ကော်မရှင်သည် ဤဥပဒေပါ အရေးယူမည့် ပြစ်မှုတစ်ခုခုနှင့် အကျုံးဝင် သည့် သို့မဟုတ် ယင်းအမှုတွင် သက်သေခံ အဖြစ်တင်ပြမည့် ငွေကြေး ဆိုင်ရာ စာချုပ်စာတမ်းတစ်ခုခု အပါအဝင် ရွေ့ပြောင်းနိုင်သော ပစ္စည်း တစ်ခုခုသည် ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်း တစ်ခုခု၏ လက်ဝယ်တွင်ရှိကြောင်း သို့မဟုတ် ယင်း၏ ထိန်းကွပ်မှု အောက်တွင် ရှိကြောင်း သတင်းရရှိပြီး၊ ယင်းသတင်း အပေါ် ယုံကြည် သည့်အခါ တည်ဆဲ ဥပဒေပြဋ္ဌာန်းချက် တစ်ခုခုတွင် မည်သို့ပင်ပါရှိစေကာမူ ကော်မရှင်၏အမိန့် ကို ရုပ်သိမ်းခြင်း သို့မဟုတ် ပြောင်းလဲခြင်းပြုသည့်အချိန် အထိ ယင်း ပစ္စည်းကိုဖြစ်စေ၊ ယင်းပစ္စည်း၏ အစိတ်အပိုင်း တစ်ရပ်ရပ်ကိုဖြစ်စေ ရောင်းချခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ထုခွဲခြင်း၊ လွှဲပြောင်းခြင်း မပြုရန် အမိန့်ထုတ် နိုင်သည်။

(ခ)ပုဒ်မခွဲ(က)ပါ အမိန့်ကိုလိုက်နာဆောင်ရွက်သည့် ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်း သို့မဟုတ် ကိုယ်စားလှယ် သို့မဟုတ် ဝန်ထမ်းအား ပြစ်မှုကြောင်း အရဖြစ်စေ၊ တရားမကြောင်းအရ ဖြစ်စေ အရေး ယူခွင့် မရှိစေရ။

၃၅။ ကော်မရှင်သည် ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခြင်းနှင့် အကျုံး ဝင်သည့် ငွေကြေး၊ ပစ္စည်းတစ်ခုခုကို ပြည်ပဘဏ် သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံတွင် ထားရှိကြောင်း သို့မဟုတ် အပ်နှံထားကြောင်း ယုံကြည်သည့်အခါ ထိုပစ္စည်းကို တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းမပြုစေရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်သည်။

အခန်း (၆)ကော်မရှင်ရုံးဖွဲ့စည်းခြင်း[ပြင်ဆင်ရန်]

၃၆။ နိုင်ငံတော်သမ္မတသည် ကော်မရှင်ရုံးကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။

၃၇။ နိုင်ငံတော်သမ္မတသည် ကော်မရှင်၏အကြံပြုချက်အရ စစ်ဆေးရေးမှူးချုပ်ကို ဝန်ထမ်းစည်းမျဉ်း များနှင့်အညီ ခန့်အပ်ရမည်။

စစ်ဆေးရေးမှူးချုပ်၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ[ပြင်ဆင်ရန်]

၃၈။ စစ်ဆေးရေးမှူးချုပ်သည် ကော်မရှင်ကိုတာဝန်ခံပြီး ကော်မရှင်၏ လမ်းညွှန်ချက် နှင့်အညီ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်။

၃၉။ စစ်ဆေးရေးမှူးချုပ်သည် ကော်မရှင်၏လမ်းညွှန်ချက်နှင့်အညီ ကော်မရှင်ရုံးကို ညွှန်ကြားခြင်း၊ ထိန်းကွပ်ခြင်းနှင့် ကြီးကြပ်ခြင်းပြုရမည်။

၄ဝ။ စစ်ဆေးရေးမှူးချုပ်သည် မိမိ၏လုပ်ငန်းတာဝန်ဆောင်ရွက်ချက်နှင့် စပ်လျဉ်း၍ အစီရင်ခံစာကို ကော်မရှင်သို့ သတ်မှတ်ချက်များနှင့်အညီ တင်ပြရမည်။

