ဟင်းနုနယ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဟင်းနုနယ်
(Amaranthus)
Amaranthus tricolor0.jpg
Amaranthus tricolor
မျိုးရိုးခွဲခြားခြင်း e
လောက: Plantae
Clade: Angiosperms
Clade: Eudicots
မျိုးစဉ်: Caryophyllales
မျိုးရင်း: Amaranthaceae
မျိုးရင်းသေး: Amaranthoideae
မျိုးစု: Amaranthus
ကားလ် လင်းနီးယပ် (L.)

ဆေးဘက်လည်းဝင်၊ ပေါပေါများများလည်း ရနိုင်၍ ချိုမြိန်သော ဟင်းတမယ်လည်း ဖြစ်နိုင်သည့် ဟင်းသီးဟင်းရွက်တမျိုးမှာ ဟင်းနုနယ်ဖြစ်သည်။ မြန်မာအိန္ဒိယသီဟိုဠ်ကျွန်းစသော အပူပိုင်းဒေသ များ၌ ထိုအပင်တို့ကို ခဲခဲယဉ်းယဉ်း ပင်ပင်ပန်းပန်း စိုက်ပျိုးရန် မလိုပေ။ အလေ့ကျ ပေါက်နိုင်ကြသည်။

ဟင်းနုနယ် (အင်္ဂလိပ်ဘာသာ-Amaranth) သည် မျိုးစိတ် မျိုးပြား အများအပြားရှိသော အပင်မျိုးဖြစ်သည်။ အမ်မရန်သေစီအမျိုးရင်း (Amaranthaceae)၌ ပါဝင်၍ မျိုးခွဲ ၏အမည်သည် အမ်မရန်တတ်ဖြစ်သည်။ မြန်မာနိုင်ငံ၌ ပေါက် ရောက်ကြသော ဟင်းကနွယ်၊ ဟင်းနုနယ်ကြီး၊ ဟင်းနုနယ်ဆူးပေါက်(ဟင်းနုနယ်ဆူးကြီး)၊ ကြက်မောက်ပန်းပင်တို့သည် ထိုမျိုးရင်း မျိုးခွဲ၌ ပါဝင်သည်။ မြန်မာနိုင်ငံ၌ ဟင်းနုနယ်ဟု သိမ်းရုံးခေါ်ဝေါ်နေကြသော အပင်သုံးမျိုးလေးမျိုးခန့်မှာ စင်စစ် အားဖြင့် မျိုးစိတ် ကွဲပြားကြသည်။ ဟင်းနုနယ်မျိုးတို့တွင် လယ်မြေခြံ မြေတို့၌ အလေ့ကျပေါက်၍ ပေါင်းပင်များအဖြစ် သုတ်သင်ရှင်းလင်းပစ်ရသော အပင်ရိုင်းများရှိသည့်နည်းတူ အပင့်နှင့်ရွက်လှပင်တို့ကဲ့သို့ အရွက်အရောင် လှသဖြင့် ပန်းခြံ ဥယျာဉ်များ၌ အလှစိုက်ပျိုးကြသော ကြက်မောက်ပန်းပင်ကဲ့သို့ အယဉ်ပင် မျိုးလည်း ရှိပေသေးသည်။

