မာတိကာသို့ ခုန်သွားရန်

ဟာမင်း ဂါရင်း

ဝီကီပီးဒီးယား မှ
ဟာမင ဂိုးအားရင်း


ဂျာမနီနိုင်ငံ နာဇီပါတီီ ခေါင်းဆောင်တစ်ဦးဖြစ်သော ဟာမင် ဂိုးအားရင်းသည် ဘာဘေးရီးယားပြည် ရိုဇင်ဟိုင်းမြို့၌ ၁၈၉၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၂ ခုနှစ်တွင် ကြည်းတပ်ဗိုလ်အဖြစ်ဖြင့် စစ်မှုထမ်းရာမှ ပထမကမ္ဘာစစ်ဖြစ်သော် လေတပ်သို့ ကူးပြောင်းခဲ့သည်။ ရန်သူလေယာဉ်ပျံများကို အများဆုံး ပစ်ချနိုင်သဖြင့် ပထမတန်းလေယာဉ်သူရဲကောင်းဟု ချီးကျူးခြင်း ခံရသည်။

၁၉၂၂ ခုနှစ်တွင် ဟစ်တလာတည်ထောင်သော နာဇီအဖွဲ့သို့ ဝင်သည်။ နာဇီအဖွဲ့ မုန်တိုင်းတပ်ကိုဖွဲ့စည်း အုပ်ချုပ်ရသည်။ ၁၉၃၃ ခုနှစ်၌ ပရပ်ရှားပြည်နယ် ဝန်ကြီးချုပ်ဖြစ်၍ ပြည်ထဲရေးဝန်ကြီးလည်း ဖြစ်လာသည်။ ဂျာမန်လေတပ်ကို ကိုယ်တိုင်ဖွဲ့စည်း အုပ်ချုပ်ခဲ့သည်။ ၁၉၃၆ ခုနှစ်၌ ဒုတိယကမ္ဘာစစ်အတွက် ပြင်ဆင်မှုဖြစ်သော ၄ နှစ် စီမံကိန်းကို လုပ်ဆောင်ခဲ့သည်။ နာဇီများ တန်ခိုးကြီးချိန်တွင် ဂျာမန်လေတပ်စစ်သူကြီးဖြစ်သော ဂိုးအားရင်းသည် အလွန်အရေးပါ အရာရောက်ခဲ့၍ ဟစ်တလာ၏ ညာလက်ရုံးကြီး ဖြစ်ခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြီးပြီးခါနီး ၁၉၄၅ ခုနှစ်တွင် ဟစ်တလာနှင့် မသင့်မတင့်ဖြစ်၍ နာဇီပါတီမှ နုတ်ထွက်ခဲ့လေသည်။ စစ်ကြီးအပြီး စစ်တရားခံများကို စစ်ဆေးသော မဟာမိတ်စစ်ခုံရုံးက ဂိုးအားရင်းအား စစ်တရားခံအဖြစ်ဖြင့် ၁၉၄၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့၌ သေဒဏ်အမိန့်ချမှတ် လိုက်သည်။ သေဒဏ်အပြစ်ပေးရန်နေ့သို့ မရောက်မီ ဂိုးအားရင်းသည် မိမိကိုယ်ကို မိမိအဆိပ်ခတ်၍ အဆုံးစီရင်လိုက်လေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)