စစ်ဆေးရေးမှူး၏လုပ်ငန်းတာဝန်၊ လုပ်ပိုင်ခွင့်နှင့် ကင်းလွတ်ခွင့်များ[ပြင်ဆင်ရန်]

၄၁။ စစ်ဆေးရေးမှူးသည် ကော်မရှင်၏ တာဝန်ပေးအပ်ချက်အရ အောက်ပါ လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရမည် -

(က)သတင်းပေးချက်နှင့် တိုင်ကြားချက်များကို လက်ခံခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊
(ခ)ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်ခြင်း၊ ပြစ်မှုကျူးလွန်ရန် အားထုတ်ခြင်း၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီခြင်းတို့နှင့် စပ်လျဉ်း၍ စုံစမ်းထောက်လှမ်းခြင်း၊
(ဂ)လာဘ်ပေးလာဘ်ယူမှု ပေါ်ပေါက်စေသည့် အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း၊ အများပြည်သူနှင့် သက်ဆိုင်သည့် အဖွဲအစည်းများ၏ သဘောသဘာဝ၊ စနစ်များနှင့် လုပ်ထုံးလုပ်နည်းများကို စစ်ဆေး ခြင်း၊ ယင်းစနစ်များနှင့် လုပ်ထုံးလုပ်နည်းများကို လိုအပ်သလို ပြုပြင်နိုင်ရန် ကော်မရှင်သို့ ထောက်ခံ တင်ပြခြင်း၊
(ဃ)လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးဆောင်ရွက်နေသည့် အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း၊ ပုဂ္ဂလိက အဖွဲ့အစည်းက မေတ္တာရပ်ခံလျှင် အကြံဉာဏ် ပေးခြင်း၊ အကူအညီပေးခြင်း၊
(င)လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်းများ၏ အကြီးအမှူးများအား ကော်မရှင်၏ လမ်းညွှန်ချက်နှင့်အညီ အကြံပြုခြင်း၊
(စ)မိမိ၏ စုံစမ်းထောက်လှမ်း တွေ့ရှိချက်များကို စုံစမ်းစစ်ဆေးရေး အဖွဲ့သို့ တင်ပြခြင်း၊
(ဆ)လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးအတွက် အများပြည်သူကို အသိပညာ ပေးခြင်း၊
(ဇ)ကော်မရှင်က ပေးအပ်သည့် အခြားလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။

၄၂။ ကော်မရှင်အဖွဲ့ဝင်၊ ပဏာမစိစစ်ရေးအဖွဲ့ဝင်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်နှင့် စစ်ဆေးရေးမှူးများသည် ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ရဲအရာရှိတစ်ဦး၏ လုပ်ပိုင်ခွင့်နှင့် ကင်းလွတ်ခွင့်များ ရရှိစေရမည်။

အခန်း (၇)[ပြင်ဆင်ရန်]

လာဘ်ပေးလာဘ်ယူမှုနှင့်စပ်လျဉ်း၍ သတင်းပေးဆောင်ရွက်ခြင်း နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆောင်ရွက်ခြင်း

၄၃။(က)နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် လာဘ်ပေးလာဘ်ယူမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးတင်ပြရန် ကော်မရှင်ကို တာဝန် ပေးအပ်နိုင်သည်။