ဟင်းနုနယ်မျိုးတို့သည် တနှစ်ခံ ပင်နုပင်ပျော့မျိုးဖြစ်၍ ချောမွတ်သော ပင်စည်နှင့် အကိုင်းအခက်များ ရှိသည်။ ယေဘုယျအားဖြင့် အမြင့်တပေမှ ငါးပေအထိ ရှိတတ်သော် လည်း မြေဩဇာကောင်း၍ ကောင်းစွာ ပြုစုစိုက်ပျိုးလျှင် ခုနစ်ပေ ရှစ်ပေခန့်ပင် မြင့်နိုင်ပေသည်။ အရွက်များလည်း ရွက်လွဲဲထွက်၍ အနားညီသည် လည်း ရှိသည်။ အဟိုက်ပါသည် လည်း ရှိသည်။ ထိပ်အနည်းငယ်ချွန်၍ ရွက်ညှာဖက်သို့ ကျဉ်း သွားသည်။ အပွင့်များသည် သေးငယ်လှ၍ အဖို၊ အမ နှစ်မျိုး လုံးပါဝင်သည်။ ပင်တံနှင့် အရွက်ညှာရင်းမှ အစုအခဲလိုက်လည်း ထွက်၍ ပွင့်သည်။ ပင်တံနှင့် အကိုင်းအခက်များ၏ ထိပ်ဖျားမှလည်း ပွင့်ညှာမဲပွင့်တံများဖြင့်လည်း ထွက်၍ ပွင့် သည်။ အသီးများသည် လုံးသယောင်ယောင်ရှိ၍ မအက်ကွဲချေ။ ထိပ်လုံးသည်လည်း ရှိသည်။ အချို့ နှစ်ခုသုံးခု ပါသည်လည်း ရှိသည်။ အစေ့များသည် ပဲစေ့ကလေးများနှင့် တူလေသည်။ ဟင်းနုနယ်ဆူးပေါက် (ရုက္ခဗေဒအမည်အားဖြင့် အမ်မရန်တတ် စပိုင်နိုးဆတ် Amaranthus spinosus)သည် တပေမှာ ငါးပေအထိ မြင့်သည်။ လုံးဝန်းသော ပင်စည်နှင့် အကိုင်းအခက်များသည် အရည်ရွှမ်း သည်။ ဆူးများလည်း ရှိသည်။ လွင်သော အစိမ်းရောင်ရှိသည့် အရွက်များသည် အလျား တလက်မခွဲခန့်မှ လေးလက်မခန့်ရှိ သည်။ အရင်းပိုင်းကား၍ အဖျားသွယ်ပြီးလျှင် ရွက်ညှာသည် ရွက်ချပ်နီးပါး ရှည်သည်။ အပွင့်ကလေးများသည် သေးငယ်၍ ရွက်ညှာနှင့် ပင်စည်ခွကြားမှ အစုအခဲလိုက်သော်လည်းကောင်း၊ ပင်တံနှင့်အကိုင်းများ အဖျားမှ ပွင့်တံများဖြင့် သော်လည်းကောင်း ထွက်၍ပွင့်သည်။ ဇူလိုင်လမှ ဧပြီလအတွင်း အပွင့်ပွင့် သည်။ အစေ့များသည် မည်းနက်သည်။ လယ်မြေ ယာမြေ များ၌ အလေ့ကျ ပေါက်ရောက်တတ်လေသည်။

ဟင်းနုနယ်နီ(ရုက္ခဗေဒ အမည်အားဖြင့် အမ်မရန်တတ်ဂန်ဂျီတီကတ် Amaranthus gangeticus)သည် ပင်စည် တုတ်ခိုင်၍ နှစ်ပေမှ သုံးပေအထိ မြင့်သည်။ အရွက်များသည် အစိမ်းရောင် အနီရောင်များ ရှိ၍ ရွက်လှကဲ့သို့ အရောင်စုံ အရွက်မျိုးလည်း ရှိသည်။ အရွက်များသည် နှစ်လက်မမှ ငါးလက်မအထိ ရှည်သည်။ ယင်းသည်လည်း ဇူလိုင်လမှ ဧပြီလအတွင်း အပွင့်များပွင့်၍ လယ်မြေ ယာမြေနှင့် လူနေအိမ်ခြေရှိရာ အရပ်များ၌ အလေ့ကျပေါက်ရောက်သည်။

ရုက္ခဗေဒ အမည်ဖြင့် အမ်မရန်တတ် မန်ဂိုစတေးနပ်(Amaranthus mangostanus ၊ ယခုအခါတွင် A. tricolor[၁][၂])၊ အမ်မရန်တတ် ဗီရီဒီ(Amaranthus viridis)၊ အမ်မရန်တတ် ဗလီတွမ်(Amaranthus blitum)ဟု အသီးအသီး ခေါ်တွင်သော အပင်တို့ကို မြန်မာတို့ အခေါ်အဝေါ်အားဖြင့် ဟင်းနုနယ်ဟူ၍ သိမ်းရုံးခေါ်ထားသော်လည်း မျိုးစိတ်ကွဲပြားကြသည်။ အပင်၏အမြင့်၊ အရွက်၊ အပွင့်တို့၌ ခြားနားမှု မတိမ်းမယိမ်းမျှသာ ဖြစ်သော်လည်း ပထမမျိုးစိတ်သည် အကိုင်းအခက် အထွက်များသည်။ ဒုတိယမျိုးစိတ်သည် တည့်တည့် မတ်မတ် ပေါက်သည်။ တတိယမျိုးစိတ်၏ ပင်စည်တို့သည် ယိမ်းယိုင်၍ မြေပေါ်၌ ပြားဝပ်ပေါက်တတ်သည်။ ပထမမျိုးစိတ်သည် ဇူလိုင်လမှ ဧပြီလအတွင်း အပွင့်ပွင့်၍ ဒုတိယမျိုးစိတ်သည် ဇူလိုင်လမှ ဇန္နဝါရီလ အတွင်း၌လည်းကောင်း၊ တတိယမျိုးစိတ်သည် ဇွန်လမှ ဇန္နဝါရီလအတွင်း၌ လည်းကောင်း အပွင့်ပွင့်ကြလေသည်။

