အက္ကပတ်မြင်းဝန်
အက္ကပတ်မြင်းဝန်သည် အက္ကပတ်မြင်းတပ်စုကို အုပ်ချုပ်ကွပ်ကဲရသူ ဖြစ်သည်။ အလောင်းမင်းတရားလက်ထက် ၁၇၅၈ ခုနှစ်တွင် အာသံ ၊ မဏိပူရနယ်များကို သိမ်းပိုက်အောင်ခဲ့ပြီးနောက် ခေါင်းဆောင်လာခဲ့ကြသည့် မြင်းစီးကျွမ်းကျင်သူများအား အက္ကပတ်မြင်းတပ်ကို ဖွဲ့စည်းပေးခဲ့သည်။ သို့ဖြစ်၍ အက္ကပတ်မြင်းဝန်ရာထူးမှာ မဂိုအင်ပါယာဘုရင် အက္ကဘာ (Akkabar) နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပေ။ အက္ကပတ်မြင်းဝန်၏ လက်အောက်တွင် အက္ကပတ်မြင်း စာရေးများကိုလည်း ခန့်အပ်ထားရှိ၏။
ကုန်းဘောင်ခေတ်ဦးကာလ
[ပြင်ဆင်ရန်]ကုန်းဘောင်ခေတ်ဦးကာလ အက္ကပတ်မြင်းဝန်တပ်စုကို စတင်ဖွဲ့စည်းစဉ်က အက္ကပတ်မြင်းဝန်ရာထူး မရှိသေးဘဲ မြင်းတပ်ဗိုလ်အဆင့်မျှသာ ထားရှိခဲ့ဟန် တူသည်။ ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက်တွင်မူ အက္ကပတ်မြင်းဝန်အဖြစ် အထင်အရှား ရှိနေပြီဖြစ်သည်။ အက္ကပတ်မြင်းဝန် နေမျိုးကျော်ထင်စည်သူသည် ၁၅ မတ် ၁၇၉၇ ခုနှစ်တွင် ဝေသာလီသို့ စစ်ချီရာ၌ လိုက်ပါစစ်မှုထမ်းခဲ့ရ၏။ ထို့အတူ ၁၇၉၈ ခုနှစ်တွင် ယိုးဒယားသို့ စစ်ချီစဉ်ကလည်း အက္ကပတ်မြင်းဝန် နေမျိုးကျော်ထင်စည်သူ ပါဝင်ခဲ့သည်။
အက္ကပတ်မြင်းဝန် ဦးမှိုင်း
[ပြင်ဆင်ရန်]ပိဋကတ်တော်အုပ် ဦးပညာ၏ သားဖြစ်သူ ဦးမှိုင်းမှာ ယခင်က ပခန်းကြီးမြို့ဝန် ဖြစ်၏။ စစ်ကိုင်းမင်း (ဘကြီးတော်) နန်းတက်စ ၁၈၁၉ ခုနှစ်တွင် နေမျိုးရဲခေါင် ကျော်ဘွဲ့ဖြင့် အက္ကပတ်မြင်းဝန်အရာ ခန့်အပ်ခဲ့သည်။ ဦးမှိုင်းသည် စစ်ကိုင်းမင်း နန်းတက်စဉ်ကပင် ငွေအသပြာတစ်ထောင် ချီးမြှင့်ခံခဲ့ရသေး၏။ မကြာမီ မင်းကြီး မင်းခေါင်ကျော်ဘွဲ့ ပြောင်းလဲခန့်အပ်ခံခဲ့ရပြီး မဏိပူရသို့ စစ်ဘက်ဆိုင်ရာ အကြီးအကဲတစ်ဦးအဖြစ် ဦးဆောင်ချီတက်ခဲ့ရသေး၏။ နောင်ဝန်ကြီးရာထူး ရရှိခဲ့သော်လည်း စီရင်ခံခဲ့ရသည်။
သာယာဝတီမင်းလက်ထက်