(ခ)ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် နိုင်ငံရေးရာထူး လက်ရှိ ဖြစ်သူ တစ်ဦးဦးအပေါ် လာဘ်ပေး လာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်း၊ ရာထူးဆိုင်ရာ လုပ်ပိုင်ခွင့် အလွဲ သုံးစားမှုပြုခြင်း သို့မဟုတ် လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ခြင်းနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ သက်ဆိုင်ရာ လွှတ်တော်သို့ အဆိုတင်ပြခွင့် ရှိသည်။
(ဂ)သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌသည် -
(၁)ပုဒ်မခွဲ (ခ)ပါ တင်ပြချက်ကို လက်ခံရရှိသည့်အခါ လိုအပ်သလို စုံစမ်းစစ်ဆေးပြီး တင်ပြရန် ကော်မရှင်ကို တာဝန် ပေးအပ်ရမည်။
(၂)ကော်မရှင်၏ တင်ပြချက်အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ တစ်ဦးဦးမှာ လာဘ်ပေးလာဘ်ယူ မှုဖြင့် ကြွယ်ဝချမ်းသာ လာကြောင်း၊ ရာထူးဆိုင်ရာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကြောင်း သို့မဟုတ် လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း တွေ့ရှိပါက ထိုသူအား သက်ဆိုင်ရာက ဥပဒေ နှင့်အညီ အရေးယူနိုင်ရေးအတွက် အကြောင်း ကြားရမည်။

နစ်နာသူက သတင်းပေးခြင်းနှင့် တိုင်ကြားခြင်း[ပြင်ဆင်ရန်]

၄၄။ လာဘ်ပေးလာဘ်ယူမှုနှင့်စပ်လျဉ်း၍ ဖြစ်စေ၊ လုပ်ပိုင်ခွင့် အာဏာရှိသူ တစ်ဦးဦးက လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝ ချမ်းသာလာမှုနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ လာဘ်ပေး လာဘ်ယူမှုကြောင့် နစ်နာသူက သတ်မှတ်ချက်များနှင့်အညီ ကော်မရှင်သို့ဖြစ်စေ၊ ကော်မရှင်ရုံးသို့ဖြစ်စေ၊ ဤဥပဒေအရ ဖွဲ့စည်းသော လုပ်ငန်းကော်မတီ၊ လုပ်ငန်း အဖွဲ့၊ ပဏာမ စိစစ်ရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ခုခုသို့ဖြစ်စေ၊ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်း တစ်ခုခုသို့ဖြစ်စေ သတင်းပေးပို့ချက်နှင့် တိုင်တန်းချက် များကို ပေးပို့နိုင်သည်။

၄၅။ ပုဒ်မ ၄၄ အရ သတင်းပေးပို့ချက် သို့မဟုတ် တိုင်တန်းချက်တို့ကို ရရှိသော ကော်မရှင်ရုံး၊ လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမစိစစ်ရေးအဖွဲ့နှင့် စုံစမ်း စစ်ဆေးရေးအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း တစ်ခုခုသည် ထိုသတင်းပေးပို့ချက် သို့မဟုတ် တိုင်တန်းချက်နှင့်စပ်လျဉ်း၍ ထိရောက်စွာ ဆက်လက် ဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သော လမ်းညွှန်မှုပြုနိုင်ရန် သတ်မှတ်ချက် များနှင့်အညီ ကော်မရှင်သို့ ဆောလျင်စွာ တင်ပြ ရမည်။

၄၆။ ပုဒ်မ ၄၄ အရ သတင်းပေးပို့ချက် သို့မဟုတ် တိုင်တန်းချက်ပေးပို့သူသည် ခိုင်လုံသော အကြောင်းမရှိဘဲ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေ ပျက်စေရန် ရည်ရွယ်၍ သတင်းပေးပို့ချက်ကိုဖြစ်စေ၊ တိုင်တန်းချက်ကိုဖြစ်စေ တမင် ပြုလုပ်ကြောင်း ပေါ်ပေါက်ပါက ဤဥပဒေအရ အရေးယူခြင်းခံရမည်။

အခန်း (၈)လုပ်ပိုင်ခွင့် အာဏာရှိသူက ပိုင်ဆိုင်သည့် ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များနှင့်စပ်လျဉ်း၍ ကြေညာခြင်း[ပြင်ဆင်ရန်]

၄၇။ ကော်မရှင်သည် ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များ ပိုင်ဆိုင်မှု နှင့်စပ်လျဉ်း၍ ကြေညာချက်ပေးပို့ရန် တာဝန်ရှိသည့် လုပ်ပိုင်ခွင့်အာဏာရှိ သူများ၏ အမည်စာရင်းကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ တောင်းခံ၍ စိစစ်ပြီး အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာရမည်။