ဟင်းနုနယ်၏ အရိုးအရွက်တို့၌ အရသာတစ်မျိုးထူးသော အချိုဓာတ် တမျိုးပါရှိသဖြင့် ကြော်ချက်၍ စားသည့်အခါ ချိုဆိမ့်ဆိမ့်နှင့် ခံတွင်းတွေ့စေသည်။ ပုဇွန်၊ ပုဇွန်ခြောက်၊ အမဲ၊ ကြက်၊ ဝက် စသော နှစ်သက်ရာ အသားတစ်မျိုးမျိုးဖြင့်လည်း ရောချက်စားကြသည်။ ကျေးရွာများတွင် ဟင်းနုနယ်ကို ငပိစိမ်း စား နည်းနည်းဖြင့် ကြော်ချက်စားကြသည်။ ဟင်းနုနယ်တွင် ဗီတာမင်အေ၊ ဗီတာမင်ဘီ(၁)၊ ဗီတာမင်စီ၊ ထုံးဓာတ်၊ သံဓာတ် တို့ ပါဝင်သဖြင့် လူ၏ကိုယ်ခန္ဓာတည်ဆောက်မှု၊ ပြင်ပရောဂါ များကို တွန်းလှန်ကာကွယ်မှု၊ ကျန်းမာကြံ့ခိုင်မှုတို့ကို အားပေးနိုင်သော ဟင်းသီးဟင်းရွက်မျိုးပေတည်း။ မြန်မာဆေးကျမ်းများ၏ အလိုမှာ ဟင်းနုနယ်ရွက်သည် ချို၏။ စဉ်းငယ်ငန်၏။ သွေး၊ သည်းခြေကို နိုင်၏။ ဆီးဝမ်းကို ရွှင်စေတတ်၏။ အဆိပ်သင့်နာ၊ နှုတ်မမြိန်နာတို့နှင့် သင့်၏ဟု ဆို၏။

ဝမ်းမီးတောက်ခြင်း၊ အသားမာ ပေါက်ခြင်းကိုလည်းကောင်း၊ တေဇောကြောင့် ဖြစ်ပေါ်သော အပူကိုလည်းကောင်း၊ အောက်သို့ သက်သောလေကိုလည်းကောင်း၊ အထက်သို့ ဆန်သော၊ လေကိုလည်းကောင်း မီးယပ်၏ မြွေဆိပ်နှင့်တူသော သွေးကိုလည်းကောင်း၊ ကြေစေတတ်၏ဟုလည်း ဆိုလေသည်။ ဟင်းနုနယ် ဆူးပေါက်သည် ကြေလွယ်၏။ အေး၏။ အဆီမရှိ။ ငန်ချိုရသာရှိ၏။ သလိပ်သည်းခြေတို့ကို နိုင်၏။ ထို့ပြင် ဟင်းနုနယ်ဆူးပေါက်သည် စားရာ၌ ပို၍ အရသာလေး ပြီးလျှင် ပို၍ ဆေးဘက်ဝင်သည်ဟု လူပြောများလေးသည်။ ဆူးမရှိသော ဟင်းနုနယ်သည် အအေးများ၏။ ချို၏။ အတန်ငယ်ဖွဲ့၏ဟု ဆိုကြလေသည်။