[ပြင်ဆင်ရန်]သာယာဝတီမင်း (၁၈၃၇-၁၈၄၆)လက်ထက်တွင် ဦးမှိုအား အက္ကပတ်မြင်းဝန်ရာထူး ခန့်အပ်လိုက်ပါသည်။ ဦးမှိုမှာ နောင်မြတောင်မြို့စားဝန်ကြီး ၊ ပန်းပဲမင်းကြီး စသည့် အမည်များဖြင့် ထင်ရှားခဲ့သူ ဖြစ်၏။ သာယာဝတီမင်းလက်ထက်တွင် အက္ကပတ်မြင်းဝန်ရာထူး အပြောင်းအလဲရှိခဲ့သော်လည်း ရှာဖွေမတွေ့ရှိရပါ။ အလားတူ ပုဂံမင်း (၁၈၄၆-၁၈၅၂) လက်ထက် အက္ကပတ်မြင်းဝန် အဖြစ် အမှုထမ်းရွက်ခဲ့သူ အမည်ကိုလည်း မသိရပေ။
မင်းတုန်းမင်းလက်ထက်
[ပြင်ဆင်ရန်]၁၈၅၃ ခုနှစ်တွင် မင်းတုန်းမင်းနန်းတက်လာပြီးနောက် မင်းလှရာဇာစည်သူဘွဲ့ခံ ဦးရွှေရိတ်ကို အက္ကပတ်မြင်းဝန်ရာထူးခန့်အပ်ခဲ့သည်။ သို့သော်မကြာမီ ရဲဘက်မြင်းဝန် ဦးခဲအား အက္ကပတ်မြင်းဝန်ရာထူး ပြောင်းလဲခန့်အပ်ခဲ့၏။ ရွှေမြို့တော်ဝန် ရာထူးကိုပါ ပူးတွဲ ထမ်းဆောင်ရသဖြင့် အက္ကပတ်မြင်းဝန် ဦးခဲဟုလည်း အမည်တွင်ခဲ့သည်။ ၁၈၆၆ ခုနှစ် မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းပေါ်ပေါက်ခဲ့စဉ်က အက္ကပတ်မြင်းဝန် ဦးခဲသည် အင်အား ၁၂၀၀ နှင့် သွားရောက်ချီတက် နှိမ်နင်းခဲ့ရသေး၏။
၁၈၆၆ ခုနှစ်တွင် လယ်ကိုင်းမြို့စား မင်းကြီး မဟာဇေယျသူရအား အက္ကပတ်မြင်းဝန်ရာထူး ခန့်အပ်လိုက်ပါသည်။ မကြာမီ ပန်းထိမ်းမင်းသား အရေးအခင်းပေါ်ပေါက်ခဲ့ရာ အက္ကပတ်မြင်းဝန် လယ်ကိုင်းမြို့ စား မင်းကြီးသည် ညောင်ရမ်း မင်းသား ဦးစီးသော တပ်မ၌ လက်ဝဲစစ်ကဲအဖြစ် လိုက်ပါစစ်မှုထမ်းခဲ့ရသည်။ သူ၏ရာထူးကို ဆက်ခံခဲ့သူမှာ အက္ကပတ်မြင်းဝန် ဦးရွှေမောင် ဖြစ်ဟန်ရှိသည်။ ဦးရွှေမောင်သည် ဝန်ထောက်ဦးရွှဲနှင့် ဝန်ကတော် ဒေါ်ကုန်စီတို့သား ဖြစ်ပြီး မင်းတုန်းမင်း၏ နန်းဦးမိဖုရား သီရိပဘာမဟေဘွဲ့ခံ ဒေါ်မှူး၏ မောင်လည်း ဖြစ်သည်။
အက္ကပတ်မြင်းဝန် ဦးဘကြမ်း