၄၈။ ပုဒ်မ ၄၇ အရ ကြေညာချက်ပေးပို့ရန် တာဝန်ရှိသောလုပ်ပိုင်ခွင့်အာဏာ ရှိသူများသည် မိမိတို့ဦးစီးသည့် တစ်စီးပွား တည်းဖြစ်သော မိသားစုပိုင် ငွေကြေး၊ ပစ္စည်း၊ ပေးရန် တာဝန်နှင့် ရရန်ပိုင်ခွင့်များ စာရင်းကို သတ်မှတ်ချက်များနှင့် အညီ ကော်မရှင်သို့ တစ်နှစ်လျှင် တစ်ကြိမ် ကြေညာချက်များ ပေးပို့တင်ပြရမည်။

၄၉။ လုပ်ပိုင်ခွင့် အာဏာရှိသူများသည် ကြေညာလွှာပေးပို့ရာတွင် -

(က)မိမိ၏ငွေကြေးနှင့် ပစ္စည်းများကို မည်သို့မည်ပုံ ပိုင်ဆိုင်ကြောင်း အထောက် အထား မိတ္တုပူးတွဲ တင်ပြရမည်။
(ခ)ပစ္စည်းများ လွှဲပြောင်းရောင်းချခြင်းရှိပါက ရောင်းချရငွေမှ ဝင်ငွေခွန် ထမ်းဆောင်ထားလျှင် ထိုသို့ ထမ်းဆောင်ထားသည့် အထောက်အထား စာရွက်စာတမ်း မိတ္တူ ပူးတွဲတင်ပြရမည်။
(ဂ)ပုဒ်မခွဲ(က)နှင့်(ခ)ပါ ငွေကြေးနှင့် ပစ္စည်းများကို ပိုင်ဆိုင်ကြောင်း အထောက် အထားအပြင် ပြည်တွင်း၊ ပြည်ပမှရရှိသော ငွေကြေး၊ ပစ္စည်း၊ ပေးရန် တာဝန်နှင့် ရရန်ပိုင်ခွင့်များ စာရင်းကို ပူးတွဲတင်ပြရမည်။

၅ဝ။ ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များ စာရင်းကြေညာလွှာပေးပို့ရန် တာဝန်ရှိသည့် လုပ်ပိုင်ခွင့် အာဏာရှိသူ ကွယ်လွန်သည့်အခါ ထိုသူ၏အမွေ ဆက်ခံသူ၊ တရားဝင်ကိုယ်စားလှယ် သို့မဟုတ် ပစ္စည်းထိန်းက ထိုကွယ်လွန်သူ ပိုင်ဆိုင်သည့် ငွေကြေးနှင့်ပစ္စည်းများ၏ စာရင်းကို သတ်မှတ်ချက်များ နှင့်အညီ ကော်မရှင်သို့ ကြေညာလွှာတင်ပြရမည်။

အခန်း (၉)လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာလာမှုကြောင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း[ပြင်ဆင်ရန်]

၅၁။ ကော်မရှင်သည် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ အရ လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းကြောင့် လုပ်ပိုင်ခွင့် အာဏာရှိသူ တစ်ဦးဦးက ပိုင်ဆိုင်သည့် ငွေကြေး၊ ပစ္စည်းများနှင့် စပ်လျဉ်း၍ စိစစ် တင်ပြရန် ပဏာမစိစစ်ရေးအဖွဲ့ကို တာဝန်ပေးအပ်ရမည်။

၅၂။ ကော်မရှင်၏ တာဝန်ပေးချက်အရ ပဏာမစိစစ်ရေးအဖွဲ့သည် ဤဥပဒေနှင့် အညီ လိုအပ်သော သက်သေခံချက်များ ရယူပြီး အဆိုပါငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် သင့်/မသင့် သဘောထား မှတ်ချက်ဖြင့် စိစစ် တွေ့ရှိချက် အစီရင်ခံစာကို ကော်မရှင်သို့ တင်ပြရမည်။