ဟင်းကနွယ်သည် ဟင်းနုနယ်ဆူးပေါက်နှင့် ဆင်တူသည်ဟု ဆိုကြသည်။ ဟင်းနုနယ်ရွက်ကို ချက်ပြုတ် စားသုံးနည်းအတိုင်း အသုံးပြုနိုင်သည်။ အိန္ဒိယနှင့် သီဟိုဠ်နိုင်ငံတို့တွင် ဟင်းကနွယ်မျိုးပြား အမျိုးမျိုးကို စားသုံးရန် ဟင်းသီးဟင်းရွက် အနေဖြင့်သာမက၊ အစေ့အလို့ငှာလည်း စိုက်ပျိုးကြသည်။ ယင်းအစေ့တို့သည် အညိုရောင်လည်း ရှိသည်။ အဝါရောင်လည်း ရှိသည်။ သေးငယ်ချောမွတ်သော အစေ့မျာ ဖြစ်ကြသည်။ ထိုအစေ့တို့ကို အမှုန့်ပြု၍ တောင်သူ လယ်သမားများ စားသုံးကြ သည်။

အိန္ဒိယ ဆေးကျမ်းအလိုမှာ ဟင်းနုနယ်သည် သွေးသားကို သန့်ရှင်းစေသည်။ လိပ်ခေါင်းရောဂါ၊ ဆီးရောဂါတို့အတွက် သင့်သည်ဟု ဆိုလေသည်။

ဟင်းနုနယ်မျိုးဝင် ကြက်မောက်ပင်မျိုးတို့ကား အပွင့် အလို့ငှာ ပန်းခြံ၊ ပန်းဥယျာဉ်တို့တွင် အလှစိုက်ပျိုးကြသည်။ အချို့ကြက်မောက်မျိုးတို့၏အပွင့်တို့သည် အပင်မှခူးထား၍ အပွင့်နွမ်းခြောက်သွားသည်တိုင်အောင် အရောင်အဆင်း မပျက်သဖြင့် အနောက်တိုင်းသားအချို့စာဆိုတို့သည် သေခြင်းကင်းသည့်တရားကို ကြက်မောက်ပန်းနှင့် ခိုင်းနှိုင်းကြသည်။ အိမ်သုံးဟင်းခတ်အတွက်လည်းကောင်း၊ ရောင်းစားရန် အတွက်လည်းကောင်း ဟင်းနုနယ်ကို စိုက်ပျိုးလိုလျှင် အစေ့ကိုပျိုး၍ စိုက်ရသည်။ ဧပြီလမှ ဇူလိုင်လကုန်အထိ စိုက်ပျိုးနိုင်သည်။ ၁ဝ ပေ စတုရန်းရှိသော စိုက်ခင်းအတွက် ဟင်းနုနယ်စေ့ လေးအောင်စခန့်ကို ပျိုးရသည်။ ပျိုးခင်းမှ ပြုပြင်ထားသော စိုက်ခင်းသို့ ပြောင်းသည့်အခါ အပင်ငယ်ကလေးများကို တပင်နှင့်တပင် တပေခန့်စီခွာ၍ စိုက်ရသည်။

ပူအိုက်ခြောက်သွေ့သည့် ရာသီတွင် ငါးရက်၊ သို့မဟုတ် ခြောက်ရက်တကြိမ်ကျ ရေမြောင်းများဖြင့် ရေသွင်းပေးရသည်။ မိုးဥတုတွင်မူ ပေါင်းသင်ရန်မှတပါး ဟင်းနုနယ်ပင်များကို ဂရုစိုက်ရန် မလိုချေ။ ဟင်းနုနယ်ပင်များ ကြီးထွားရန် တလမှ တလခွဲခန့်အထိ ကြာလေသည်။ မျိုးစေ့ယူလိုလျှင် အသန်စွမ်းဆုံး အပင်မှ အစေ့များကို မှည့်ခြောက်လာသည့် တိုင်အောင် ထား၍ နေသာသည့်နေ့တွင် အစေ့များကို ဆွတ်ခူးရလေသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Hassler, M. (2019). World Plants: Synonymic Checklists of the Vascular Plants of the World (version Nov 2018). In: Species 2000 & ITIS Catalogue of Life, 2019 Annual Checklist (Roskov Y., Ower G., Orrell T., Nicolson D., Bailly N., Kirk P.M., Bourgoin T., DeWalt R.E., Decock W., Nieukerken E. van, Zarucchi J., Penev L., eds.). Digital resource at http://www.catalogueoflife.org/annual-checklist/2019 Species 2000: Naturalis, Leiden, the Netherlands. ISSN 2405-884X.
  2. WFO (2019): Amaranthus mangostanus L. Published on the Internet; http://www.worldfloraonline.org/taxon/wfo-0000530340. Accessed on: 06 Dec 2019
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)