[ပြင်ဆင်ရန်]၁၈၇၈ ခုနှစ် အောက်တိုဘာလတွင် သီပေါမင်း နန်းတက်လာပြီးနောက် ခေါသန်တီမြို့စား မင်းလှမင်းထင်သူရိန်ဘွဲ့ခံ ဦးဘကြမ်းအား အက္ကပတ်မြင်းဝန်ရာထူး ခန့်အပ်လိုက်ပါသည်။ ၁၈၇၉ ခုနှစ် စက်တင်ဘာလတွင် ဗြိတိသျှသံအဖွဲ့ ရတနာပုံနေပြည်တော်သို့ လာရောက်ခဲ့ရာ အက္ကပတ်မြင်းဝန် ဦးဘကြမ်း စစ်ရေးပြပွဲသို့ တက်ရောက်ခဲ့ရ၏။ ထို့ပြင် ၂၈ မေ ၁၈၈၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ရာဇဝတ်ဥပဒေပြုရေး စည်းဝေးပွဲ သို့လည်း တက်ရောက်ခဲ့ပြီး ရာဇဝတ်ကင်းရှင်းရေးအတွက် ၁၂ ဌာန သတ်မှတ်စဉ်၌ တာဝန်ယူခဲ့ရသေးသည်။ ၁၇ မတ် ၁၈၈၂ ခုနှစ်တွင် အက္ကပတ်မြင်းဝန် ဦးဘကြမ်းအား ရနောင်မောင်မောင်တုတ်တို့အဖွဲ့နှင့်အတူ အရေးယူခဲ့သည်။ ဒိုင်းခင်ခင် အရေးတွင် ပါဝင်ပတ်သက်နေသောကြောင့် ဖြစ်၏။
အက္ကပတ်မြင်းဝန် ဦးချုံ
[ပြင်ဆင်ရန်]ဦးဘကြမ်းရာထူးမှ ထုတ်ပယ်ခံရပြီးနောက် လစ်လပ်သွားသော အက္ကပတ်မြင်းဝန်နေရာကို မင်းကြီးမဟာမင်းထင်ရာဇာဘွဲ့ခံ ဦးချုံ အား ခန့်အပ်ခဲ့သည်။ ဦးချုံ သည် ပင်လယ်မြို့စား ရွှေမြို့တော်ဝန်အဖြစ်ပါ ပူးတွဲ တာဝန်ထမ်းဆောင်ရသူဖြစ်ရာ အက္ကပတ်မြင်းဝန်ဟု အမည်တွင်ခဲ့သည်။ ၁၁ နိုဝင်ဘာ ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲ ဖြစ်ပွားခဲ့ရာ တောင်တွင်းကြီး စစ်ကြောင်းအား အက္ကပတ်မြင်းဝန်မြို့စားတော်ဝန် ပင်လယ်မြို့စား မင်းကြီးမဟာမင်းထင်ရာဇာဘွဲ့ခံ ဦးချုံ ဦးစီးချီတက်ခဲ့ရသည်။ ဦးချုံ ဦးစီးသော စစ်ကြောင်းမှာ စစ်သည်အင်အား ၁၆၂၅ ဦး ပါဝင်ခဲ့၏။ အက္ကပတ်မြင်းဝန် ဦးချုံ သည် သီပေါမင်း ပါတော်မူသွားပြီးနောက် ၂၆ မတ် ၁၈၈၆-ခုနှစ်တွင် အဖျားရောဂါဖြင့် ကွယ်လွန်သွားသည်။ ဦးချုံ အား အစ္စလာမ်ဘာသာဝင် တစ်ဦးဟုလည်း ဆိုကြ၏။ သို့သော် ဆရာကြီး ဦးစိန်မောင်ဦး (ရှေးဟောင်း သုတေသနညွှန်ကြားရေးမှူးငြိမ်း)ကမူ ဦးချုံ ၏ သမီးဒေါ်ခင် ဆိုသူသာ အစ္စလာမ် ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ကျခဲ့ကြောင်း ဆိုသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀၀၉