၅၃။ ကော်မရှင်သည် ပဏာမစိစစ်ရေးအဖွဲ့၏ တင်ပြသည့် စိစစ်တွေ့ရှိချက် အစီရင် ခံစာကိုစိစစ်ပြီး အဆိုပါ ငွေကြေးနှင့် ပစ္စည်းများသည် -

(က)လာဘ်ပေးလာဘ်ယူမှုဖြင့် ရရှိသော ငွေကြေးနှင့် ပစ္စည်းများ ဖြစ်ကြောင်း သက်သေထင်ရှား ပေါ်ပေါက် လျှင် အဆိုပါ ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့် အမိန့်ချမှတ်ရမည်။
(ခ)ဥပဒေနှင့်ညီညွတ်သော နည်းလမ်းဖြင့် ရရှိသောငွေကြေးနှင့် ပစ္စည်းများ ဖြစ်ကြောင်း လုပ်ပိုင်ခွင့် အာဏာ ရှိသူက သက်သေထင်ရှား ပြနိုင်လျှင် အဆိုပါငွေကြေးနှင့် ပစ္စည်းများကို ယင်းအား ပြန်လည်ပေးအပ် ရမည်။

၅၄။ ကော်မရှင်သည် သက်သေခံအဖြစ် သိမ်းဆည်းထားသော ငွေကြေးနှင့် ပစ္စည်း များကို စုံစမ်းစစ်ဆေးခြင်းခံရသူ မဟုတ်သော အခြားသူတစ်ဦးဦးက သဘောရိုးဖြင့် တရားဝင်လွှဲပြောင်း ရယူထားပြီးဖြစ်ကြောင်း သက်သေထင်ရှား ပေါ်ပေါက်ပါက ထို အခြားသူအား ပြန်လည်ထုတ်ပေးရမည်။

အခန်း (၁ဝ)ပြစ်မှုနှင့် ပြစ်ဒဏ်များ[ပြင်ဆင်ရန်]

၅၅။ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၅၆။ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်ဆယ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ် လည်း ချမှတ်နိုင် သည်။

၅၇။ နိုင်ငံရေးရာထူးလက်ရှိ ဖြစ်သူနှင့် လုပ်ပိုင်ခွင့်အာဏာရှိသူမှအပ အခြား မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။

၅၈။ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် သက်ဆိုင်သည့်ငွေကြေးနှင့် ပစ္စည်း များအပေါ် အရေးယူဆောင်ရွက်ခြင်း မပြုနိုင်ရန် ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက် ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် လွှဲပြောင်းခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။

၅၉။ မည်သူမဆို ခိုင်လုံသောအကြောင်းမရှိဘဲ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာ စေရန် သို့မဟုတ် ဂုဏ်သရေ ပျက်စေရန် ရည်ရွယ်၍ ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သည်ဟုသော်လည်းကောင်း၊ လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာ လာသည်ဟုသော်လည်းကောင်း၊ မမှန်မကန်သတင်းပို့ခြင်း၊ တိုင်တန်းခြင်း သို့မဟုတ် မမှန်မကန် သက်သေခံခြင်း၊ မမှန်မကန် သက်သေခံ ဖန်တီးခြင်းပြုကြောင်း သို့မဟုတ် အခြားသူတစ်ဦးဦးအား ထိုသို့ တစ်ခုခု ပြုလုပ်စေရန် ခိုင်းစေခြင်း ပြုကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငါးနှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၆ဝ။ မည်သူမဆို ကော်မရှင် သို့မဟုတ် ကော်မရှင်က လွှဲအပ်တာဝန်ပေးအပ်သည့် အဖွဲ့အစည်းတစ်ခုခုက ထုတ်ဆင့်သည့် အမိန့်တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

