သံအမတ်နှင့်ကောင်စစ်ဝန်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သံအမတ်နှင့်ကောင်စစ်ဝန်[ပြင်ဆင်ရန်]

ကမ္ဘာပေါ်ရှိအချုပ်အခြာအာဏာပိုင်နိုင်ငံတိုင်းလိုလိုပင် အခြားအာဏာပိုင်နိုင်ငံတို့သို့မိမိတို့နိုင်ငံဆိုင်ရာ သံတမန်များအသီးသီးအလဲအလှယ်စေလွှတ်လေ့ရှိကြသည်။ ၁၉၄၈ ခုနှစ်ဇန္နဝါရီလ ၄ ရက်နေ့မှအစပြု၍အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ်သို့ရောက်ရှိလာခဲ့သော မြန်မာနိုင်ငံသည်လည်း အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊တရုတ်၊ပါကစ္စတန်၊သီဟိုဠ်နှင့်ယိုးဒယား စသောနိုင်ငံများသို့လည်းကောင်း၊ ဂရိတ်၊ဗြိတိန် ၊အမေရိကန်ပြည်ထောင်စု၊ကနေဒါ၊ဆိုဗီယက်ရုရှနှင့်ပြင်သစ် စသောနိုင်ငံများသို့လည်းကောင်း၊ သံတမန်များစေလွှတ်ထားလေ့ ရှိလေသည်။ မြန်မာနိုင်ငံမှထိုသံတမန်များ စေလွှတ်ထားသောနိုင်ငံများနှင့် အခြားနိုင်ငံများကလည်း ယင်းတို့၏သံတမန်များကိုမြန်မာနိုင်ငံသို့စေ လွှတ်ထားရှိ၏။ သံအမတ်ကြီးများသည် သံတမန်ဝန်ထမ်းများတွင် အမြင့်ဆုံးတန်းဝင်ကိုယ်စားလှယ်တော်များ ဖြစ်ကြသည်။ ယခင်ကဘုရင်များအုပ်စိုးရာ နိုင်ငံများသို့သာ သံအမတ်များစေလွှတ်လေ့ရှိသည်။

ထိုနောက်တွင်ကားသမတနိုင်ငံများသို့လည်းစေလွှတ်လေသည်။ သံအမတ်မှာ အချုပ်အခြာအာဏာ ပိုင်နိုင်ငံ၏အကြီးအကဲက မိမိ၏ ကိုယ်စားလှယ်တော်အဖြစ် နိုင်ငံခြားအစိုးရနှင့်စေ့စပ်ပြောဆိုရန် ခန့်အပ်ခြင်းခံရသော နိုင်ငံ၏စီးပွားကိုစောင့်ရှောက်ဆောင်ရွက်သူဖြစ်၏။ အထူးသံအမတ်မှာ အမြဲနေမဟုတ်ဘဲအထူးအကြောင်းကိစ္စကို ဆောင်ရွက်ရန်စေလွှတ်ထားခြင်းခံရသော ကိုယ်စားလှယ်တော်ဖြစ် ပေသည်။

သံအမတ်သည်မိမိကိုယ်တိုင်ဆောင်ကြဉ်း သွားရပြီးလျှင်သက်ဆိုင်ရာနိုင်ငံအကြီးအကဲသို့ ကိုယ်တိုင်ပေးဆက်ရမည်ဖြစ်သောခန့်အပ်လွှာနှင့် မိမိအားထုတ်ပေးသောညွှန်ကြားချက်များတွင်ပါဝင်သည့် အခွင့်အာဏာများအရသာပြောပိုင်ခွင့်၊ ဆောင်ရွက်ခွင့်ရှိလေသည်။အာဏာကုန်လွှဲအပ်ထားခြင်း ခံရသူမဟုတ်လျှင် ခန့်အပ်လွှာနှင့်ညွှန်ကြားချက်များတွင် အကျုံးမဝင်သည့်အကြောင်းကိစ္စများကို သက်ဆိုင်ရာအစိုးရထံမှ ညွှန်ကြားချက်များထပ်မံရယူဆောင်ရွက်ရသည်။ ခန့်အပ်လွှာဆိုသည်မှာသံအမတ်အားခန့်ထားသော နိုင်ငံအကြီးအကဲကသံအမတ်သွားရမည့်နိုင်ငံအကြီးအကဲသို့ သံအမတ်သည်မိမိ၏ကိုယ်စားဆောင်ရွက်သမျှကို အတည်ပြုလက်ခံမည်ဖြစ်ကြောင်းနှင့် ပါးလိုက်သော တံဆိပ်ခတ်နှိပ် ချိတ်ပိတ်ထားသည့်သဝဏ်လွှာပင်ဖြစ်၏။ သို့ဖြစ်ရာမိမိအားစေလွှတ်သည့် နိုင်ငံအကြီးအကဲ၏ ကိုယ်စားလှယ်ဖြစ်သည်နှင့်အညီ မိမိသွားရောက်ရသော နိုင်ငံ၏အကြီးအကဲနှင့်ကိုယ်တိုင်တွေ့ဆုံခွင့်ရသည်။

ထိုပြင်မင်းပွဲသဘင်များတွင် ဦးစားနေရာပေးခြင်းကိုလည်းခံရလေသည်။ နိုင်ငံတကာကအသိအမှတ်ပြုထားသော သံတမန်ကိုယ်စားလှယ်များတွင်သံအမတ်ကြီးအောက် အဆင့်အတန်းနိမ့်သောကိုယ်စားလှယ်မှာ အထူးအာဏာရသံကိုယ်စားလှယ်ပင်ဖြစ်သည်။ အဆိုပါ အထူးအာဏာရသံကိုယ်စားလှယ်သည်လည်း သံအမတ်ကြီးကဲ့သို့ပင် အခြားတစ်နိုင်ငံ၏ အကြီးအကဲထံသို့ခန့်အပ်လွှာဖြင့် ခန့်ထားစေလွှတ်ခြင်းခံရသူဖြစ်၏။

တတိယအဆင့်အတန်းဝင်ကိုယ်စားလှယ်များမှာ ပြည်တော်နေသံငယ်ဖြစ်၏။ ရှားဇေးဒဖားခေါ် တာဝန်ခံသံမှူးများကား နောက်ဆုံးအဆင့်အတန်းတွင် ပါဝင်သည့်ကိုယ်စားလှယ်များဖြစ်သည်။ ပြည်တော်နေသံငယ်များသည်အခြားတစ်နိုင်ငံ၏ အကြီးအကဲထံသို့ခန့်အပ်စေလွှတ်ထားခြင်း ခံရသူများဖြစ်သော်လည်း တာဝန်ခံသံမှူးများကား နိုင်ငံခြားရေးရာဝန်ကြီးများကတစ်ခြားနိုင်ငံမှ နိုင်ငံခြားရေးရာဝန်ကြီးများထံသို့ ခန့်အပ်စေလွှတ်ထားသူများဖြစ်၏။ တာဝန်ခံသံမှူးများကို ကြားဖြတ်ကာလအတွက်သော်လည်းကောင်း၊ အထူးအရေးကိစ္စအတွက်သော်လည်းကောင်း ခန့်ထားလေ့ရှိသည်။ သံအမတ်သည်မိမိနိုင်ငံ၏အကျိုးစီးပွားကို စောင့်ရှောက်ရင်း နှစ်နိုင်ငံအနူးအညွတ်ဆက်ဆံရေးကို ဖြစ်မြောက်အောင်ဆောင်ရွက်ရသူဖြစ်ရာ ယင်း၏တာဝန်ဝတ်တရားများကား ကြီးလေးလှပေသည်။ လိမ္မာရေးခြားပရိယယ် ကျွမ်းကျင်အမြှော်အမြင်ကြီးသူလည်း ဖြစ်ရသည်။ မိမိအားစေလွှတ်ထားရာ နိုင်ငံ၏အကြောင်းကို မိမိ၏ အစိုးရသို့အမြဲမပြတ်အစီရင်ခံရသည်။

နှစ်နိုင်ငံစလုံးနှင့်သက်ဆိုင်သောအကြောင်းကိစ္စများတွင် မိမိအစိုးရ၏သဘောထားနှင့်ထင်မြင်ချက်များကိုမိမိအားစေလွှတ် ထားရာ နိုင်ငံ အစိုးရသို့တင်ပြအကြောင်းကြားရလေသည်။ သံအမတ်များသည်အထူးအခွင့်အရေးများကို ရရှိကြသည်။ သံအမတ်များနှင့်သံရုံးအဖွဲ့သားများ ကိုမည်သူမျှအနှောင့်အယှက်မပေးရချေ။