၆၁။ မည်သည့်လုပ်ပိုင်ခွင့်အာဏာရှိသူမဆို ဤဥပဒေအရ ကော်မရှင်က သတ်မှတ် သည့် အချိန်ကာလအတွင်း ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်ဆိုင်ရာ အထောက်အထားများကိုတင်ပြရန် တမင်ပျက်ကွက်ကြောင်း သို့မဟုတ် ယင်း အထောက်အထားများကို မမှန်မကန်တင်ပြကြောင်း သို့မဟုတ် အချက်အလက် များကို ထိန်ချန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငါးနှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၆၂။ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုခုမှ တာဝန်ရှိသူ မည်သူမဆို ဤဥပဒေပါ ပြစ်မှုနှင့်စပ်လျဉ်း၍ အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ယင်းပြုလုပ်မှု တစ်ရပ်ရပ်အတွက် ထိုသူကို ငါးနှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်-

(က)ကော်မရှင်၏ တာဝန်ပေးအပ်ချက်အရ စုံစမ်းစစ်ဆေးရေးအဖွဲ့က တရားဝင် တာဝန်ထမ်းဆောင်ခြင်းကို ခွင့်ပြုရန် ငြင်းပယ်ခြင်း၊
(ခ)ကော်မရှင်က တားမြစ်မိန့် ထုတ်ဆင့်ထားသော ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုခုရှိ ငွေကြေးနှင့် ပစ္စည်းများကို ကော်မရှင်၏ ခွင့်ပြုမိန့် မရှိဘဲ ထုတ်ပေးခြင်း၊ လွှဲပြောင်းခြင်း၊
(ဂ)စုံစမ်းစစ်ဆေးမှုနှင့် သက်ဆိုင်သည့် ငွေကြေးနှင့် ပစ္စည်းဆိုင်ရာ မှတ်တမ်းများကို ဖျောက်ဖျက်ခြင်း၊ ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ကော်မရှင်၏ခွင့်ပြုချက်မရှိဘဲ လွှဲပြောင်းခြင်း။

၆၃။ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းပြုလျှင်ဖြစ်စေ၊ ပြစ်မှု ကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ၊ ယင်းပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်။

အခန်း (၁၁)အထွေထွေ[ပြင်ဆင်ရန်]

၆၄။ စုံစမ်းစစ်ဆေးခြင်းခံရသူသည် မိမိပိုင်ဆိုင်သည့် ငွေကြေးနှင့် ပစ္စည်းများကို တရားဝင် မည်သို့ရရှိကြောင်း သို့မဟုတ် မည်သည့် ဝင်ငွေဖြင့် ရရှိကြောင်းကို ခိုင်လုံသော အထောက်အထားများဖြင့် သက်သေထင်ရှားပြသရန် တာဝန်ရှိသည်။

၆၅။ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် တရားစွဲဆိုရာတွင် တာဝန်ပေးအပ်ခြင်း ခံရသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ သို့မဟုတ် စုံစမ်းစစ်ဆေးရေးမှူးသည်-

(က)နိုင်ငံရေးရာထူးလက်ရှိဖြစ်သူကို တရားစွဲဆိုရန်ဖြစ်ပါက ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက် ဖြင့် ကော်မရှင်က ထုတ်ပေးသော ကြိုတင် ခွင့်ပြုချက် ရယူရမည်။
(ခ)လွှတ်တော်ကိုယ်စားလှယ်ကို တရားစွဲဆိုရန်ဖြစ်ပါက တည်ဆဲ ဥပဒေ နှင့်အညီ ကြိုတင်ခွင့်ပြုချက် ရယူ ရမည်။
(ဂ)နိုင်ငံရေးရာထူး လက်ရှိဖြစ်သူနှင့် လွှတ်တော်ကိုယ်စားလှယ်မှအပ အခြားသူ တစ်ဦးဦးကို တရားစွဲဆိုရန် ဖြစ်ပါက ကော်မရှင်က ထုတ်ပေးသော ကြိုတင် ခွင့်ပြုချက်ရယူရမည်။