ထိုအခွင့်အရေးကိုသက်ဆိုင်ရာနိုင်ငံများသည် အချင်းများကာ စစ်မက်ဖြစ်ပွားသည့်တိုင်အောင် ခံစားနိုင်သည်။ သံအမတ်နေထိုင်ရာ အဆောက်အအုံနှင့် အသုံးအဆောင်များမှာသံအမတ်အားခန့်ထားသည့်နိုင်ငံ၏ မြေပေါ်တွင်တည်ရှိသည်ဟုမှတ်ယူရသဖြင့် သံအမတ်မှာ မိမိအားစေလွှတ်ထားရာနိုင်ငံ၏သစ္စာတော်ခံမဟုတ်သောကြောင့် အခွန်အတုတ်များမပေးဆောင်ရချေ။ဥံအမတ်နှင့် သံရုံးအဖွဲ့သားများသည်တရားမနှင့်ရာဇဝတ်ဆိုင်ရာဥပဒေများကို ဖောက်ဖျက်ကျူး လွန်သဖြင့် ခံစားရသော အပြစ်ဒဏ်များမှလွတ်ကင်းခွင့်ရသည်။

သို့သော်ကိုယ်ထိလက်ရောက် ကျူးလွန်လျှင်သော်လည်းကောင်း၊ နိုင်ငံတော်ကိုလုပ်ကြံလျှင်သော်လည်းကောင်းအရေးယူကာ ပြည်နှင်ဒဏ်ပေးနိုင်၏။ ယခင်က နိုင်ငံရေးနှင့်ရာဇဝတ်ပြစ်မှုတို့ကို ကျူးလွန်သူများသည် နိုင်ငံခြားသံရုံးအတွင်းသို့ ခိုဝင်တိမ်းရှောင်နေလျှင် ဝင်ရောက်ဖမ်းဆီးခြင်းမပြုနိုင်တော့ချေ။ ယခုအခါတွင်ကား ထိုသို့ဝင်ရောက်ပုန်းအောင်းနေသည့်အခါ သက်ဆိုင်ရာအာဏာပိုင်များထံသို့ ပေးအပ်ရန်တောင်းဆိုသဖြင့် မပေးအပ်လျှင်သံရုံး အတွင်း သို့ဝင်ရောက်ဖမ်းဆီးနိုင်သည်။ နိုင်ငံရေးရာကိစ္စများကို ဆောင်ရွက်ရန်နိုင်ငံခြား၌ နိုင်ငံရေးကိုယ်စားလှယ်များထားရှိသကဲ့သို့ ကူးသန်းရောင်းဝယ်ရေးကိစ္စများကိုဆောင်ရွက်ရန်အတွက် ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်များကိုလည်း နိုင်ငံခြား၌ထားရှိရလေသည်။ အထူးသဖြင့် ကမ္ဘာပေါ်ရှိကူးသန်းရောင်းဝယ်ရေး အချက်အခြာဗဟိုဌာနများ၌ ကူးသန်းရောင်းဝယ်ရေးကိုယ်စားလှယ်များကို အမြဲတမ်းထားရှိကြရလေသည်။

ထိုသူများကားကောင်စစ်ဝန်များဖြစ်သည်။ ယင်းတို့သည်မိမိတို့နိုင်ငံ၏ကူးသန်းရောင်းဝယ်ရေးကို ကူညီစောင့်ရှောက်ပေးရန်သာမဟုတ်ဘဲ မိမိတို့နိုင်ငံသားများ၏ အကျိုးစီးပွားတို့ကိုလည်းကာကွယ်စောင့်ရှောက်ပေးရန်ဖြစ်၏။ ယင်းတို့သည်မိမိတို့နိုင်ငံမှအလည်အပတ်လာရောက်သူများနှင့် ကုန်သွယ်ရန်လာရောက်သူများကို ကူညီစောင့်ရှောက်ပေးရလေသည်။

မိမိတို့နိုင်ငံသို့ကုန်တင်ပို့ရေးတွင် ကြီးကြပ်ပေးရသည့် ပြင်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အခွင့်အလမ်းသစ်များကိုလည်း စုံစမ်းရှာဖွေကာ မိမိတို့၏အစိုးရသို့အကြောင်းကြား အစီရင်ခံရသည်။ နိုင်ငံခြားနှင့်ကုန်ကူးသန်းဆက်သွယ်လို သူများသည်မိမိတို့၏ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်များမှ တစ်ဆင့် ဆက်သွယ်နိုင်ပေသည်။ ကူးသန်းရောင်းဝယ်ရေးကိုယ်စားလှယ်များသည် ပွဲစားသဖွယ် ကုန်ဝယ်လိုသူများကိုရှာဖွေအကြောင်း ကြားပေးရ၏။

ထိုကြောင့်ကောင်စစ်ဝန်တို့သည် မိမိတို့နိုင်ငံ၏ကူးသန်းရောင်းဝယ်ရေးအခြေကို မြှင့်တင်ပေးနေသူများဖြစ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)