၆၆။ဤဥပဒေအရ တရားစွဲဆို တင်ပို့ထားသော လာဘ်ပေးလာဘ်ယူမှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းသည် တရားရုံးရှေ့သို့တင်ပို့ရန် မလွယ်ကူသော ပစ္စည်းဖြစ်ပါက ယင်းသက်သေခံပစ္စည်းကို တရားရုံးရှေ့သို့ တင်ပို့ရန်မလိုဘဲ မည်ကဲ့သို့ ထိန်းသိမ်း ထားကြောင်း အစီရင်ခံစာ သို့မဟုတ် သက်ဆိုင်ရာ စာရွက်စာတမ်း အထောက် အထားများဖြင့် တင်ပြနိုင်သည်။ ယင်းသို့ တင်ပြခြင်းကို တရားရုံးရှေ့သို့ သက်သေခံ ပစ္စည်း တင်ပြဘိသကဲ့သို့ မှတ်ယူကာ သက်ဆိုင်ရာ တရားရုံးက ဥပဒေနှင့်အညီ စီမံခန့်ခွဲသည့် အမိန့်ချမှတ်ရမည်။

၆၇။ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သဘောရိုးဖြင့်ဆောင်ရွက်သော ကော်မရှင် အဖွဲ့ဝင်၊ ပဏာမစိစစ်ရေးအဖွဲ့ဝင်၊ စုံစမ်း စစ်ဆေးရေးအဖွဲ့ဝင်၊ စစ်ဆေးရေးမှူး၊ လုပ်ငန်းအဖွဲ့ဝင်နှင့် ကော်မရှင်ရုံး ဝန်ထမ်း များကိုလည်းကောင်း၊ ကော်မရှင်၊ ပဏာမစိစစ်ရေးအဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ကော်မရှင်ရုံး ဝန်ထမ်း တစ်ဦးဦး၏ကိုယ်စား ဆောင်ရွက်သူများကိုလည်းကောင်း တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ၊ အခြားအမှုအခင်း တစ်စုံတစ်ရာ ဖြင့်ဖြစ်စေ အရေးယူခြင်း မရှိစေရ။

၆၈။ လာဘ်ပေးလာဘ်ယူမှုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝ ချမ်းသာလာမှုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ငွေကြေးနှင့် ပစ္စည်းများကို စုံစမ်းစစ်ဆေး အရေးယူခြင်းနှင့် စပ်လျဉ်း၍ဖြစ်စေ အခြားတည်ဆဲ ဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ ဤဥပဒေအရသာလျှင် အရေးယူရမည်။

၆၉။ဤဥပဒေအရ အရေးယူပိုင်ခွင့်ရှိသည့် ပြစ်မှုများအား ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၇ဝ။ ကော်မရှင်အဖွဲ့ဝင်များ၊ ဤဥပဒေအရ ဖွဲ့စည်းသည့် လုပ်ငန်းကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ ပဏာမ စိစစ်ရေးအဖွဲ့ဝင်များ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များ၊ စစ်ဆေးရေးမှူးနှင့် ကော်မရှင်ရုံး၏ အရာထမ်း၊ အမှုထမ်း များသည် ပြည်သူ့ဝန်ထမ်း များ ဖြစ်သည်ဟု မှတ်ယူရမည်။

၇၁။ ကော်မရှင်နှင့် ဤဥပဒေအရဖွဲ့စည်းသည့် လုပ်ငန်းကော်မတီများ၊ လုပ်ငန်း အဖွဲ့များ၊ ပဏာမစိစစ်ရေးအဖွဲ့များ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့များ၏ အသုံးစရိတ်များ၊ ကော်မရှင် ရုံး၏ အသုံးစရိတ်များအတွက် ပြည်ထောင်စု အစိုးရ အဖွဲ့က ဘဏ္ဍာငွေ ခွဲဝေ လျာထားပေးရမည်။

၇၂။ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်-

(က)ကော်မရှင်သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်း များကို ထုတ်ပြန်နိုင်သည်။
(ခ)ကော်မရှင်သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့် ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၇၃။၁၉၄၈ ခုနှစ်၊ အဂတိလိုက်စားမှု တားမြစ်ရေးအက်ဥပဒေ (ဥပဒေအမှတ် ၆၇/၄၈)ကို ဤဥပဒေဖြင့် ရုပ်သိမ်း လိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။ (ပုံ) သိန်းစိန် နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ကိုးကား[ပြင်ဆင်ရန်]